Sunday, 1 March 2009

ငါကြိုက်တိုင်းပြီးမလား


-ဇော်မင်း-

တိုင်းသူပြည်သား လူထုအများစုကြီးရဲ့ သဘောထား ဆန္ဒမပါဘဲ အစိုးရတရပ်ကပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်း တခုခုကပဲ ဖြစ်ဖြစ်၊ နိုင်ငံတကာပဲဖြစ်ဖြစ်၊ ကျွမ်းကျင်သူ ပညာရှင်တွေကပဲ ဖြစ်ဖြစ် ဝင်ရောက်ဆုံးဖြတ်တာဟာ အင်မတန် ဆိုးရွားတဲ့ အမှားကို ကျူးလွန်တာပဲ ဖြစ်ပါတယ်။ အစိုးရက အာဏာရှိတော့ လူထုရဲ့ ဆန္ဒကို ဂရုမစိုက်ပဲ လုပ်ချင်တာ လုပ်မယ်ဆိုလည်း ရတာ ပေါ့။ အာဏာက သူတို့လက်ထဲမှာ ရှိနေတာကိုး။ အဖွဲ့အစည်းတွေ ကျွမ်းကျင်သူ ပညာရှင် ဆိုသူတွေ နိုင်ငံတကာ ဆိုတာ တွေက လည်း အစိုးရနဲ့ တလေသံတည်း ရှိလာရင်တော့ ပိုဆိုးလာမယ်ဆိုတာ ပြောဖို့တောင် မလိုတော့ပါဘူး။

လူထုရဲ့ သဘောထား မပါဘဲ ကျနော်တို့က တိုင်းပြည်အတွက် ကောင်းမယ်ထင်လို့ ဒီလမ်းကို ရွေးတာပါလို့ ပြောခြင်းဟာ ခိုင်လုံ တဲ့ ဆင်ခြေမဟုတ်ပါဘူး။ ကိုယ်လုပ်ပိုင်ခွင့်ရှိတုံး ကိုယ်လုပ်ခြင်တာကို လုပ်လိုက်တာပဲလို့ ဆိုရမှာပါ။ ၂ဝဝ၈ တုံး ကလည်း နာဂစ်မုန်တိုင်း ခံထားရတာကို မထောက်ဘဲ သူတို့ဆွဲခြင်သလို ဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ဇွတ်အတင်း အတည်ပြုခဲ့တယ်။ မဲခိုးတယ်၊ မဲလိမ်တယ်၊ အခွင့်အရေးနဲ့ မဲဆွယ်တယ်၊ ခြိမ်းခြောက်တဲ့ နည်းလမ်း မျိုးစုံကိုလည်း သုံးခဲ့တယ်။ ရန်ကုန်တို့ မန္တလေးတို့မှာတော့ မြို့ကြီးတွေဖြစ်တဲ့ အပြင် နိုင်ငံတကာ အနေနဲ့ သတင်းရဖို့ လွယ်တဲ့ နေရာတွေဖြစ်လို့ မဲခိုးတာ၊ မဲလိမ်တာတွေကို အသုံးပြုခဲ့တယ်။ သို့သော်လည်း ဥပမာအားဖြင့် ရခိုင်ပြည်နယ်လို နိုင်ငံတကာ မျက်နှာစာနဲ့ အလှမ်းဝေးတဲ့ နေရာမျိုးတွေမှာ ဘယ်လိုလုပ်ခဲ့သလဲ။ မြင်းလှည်းပေါ်မှာ လော်စပီကာတင်ပြီး ကန့်ကွက်မဲထည့်သူမှန်သမျှ အရေးယူမယ်လို့ ပြောင်ပြောင်တင်းတင်း ချိမ်းခြောက်ခဲ့တာကို တခြားတိုင်းတွေ ပြည်နယ် တွေက ပြည်သူတွေ မသိလိုက်ရပါ။ နိုင်ငံတကာလည်း မသိခဲ့ပါ။

လူထုဆန္ဒ မပါဘဲ လုပ်ချင်တိုင်း လုပ်ရင်တော့ လုပ်လို့သာရမယ်။ ဒါဟာ ကြာကြာတည်မြဲဖို့ အကြောင်းမရှိပါ။ ရေရှည် အတွက် လည်း တည်ငြိမ် အေးချမ်းလိမ့်မည် မဟုတ်ပါ။ ပြည်သူတွေရဲ့ ခုခံမှုတွေ အုံကြွမှုတွေနဲ့ အမြဲတန်း ရင်ဆိုင်နေရဦး မှာပါ။ ဒီလို ပြောတော့ တချို့က ဒါဟာ လူထုနောက်မြီးဆွဲ သဘောတရားလို့ ဆိုကောင်း ဆိုပါလိမ့်မယ်။ လူထုနောက်မြီးဆွဲ မဟုတ်ပါ။ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံရသူတွေရဲ့ ဖြစ်စဉ်ကို ထောက်ပြခြင်းသာ ဖြစ်ပါတယ်။

လူထုအများဆုရဲ့ ဆန္ဒမပါဘဲ လုပ်တဲ့ ကိစ္စတိုင်းဟာ ဘယ်ဖော်မြူလာနဲ့ပဲ လုပ်လုပ် ရေရှည်မှာ အကျိုးဖြစ်ထွန်း မဟုတ်ဘူး ဆိုတာ နောင်မှာ တွေ့ကြပါလိမ့်မယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဘာနဲ့တူသလဲဆိုရင် ဓားစားခံလုပ် ပြန်ပေးဆွဲတဲ့ သဘော နဲ့ တူနေပါတယ်။ အကြပ်ကိုင်တာ နောက်တမျိုးလို့ ဆိုလဲ မမှားပါဖူး။ ငါတို့သွားမဲ့ လမ်းအတိုင်း လိုက်မှာလား မလိုက်ဘူး လား ဆိုပြီး အကြပ်ကိုင်တာပါ။ မင်းတို့မှာ ရွေးစရာလမ်း မရှိတော့ဘူး ငဒို့ပြောသလို ခိုင်းသလိုလုပ်ပြီး နောက်ကလိုက်။ မလိုက်ချင် ရင် နေခဲ့ဆိုပြီး လုပ်တာမျိုးပါ။

သက်ဆိုင်သူတွေနဲ့ တိုင်ပင်နှီးနှောခြင်း မရှိဘဲ ငါ့သဘော ငါ့အကြိုက်ကို ရှေ့တန်းတင်တော့ ထွက်လာမဲ့ ရလာဒ်က ဘယ်လိုမှ ကောင်းနိုင်စရာ မရှိမှာကတော့ သေချာပါတယ်။

အဲတာနဲ့ ပတ်သက်လို့ ရှေးတုန်းက အဖြစ်အပျက်တခုနဲ့ တင်စားပြောလိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဗုဒ္ဓသာသနာ လောကမှာ နေလိုလလို ထွန်းထောက်ခဲ့တဲ့ ဆရာတော်များထဲက တပါးကတော့ အားလုံး သိတဲ ဗန်းမော်ဆရာတော် ဖြစ်ပါတယ်။ မှန်တာကို ပြောတတ်လွန်းလို့ မင်းတုန်းမင်းကြီး လက်ထက်မှာ ဗန်းမော်ကို နယ်နှင်ခံရလို့ ဗန်းမော်ဆရာတော်ဆိုပြီး နောက်ပိုင်းမှာ လူသိများလာတာ ဖြစ်ပါတယ်။

ဗန်းမော်ဆရာတော်လို့ အကျော်ဒေးယျ မဖြစ်ခင် ရဟန်းပျိုဘဝကတည်းက ဗန်းမော်ဆရာတော် လောင်းလျာဟာ စာချိုး ကောင်းတယ်လို့ ကျော်ကြားပါတယ်။

ဗန်းမော်ဆရာတော် ရဟန်းပျိုဘဝက ခရီးတခု ထွက်ပါသတဲ့။ တနေရာ ရောက်တော့ အချိန်ကလည်း လင့်နေပြီဆိုတော့ ရောက်တဲ့ ရွာက ဘုန်းကြီးကျောင်းမှာ တည်းခိုဖိုအတွက် ဝင်ပြီးလျှောက်ထားရပါတယ်။ အဲသည်တော့ ရွာခံကျောင်း ထိုင် ဘုန်းတော်ကြီးက ဗန်းမော်ဆရာတော်ကို သည်လိုဆိုပါတယ်။

"အေးကွ ... မင်းက စာတတ်ပေတတ်များတဲ့ မန္တလေးက လာတာဆိုတော့ ဒီလိုလုပ်။ မင်းအနေနဲ့ ငါ့ကို စာတပုဒ် ချိုးပြရမယ်။ စာမချိုးနိုင်ရင်တော့ အာဂန္တုကိုယ်တော် ဖြစ်ပေမဲ့ ငါ့ကျောင်းမှာ အတည်းမခံနိုင်ဘူး" လို့ဆိုပါတယ်။ တော်တော် ဂွကျတဲ့ ကျောင်းထိုင်ဘုန်းကြီးလို့ ဆိုရမှာပေါ့။ ပညာစမ်းတဲ့ သဘောလို့ ဆိုနိုင်သလို အကြပ်ကိုင်တဲ့ သဘောလည်း ပါတာပေါ့လေ။ ဘုန်းတော်ကြီးဆိုတာ ဘာသာရေးစာပေတွေ ထူးချွန်တိုင်း စာချိုးတာ စာစပ်တာ ထူးချွန်ချင်မှ ထူးချွန်မှာပေါ့။

သို့သော်လည်း ဗန်းမော်ဆရာတော်လောင်းလျာက ခေသူမှမဟုတ်တာ။ ဒီတော့ "တင်ပါ့ဘုရား ... တပည့်တော် စာချိုး ပြပါ့မယ်။ ဆရာတော့် အနေနဲ့ တပည့်တော်ကို ဘယ်လိုစာမျိုး ချိုးစေချင်တာတုံး ဘုရား" လို့ ပြန်လျောက်ပါတယ်။

ဒီတော့ ကျောင်းထိုင်ဘုန်းတော်ကြီးက "ငါတို့သည်ရွာက ကြမ်းဗြဲလို့ ခေါ်တယ်ကွ။ ပြီးတော့ ငါက ကွမ်းလည်း သိပ်ကြိုက် တယ်။ ဘယ်လောက် ကြိုက်သလဲဆို ဒီမှာကြည့်စမ်း ငါ့ကွမ်းအစ်ကြီး ဘယ်လောက်ကြီးလဲ။ ဟောဒါက ငါ့တူ။ သူ့နာမည်က သာပေါ်တဲ့။ ပြီးတော့ ငါက အစားအသောက်လည်း ခုံမင်တယ်ကွ တလောကတောင် ငါ့အကြိုက်တွေ အစားများသွားလို့ ဖျားတောင် ဖျား သေးတာ။ အဲတာတွေ အကုန်ပါအောင် မင်းစာချိုး နိုင်ပါ့မလား" ဆိုပြီး မဆီမဆိုင် တာတွေ ပေါင်းစပ်ပြီး စာချိုးခိုင်းတာပေါ့။ ကပ်ဖဲ့ရပ်ဖဲ့ လုပ်တယ်ဆိုရင်လည်း ဆိုနိုင်ပါတယ်။

ဘေးက တခြားဘုန်းတော်ကြီးတွေ၊ လူတွေက ဒီအာဂန္တုကိုယ်တော်တော့ ဒုက္ခလှလှနဲ့ တွေ့တော့မလား ဆိုပြီး ဝိုင်း အကဲခတ် နေ ကြပါတယ်။

သို့သော် ဗန်းမော်ဆရာတော်လောင်းလျာက စက္ကန့်မဆိုင်းပဲ ဒီလိုစာချိုးလိုက်ပါတယ်။

"ကွမ်းအစ် နီတာရဲနဲ့
ကြမ်းဗြဲမှာ သူပျော်
သာပေါ်တို့ တူအရီး
တွေ့မရှောင် အကုန်စားတယ်
ဖျားတဲ့ ခင်ကြီး။"

ကျောင်းထိုင်ဘုန်းတော်ကြီးကော ပရိတ်သတ်ပါ အံ့အားသင့်ကုန်ပါတယ်။ ဒီအာဂန္တု ကိုယ်တော်တော့ ကပ်တီးကပ်ဖဲ့ တွေကို စာချိုးရမှာဆိုတော့ အချိန်တော်တော်ယူ စဉ်းစားရမယ်လို့ ထင်နေတဲ့ အချိန်မှာ အခုလို လျှပ်တပြက်အတွင်း စာချိုးနိုင်လိုက်တဲ့ ဖြစ်ပါတယ်။

ဒီနေရာမှာ ဆိုလိုတာက ဒီလိုပါ။ ကပ်ဖဲ့ရပ်ဖဲ့ခိုင်းလို့ လုပ်ရတာဖြစ်တဲ့အတွက် စာတပုဒ်တော့ ချိုးလို့ရပေမဲ့ စာထဲမှာ ပါတဲ့ အကြောင်းအရာက မှတ်သားစရာ၊ အတုယူစရာ မပါပါ။ ခန့်ညားတဲ့ စာချိုးတပုဒ်လည်း မဖြစ်ခဲ့ရပါ။ ကျောင်းထိုင် ဘုန်းတော် ကြီးက အစကတည်းက တဖက်လူဂွကျပြီး မလုပ်နိုင်အောင် သူ့အကြိုက် ပေါက်ပန်းဈေးတွေကို ပြောပြီး ခိုင်းပါတယ်။ စာမချိုး နိုင်ရင် သူ့ကျောင်းမှာ ပေးမတည်းဘူး ဆိုပြီးလည်း တဖက်မှာ အကြပ်ကိုင်ထား ပါသေးတယ်။ တကယ်ဆိုရင် ဥပမာအားဖြင့် ကြမ်းဗြဲရွာ သာယာလှပုံကို စာချိုးခိုင်းရင် ပိုမကောင်းဘူးလား။ ဒါမှမဟုတ်လည်း သူ့ကျောင်းက သံဃာတွေ၊ ကိုရင်တွေ စာတော်ကျောင်း စာစပ်ခိုင်းရင်ကော မကောင်းဘူးလား။

၂ဝ၁ဝ ရွေးကောက်ပွဲဟာ လုပ်ဖြစ်တယ် ဆိုရင်လည်း ပေါက်ပန်းဈေး သတ်မှတ်ချက်တွေ ဥပဒေတွေနဲ့ အခြေခံထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မှီပြီးလုပ်မှာဆိုတော့ ပေါက်ပန်းဈေး ရလဒ်ပဲ ထွက်မှာပါ။ ခန့်ညားတဲ့ ကောင်းမွန်တဲ့ ရလဒ်တော့ ရလိမ့်မယ် မဟုတ်ပါဘူး။ ကိုယ့်အကြိုက် တခုတည်း အပေါ်မှာ အခြေခံထားတဲ့ ရောသမမွှေကြီး ဖြစ်နေလို့ပါ။

ဇော်မင်း (လူ့ဘောင်သစ်)
၂၇ ရက် ဖေဖေါ်ဝါရီလ ၂ဝဝ၉ ခုနှစ်




Rest of your post

ဒဂုံတက္ကသိုလ် ကျောင်းသားများ စော်ဘွားကြီးကုန်းတွင် ရိုက် နှက်ခံရ


မိုးမခ အထောက်တော် အမှတ် ၎
ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဒဂုံတက္ကသိုလ် တတိယနှစ် ဘူမိဗေဒ ကျောင်းသား ၄ ဦး နှင့် နည်းပြဆရာ တဦး တို့ကို အရက်သမားတချို့က ရိုက်နှက်ခဲ့သည်။ စော်ဘွားကြီးကုန်းရှိ ဒို့ရိုးရာ လက်ဖက်ရည်ဆိုင်မှ အထွက်တွင် အနားရှိ အရက်ဆိုင်အတွင်းမှ လူ ၇ ဦးက ရန်စပြီး ကိုဝေဖြိုးကျော် (တတိယနှစ် ဘူမိဗေဒ) အား စတင် ထိုးကြိတ်ခဲ့သည်။ ၀င်ရောက် တားဆီးသော နည်းပြဆရာ ဦးအောင်မင်းဦးလည်း နောက်မှ ရိုက်နှက်ခံခဲ့ရသည်။

ထို့နောက် အခြားကျောင်းသားများ ဖြစ်သော ကိုပြည့်နိုင်ဖြိုး၊ ကိုအောင်ဖုန်း၊ ကိုနေလင်းထက် တို့လည်း ရိုက်နှက်ခံရသည်။ ကိုဝေဖြိုးကျော်က ထွက်ပြေးလွတ်မြောက်သွားပြီး စော်ဘွားကြီးကုန်း ပွဲရုံတန်း ရယကရုံးသို့ သွားရောက် တိုင်ကြားပြီး အကူအညီ တောင်းခဲ့သည်။ ရယက ရုံးရှိ ဆယ်အိမ်ခေါင်း ကိုနီတွတ်က ကိုဝေဖြိုးကျော်အား ၄ ချက်ခန့် ပါးရိုက်ပြီး “ဘာ ကျောင်းသားလဲ” ဟု အော်ဟစ်လိုက်သည်ဟု ဆိုသည်။ ရယက ရုံးတွင် ရောက်နေသော ရဲတပ်ဖွဲ့ဝင်တဦးက ကိုဝေဖြိုးကျော်ကို လက်ထိပ်ခတ်လိုက်ပြီး ထပ်မံရိုက်နှက်ကြသည်ဟု ဆိုသည်။

ကျောင်းသား ၄ ဦး အပြင်းအထန် ဒဏ်ရာရသွားပြီး ကိုအောင်ဖုန်း၊ ကိုနေလင်းထက် တို့ကို အင်းစိန်မြို့ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသပေးထားသည်ဟု သိရသည်။နည်းပြဆရာသည်လည်း ချွန်ထက်သည့် သတ္ထုချောင်းတခုဖြင့် ထိုးနှက်ခံရသည်ဟု ဆိုသည်။

၃ ရက်အကြာ ဗုဒ္ဓဟူးနေ့တွင် ဒဂုံတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဦးမျိုးသိန်းကြီး၊ စီမံဌာနမှူး ဦးခင်မောင်သန်း၊ မော်ကွန်းထိန်း ဦးဘဖေတို့က ရိုက်နှက်ခံခဲ့ရသူများကို ခေါ်ယူ စစ်ဆေးခဲ့သည်။ ထို့နောက် နောင်တွင် ခိုက်ရန်ဖြစ်ပွားခြင်းမပြုရန် အတင်းအကျပ် ၀န်ခံကတိ လက်မှတ်ရေးထိုးခိုင်းသည်ဟု ဆိုသည်။

ရိုက်နှက်ခံရသူများကို ကြာသပတေးနေ့တွင်လည်း ထပ်မံ ခေါ်ယူပြီး စစ်ဆေးခဲ့သည်။ရိုက်နှက်မှု ကျူးလွန်သူများမှာ အရေးယူခံရခြင်းမရှိသေးကြောင်း သိရသည်။ထိုဖြစ်ရပ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသူကျောင်းသားများအကြားတွင် မကြေနပ်မှုများ ဖြစ်ပွားနေသည်။ ကျောင်းသားများအား ကာကွယ်ပေးခြင်းမရှိသော ကျောင်းအာဏာပိုင်များကို ဒေါသထွက်နေကြသည်။

အဆိုပါအမှုကို အင်းစိန်မြို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသည်။ အမှုလိုက် အရာရှိမှာ ဒုရဲအုပ် တင်ညွန့်ဖြစ်သည်။ သို့သော် ယမန်နေ့က စုံစမ်းသိရှိရသည်မှာ အမှုကို ပိတ်သိမ်းလိုက်ပြီဟု ဆိုသည်။

၁၉၈၈ ခုနှစ် အုံကြွမှု အစောပိုင်းကာလ ကျောင်းသား ကိုဖုန်းမော် သေဆုံးမှုနောက်ဆက်တွဲ ကျောင်းသားဆန္ဒပြမှုကဲ့သို့သော လှုပ်ရှားမှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် အမှုပိတ်ခြင်း၊ သတင်းပိတ်ခြင်းများပြုလုပ်ရခြင်းဖြစ်ကြောင်း ပါမောက္ခချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ဆိုသည်။

Summary

Rest of your post

လှေခွက်ချည်းကျန်၊ အလံမလှဲ


-ခင်မမမျိုး-

ကျွန်ုပ်တို့လှေလှော်နေကြသည်။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။
ပန်းတိုင်ကားမရောက်သေး။
သို့ရာတွင် ထိုပန်းတိုင်တစ်ခုတည်းသည်သာ ကျွန်ုပ်တို့မြန်မာပြည်သူပြည်သား အားလုံး၏ အနာဂတ်ဘဝ သာယာရေးဖြစ်သည်မို့ ဆက်၍လှော်ကြရပေဦးမည်။ အားလုံး၏ ဘဝအတွက်၊ မျိုးဆက်သစ်များ၏ အနာဂတ်အတွက်။

ဒီမိုကရေစီစနစ်


စနစ်တစ်ခုဖြစ်သည့်အလျောက် အားသာချက်၊ အားနည်းချက်များကား ရှိပါလိမ့်မည်။ သို့ရာတွင် နိုင်ငံတစ်ရပ် ကျင့်သုံးသင့်သည့်စနစ်တစ်ခု ဟူ၍ကား ကမ္ဘာ့နိုင်ငံအားလုံးက တညီတညွတ်တည်း သတ်မှတ်ထားကြသည်။

ဒီစနစ်ကျင့်သုံးသောနိုင်ငံများနှင့် အခြားစနစ်များ၏ကွာခြားမှုများကို ကမ္ဘာ့ပြည်သူတို့ မျက်ဝါးထင်ထင် တွေ့လာပြီးသည့်နောက်ပိုင်း ဒီမိုကရေစီ လှုပ်ရှားမှု လှိုင်းလုံးများကား နေရာအနှံ့။ ဤသည်ကား ပြောင်းလဲမှုဖြစ်စဉ် တစ်ရပ်ပင်ဖြစ်သည်။ ရှောင်လွှဲ၍မရ။ လက်ခံရမည့်သဘာဝတရား။ တိုးတက်သော လူ့ဘောင်တရပ်အတွက် မရှိမဖြစ်ကျင့်သုံးရမည့် စနစ်တစ်ခု။

အပြုသဘောနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာပြီး၊ တိုင်းပြည်ကောင်းကျိုး လုပ်သင့်ပါလျက် စစ်အုပ်စုတို့က အာဏာရှင်စနစ်ကိုပင် ဖက်တွယ်ထားသည်မို့ တိုင်းပြည်နစ်နာစေခဲ့သည်။ သို့ပေမယ့် တိုင်းပြည်၏ ကံကြမ္မာကို အဘယ်ကြောင့် ဤလက်တဆုပ်စာ လူတစု၏ လက်ထဲသို့ ထိုးအပ်ထားရမည်နည်း။

ဘယ်သူပေးပေးမပေးပေး၊ ရအောင်ယူရမည်။ စစ်အာဏာရှင်တို့ထံတွင် ဒီမိုကရေစီမရှိ။ မရှိသူထံမှ တောင်းနေမည့်အစား ရှိလာအောင် လုပ်ယူကြရမည်။ ထိုသို့လုပ်ရေးအတွက် အတားအဆီးဖြစ်နေသည့် စစ်အာဏာရှင်ကို ဖယ်ရှားပစ်ရမည်။

လူ့အခွင့်အရေး

လူသားတိုင်းတွင် မွေးရာပါအခွင့်အရေးရှိသည်။ သန်းပေါင်းများစွာသော လူသားတို့ခံစားနေသော လူ့အခွင့်အရေးအား၊ မြန်မာပြည်သူတို့ကျမှ အဘယ်ကြောင့်ခံစားခွင့် မရှိရသနည်း။ မွေးရာပါ လူ့အခွင့်အရေးကို သူတပါးတို့ ချုပ်ကိုင်ထားသည်ကို အဘယ်ကြောင့် လက်ပိုက် ခေါင်းငုံ့ခံနေကြမည်နည်း။ ကိုယ့်အခွင့်အရေးကို ကိုယ်ပြန်ရအောင် လုပ်ယူကြရမည်။

ဖယ်ဒရယ်မူ

တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သော မြန်မာနိုင်ငံသည် ဖယ်ဒရယ်မူမကျင့်သုံးသေးသမျှ တန်းတူညီမျှခွင့်အရေး ဆုံးရှုံးနေမည်မလွဲ။ နိုင်ငံ၏ရေမြေသဘာဝ၊ အခြေအနေ၊ သမိုင်းကြောင်းအရပ်ရပ်သည် ဖယ်ဒရယ်မူကိုသာ တောင်းဆိုညွှန်ပြနေပြီးသား။ (၁ဝ)နှစ်ကလေးအား (၅)နှစ်ကလေးရဲ့ အဝတ်အစားများဝတ်ပေး၍ မည်သို့တော်ပါမည်နည်း။ ဖယ်ဒရယ်စနစ်သည်ကား မြန်မာပြည်၏လိုအပ်ချက်။ တိုင်းရင်းသားများအတွက် အသက်သွေးကြော။

ယင်း (၃)ချက်ကိုသာ အဓိကပန်းတိုင်သတ်မှတ်၍ ကျွန်ုပ်တို့လှေလှော်ကြရပါမည်။
အတားအဆီးများကား အများအပြား ကြုံတွေ့ကြရမည်။

လှေလှော်ခရီးတလျှောက် လှေလှော်ရင်းနစ်သွားသူများလဲရှိသည်။ ဆက်မလှော်နိုင်ပဲ ရန်သူထံ အရှုံးပေးလိုက်သူများလဲ အများအပြား။

ကျွန်ုပ်တို့လှေတပ်တော်ကြီးတွင် လှေများစွာပါဝင်ပါသည်။
လှေပေါင်းစုံမှ လွှင့်ထားသော အလံအမျိုးအမည်များမှာလဲ တလူလူ။

သို့ရာတွင် အားလုံးကိုင်စွဲကြရမည့် အလံကား ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဖယ်ဒရယ်ကို ကိုယ်စားပြုရမည်ပင်။ အားလုံး၏ရင်ထဲတွင် ဒီအလံကို လွှင့်ထူထားပါက မည်သူလှဲနိုင်အံ့နည်း။

လှေများစွာအမျိုးအမည်ကွဲပါသည်။ သို့ရာတွင်ပန်းတိုင် တစ်ခုတည်းသို့သာ ဦးတည်ပါလျှင် မည်သူတားနိုင်အံ့နည်း။

အချုပ်ဆိုရသော် ကျွန်ုပ်တို့အားလုံး လှေခွက်ချည်းကျန်၊ အလံမလှဲစိတ်ဓာတ်ဖြင့် ဆက်လက်လှော်ခတ်ကြပါစို့။ လှေတပ်တော်ထဲတွင် မပါရသေးသူများအား ဖိတ်ခေါ်ပါသည်။

ယခုလှေလှော်ပွဲသည် တော်လှန်ရေး ဖြစ်ပါသည်။ သူရဲကောင်းရွေးချယ်ပွဲမဟုတ်ပါ။ ဘယ်သူဘာက အရေးမကြီးပါ။ ဘယ်သူဘာလုပ်ခဲ့သည်က သမိုင်းဆရာတို့ မှတ်တမ်းတင်ပါလိမ့်မည်။ လက်ရှိမှာ ဘယ်သူဘာလုပ်နေသည်က ပိုအရေးကြီးနေပါပြီ။ နီးစပ်ရာလှေပေါ်တက်ပြီး၊ မြန်မာ့အနာဂတ်ကို မြန်မာတို့ကိုယ်တိုင် ဆုံးဖြတ်ကြပါစို့။






Rest of your post

လွတ်မြောက်ရေးဂျာနယ် (မတ်လ၊ ၂၀၀၉)


Freedom Journal by Free Burma Federation (March, 2009)

Rest of your post