skip to main |
skip to sidebar
ဓာတ်ပုံရိုက်ပြီး နှစ်ပတ်အကြာမှာ သေဆုံးသွားခဲ့တဲ့ မြန်မာပြည်က အသက် ၄၉ နှစ်အရွယ် AIDS ဝေဒနာရှင် A 49-year-old man in the advanced stages of H.I.V. has not told friends about his situation because of the social stigma attached to the disease. "The worst thing for me is the loneliness," he said. Two weeks after this photograph was taken, he died.
-မြတ်စိုး-
၀၄-၀၁-၂၀၀၉
ဒီကနေ့ နယူးယောက်တိုင်းမ်သတင်းစာထဲ မှာ မြန်မာပြည်ရှိ HIV (Human Immunodeficiency Virus) ဆိုတဲ့ လူ့ရဲ့ ကိုယ်ခံစွမ်းအား ကိုကျဆင်းစေ တဲ့ (Virus)ပိုး ရောဂါဝေဒနာခံစားသူတွေရဲ့ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရေးသားဖော်ပြထားပါတယ်။
ဒီဆောင်းပါးထဲမှာ မြန်မာပြည်မှာ AIDS (Acquired Immune Deficiency Syndrome) ခုခံအား ကျဆင်း မှုကူးစက်ရောဂါ နှင့် HIV (Human Immunodeficiency Virus) ဆိုတဲ့လူ့ရဲ့ ကိုယ်ခံစွမ်းအားကျဆင်းစေ တဲ့ (Virus)ပိုး ဝေဒနာတွေကို ကုသပေးနေကြတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ သူနာပြုဆရာမတွေ ဟာ ဒီလိုရောဂါရရှိနေကြတဲ့ လူနာသစ်များ ထပ်မံရောက်ရှိလာမှာ ကို ရင်တထိတ်ထိတ်နဲ့စိုးရိမ်ပူပင်သောက ရောက်နေကြ တယ်လို့ အစချီဖော်ပြထားပါတယ်။
ဒီလိုစိုးရိမ်ပူပန်နေမှုရဲ့ အခြေခံအကြောင်းအရာ ကတော့ ဒီရောဂါကိုစွဲကပ်နေသူတွေကို ကုသပေးနိုင်တဲ့ ဆေးဝါးတွေဟာ လက်ရှိကုသပေးနေတဲ့ သူတွေအတွက်တောင် လုံလောက်မှုမရှိကြဘူးလို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ Médecins Sans Frontières အကြီးအကဲ မန်နေဂျာ Joe Belliveau က ထုတ်ဖော် ပြောဆိုခဲ့တယ်။ ယခုအခါ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ တစ်ခုဖြစ်တဲ့ နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ (Doctors Without Borders) ဟာ မြန်မာပြည်မှာ ဆေးခန်း ၂၃ ခန်းဖွင့်လှစ်ကာ ဆေးဝါးကုသပေးနေ ပါတယ်။ နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ (Doctors Without Borders) ရဲ့ အဆိုအရ HIV (Human Immunodeficiency Virus) ဆိုတဲ့ ကိုယ်ခံစွမ်းအား ကျဆင်းစေတဲ့ (Virus)ပိုး စွဲကပ်နေသူတွေဟာ ဆေးဝါးဖူလုံမှုမရှိတော့ တာကြောင့် AIDS (Acquired Immune Deficiency Syndrome) ခုခံအား ကျဆင်း မှုကူးစက်ရောဂါဝေဒနာ ကူးစက်ခံစားနေရပြီး သေဆုံးကြရတော့မယ်လို့ ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။
Médecins Sans Frontières လို့ခေါ်တဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ရဲ့ ခန့်မှန်းတွက်ဆချက်အရ မြန်မာပြည်မှာ HIV (Human Immunodeficiency Virus) ဆိုတဲ့ ကိုယ်ခံစွမ်းအား ကိုကျဆင်းစေ တဲ့ (Virus)ပိုးစွဲကပ်နေသူ ၂၄၀,၀၀၀ ရှိပြီး၊ ၇၆,၀၀၀ ဟာ ဒီရောဂါကို ကုသနိုင်တဲ့ဆေးဝါး အရေးပေါ် အလျင်အမြန် လိုအပ်နေကြောင်း၊ ဆေးဝါးဖူလုံမှုမရှိခြင်းကြောင့် နှစ်စဉ် ဝေဒနာခံစားနေသူ ၂၅,၀၀၀ သေဆုံးလျှက်ရှိကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။
Médecins Sans Frontières အဖွဲ့ဟာ ဝေဒနာခံစားနေရသူ ၁၁,၀၀၀ ကို အသက်ဆက်လက်ရှင်သန်ဖို့ ဆေးဝါးကုသပေးနေကြောင်း၊ ဝေဒနာရှင်များ ဆက်လက်အသက်ရှင်သန်ဖို့အတွက် ART လို့ခေါ်တဲ့ ကိုယ်ခံစွမ်းအား ကျဆင်းစေမှုကို တိုက်ဖျက်တဲ့ဆေးဝါးများ အလျင်အမြန်လိုအပ်နေကြောင်း ထုတ်ဖော်ပြောဆို ခဲ့တယ်။
ဒီလိုဆေးဝါးအရေးပေါ်လိုအပ်နေမှုကို ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကိုယ်ခံစွမ်းအား ကျဆင်းမှု တိုက်ဖျက်ရေး ဌာနကလည်း မြန်မာစစ်အစိုးရ ကို အသိပေး အကြောင်းကြားထားကြောင်း၊ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ လက်ရှိ ရောဂါဝေဒနာခံစားနေရတဲ့ ၂၀ ရာခိုင်နှုန်းသော လူနာများအတွက်သာ ဆေးဝါးဖူလုံမှုရှိတယ်လို့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံထဲမှာ ထည့်သွင်းရေးသားထားပါတယ်။ ဒီ ၂၀ ရာခိုင်နှုန်းသော လူနာတွေ အတွက် ART လို့ခေါ်တဲ့ ကိုယ်ခံစွမ်းအား ကျဆင်းစေမှုကို တိုက်ဖျက်တဲ့ဆေးဝါးများ ကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေနှင့် မြန်မာနိုင်ငံကျန်းမာရေးဌာနက ထောက်ပံ့ကူညီပေးနေကြောင်း ဖော်ပြထား ပါတယ်။
ဒီလိုဆေးဝါးဖူလုံမှုမရှိတဲ့အပြင် လူနာ ၃၀၀၀ ကျော် ထပ်မံ ရောက်ရှိလာတာကြောင့်၊ လက်ရှိ မဖြစ်မနေ ဆေးဝါးလိုအပ်နေသူများ အတွက် အထူးစိုးရိမ်နေကြပြီး၊ HIV (Human Immunodeficiency Virus) ကိုယ်ခံစွမ်းအား ကိုကျဆင်းစေ တဲ့ (Virus)ပိုးစွဲကပ်နေသူတွေဟာ ကူးစက်ရောဂါ တွေ (opportunistic infections) တွေ ၀င်လာပြီး၊ စိတ်ဝေဒနာပြင်းထန်စွာခံစားကာ သေဆုံးမဲ့နေ့ကို အကူအညီမဲ့ အထီးကျန်စွာ စောင့်ဆိုင်းနေကြရတယ်လို့ ဒီကနေ့ နယူးယောက်တိုင်းမ် မှာ SETH MYDANS ဆိုသူကရေးသားဖော်ပြ ထားပါတယ်။
ဆင်းရဲမွဲတေနေတဲ့ မြန်မာပြည်မှာ HIV (Human Immunodeficiency Virus) ကိုယ်ခံစွမ်းအားကျဆင်းစေ တဲ့ (Virus)ပိုး စွဲကပ်နေသူတွေဟာ ဆင်းရဲတာကြောင့် အင်မတန်မှ ဈေးကြီးတဲ့ ART လို့ခေါ်တဲ့ ကိုယ်ခံစွမ်းအား ကျဆင်းစေမှုကို တိုက်ဖျက်တဲ့ ဆေးဝါးများ ကို ၀ယ်ယူဖို့ မတက်နိုင်တဲ့ အပြင်၊ မြန်မာ စစ်အစိုးရဟာ ကျန်းမာရေးထက် စစ်လက်နက်ဝယ်ယူရေးတွေမှာ ငွေကြေး ပိုမိုသုံးစွဲနေကြောင်း နိုင်ငံတကာ အစီရင်ခံစာ တစ်ခုထဲမှာ ဖော်ပြထားတာ ကြောင့် HIV (Human Immunodeficiency Virus) ကိုယ်ခံစွမ်းအား ကိုကျဆင်းစေ တဲ့ (Virus) ပိုးစွဲကပ်နေသူ ဝေဒနာရှင် များဟာ သေမဲ့ရက်ကိုစောင့်စားနေယုံမှ တပါး အခြားနည်းလမ်းမရှိကြတော့ဘူးလို့ ရေးသားဖော်ပြထားပါတယ်။
မြန်မာပြည်က HIV-AIDS ဝေဒနာရှင်များ ဆက်လက်အသက်ရှင်သန်ဖို့ ဆေးဝါးအလျင်အမြန်ရရှိနိုင်ကြပါစေ။
Rest of your post

ဆောင်းပါး
ကျော်သိင်္ခ
အရင်တစ်ခေါက် မလေးရှားမှ ဗမာပြည်သို့ ပြန်သွားခဲ့စဉ်က အတွေ့အကြုံလေးပါ။ ကျနော် ထိုင်းနိုင်ငံ NGO အဖွဲ့အစည်း တစ်ခုတွင် တစ်နှစ်ခန့် အလုပ်လုပ်ပြီးသော်၊ မလေးရှားရှိ ဗမာလူမှုရေးအဖွဲ့အစည်းတစ်ခုမှ အကူအညီပေးပါရန်ပြောလာသည့် အတွက် ထိုင်းနိုင်ငံမှ မလေးသို့ သွားခဲ့သည်။
မလေးရှားတွင် တစ်လကြာကြာနေပြီး၊ အများနည်းတူ ကျနော်လည်း overstay ဘ၀ရောက်သွားသည်။ Overstay ဘ၀နှင့်ပင် တစ်နှစ်ကျော် ကျော် ကြာသွားသည်။ တစ်နေ့တွင် ဆီးလမ်းကြောင်းဝေဒနာကြောင့် ကွာလာလမ်ပူ ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူရသည်။ ကျနော် ဆေးရုံမှ ဆင်းသည့်နေ့ကို မှတ်မိပါသည်။ ထိုနေ့သည် ၂၀၀၈ ခုနှစ်၊ မေလ ၆ ရက်။ ဆေးရုံက ဆင်းပြီး ကျနော်နေထိုင်သည့် အခန်းကို ပြန်လာတော့ ဗမာအလုပ်သမား တော်တော်များများက နာဂစ် အကြောင်းပြောနေသည်ကို ကျနော်ကြားရသည်။ နာဂစ် ဆိုတာ ဘာလဲ။ ကျနော်မသိပါ။ ကျနော် ဆေးရုံတက်နေစဉ်အတွင်း ကျနော့်မိတ်ဆွေများကို ၄င်းတို့ အလုပ်ပျက်မည်စိုး၍ ဆေးရုံသို့ မလာခိုင်းသည့်အတွက် ကြောင့် နာဂစ်အကြောင်းလည်း ကျနော် မကြားလိုက်ပါ။ ထို့ကြောင် “နာဂစ်ဆိုတာ ဘာလဲ” ဟု ကျနော်မေးကြည့်တော့မှ မေလ ၂ ရက်နေ့ နှင့် ၃ ရက်နေ့တို့တွင် ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်းတို့တွင် တိုက်ခတ်သွားသော မုန်တိုင်းအမည် ဖြစ်ကြောင်း၊ အလွန်ပြင်းထန်ကြောင်း၊ လူအသေအပျောက်များကြောင်း တစ်ယောက်တစ်ပေါက်၊ စိတ်ဝင်တစား ပြောပြကြသဖြင့် ကျနော်လည်း ခရီးရောက်မဆိုက် ဆိုသလို အင်တာနက်ဆိုင်သို့ ပြေးရတော့သည်။ သတင်းဌာန ၀က်ဘ်ဆိုဒ်များတွင် နာဂစ်သတင်းကို ဖတ်ကြည့်သည်။ Google Search တွင် Pictures of Nargis Victims ဆိုသည့်စာကို ရိုက်ပြီး ရှာလိုက်တော့ တွေ့ရသည့် ပုံများမှာ မြင်မကောင်း၊ ရှုမကောင်း။ ကိုယ့်အိမ်လည်း ဘာဖြစ်မှန်းမသိ။ အိမ်နှင့် အဆက်အသွယ်ပျက်နေသည်မှာလည်း ကြာပြီ။ ကိုယ့်မိသားစုနှင့် ကိုယ့်အိမ်အခြေအနေကိုလည်း သိချင်သည်။
သို့နှင့် ခွဲစိတ်ခံထားရသည့် ဒါဏ်ရာမှာလည်း အတော်လေး သက်သာခါစဖြစ်လာသောအခါ အိမ်ကိုပြန်ဖို့ ဆုံးဖြတ်လိုက်သည်။ ပွဲစားကို ဆက်သွယ်ရသည်။ ကိုယ်ပြန်မည့် လမ်းကြောင်းကို ပြောပြရသည်။ ကွာလာလမ်ပူ - မဲဆောက် - ရန်ကုန် (အောင်မင်္ဂလာ အဝေးပြေးဂိတ်အထိ) ဖြစ်သည်။ ပွဲစားက မလေးရင်းဂစ် ၈၀၀ ပေးရမည်ဟုပြောသည်။ ကိုယ့်တွင်လည်း ပိုက်ဆံက အပိုအလျှံမရှိ၍ သူငယ်ချင်းများထံမှ လိုသည့် ပိုက်ဆံကို ချေးပြီး ထွက်လာခဲ့သည်။ ပွဲစားက ပီနန်းမှာနေ၍ ကွာလာလမ်ပူမှ ပီနန်းသို့ ထွက်မည့် ည ၁၁ နာရီကားကို စီးသည်။ ပီနန်းသို့ မနက် ၄ နာရီရောက်သည်။ မနက် ခြောက်နာရီထိုးတော့ ပွဲစားက ပီနန်းကားဂိတ်သို့ ဆိုင်ကယ်ဖြင့်လာခေါ်သည်။ သို့နှင့် ပွဲစားအိမ်ရောက်တော့ ၄င်းက ကျနော် သွားရမည့် ခရီးလမ်းကြောင်း နှင့် ပက်သက်၍ အသေးစိတ်ရှင်းပြသည်။ မလေးလူမျိုး ပွဲစားနှစ်ယောက်က ကျနော့်အား ဗမာစားသောက်ဆိုင် တစ်ဆိုင်နားတွင် ညနေ သုံးနာရီတွင်လာခေါ်မည် ဖြစ်ရာ ကျနော့်တွင် အချိန်များစွာ ကျန်သေးကြောင်း၊ ထို့ကြောင့် သူ့အခန်းတွင် ရေမိုးချိုး၊ ထမင်းစား ပြီး နားနားနေနေ နေရန် ပွဲစားက ပြောပါသည်။
ဗမာပြည်သို့ အောက်လမ်းက (နယ်စပ်တွေကို တရားမ၀င် ဖြတ်ပြီး) ပြန်ရသည်က အန္တရာယ်များသည် ဆိုသည်ကို ကျနော်ကောင်းကောင်း သိပါသည်။ သို့သော် ကျနော့်တွင် ခရီးသွားစာရွက်စာတမ်းတစ်စုံတစ်ရာ မရှိ၊ ရွေးစရာ ဒီတစ်လမ်းသာရှိသည်။ ရဲ နှင့် တွေ့ပါက သေချာပေါက် အဖမ်းခံရမည်။ ထို့ကြောင့် ထိုစိုးရိမ်စိတ် များက ဖိစီးလျှက်၊ ကျနော် ထမင်းလည်း မစားချင်ပါ။ ရေလည်း ချိုးချင်စိတ်မရှိ။ နောက်ပြီး ကိုယ်က မလေးမှာ လူမှုရေးအလုပ်တွေလည်း လုပ်တော့ ပွဲစားတွေအကြောင်း ကို ကောင်းကောင်းသိသည်။ ထို့ကြောင့် ပွဲစားတိုင်းကိုတော့ မယုံချင်။ တော်ကြာ ပွဲစားက ကိုယ့်ကိုရောင်းစားလိုက်လျှင် ဒုက္ခ။
သို့သော် ကိုယ့်စားဝတ်နေရေးအတွက် ရိုးရိုးသားသားဖြင့် ပွဲစားအလုပ်ကို လုပ်စားကြသည့်သူများလည်း ရှိပါသည်။ ယခုလို ပွဲစားများမရှိလျှင်လည်း ကျနော်တို့ကဲ့သို့ မလေးတွင် တရားမ၀င် နေထိုင်သူများအဖို့ ဗမာပြည်သို့ ပြန်ချင်ပြီဆိုပါစို့။ မည်သို့ပြန်ရမည်နည်း။ လမ်းကြောင်းလည်းမသိ။ မလေးနယ်စပ်သို့ သွားရာလမ်းကြောင်းတွင် မလေးရဲ၏ ဖမ်းဆီးခြင်းကို ခံရနိုင်သည်။ မလေးနယ်စပ်ကို ကျော်၍ ထိုင်းဘက်ခြမ်းသို့ ရောက်သွားလျှင်လည်း မဲဆောက်အထိ ရောက်သွားဖို့က လမ်းတွင် ရဲစစ်ဆေးရေးဂိတ် များစွာကို ဖြတ်ရမည်။ မလွယ်ပါ။ ထို့ကြောင့်သာလျှင် ပွဲစားများနှင့် ဆက်သွယ်ရသည်။ ယခုလည်း သဗ္ဗေသတ္တာ ကမ္မသကာ ပေပဲ။ မသေလျှင်တော့ အိမ်ကိုရောက်မှာပဲ ဟုတွေးပြီး မျက်စိစုံမှိတ် ထွက်လာခဲ့ရသည်။
နေ့လည် နှစ်နာရီခွဲသော် ပွဲစားက ကျနော့်ကို ဗမာစားသောက်ဆိုင် တစ်ဆိုင်နားသို့ ခေါ်သွားပြီး မလေးပွဲစားနှစ်ယောက်ကို စောင့်သည်။ သုံးနာရီ လောက်ကျတော့ မလေးပွဲစားနှစ်ယောက်က တက္ကစီကားတစ်စီး မောင်းလာသည်။ ပွဲစား နှင့် စကားပြောကြသည်။ ဘာတွေပြောနေ မှန်းတော့ မသိ သူတို့အချင်းချင်း မလေးလို ပြောကြသည်။ ကျနော်ကလည်း ပွဲစားကို ကျနော့်အနေနှင့် ပိုက်ဆံ ရင်းဂစ် ၈၀၀ ကို တစ်ခါတည်း မပေးနိုင်ကြောင်း၊ ထိုင်းဘက်ခြမ်းရောက်လျှင် ရင်းဂစ် ၄၀၀ ပေးမည်ဖြစ်ကြောင်း၊ မဲဆောက်သို့ရောက်လျှင် ကျန်သည့် ၄၀၀ ကို ပေးမည်ဖြစ်ကြောင်း ပြောပါသည်။ ပွဲစားက ထိုကဲ့သို့ လုပ်၍ မရကြောင်း ထိုင်းနယ်စပ် (ထိုင်းဘက်ခြမ်း) တွင်ပင် ပွဲစား၏ ညီဖြစ်သူက ကျနော့်ကို လာခေါ်မည်ဖြစ်ကြောင်း၊ ထိုအခါတွင် ၄င်းညီဖြစ်သူအား ရင်းဂစ် ၈၀၀ လုံးကိုပေးရမည်ဖြစ်ကြောင်း၊ သူ့ကိုယုံစေလိုကြောင်း၊ အစစ အရာရာ စိတ်ချစေလိုကြောင်း၊ လမ်းတွင် လမ်းကြောင်းတွေကိုလည်း ရှင်းထားပြီးဖြစ်ကြောင်း ပြောပြီးစိတ်မပူ ရန်လည်း ပြောပါသည်။ သို့နှင့် သူပြောသလို ကျနော် သဘောတူလိုက်ရသည်။ တက္ကစီပေါ်တက်ပြီး ပွဲစားအား နှုတ်ဆက်ကာ မလေးပွဲစား နှစ်ယောက်နှင့် ထိုင်းနယ်စပ်သို့ လိုက်သွားတော့သည်။ ကိုယ်က မလေးစကား မတတ်၍ လမ်းမှာ ဘာစကားမှလည်းပြောမနေတော့ဘဲ၊ အဆင်ပြေပါ့မလားဟုသာ တွေးပြီး လိုက်လာခဲ့သည်။
ညနေ ခြောက်နာရီလောက်ရောက်သော် မလေးနယ်စပ်နားရှိ ရွာတစ်ရွာသို့ရောက်သွားသည်။ မလေးပွဲစားနှစ်ယောက်က လယ်ကွင်းထဲရှိ မလေးလယ်သမားတစ်ဦး၏ အိမ်သို့ ကျနော့်ကိုခေါ်သွားသည်။ အဆိုပါလယ်သမားမိသားစုက ကျနော့်ကို မလေးလိုပြောရာ၊ ကျနော်က အင်္ဂလိပ်လို ပြောပြီး မလေးလိုနားမလည်ကြောင်း၊ ထို့နောက် ၄င်းတို့က ထိုင်းလိုပြောရာ ကျနော်က အနည်းငယ်နားလည်ကြောင်း သို့သော် ပြန်မပြောတတ်ကြောင်း ပြောပါသည်။ ထို့နောက် မလေးပွဲစားနှစ်ယောက်က ကျနော့်ကို ထိုလယ်သမားလက်သို့ အပ်ခဲ့ပြီး ပြန်သွားသည်။ ကျနော့်ကိုမူ ထိုလယ်သမား၏ သားဟု ယူဆရသူက မလေးနယ်စပ်သို့ ဆိုင်ကယ်ဖြင့်မောင်းပို့သည်။ မလေးနယ်စပ်ရောက်သောအခါ၊ ကျနော့်ကို ထိုင်းပွဲစားတစ်ဦးက ဆိုင်ကယ်ဖြင့်လာခေါ်သည်။ ထို့နောက် ထိုပွဲစားက ထိုင်းဘက်ခြမ်းတွင် ပီနန်းမှ ပွဲစား၏ ညီဖြစ်သူဆိုသူထံ အရောက်ပို့ပေးသည်။ ၄င်းက ရင်းဂစ် ၈၀၀ တောင်းသဖြင့် ကျနော်ပေးလိုက်သည်။ ကျနော့်အထင် သူ့အိမ်တွင် ကျနော့်ကို ခေတ္တထားမည်ဟု တွက်ထားခဲ့သည်။ သို့သော် ၄င်းက “ခင်ဗျား ဒီည ကျနော့်အိမ်မှာအိပ်ရမှာ မဟုတ်ဘူး။ ခင်ဗျား အိပ်ရမယ့်နေရာကို ကျနော်ခေါ်သွားမယ်။ ဆိုင်ကယ်ပေါ်တက်” ဟု ဆိုကာ မောင်းသွားပြီး ခဏကြာသော် နှစ်ယောက်သား ရုံးတစ်ရုံးသို့ရောက်သွားသည်။ ထိုင်း လ၀က ရုံးဟုသိရသည်။
ထိုရုံးတွင် အချုပ်ခန်းကျယ်တစ်ခုရှိသည်။ ထိုအခန်းထဲတွင် ကျနော်ကဲ့သို့ ဗမာပြည်သို့ပြန်မည့်သူများကို ထည့်ထားသည်။ စုစုပေါင်း အယောက် လေး၊ ငါးဆယ်လောက်ရှိသည်။ ပွဲစားက “ခင်ဗျား ဒီည အဲဒီအချုပ်ထဲမှာ အိပ်ရမယ်။ သူတို့လည်း ခင်ဗျားလိုဘဲ။ ဗမာပြည်ကို ပြန်မှာ။ မဲဆောက်ကို ဆင်းတဲ့ကားက တစ်ရက်ခြားလာတာ၊ ဒီမနက် တစ်စင်းလာသွားတယ်။ ဒါကြောင့် ခင်ဗျား သန်ဘက်ခါ ထွက်မယ့်ကားနဲ့ လိုက်သွားရမှာ။ ကျနော်လည်း ဒီကို မကြာမကြာလာတယ်။ ဘာမှ စိတ်မပူနဲ့။ မနက်ကျရင် ကျနော် ရေသန့်ဗူးလာပို့မယ်” ဟုပြောကာ ပြန်သွားပါသည်။ ကျနော့် တစ်သက် ထောင်တို့၊ အချုပ်တို့ တစ်ခါမှ မကျဖူး၍ စိတ်ထဲတော့ တစ်မျိုး ခံစားလိုက်ရသည်။ သို့သော် ကိုယ်ကိုယ်တိုင် အိမ်ပြန်ချင်သည့်အတွက်ကြောင့် လိုအပ်ချက်တစ်ရပ်အနေဖြင့် အချုပ်ခံရသည်ကို တွေးမိတော့လည်း စိတ်ထဲ အနည်းငယ် ပေါ့သွားသည်။
ထို့နောက် ထို လ၀က ရုံးတွင် အလုပ်လုပ်နေသော မွန်လူမျိုး ပွဲစားတစ်ဦးက ကျနော့်ကို အချုပ်ခန်းထဲဝင်ရန် အချုပ်ခန်းတံခါးကို ဖွင့်ပေးသည်။ ကျနော် အထဲကို ၀င်လိုက်သည်။ အထဲတွင် အနံ့အသက်က မကောင်း၊ အချို့က ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ကလေးအမေတွေ၊ ကလေးလေးတွေက အသက် နှစ်နှစ်၊ သုံးနှစ်။ အထဲမှာ ပူလောင် အိုက်စပ်နေသည်။ ကလေးငိုသံတွေ၊ စကားပြောသံတွေနှင့် ဆူညံနေသည်။ အချို့က မွန် နှင့် ဗမာများဖြစ်ပြီး၊ ကရင် နှင့် ချင်းတိုင်းရင်းသား အချို့ကိုလည်း တွေ့ရသည်။ ကျနော်လည်း ဒီနှစ်ည ဒီအချုပ်ခန်းထဲမှာ အိမ်ရမည်မို့၊ အချုပ်ခန်းကို မျက်စိဝှေ့ကြည့်လိုက်ပြီး၊ ကျောတစ်နေရာစာရှာလိုက်သည်။ ပြတင်းပေါက်တစ်ခုအနားတွင် နေရာလပ်တွေ့သဖြင့် ခရီးဆောင်အိပ်ထဲမှ ပါလာသည့် ပုဆိုးကြမ်းလေးကို ဖြန့်ခင်းကာ နေရာယူလိုက်သည်။ ဘာဘဲဖြစ်ဖြစ် ဒီနေရာမှာ နှစ်ညတာတော့ နှပ်နေရဦးမည်။ ခဏကြာသော် ပွဲစားတစ်ဦး နှင့် ထိုင်းဝန်ထမ်းတစ်ဦး အချုပ်ခန်းထဲဝင်လာပြီး ကျနော်တို့ကို ဓာတ်ပုံရိုက်၊ ဖောင်ဖြည့်၊ လက်ဗွေရာ နှိပ်ခိုင်းသည်။
အချုပ်ခန်းထဲမှာ ကိုယ်လို၊ သူလို လူတွေချည်းဖြစ်သည့်အတွက် စိတ်မညစ်တော့။ ကျနော့်နေရာဘေးမှ အသက် နှစ်ဆယ်ငါးနှစ် ၀န်းကျင်ခန့် ဟု ယူဆရသော ကောင်လေးသုံးယောက်နှင့် စကားပြောဖြစ်သည်။ မလေးရှားမှာ ငါးနှစ်အလုပ်လုပ်ခဲ့သည်ဟု ပြောကြသည်။ ဒီအချုပ်ထဲကို ရောက်သည်မှာ၊ တစ်ပတ်ကျော်လောက်ရှိပြီဟုပြောသည်။ ကွာလာလမ်ပူက ပွဲစားကို ပိုက်ဆံအကုန်ပေးခဲ့ပြီးပြီ ဟုလည်းပြောသည်။ ယခု ဒီဘက်ရောက်တော့ ဒီဘက်က ပွဲစားက ကွာလာလမ်ပူမှ (ထိုကောင်လေးများ၏) ပွဲစားက ၄င်းကို ငွေအကြေမချေရသေးသည့်အတွက် ကြောင့် ထိုကောင်လေးများကို မဲဆောက်သို့သွားမည့် အုပ်စုထဲသို့ ထည့်မပေးသေးကြောင်း။ ထို့ကြောင့် ထိုကောင်လေးသုံးယောက်မှာ အချုပ်ခန်းထဲတွင် ရောက်နေသည်မှာ ကြာနေပြီဖြစ်ကြောင်း၊ ကွာလာလမ်ပူရှိပွဲစားကိုဖုန်းဆက်သော်လည်း ဖုန်းမကိုင်ကြောင်း ထိုကောင် လေး သုံးယောက်ကကျနော့်ကို မျက်နှာငယ်လေးတွေဖြင့် ပြောပြကြပါသည်။ ထိုကောင်လေးတွေ ပွဲစားအလိမ်ခံလိုက်ရပြီဆိုသည်ကို ကျနော် သိလိုက်ပါသည်။ သူတို့စိတ်မကောင်းဖြစ်မှာ စိုးသည့်အတွက် ကျနော်မပြောပါ။ ကျနော်ကိုယ်တိုင်လည်း စိတ်မကောင်းပါ။ ကွာလာလမ်ပူမှာသာ ထိုကိစ္စမျိုး ဖြစ်ခဲ့လျှင် ကျနော် ကူညီကောင်းကူညီနိုင်မည် ဖြစ်သော်လည်း၊ ယခုလို အချိန်အခါမျိုးမှာ လမ်းခရီးတစ်ခုတည်းမှ ဘ၀တူတွေ ဖြစ်နေ ကြသည့်အတွက် “တောင်မင်းကို မြောက်မင်း မကယ်နိုင်” ဟူသော စကားအတိုင်းသာ။
နောက်တစ်နေ့ မနက်မိုးလင်းတော့ ကျနော့်ပွဲစားက ထမင်းကြော်တစ်ထုပ် နှင့် ရေသန့်တစ်ဗူး လာပေးသည်။ ဒါဆိုလျှင်တော့ သူများပွဲစား တွေနှင့်ယှဉ်လျှင် ကျနော့်ပွဲစားက မဆိုးဘူးဟု ဆိုရမည်။ အချုပ်ခန်းကလည်း တစ်နေ့ကို မနက်စာ၊ နေ့လည်စာ၊ ညစာ သုံးနပ်ကျွေးပါသည်။ ဟင်းကတော့ သခွားသီး နှင့် ဗူးသီးကို အရည်ကျဲလေးချက်ပြီး ထမင်းကို ပလပ်စတစ်တစ်ထပ်၊ စက္ကူတစ်ထပ်ဖြင့် ထုပ်ကာ တစ်ယောက်ကို တစ်ထုပ်ပေးသည်။ နောက်ပြီး ဘဲဥပြုတ် တစ်လုံးပါသေးသည်။ မနက်စာလည်း သည်ဟင်း၊ နေ့လည်စာ နှင့် ညစာလည်း သည်ဟင်းပင်။ နေ့တိုင်း ဟင်းက သည်ဟင်းချည်းပင်ဖြစ်သည်။ အချို့သူများက ပတ်စ်ပို့မရှိ၍သာ အောက်လမ်းကနေပြန်သည်။ မလေးမှာတော့ အလုပ်ကောင်းခဲ့၍၊ အိမ်အပြန်ခရီးမှာ ပိုက်ဆံလေး အထိုက်အလျောက်တော့ ပါလာသည်။ သူတို့ကျတော့ အချုပ်ခန်းထမင်း၊ ဟင်းကို မစား။ အချုပ်ခန်း အပြင်ဘက်တွင် ထိုင်းဈေးသည်များလာရောင်းသော အစားအသောက်များကို ပြတင်းပေါက်မှ လှမ်းဝယ်ပြီးစားသည်။ ကျနော့်အိပ်ထဲတွင်တော့ မလေးရင်းဂစ် လေးဆယ့်ငါး ရင်းဂစ် နှင့် အကြွေစေ့တစ်ချို့ ကျန်သေးသည်။ ထိုင်းဘတ် နှင့် တွက်လျှင်တော့ ဘတ်လေးရာကျော်လောက် ရသည်။ ကျနော်လည်း အများနည်းတူ ပြတင်းပေါက်မှ လက်ထုတ်ကာ၊ ကောက်ညှင်းပေါင်း နှင့် သင်္ဘောသီးထောင်း ၀ယ်စားသည်။ နယ်စပ် NGO မှာ လုပ်ခဲ့တုန်းက ကလေးများ နှင့် အတူ ဈေးမှာ သင်္ဘောသီးထောင်း နှင့် ကွေ့သရို စားခဲ့သည်ကို သတိရသည်။
တစ်ကိုယ်လုံးလည်း ချွေးနံ့ထွက်လျှက် နံစော်နေသည့်အတွက် ရေချိုးခန်းတွင် ရေသွားချိုးသည်။ ဆပ်ပြာတော့မရှိ။ ရေချိုးခန်းက အိမ်သာနှင့်တွဲလျှက်။ အနံ့အသက်ကမကောင်း။ ရေခွက်ကမရှိ။ အိမ်သာသုံးသည့်ခွက်သာရှိသည်။ သူများတွေတော့ ရေချိုးလျှင် ဘယ်ခွက်သုံးသည်ကို ကျနော်မသိ။ ထို့ကြောင့် ရေကုန်သွားပြီဖြစ်သော ရေသန့်ဗူးတစ်ဗူးကို ယူကာ ပြတင်းပေါက်မှနေ၍ သင်္ဘောသီးထောင်းအသည်အား လှမ်းခေါ်ပြီး ထိုရေသန့်ဗူးကို ထက်ဝက်ပိုင်းခိုင်းရသည်။ ရေသန့်ဗူး အောက်ခြေဘက် အခြမ်းကို ရေခွက်အဖြစ်အသုံးပြုကာ ရေချိုးလိုက်သည်။ ဆပ်ပြာတော့မရှိ။ ဘာဘဲဖြစ်ဖြစ် ရေချိုးလိုက်တော့ လန်းလန်း ဆန်းဆန်းရှိသွားသည်။
သည်လိုနှင့် အချုပ်ထဲတွင် နှစ်ညအိပ်သုံးရက် ကြာသွားသည်။ နေလည်ခင်းရောက်တော့ ပွဲစားတစ်ဦးက အချုပ်ခန်းထဲသို့လာပြီး၊ စာရွက်တစ်ရွက်ပေါ်ရှိ အမည်များကိုခေါ်ကာ တန်းစီခိုင်းသည်။ အချို့သူများက ထ၍ မိမိတို့၏ နာမည်ပါ၊ မပါကို မေးကြသည်။ ဟိုကောင်လေး သုံးယောက်လည်း ပွဲစားအနီးနားကပ်သွားပြီး မရဲတရဲ ဖြင့်လှမ်းမေးနေသည်ကို တွေ့ရသည်။ ပွဲစားက “ဒီထဲမှာ ပွဲစား ကိုမျိုး လူဘယ်နှစ် ယောက်ပါလဲ” ဟု မေးရာ ထိုပွဲစားအဆက်အသွယ်ဖြင့် လာကြသော သူများက လက်ထောင်ကြသည်။ ပြီးတော့ ထိုပွဲစားက စာရွက်ပေါ်တွင် နာမည်များကို ခေါ်ပြီး တစ်ယောက်ချင်းစစ်ဆေးသည်။ တန်းစီခိုင်းသည်။ ထို့နောက် ကျနော့်ပွဲစား နာမည်ကိုလည်းပြောပြီး သူ့အဆက်အသွယ်ဖြင့်လာသောသူများကို စစ်သည်။ ကျနော့်နာမည် ပါသည်။ ထိုအခါ ဟိုကောင်ကလေးသုံးယောက်က “အစ်ကို စိတ်မပူ နဲ့၊ ဒါဆိုရင် အစ်ကို ဒီညနေ အခေါက်နဲ့ လိုက်ရမှာ” ဟုပြောသည်။ သူတို့ကိုလည်း မေးကြည့်ရာ သူတို့ နာမည်မပါသေးကြောင်း ပြောပြသဖြင့် ကျနော် စိတ်မကောင်း ဖြစ်ရသည်။
ပွဲစား အသီးသီးနာမည်များကို ရွတ်ပြပြီး၊ နာမည်များကို စစ်ဆေးပြီးသော် ယခု ညနေကားဖြင့် လိုက်ပါရမည့် သူများကို သက်သက်ခွဲ ကာ တန်းစီခိုင်းသည်။ ထိုသူများဆီမှ လမ်းတွင် စားစရိတ်အတွက် တစ်ယောက် ထိုင်းဘတ် ၂၀၀ ကောက်သည်။ တစ်ခဏကြာသော် အားလုံးကို တန်းစီပြီး ကားပေါ်သို့ တက်ခိုင်းသည်။ ကားမှာ လေ၀င်လေထွက်ကောင်းသော ကုန်တင်ကား ဖြစ်သည်။ ကားဘေးနားတွင်လည်း ထိုင်းစာ ဖြင့် လ၀က ဟုရေးထားသည်ဟု ကျနော့်ဘေးမှ ထိုင်းစာတတ်သော မွန်အမျိုးသားတစ်ဦးက ပြောပြ၍ သိရသည်။ ထို့ကြောင့် လမ်းတစ်လျှောက်လုံးတွင် စိုးရိမ်စရာမရှိဟုလည်း ၄င်းကပြောသည်။ အားလုံးကားပေါ်တက်လိုက်ကြပြီး နေရာ ယူကြသည်။ ကားပေါ်တွင် စုစုပေါင်း ခြောက်ဆယ့်ငါးယောက် ပါသည်ဟု သိရသည်။
သည်လိုနှင့် ကား စထွက်တော့ ညခုနစ်နာရီထိုးနေပြီ။ ကားဆရာကလည်း မရပ်မနား၊ အရှိန်ပြင်းပြင်းမောင်းလာရာ၊ ည ၁၀ နာရီလောက် အရောက်တွင် ကားကို ဆဲဗင်းန်၊ အလဲဗင်းန် ဆိုင်တစ်ဆိုင်နားတွင်ရပ်ကာ စပယ်ယာမှ ကျနော်တို့ အားလုံးကို ထမင်းထုပ်၊ တစ်ယောက် တစ်ထုပ်စီကို ပေးသည်။ ဖွင့်ကြည့်လိုက်ရာ အချုပ်ထဲမှ ထမင်း နှင့် ဟင်း အတိုင်းသာဖြစ်သည်။ ဗိုက်ဆာဆာ နှင့် စားလိုက်သဖြင့် ကုန်သွားသည်။ သို့နှင့် တစ်ညလုံး မရပ်မနား ဆက်မောင်းလာရာ၊ မနက် ခုနှစ်နာရီခန့်အရောက်တွင် ကားပေါ်တွင်ပါလာသော ကိုယ်ဝန်သည် အမျိုးသမီးက မခံမရပ်နိုင်အောင် ဗိုက်အောင့်ကြောင်း နှင့် ကားဆရာအား ကားကို ရပ်ခိုင်းပေးပါရန် ပြောရာ၊ ကျနော်တို့လည်း ကားကို နောက်ခန်းမှနေ၍ တဗုန်းဗုန်းထုကာ ရပ်ခိုင်းရတော့သည်။ ကားပေါ်တွင်ပါလာသူ အချို့က ထိုင်းစကားတတ်၍ အဆင်ပြေသည်။ ထို့နောက် ဆီဆိုင်တစ်ခုသို့ရောက်သော် ကားကို ခဏနားသည်။ ထိုအတောအတွင်း ဆေးရုံကားတစ်စီး ရောက်ချလာသည်။ ဗိုက်အောင့်သည် ဟုဆိုသော ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဆေးရုံကားပေါ်တွင် စမ်းသပ်ကြသည်။ ဗိုက်ထဲမှ ကလေးသေသွားသည်ဟု သိရ သည်။ ထိုအမျိုးသမီးမှာ ဆေးရုံတွင်နေခဲ့ရမည်ဖြစ်ရာ၊ ပါလာသည့် အုပ်စုထဲမှ တစ်ယောက်မှာ ဆေးရုံတင်ထားရကြောင်း ဆေးရုံအုပ်ထံမှ ထောက်ခံစာစောင့်နေရသဖြင့် ထိုနေရာတွင်ပင် ကားမှာ နှစ်နာရီလောက်ရပ်စောင့်နေရသည်။ ထိုထောက်ခံစာမှာ မဲဆောက်သို့ရောက်သော် မဲဆောက် လ၀က ရုံးတွင် ပြရန်ဖြစ်သည်။ မလေး-ထိုင်းနယ်စပ်မှ အထွက်တွင် လူ ၆၅ ယောက်ရှိပြီး၊ မဲဆောက်ရောက်သော် ၆၅ ယောက်လုံးပါမလာပါက ကားသမား ပြဿနာတက်မည်။ ထို့ကြောင့် ဆေးရုံမှ ထောက်ခံစာကို ယူရသည်။ ထို ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ညီမ ဖြစ်သူမှာလည်း ကိုယ်ဝန် လေးလရှိပြီး၊ ယခုကားပေါ်တွင်ပါလာသည်ဖြစ်ရာ၊ သူမ မှာလည်း အစ်မ ဖြစ်သူ ကျန်ခဲ့၍ သော်လည်းကောင်း၊ ကလေးသေ၍သော်လည်းကောင်း၊ သူမလည်း လမ်းတွင် ထိုကဲ့သို့ ဖြစ်မည်စိုး၍ သော်လည်းကောင်း ချုံးပွဲချ ငိုပါတော့သည်။ ဘေးနားရှိ အခြားအမျိုး သမီးများက ၀ိုင်းဝန်းချော့မော့၍ တိတ်သွားသည်။
သို့နှင့် လူ ၆၄ ယောက်ကို တင်ဆောင်လာသော ကုန်တင်ကားကြီးသည် မဲဆောက် မြို့သို့ ည ၇ နာရီတွင်ရောက်သွားသည်။ ရောက်ရောက်ချင်းပင် မဲဆောက် လ၀က ရုံးအတွင်းတွင် ထိုးရပ်လိုက်သည်။ အားလုံးကားပေါ်မှ ဆင်းခိုင်းကာ လ၀က အချုပ်ထဲတွင် တစ်ည အိပ်ကြရသည်။ နောက်တစ်နေ့ မနက်စောစောတွင် အားလုံးကိုတန်းစီခိုင်းပြီး လက်ဗွေရာများ နှိပ်ခိုင်းသည်။ ထိုအချိန်တွင် ထိုင်း လ၀က အရာရှိများနှင့် ပိုင်သော ဗမာပွဲစား အမျိုးသမီးတစ်ဦးမှ ကျနော်တို့ရှေ့သို့လာကာ ကျနော်တို့ကို မဲဆောက် လ၀က အချုပ်ကားဖြင့် မကြာမီ DKBA တပ်ရှိရာ ကိုးသုံးလုံး စခန်းသို့ အပ်တော့မည်ဖြစ်ကြောင်း၊ DKBA တပ်များက ကျနော်တို့ကို စစ်ဆေးမည်ဖြစ်ကြောင်း၊ မိမိတို့တွင်ပါလာသော ဖုန်း နှင့် ကင်မရာများပါလာပါက သူမအားပေးထားစေလိုကြောင်း၊ သို့မဟုတ်ပါက DKBA တပ်များက အကုန်လုံးသိမ်းမည်ဖြစ်ကြောင်း ပြောရာ ကျနော်တို့အားလုံး မိမိတွင်ပါလာသော ဖုန်းအား ထို ပွဲစား အမျိုးသမီးလက်ထဲသို့ အပ်လိုက်ပါသည်။ ထို ဖုန်းများကို DKBA ဂိတ်မှ ပြန်ထွက်သော် ဟိုဘက်ခြမ်းတွင် ရှိသော အခြားပွဲစားအမျိုးသမီး အိမ်တွင် နာမည်ပြော၍ သွားယူနိုင်ကြောင်းပြောပါသည်။
သည်လိုနှင့် ကျနော်တို့ကို မဲဆောက် လ၀က အချုပ်ကားဖြင့် DKBA တပ်စွဲထားရာ သောင်ရင်းမြစ်ကမ်းတွင် သွားပစ်လိုက်ပါသည်။ ကမ်းစပ်တွင် အသင့်စောင့်နေသော DKBA တပ်သားတစ်ယောက်က လှေဖြင့် အသင့်စောင့်နေရာ၊ ကျနော်တို့ အားလုံး လှေပေါ်သို့တက်ပြီး ဟိုဘက်ကမ်း (ဗမာပြည်ဘက်ခြမ်း) သို့ ရောက်သွားပါတော့သည်။ DKBA တပ်သားများက ကျနော်တို့ကို ခြောက်ယောက်တစ်တွဲ ဓာတ်ပုံရိုက်ပြီး၊ အမည် နှင့် မှတ်ပုံတင်နံပါတ်တို့ကို ရှေ့တွင်ချထားသော စာအုပ်ထဲတွင် ဖြည့်ခိုင်းကာ လက်မှတ်ထိုးခိုင်းပါသည်။ ထို့နောက် ပါလာသော ပစ္စည်းများကို စစ်ဆေးပြီးသော် ပွဲစားအမျိုးသမီးက ကျနော်တို့အား သူမ အိမ်သို့ ခေါ်သွားပါသည်။ သူမ အိမ်မှာ DKBA စခန်းနားတွင်သာဖြစ်ပါသည်။ ထို ပွဲစား အမျိုးသမီးအိမ်ရောက်သော် အချို့က လုံချည်လဲသူက လဲ၊ ထမင်းစားသူက စားကြသည်။ ပွဲစားအမျိုး သမီးက တစ်ယောက်ကို ဘတ် ၁၀၀ အလှူငွေထည့်ရမည်ဟု ပြောပါသည်။ မည်သည့်အတွက် အလှူငွေထည့်ခိုင်းသည် ဆိုသည်ကိုတော့ မပြောပါ။ သို့နှင့် ကျနော်လည်း လက်ကျန် ပိုက်ဆံ ထဲမှ ဘတ် ၁၀၀ ကို ထိုအမျိုးသမီးအား ပေးလိုက်ပါသည်။
ထို့နောက် ညနေစောင်းသောအခါ ပွဲစားအိမ်ရှေ့တွင် လာရပ်သော ဟိုင်းလတ်ကားများဖြင့် ကျနော်အပါအ၀င် ခရီးသည်အားလုံး အိမ်အပြန်ခရီးကို စတင်ပါတော့သည်။
အပိုင်း (၂) ကို ဆက်လက် ဖော်ပြပါမည်။
ကျော်သိင်္ခ
http://kyawtheinha.blogspot.com
Rest of your post
ဗိုလ်ချုပ်အောင်ဆန်း နှင့် အက်တလီ ( အမှတ် ၁၀ ဒေါင်းနင်းလမ်း ၁၉၄၇)
-အောင်သူငြိမ်း-
မြန်မာ့လွတ်လပ်ရေး
ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ နောက်တခန်းကိုတော့ သူက "အခြားသော စိတ်ကူးနိုင်ငံတော်" ဆိုပြီး ဆက်လက်တင်ပြခဲ့ပါတယ်။ အခုအခန်းမှာတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့အတူ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို တင်ပြထားပါတယ်။
စာဖတ် မိတ်ဆွေများခင်ဗျား
ဗိုလ်ချုပ်အောင်ဆန်းက တနှစ်အတွင်း လွတ်လပ်ရေးရစေမယ်လို့ ကြွေးကြော်ပြီး လန်ဒန်ခရီးစဉ်ကအပြန် မကြာခင်မှာပဲ လုပ်ကြံခံရပါတယ်။ လွတ်လပ်ရေးကို သူကိုယ်တိုင် မမြင်တွေ့ခဲ့ရပါဘူး။ လန်ဒန်ခရီးစဉ်က ပြန်လာတော့ ဗိုလ်ချုပ်အတွက် လန်ဒန် အစိုးရဖက်က အခြေအနေက စိုးရိမ်စရာ မရှိတော့ပါဘူး။ ဗိုလ်ချုပ် ရင်ဆိုင်ရမယ့် အဓိက ပြဿနာက သူ့တိုင်းပြည် ထဲက နိုင်ငံရေးအင်အားစုတွေပဲ ဖြစ်ပါတယ်။ တိုင်းရင်းသား အုပ်စုတွေ ရှိနေသလို၊ ပြိုင်ဖက်နိုင်ငံရေး အင်အားစုတွေ၊ နိုင်ငံရေးသမားတွေရဲ့ ပြဿနာပါပဲ။ ဒါကြောင့်ပဲ ပြန်ရောက်ပြီး မကြာခင်မှာပဲ တောင်တန်းဒေသက တိုင်းရင်းသားတွေက ပြည်မနဲ့အတူ လွတ်လပ်ရေးရယူဖို့ ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ "ပင်လုံ သဘောတူစာချုပ်" ကို ချုပ်ဆိုနိုင်ဖို့ လုံးပမ်းခဲ့ရ ပါတယ်။ ဒါပေမယ့်လည်း ဗိုလ်ချုပ်နဲ့ သဘောမတူနိုင်သူတွေက လက်ကျာအင်အားစုမှာ ဦးစောလို နိုင်ငံရေးသမား ဟောင်းတွေ ရှိနေ သလို၊ လက်ဝဲအယူရှိကြသူ သခင်သန်းထွန်းနဲ့ ကွန်မြူနစ်ပါတီလို အင်အားစုတွေလည်း ရှိနေကြ ပါတယ်။ ဒီကာလ မတိုင်မီမှာပဲ သခင်သန်းထွန်းက (ဖဆပလ) အဖွဲ့ချုပ်က ထွက်သွားပြီး၊ အခုလွတ်လပ်ရေးဟာ အတု အယောင်လွတ်လပ်ရေး၊ ဒီလွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းက အပေးအယူလုပ်ခဲ့တယ် ဆိုပြီး ဖက် နှစ်ဖက် စလုံးက တိုက်ခိုက်နေကြပါတယ်။
အဲသည်လို တိုက်ခိုက်မှု၊ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနေရတဲ့အချိန်မှာ ဗိုလ်ချုပ်က သူလုပ်စရာရှိတာတွေကို ဆက်လုပ် ရပါတယ်။ ဘုရင်ခံရဲ့ အုပ်ချုပ်ရေး ကောင်စီမှာ ကြားဖြတ်အစိုးရသဘောမျိုး ဖွဲ့စည်းပြီး စတင်တာဝန် ယူရသလို၊ ၁၉၄၇ ခုနှစ်၊ ဧပြီလမှာ တိုင်းပြု ပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။ တောင်တန်း ဒေသက တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ လွတ်လပ်ရေးကိစ္စ ညှိနှိုင်းတဲ့အခါ အကယ်၍ ပြည်မနဲ့ ပူးပေါင်းနေရ တာကို သဘောမတွေ့ရင် နောင် (၁ဝ) နှစ်အကြာမှာ ခွဲထွက်နိုင်တယ်ဆိုတဲ့ ချွင်းချက်နဲ့ သဘောတူညီမှု ရနိုင်ခဲ့ ပါတယ်။ ဒါပေမယ့်လည်း တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာတော့ ကရင်ခေါင်းဆောင် တွေက ရွေးကောက်ပွဲ မဝင်ဘဲ သပိတ်မှောက်ခဲ့ ကြပါတယ်။ မကြာသေးမီ စစ်အတွင်းက ဖြစ်ခဲ့တဲ့ ကရင်-ဗမာ လူမျိုးရေး သွေးထွက်သံယိုမှုတွေအတွက် ခံစားမှုတွေ ပြင်းထန်နေကြဆဲကြောင့် ဖြစ်နိုင်သလို၊ ဗြိတိန်နဲ့ အမေရိ ကန်ဆီက အကူအညီတွေ ရလိမ့်မယ်လို့ သူတို့မျှော်လင့်ချက် ကြီးနေတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ စာရေးသူ ဦးသန့်မြင့်ဦးက ဆိုပါတယ်။ (ဖဆပလ) လွှတ်တော်အမတ် အများစု ရွေးကောက်ခံခဲ့ရတဲ့ လွှတ်တော်ရဲ့ ပထမဦးဆုံး ဆုံးဖြတ်ချက်အဖြစ် ဗြိတိန်ဘုရင်မကြီးကို တိုင်းပြည်အကြီးအမှူး နေရာ ထားနေရတဲ့ ဗြိတိသျှ ဓန သဟာယအဖွဲ့က ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြန်နှိုင်းယှဉ်ကြည့်မယ် ဆိုရင် မြန်မာနိုင်ငံထက် အပုံကြီးတဲ့ အိန္ဒိယကတော့ ဓနသဟာယအဖွဲ့ထဲ ဆက်နေခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကတော့ သူ ဒု-ဥက္ကဋ္ဌအဖြစ် ဦးဆောင်ရတဲ့ အုပ်ချုပ်ရေးကောင်စီမှာ တတ်နိုင်သမျှ လူကောင်းတွေကို စုစည်းပါဝင်ခဲ့သလို၊ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း နေရာပေးခဲ့ပါတယ်။ အရင် ဗြိတိသျှ အုပ်ချုပ်ရေးတွေမှာ အတွေ့အကြုံရှိတဲ့ ဦးတင်ထွဋ်လို လူမျိုးအပြင်၊ ကရင်အမျိုးသားခေါင်းဆောင် မန်း ဘခိုင်၊ ရှမ်းစော်ဘွား စဝ်ဆမ်ထွန်း၊ မူစလင်ခေါင်းဆောင် အဗ္ဗဒူ ရာဇက်လို စသဖြင့် နေရာပေးဦးဆောင်စေခဲ့ပါ တယ်။ တိုင်းပြည်ကို ဦးဆောင်နေရတဲ့သူ၊ ဗြိတိသျှနေမဝင် အင်ပိုင်ယာကို အံတုခဲ့တဲ့ သူရဲကောင်း၊ လန်ဒန်မှာ ဝန်ကြီးချုပ် ကလီးမန့် အက်တလီနဲ့တွေ့တဲ့ ခရီးစဉ်က (Your excellency) လူကြီးမင်းလို့ လူအများက အရာ ထား အသိအမှတ်ပြု ခေါ်ခဲ့ရတဲ့သူ ဖြစ်ပေမယ့်လည်း ဗိုလ်ချုပ် အောင်ဆန်းက အဲသည်အချိန်က အသက် (၃၁) နှစ်သာပဲ ရှိပါသေးတယ်။ ဖိအားတွေများ၊ လုပ်ငန်းတာဝန်တွေ များလွန်း တဲ့ အခြေအနေမှာ အထီးကျန်ဖြစ်လာ တာကို သူက ရင်းနှီးလာတော့ ဘုရင်ခံဆာ ဒေါ်မန်စမစ်ဆီမှာလည်း ရင်ဖွင့်ခဲ့ဖူး ပါတယ်။ သူက "ကျနော်က တိုင်းပြည်ကိုပဲ လွတ်မြောက်စေချင်တာ၊ သူရဲကောင်းမဖြစ်ချင်ဘူး။ ဒီနိုင်ငံမှာက သူရဲကောင်း တွေက ကြာရှည် မခံတတ်ဘူး။ ရန်သူ သိပ်များတယ်" လို့ ပြောခဲ့ပါတယ်။ သူက နောက်ထပ် ၁၈-လ ထက်ကြာကြာခံပြီး နေရဖွယ် မရှိဘူးလို့ သူကိုယ်သူနိမိတ်ဖတ် ပြောခဲ့ပါသေးတယ်။
ဗိုလ်ချုပ်က ကိုယ်တိုင်နမိတ်ဖတ်ခဲ့တာ မှန်တယ်လို့ ဆိုရမလား မသိပါဘူး။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ မှာပဲ အတွင်းဝန် ရုံးမှာ အစည်းအဝေးထိုင်နေစဉ် အခြားခေါင်းဆောင်တွေနဲ့အတူ လုပ်ကြံခံခဲ့ရပါတယ်။ သူ့ကို စင်ပြိုင်အဖြစ် မြင်နေတဲ့ ဂဠုန်ဦးစောရဲ့ လက်နက်ကိုင်ငယ်သားတွေက လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ကြံမှုရဲ့ နောက်ကွယ်မှာ ဗြိတိသျှတွေက ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ကောလဟာလတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလုပ်ကြံမှုကိစ္စဟာ ဗြိတိသျှ အရာရှိ တဦးတလေရဲ့ သူတို့သဘောနဲ့ သူတို့ကြံစည်မှုပဲ ဖြစ်ကောင်းနိုင်တယ်လို့ စာရေးသူ ဦးသန့်မြင့်ဦးက သုံးသပ်ပါတယ်။ တကယ်ဆိုရင် မြန်မာပြည်မှာ ကွန်မြူနစ်တွေ မအုပ်စီးမိ စေရေးအတွက်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းကိုပဲ အစားထိုးစရာ ခေါင်းဆောင်အဖြစ် လန်ဒန်အစိုးရက အလေးထား မြင်နေတယ်လို့ သုံးသပ်ပါတယ်။ နောက်ပိုင်းမှာ လုပ်ကြံမှုကို ကြံစည်သူ ဦးစောကို ဖမ်းဆီး သေဒဏ်ပေးခဲ့ ပါတယ်။ အုပ်ချုပ်ရေးကောင်စီက ချက်ချင်းဆိုသလိုပဲ ယခင်က ကျောင်းသားခေါင်းဆောင်တဦး ဖြစ်သလို၊ ဗိုလ်ချုပ်တို့နဲ့ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမား ဦးနုကို ဆက်လို့ ဦးဆောင်စေခဲ့ပါတယ်။
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရလာခဲ့ပါတယ်။ ဗြိတိသျှဘုရင်ခံ ဆာ ဟူးဘတ် ရန့်စ် က ဗြိတိသျှ ယူနီယံဂျက် အလံကို ဖြုတ်ချလို့၊ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး သမ္မတ စဝ်ရွှေသိုက်၊ ဝန်ကြီးချုပ်ဖြစ်သူ ဦးနုကို နှုတ်ဆက်လို့ ထွက်ခွါသွားခဲ့ပါပြီ။ မြန်မာနိုင်ငံ တကယ် လွတ်လပ်ရေးရခဲ့ပါပြီ။ ဒီအချိန် မှာ ဖြစ်နေတဲ့ ကမ္ဘာ့ အခြေအနေတွေကိုလည်း ပြန်ကြည့်ကြရအောင်ပါ။
ဒီကာလမှာ ကမ္ဘာ့ ကုလသမဂ္ဂကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကောင်းကောင်းလည်ပတ်နေပါပြီ။ ဆိုဗီယက်ယူနီယံ ဦးဆောင်တဲ့ အရှေ့အုပ်စုနဲ့ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုက နိုင်ငံတကာ ဆက်ဆံရေး ဇာတ်ခုံပေါ်မှာ စစ်အေးတိုက်ပွဲအတွက် စတင် တာစူနေကြပါပြီ။ ၁၉၄၇ ခုနှစ်၊ မေလမှာ အမေရိကန် သမ္မတထရူးမင်း က ထရူးမင်းဝါဒကို ကြေညာခဲ့ပါတယ်။ ကွန်မြူနစ်တွေရဲ့ ရန်ဘေးခြိမ်းခြောက်မှု ကြုံနေရတဲ့ ကမ္ဘာ့ပြည်သူတွေကို အမေရိကန်ပြည်ထောင်စုက ဦးဆောင်ကာကွယ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ တူရကီ၊ ဂရိစ်စတဲ့နိုင်ငံတွေက ကွန်မြူနစ် ဆန့်ကျင်ရေး အင်အားစု တွေကိုလည်း စတင်ထောက်ပံ့နေခဲ့ပါပြီ။ အိမ်နီးချင်းနိုင်ငံတွေမှာတော့ လွတ်လပ်စ အိန္ဒိယနိုင်ငံကနေ၊ ပါကစ္စတန်အဖြစ် စတင်ခွဲထုတ်တဲ့ ကိစ္စတွေ ဖြစ်နေသလို ရုန်းရင်းဆန်ခတ်မှုတွေ ကြားမှာ လူတသန်းကျော် သေကြေရပြီး၊ လူ ၁ဝ သန်း လောက် ဒုက္ခသည် ဖြစ်နေခဲ့ကြရတဲ့ ကာလပါ။ ဗြိတိန် က တော့ အိန္ဒိယတိုက်ငယ်၊ အာရှတိုက်ကနေ လုံးဝစတင် ဆုတ်ခွာတော့မယ့် အနေအထားပါ။ ဒီအချိန်မှာ ဆိုဗီယက်ယူနီယံကလည်း ဘာလင်ကို ခွဲခြားပိတ်ဆို့လို့ အနုမြူ လက်နက်ပြိုင်ဆိုင်ပွဲတွေနဲ့ စစ်အေးတိုက်ပွဲကို ပြောင်ပြောင်တင်းတင်း ကြေညာထားပါပြီ။ ဒီအချိန်မှာပဲ မြန်မာနိုင်ငံက လွတ်လပ်ရေး ရလာပါတယ်။
မြန်မာ့လွတ်လပ်ရေးနဲ့အတူပဲ ပြည်တွင်းစစ်မီးကလည်း တပြိုင်တည်းလိုလို ပူးတွဲမွေးဖွားလာခဲ့ပါတယ်။ လွတ်လပ်ရေး မရမီမှာဘဲ သူပုန်ထမှု ၂-ခု ရှိနေနှင့်ပါပြီ။ သခင်စိုး ဦးဆောင်တဲ့ အလံနီကွန်မြူနစ်ပါတီနဲ့ ရခိုင်ပြည်နယ်မှာ အစ္စလမ်မစ် မူဂျာဟီဒင် သူပုန်ထမှုတွေက ရှိနေပါပြီ။ လွတ်လပ်ရေးရပြီး ရက်တစ်ရာမပြည့်ခင်မှာပဲ မတ်လ ၂၈ ရက်နေ့မှာ သခင် သန်းထွန်း ဦးဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ တနည်း အလံဖြူ ကွန်မြူနစ်တွေကလည်း ပျဉ်းမနာနယ်မှာ လက်နက် အစုံအလင်နဲ့ စတင်ပုန်ကန်ခဲ့ကြပါတော့တယ်။ စာရေးသူ ဦးသန့် မြင့်ဦးကတော့ ဒုတိယကမ္ဘာစစ်က စလိုက်တဲ့ စစ်မီးဟာ ပြောရကြေးဆိုရင် မြန်မာနိုင်ငံမှာ မငြိမ်းသေးပါဘူးတဲ့။ အပြင်း-အပျော့ကွာခြားမှု ရှိကောင်းရှိမယ်၊ နယ်မြေအကျဉ်း-အကျယ် ကွာကောင်းကွာမယ်၊ ယနေ့တိုင် စစ်မီး က မြန်မာနိုင်ငံမှာ ဆက်လက်တောက်လောင်နေတုန်းပဲလို့ သုံးသပ်ခဲ့ ကြောင်းပါ ခင်ဗျား။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။
Rest of your post
သတင်း-(နေပြည်တော်)နောက် ၃ ပတ်အတွင်း မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီး ၂၄ နာရီရရှိစေရမည်ဟု ပြန်ကြားရေးဝန်ကြီး က အာမခံလိုက်ခြင်း သတင်းအပြည့်အစုံ ကို ဤနေရာတွင် ဖတ်နိုင်သည် ။