WFWW (NEW YORK)
Monday, 1 February 2010
အမေရိကန်ရောက် မြန်မာအနုပညာရှင်များရဲ့ ပထမဦးဆုံးအကြိမ် အနုပညာလက်ရာများ နယူးယောက် မြို့Open Center မှာ ဖေဖဝါရီ ၆ မှ ၉ ရက် အထိပြသမည်
စဉ်းစားကြည့်တာပါ
ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းမယ်ဆိုတော့ တရုတ်ကပြောတယ်၊
ဒီအစီအစဉ်ဟာ တရုတ်-အမေရိကန်ဆက်ဆံရေးကိုအကြီးအကျယ်ထိခိုက်စေလိမ့်မယ်တဲ့။
ဒါဆိုရင်.. တရုတ်က နအဖ ကို စစ်လက်နက်တွေရောင်းနေတဲ့ ကိစ္စ ကျနော်တို့ဘယ်လိုပြောကြမလဲ။ ဗမာပြည်သူလူထုနဲ့တရုတ်အစိုးရအကြား ချစ်ကြည်ရေးထိခိုက်စေလိမ့်မယ်လို့..ပြောရင်ကောင်းမလား။ စဉ်းစားကြည့်တာပါ။
ဒါမှမဟုတ် .. အနာဂတ် တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးမှာ အဖုအထစ်သဖွယ်ဖြစ်လာနိုင်တယ်လို့ ပြောရင်ရော..
ကောင်းမလား။ စဉ်းစားကြည့်တာပါ။
တရုတ်လည်းရှက်တတ်တာပဲ
၂၀၀၄ ခုနှစ်လောက်က ဖင်လန်နိုင်ငံမှာရှိတဲ့ တရုတ်သံရုံးရှေ့မှာ ကျနော်တို့ ဗမာပြည်ဒီမိုကရေစီရေးလှုပ်ရှားမှုကော်မတီ (ဖင်လန်နိုင်ငံ) က စည်းရုံးလှုံ့ဆော်ခဲ့ပြီးတော့ လူအင်အားကောင်းကောင်းနဲ့ဆန္ဒပြခဲ့ကြဖူးတယ်။ နအဖ ကို လက်နက် ရောင်းနေတာ ရပ်ဖို့။ ကန့်ကွက်စာပေးပို့ခဲ့တယ်။ တရုတ်သံအရာရှိတယောက် ထွက်လာတယ်။ မျက်နှာကို နီရဲနေတာပဲ။ ဒေါနဲ့မောနဲ့ ဘာဖြစ်လို့ ဆန္ဒပြတာလဲ။ ဒါ တရုတ်အစိုးရကို အရှက်ခွဲတာပဲတဲ့။ သူ့ရဲ့ ပြောပုံဆိုပုံ ကိုယ်အမူအရာ နှုတ်အမူအရာ ကြည့်ခြင်းအားဖြင့် အမိယုတ်တော့ နှုတ်ကြမ်း၊ အဖယုတ်တော့ ရုပ်ကြမ်းလို့တော့ မထင်မိခဲ့ပါဘူး။
(တရုတ်တွေ) တော်တော်ရှက်ပြီး တော်တော်ဒေါသ ထွက်နေတယ်ဆိုတာကိုတော့ မှတ်ချက်ထား သတိပြုမိခဲ့ဖူးပါတယ်။ တရုတ်တွေလည်း ရှက်တတ်တာပဲနော်... ။ စဉ်းစားကြည့်တာပါ။
မြန်မာနိုင်ငံအကြောင်းဟောပြောခဲ့သမျှ
ပြီးခဲ့တဲ့ အပတ်က ဖင်လန်နိုင်ငံမှာပဲ မြန်မာနိုင်ငံအကြောင်း ရှင်းလင်းဟောပြောတဲ့ပွဲကလေးတပွဲ လုပ်တယ်။ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတခုက လုပ်တာပါ။ ကျနော့်ကို ဟောပြောရှင်းလင်းပေးဖို့ ဖိတ်ကြားတဲ့အတွက် သွားခဲ့ပါတယ်။
သူတို့ကားနဲ့လာကြိုပေးတယ်။ ပရိတ်ဿတ်တော့ သိပ်မများလှဘူး။ လူ ၃၀ ၀န်းကျင်လောက်ရှိတယ်။
ပရိတ်ဿတ်မများလှပေမယ့် သူတို့သိချင်လို့မေးတာတွေကတော့ အများသား။
မြန်မာလူမျိုးဆင်းသက်လာပုံ၊ မြန်မာနိုင်ငံဖြစ်ပေါ်လာပုံ၊ တိုင်းရင်းသားလူမျိုးစုတွေအကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ပွဲတော်တွေအကြောင်း၊ အင်္ဂလိပ်မြန်မာစစ်ပွဲတွေအကြောင်း၊ ပုဂံပြည်ပျက်ခဲ့ရတဲ့ တရုတ်-မြန်မာစစ်ပွဲတွေအကြောင်း၊ အိမ်နီးချင်းနဲ့ဒေသတွင်းနိုင်ငံတွေနဲ့ စီးပွားရေး နိုင်ငံရေးဆက်စပ်မှုတွေအကြောင်း။ တရုတ်အစိုးရရဲ့ နအဖ အပေါ် ကူညီထောက်ပံ့နေတဲ့အကြောင်း။ စစ်လက်နက်တွေ ရောင်းချနေတဲ့အကြောင်း။ မြန်မာ့ပြည်တွင်းရေးဝင်မစွက်ဘူး ဆိုတဲ့ တရုတ်အစိုးရရဲ့ မူအပေါ်ကို ကျနော်တို့ သံသယရှိတဲ့အကြောင်းတွေကို ၂ နာရီလောက် ဟောပြောရှင်းလင်းဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံအကြောင်း သိချင်လို့ လာရောက်နားထောင်ကြသူတွေအတွက် စဉ်းစားကြည့်ဖို့ အချက်အလက် အဖြစ်အပျက်တွေကို သတင်းစကား ပါးလိုက်တာပါ။
သတင်းစာများကပြောတဲ့ မြန်မာနိုင်ငံ
အဲဒီရှင်းလင်းဟောပြောပွဲမှာ မြန်မာနိုင်ငံထုတ် သတင်းစာဖြတ်ပိုင်းလေးတွေ ၊ ဗွီဒီယို သတင်းတိုလေးတွေ ပြသပြီးတော့လည်း နှိုင်းယှဉ်ပြလိုက်ပါသေးတယ်။ မြန်မာ့အလင်းတို့၊ ကြေးမုံတို့ MRTV တို့ မြ၀တီတို့မှာ ဖော်ပြနေတဲ့ နအဖ ခေါင်းဆောင်တွေ ဗိုလ်ချုပ်တွေ တိုင်းမှူးတွေ လှည့်လည်ကြည့်ရှူမှာကြား သြ၀ါဒ ခံယူကြောင်း သတင်းတွေကို လာရောက် နားထောင်သူတွေ ကြည့်ရတော့ အံ့သြကြတယ်။ ပြီးတော့ ဒါ မြန်မာပြည်က သတင်းစာလားတဲ့။ ဒါမြန်မာပြည်က ရုပ်မြင်သံကြား သတင်း အစီအစဉ်လားတဲ့။ ဟုတ်ပါတယ်လို့ ပြန်ဖြေလိုက်တော့…၀က်ဝက်ကွဲ ရယ်လိုက်ကြတာ..။
ဟုတ်ကဲ့.. အမေရိကန်မှာတော့ အလားတူ ကိစ္စမျိုးတွေက (တခါတရံမှာ) သတင်းဖြစ်တတ်ပါကြောင်း.. ကျနော်ပြန်လည် ဆွေးနွေးကြည့်ခဲ့ပါတယ်။
အမေရိကားမှာ စီးပွားပျက်ကပ်ကြီးဆိုက်တော့ ချွေတာရေးကို ရှေ့ဆောင်လမ်းပြပြုတဲ့အနေနဲ့
ကိုယ်တိုင်စိုက်ပျိုးပြီး ထွက်လာတဲ့ အသီးအနှံတွေကို ဈေးထဲမှာ ကိုယ်တိုင်လာရောက်ရောင်းချနေတဲ့ ခရမ်းချဉ်သီးသည် ဆီကနေ ၀ယ်ယူအားပေးနေတဲ့ သမ္မတကတော် (အိုဘားမား ဇနီး) ရဲ့ သတင်းဓာတ်ပုံကို အမေရိကန် စာနယ်ဇင်းတွေက အထူးသတင်းသဖွယ် ဖော်ပြခဲ့ကြတာ ကျနော်ကြည့်ခဲ့ ဖတ်ခဲ့ဖူးပါတယ်။ တခါတလေမှာ ဒါမျိုးလည်း သတင်းဖြစ်တတ်ပါတယ်ပေါ့။
ဒါပေမယ့် မြန်မာပြည်မှာတော့ အနှစ် ၂၀ ကျော်ပေမယ့် (ဟုတ်ကဲ့ ၁၉၈၈ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖောက်လိုက်တဲ့ လမ်းတွေ အနှစ် ၂၀ ကျော်ပါပြီ) ခုထက်ထိကို မပြီးနိုင်ပါသေးကြောင်း။
လမ်းဖောက် မြောင်းဆယ် တံတားထိုး တိုက်ဆောက် လုပ်ငန်းတွေမှာ သွားသွားကြည့်နေရတဲ့ ဗိုလ်ချုပ်တွေရဲ့သတင်းကတော့ နေ့စဉ်ထုတ်သတင်းစာတွေရဲ့ နေ့တိုင်းမပါမဖြစ်တဲ့ သတင်းစာ ခေါင်းကြီးသတင်းဖြစ်နေပါသေးကြောင်း…
မြန်မာပြည်ရဲ့ နေ့စဉ်သတင်းကို ဖော်ပြပါဆိုရင်... အဲဒီသတင်းတွေပဲ ဖော်ပြရတော့မှာပဲဖြစ်ပါကြောင်း...
ကျနော့်အမြင်ကတော့ လမ်းတွေ တံတားတွေကို နောက်မှ အေးအေးဆေးဆေး ဆက်ဖောက်ပါ။ လောလောဆယ် အရင်ဆုံး ဒေါ်အောင်ဆန်းစုကြည့်နဲ့ဘယ်လိုတွေ့ဆုံနိုင်မလဲ အနီးဆုံးလမ်းကိုရှာပါလို့သာ စစ်အစိုးရကို အကြံပြုလိုပါကြောင်းပြောတော့
ဖျောင်းဖျောင်းဖျောင်းတဲ့… လက်ခုပ်သံတွေပါ။
ယဉ်ကျေးမှုအမွေအနှစ်တွေ ထိမ်းသိမ်းကြဖို့
ဟုတ်ကဲ့.. ဒါ့အပြင် ကျနော်တို့ မြန်မာလူမျိုးတွေကို ယဉ်ကျေးမှုအမွေအနှစ်ထိမ်းသိမ်းကြဖို့၊ အမျိုးသားရေးလက္ခဏာတွေ မပျောက်ပျက်အောင် စောင့်ရှောက်ကြဖို့ နအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခဏခဏ မှာကြားတတ်တဲ့အကြောင်း ပြောပြပြီး ဓာတ်ပုံ နှစ်ပုံ ဆလိုက်ထိုးပြခဲ့ပါသေးတယ်။ တပုံက ဘတ်စ်ကားအိုကြီးတစီး .. ကားပေါ်မှာ ခရီးသည်တွေ ငပိသိပ်ငချဉ်သိပ် ပါလာတဲ့ပုံ။ ဒီကားက အနှစ် ၅၀ ကျော်ပြီ ရှေးဟောင်းပစ္စည်း။ ဗိုလ်ချုပ်မှူးကြီးက ယဉ်ကျေးမှုအမွေအနှစ် ထိမ်းသိမ်းတဲ့ အနေနဲ့ ပြည်သူတွေကို အခုထက်ထိ ဒါမျိုးတွေပဲ အသုံးပြုခိုင်းထားကြောင်း...။ နောက်တပုံက မီးရထားတစင်းပုံ။ ဒီရထားရဲ့ သက်တမ်းက အနည်းဆုံး အနှစ် ၆၀ ထက်မလျော့ဘူး ဆိုတော့ ...။ ရယ်လိုက်ကြတာ .... ။ သူတို့နိုင်ငံမှာတော့ ဒါမျိုးပြတိုက် မှာပဲ ရှိတော့တယ်တဲ့။ ဟုတ်ကဲ့ .. ကျနော်တို့ဆီမှာတော့ အခုထိ ယဉ်ကျေးမှုအမွေအနှစ်တွေက လမ်းပေါ်မှာ မရပ်မနား ပြေးဆွဲနေရတုန်း၊ ခေတ်မှီနိုင်ငံတော်ကြီးကို တည်ဆောက်နေကြတုန်းဖြစ်ပါကြောင်း…။
ခလုပ်တိုက်တယ်
ဟောပြောရှင်းလင်းပွဲပြီးတော့ အပြန်လမ်းမှာ ကြောင်လိမ်လှေကားပေါ်ကအဆင်း ကျနော် ခလုပ်တိုက်မိပြီး လဲကျမလိုလို ဖြစ်သွားသေးတယ်။ ကျနော့်မိတ်ဆွေတယောက်ဆိုရင် အခုလို ခလုပ်တိုက်တာပဲဖြစ်ဖြစ်၊ သူ့ဟာသူ ချော်လဲတာပဲဖြစ်ဖြစ်၊ သူ့ဟာသူ စက်ဘီးမှောက်တာပဲဖြစ်ဖြစ်၊ သူ့ဟာသူ လောင်းကစားဝိုင်းမှာ ရှူံးတာပဲဖြစ်ဖြစ်၊ နောက်ဆုံးသူ့ကွန်ပျူတာ ပျက်သွားမျိုးပဲဖြစ်ဖြစ် ... သူက အခုလို စဉ်းစားတတ်ပါတယ်။ တယောက်ယောက်တော့ သူ့ကို ကျိန်ဆဲနေပြီတဲ့..။
စဉ်းစားကြည့်တာပါ။
ခင်မင်လေးစားစွာဖြင့်
သားဆွေ
ကိုးကန့်တွင် တန် ၁ဝဝ ကျော်ရှိသော ကျောက်စိမ်းရိုင်းတုံးတစ်ခုကို တွေ့ရှိ

(မက်မြန်မာကုမ္ပဏီကနေ ကချင်ပြည်နယ် ဖားကန့် ဒေသကို သန်းရွှေရဲ့  ခွင့်ပြုချက်ဖြင့် နေရာအပိုင်စီးထားပြီး ကျောက်မျက်ရတနာ တူးဖေါ်ရေးလုပ်ငန်းတွေကနေ ရရှိလာတဲ့ မြန်မာနိုင်ငံရဲ့  ကျောက်စိမ်းတုံးများပုံ)။
ကိုးကန့်တွင် တန် ၁ဝဝ ကျော်ရှိသော ကျောက်စိမ်းရိုင်းတုံးတစ်ခုကို တွေ့ရှိရကြောင်း ဆင်ဟွာ သတင်းအရ သိ ရှိရပါသည်။ ၎င်းကျောက်စိမ်းရိုင်းတုံးကို Max Myanmarကုမ္ပဏီမှ တူးဖေါ်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလျား ၂၁ မီတာ၊ အနံ ၄.၈ မီတာနှင့် အမြင့် ၁ဝ.၅ မီတာရှိကြောင်း သိရသည်။ တန်သုံးထောင်ကျော်ရှိသော ကမ္ဘာ့အကြီးမားဆုံး ကျောက်စိမ်းရိုင်းတုံးကိုလည်း ဖားကန့်မှပင် ၂ဝဝဝ ခုနှစ်တွင် တူးဖေါ်ရရှိခဲ့ကြသည်။ မြန်မာပြည်တွင် ၂၁၄၅ဝ ကာရက်ရှိ ကမ္ဘာ့အကြီးဆုံး ပတ္တမြား၊ ၆၃ဝဝဝ ကာရက်ရှိ ကမ္ဘာ့အကြီးဆုံး နီလာဂေါ်ကြိုး၊ ၃၂၉ ကာရက်ရှိ ကမ္ဘာ့အကြီးဆုံး ပြောင်ခေါင်းစိမ်းနှင့် ၈၄၅ ကာရက်ရှိ ကမ္ဘာ့အကြီးဆုံး ပုလဲတို့ရှိကြောင်း သိရသည်။ မြန်မာပြည်၏ ၂ဝဝ၈-၉ ဘဏ္ဍာရေးနှစ်အတွက် တရားဝင်ထုတ်ပြန်ကြေငြာချက်များအရ ပတ္တမြားတန်ချိန် ၃၂၉၂၁၊ ကျောက်မျက်မျိုးစုံ ကာရက်သန်းပေါင်း ၁၈၇၂၈ နှင့် ပုလဲ ၇၅၄ ကီလိုဂရမ် ထွက်ရှိကြောင်း သိရသည်။
WFWW (New York)
ဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရမှ ချီးမြှင့်တော်မူခဲ့တဲ့ “ဒီမိုကရေစီဆိုတာ မင်းကျင့်ဝတ်”
သဲကုန်းဆရာတော်အဖြစ်၎င်း၊ သီတဂူဆရာတော်ဆရာတော်အဖြစ်၎င်း၊ သပိတ်အိုင်ဆရာတော်အဖြစ်၎င်း ထင်ရှားကျော်စောတော်မူတဲ့ စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတဘွဲ့ တော်ရ ဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရရဲ့  ရှားပါးလှစွာသော သမိုင်းဝင် ရေးသားချီးမြှင့်တော်မူခဲ့တဲ့ ရေးသားဟောကြားမှုလေးကို ပြန်လည်ဖေါ်ထုတ် ပေးလိုက်ပါတယ်။
ဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရဟာ ၁၉၈၈ ခုနှစ် ပြည်သူလူထုအရေးတော်ပုံကြီးအတွင်းမှာ ပြည်သူအပေါင်းအတွက် “ဒီမိုကရေစီဆိုတာ မင်းကျင့်ဝတ်” ဆိုပြီး ရေးသားချီးမြှင့်တော်မူခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့  ဒီလိုချီးမြှင့်ပေးမှုဟာ ပြည်သူလူထုအတွက်တင်သာမက အုပ်ချူပ်နေသူများကိုပါ မင်းကောင်းမင်းမြတ်အဖြစ် အုပ်ချူပ်စေလိုသော၊ မင်းကောင်းမင်းမြတ်တို့ ၏ ဂုဏ်ကြန်အင်လက္ခဏာနှင့်ပါ ပြီးပြည့်စုံစေလိုသော စေတနာတရားထက်သန်စွာဖြင့် သွန်သင်ဆုံးမပေးတော်မူခဲ့ခြင်း ဖြစ်ပါတယ်။
(အကျယ်ချဲ့ ဖတ်ရှူနိုင်ရန်အတွက် အောက်ဖေါ်ပြပါပုံပေါ်တွင် mouse click နှိပ်၍၄င်း၊ အောက်တွင်ဖေါ်ပြထားသော Scribd document တွင်၎င်း ဖတ်ရှူနိုင်ပါသည်)။
Democracy
ဒီ အဖိုးထိုက်တန်လှတဲ့ ရေးသားချီးမြှင့်မှုကို ပြည်သူအများ ပြန်လည်နာကြားခွင့်ရဖို့ နဲ့  ရှိသင့်ရှိထိုက်တဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ မင်းကျင့်တရားလေးတွေကို အမှောင်မိုက်ဖုံးနေတဲ့ အဓမ္မ၀ါဒီ နအဖဗိုလ်ချူပ်ကြီးများလည်းဘဲ ပြန်လည်နာယူဖြစ်ပြီး ကျင့်သုံးနိုင်ကြမယ်ဆိုလျှင် ……
အရှင်ဘုရား ဆုတောင်းပေးခဲ့သလို - “အမှန်တရား - နေရာတိုင်းမှာ ထွန်းတောက်ပါစေ။ ပုဂ္ဂိုလ်တိုင်းမှာ ထွန်းတောက်ပါစေ” ဘုရား။
မူရင်း (ကိုနစ်နေမန်း)
WFWW (NEW YORK)
Subscribe to:
Posts (Atom)
