Monday 9 July 2012

ရွှေကုမ္ဗဏီ သတင်း

( ရွှေကုမ္ပဏီ ၂၁၉ ခုကို သတ္တုတွင်းဝန်ကြီးဌာန နောက်ဆုံးသတိပေး )



ပြည်နယ်နှင့် တိုင်း ၈ ခုရှိ ရွှေစင်သတ္တု တူးဖော်နေသည့် ကုမ္ပဏီ ၃၀၀ အနက် နိုင်ငံတော်သို့ ရွှေစင်များ ပေးသွင်းရန် ကျန်ရှိနေသည့် ကုမ္ပဏီ ၂၁၉ ခုကို ဇူလိုင်လ ၃၀ ရက် နောက်ဆုံးထား ပေးသွင်းရန် သတ္တုတွင်း ဝန်ကြီးဌာနက နောက်ဆုံးအကြိမ် သတိပေးလိုက်သည်။







နိုင်ငံတော်သို့ ရွှေစင် ၁၉,၂၂၇ ဒသမ ၃၁ ကျပ်သား ပေးသွင်းရမည့် အထက်ပါ ကုမ္ပဏီ ၂၁၉ ခုအနက် ကုမ္ပဏီ ၃၀ က ရွှေစင် ၃၄၂ ဒသမ ၄၇ ကျပ်သား (အချို့အဝက်) ပေးသွင်းပြီး ဖြစ်သည့်အတွက် ၁၈၈,၈၄ ဒသမ ၈၄ ကျပ်သား ပေးသွင်းရန် ကျန်ရှိသေးကြောင်း နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
(Photo:7daynewsjournal)

လုံးဝ ပေးသွင်းခြင်း မရှိသည့် ကုမ္ပဏီ ၁၈၉ ခုအနက် ကုမ္ပဏီ ၁၄၀ က သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်များရှိ အထွေထွေ မန်နေဂျာရုံး၊ တာဝန်ခံရုံးများနှင့် ညှိနှိုင်းမှုများ ပြုလျက် ရှိပြီး၊ ကျန်ကုမ္ပဏီ ၄၉ ခုမှာ လုံးဝ ညှိနှိုင်းမှု မရှိကြောင်း သောကြာနေ့ထုတ် သတင်းစာက ဆိုသည်။

လုံးဝ ပေးသွင်းခြင်း၊ ညှိနှိုင်းခြင်း မရှိသည့် ကုမ္ပဏီ အချို့မှာ ယခင်စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီးနောက် စီးပွားရေး လုပ်ကိုင်ခွင့် ရရှိထားသည့် တိုင်းရင်းသား လက်နက်ကိုင် ကုမ္ပဏီများ ဖြစ်ပြီး၊ ၂၀၁၀ ခုနှစ် အပစ်အခတ် ရပ်စဲရေး ပျက်ပြားပြီးနောက် ဖျက်သိမ်းခံထားသည့် ကုမ္ပဏီများ ဖြစ်ကြောင်း ရာမညအင်တာနေရှင်နယ် ကုမ္ပဏီ လိမိတက်၏ မန်းနေးဂျင် ဒါရိုက်တာဟောင်း ဖြစ်သည့် နိုင်စိုးမြင့်က ပြောသည်။

“ရာမည အင်တာနေရှင်နယ် ကုမ္ပဏီဆိုရင် အစိုးရဆီကို အခွန်မပေးနိုင်လို့ ဒေဝါလီခံထားတာ ကြာပြီ၊ မွန်ပြည်သစ်ပါတီကလည်း ဒီကုမ္ပဏီကို မလုပ်တာ ကြာပြီ” ဟု မွန်ပြည်သစ်၏ ဗဟိုကော်မတီဝင်ဟောင်း ဖြစ်သည့် နိုင်စိုးမြင့်က ပြောသည်။

၎င်းကုမ္ပဏီအနေနှင့် နိုင်ငံတော်သို့ ရွှေစင် ၆၀ ဒသမ ၄၇ ကျပ်သား ပေးသွင်းရမည် ဖြစ်ကြောင်း သတင်းစာတွင် ဖော်ပြပါရှိသည်။

ရွှေကုမ္ပဏီနှင့် သတ္တတွင်းဝန်ကြီးဌာန၏ သဘောတူချက်အရ ဧက ၂ဝ ရှိ လုပ်ကွက်တခုအတွက် နိုင်ငံတော်သို့ တလလျှင် ရွှေစင် ၂ ကျပ်သား နှုန်းဖြင့် တနှစ်အတွက် ၂၄ ကျပ်သား ပေးသွင်းရမည် ဖြစ်သည်။

ရွှေတူးဖော်ရေးလုပ်ငန်းကို ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနသာင်္ရီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့တွင် ကုမ္ပဏီများက လုပ်ကိုင်လျက် ရှိပြီး၊ စစ်ကိုင်းတိုင်းတွင် ကုမ္ပဏီ ၁၁၅ ခုနှင့် ကချင်ပြည်နယ် ကုမ္ပဏီ ၁၀၄ ခုတို့က အများဆုံး လုပ်ကိုင်လျက် ရှိသည်။

အထက်ပါ ကုမ္ပဏီများမှာ “၂ဝဝ၇- ၂ဝဝ၈ ခုနှစ် ဘဏ္ဍာရေးနှစ်မှ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် ဘဏ္ဍာရေးနှစ်ထိ သတ်မှတ်ချက်အတိုင်း ပေးသွင်းရမည်ထက် လျော့နည်း ပေးသွင်းခြင်း၊ လုံးဝ ပေးသွင်းမှု မရှိခြင်း” ဟု မေလ ၂၄ ရက်နှင့် ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာက ဖော်ပြပြီးနောက် ကုမ္ပဏီများအား ရွှေစင် ပေးသွင်းရန် ပထမအကြိမ် သတိပေးခဲ့သည်။ ၎င်းနောက် ကုမ္ပဏီ ၈၁ ခုက ပေးသွင်းရမည့် ရွှေစင် ၄၂၇၆ ဒသမ ၂၁ ကျပ်သားကို အပြည့်အဝ ပေးသွင်းခဲ့သည်။

ဇူလိုင်လ ၃၀ ရက် နောက်ဆုံးထားပြီး အပြီးပေးသွင်းခြင်း မရှိပါက လုပ်ငန်းစာချုပ်ပါ သတ်မှတ်ချက်များအတိုင်း ကုမ္ပဏီ၏ ဒါရိုက်တာ အဖွဲ့ဝင်များကို တည်ဆဲတရားဥပဒေအရ တရားစွဲဆို အရေးယူသွားမည့်အပြင် ကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်များကို အမည်ပျက်စာရင်း (black list) သွင်းကာ လုပ်ကိုင်ခွင့်များကိုလည်း ရုပ်သိမ်းသွားမည်ဟု သတ္ထုတွင်းဝန်ကြီးဌာနက သတိပေးထားသည်။

No comments :