Sunday 24 February 2013

Hello Mrs.Aung San Suu Kyi [Yujiro 谷山雄二朗 Taniyama]




-မြတ်စိုး-
၀၂.၂၄.၂၀၁၃

လွန်ခဲ့တဲ့ ၁၀ နှစ် လောက် က အမေရိကန် နိုင်ငံ ၊ ၀ါရှင်တန်ဒီစီ Johns Hopkins တက္ကသိုလ်မှာ မြန်မာ့အရေးဆွေးနွေးပွဲ တခု ကို ကျင်းပခဲ့ကြတယ်။ ဒီဆွေးနွေးပွဲမှာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် မြန်မာ့အရေးလေ့လာနေကြတဲ့ ကျွမ်းကျင်သူ ပညာရှင်များ၊ အိမ်နီးချင်းနိုင်ငံများမှ သံတမန်များ၊ နှင့် ဂျပန်အစိုးရ ထိပ်တန်း သံတမန်တွေ တက်ရောက်ဆွေးနွေးခဲ့ကြတယ်။ ဒီဆွေးနွေးပွဲ မှာ ဂျပန် ထိပ်တန်းသံတမန် တစ်ဦး က ဂျပန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတွေ ၊ ဂျပန်နိုင်ငံရဲ့ ထောက်ပံ့ကူညီမှု အစီအစဉ်တွေ ကို  ရှင်းလင်းတင်ပြခဲ့ကြတယ်။ 


Hello Mrs.Aung San Suu Kyi  ဗွီဒီယို ကို ကြည့်မိတော့  ဒီဆွေးနွေးပွဲမှာ ဂျပန်ထိပ်တန်း သံတမန်တစ်ဦး ရဲ့ ပြောဆိုချက်တွေ ကို ပြန်လည်သတိရမိတယ်။


-ဒုတိယ ကမ္ဘာစစ် ကာလ အတွင်း  ဂျပန်နိုင်ငံ ရဲ့ ဖက်ဆစ်စနစ်ဆိုးကြောင့် မြန်မာပြည်သူတွေ တွေ့ကြုံခဲ့ရတဲ့ အဖြစ်ဆိုးတွေ ကို ၀န်ချတောင်းပန်ခဲ့တယ်။

-ဒုတိယ ကမ္ဘာစစ်ပြီးနောက် မြန်မာနိုင်ငံဟာ ဂျပန်နိုင်ငံရဲ့ မိတ်ဆွေ ရင်းချာ နိုင်ငံ အဖြစ် ဂျပန်ပြည်သူတွေ က လက်ခံ အသိအမှတ်ပြုခဲ့တယ်။ 


-မြန်မာပြည်သူတွေ ဟာ ဂျပန်ပြည်သူတွေနဲ့ တူညီတဲ့ အချက်တွေ က တော့  အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်ပြီး၊ လူသားတိုင်း ကို အပြန်အလှန် ချစ်ခင်လေးစားမှု ရှိခဲ့တယ်။

-ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်သူတွေ ဟာ စစ်ရှုံးခဲ့တဲ့ဂျပန်စစ်သည်တွေ ကို ဘေးကင်းရာ ပို့ဆောင်ပြီး ကူညီစောင့်ရှောက် အကာအကွယ်ပေးခဲ့ တဲ့ ကျေးဇူးတွေရှိခဲ့တယ်။

--ဒုတိယ ကမ္ဘာစစ်ကြီးပြီးနောက် မြန်မာနိုင်ငံ ၀န်ကြီးချုပ် ဦးနု အစိုးရ ဟာ စစ်ရှုံးမှုကြောင့် ဖွတ်ဖွတ်ကြေခဲ့ရတဲ့ ဂျပန်ပြည်သူတွေ အပေါ် လူသားချင်း စာနာပြီး ဆန်တွေ၊ ဆားတွေ ကို သင်္ဘောနဲ့ တင်ပို့ထောက်ပံ့ကူညီ ပေးခဲ့တယ်။


ဒီကျေးဇူးတွေ ကို ပြန်လည်ပေးဆပ်ဖို့ ကျနော်တို့ ဂျပန်ပြည်သူ မှာ တာဝန်ရှိတယ်။ ကျနော်တို့ ဂျပန် အစိုးရတိုင်း မှာ တာဝန်ရှိတယ်။  လက်ရှိမြန်မာပြည်သူတွေ ခံစားနေရတာဟာ စနစ်ဆိုးကြောင့်ဖြစ်တာမို့၊ ကျနော်တို့ မြန်မာပြည်သူတွေ အပေါ် လစ်လျှုရှု့လို့မရပါဘူး။ ကျနော်တို့ပြည်သူတွေ လည်း ဖက်ဆစ်စနစ်ဆိုးအောက်မှာ နေခဲ့ရလို့ မြန်မာပြည်သူတွေ လက်ရှိ ခံစားနေရတဲ့ စနစ်ဆိုးဒဏ် ကို ကျနော်တို့ နားလည်ပါတယ်။


ကျနော်တို့ ဂျပန်ပြည်သူတွေ ဒုက္ခဆင်းရဲတွင်းနက်ခဲ့စဉ်က ဆန်၊ဆား အပြင်  စိတ်ဓာတ်ပိုင်း ဆိုင်ရာ အားပေးမှု နားလည်မှုခွင့်လွှတ်မှု အကူအညီတွေ ကို ပေးခဲ့တဲ့ မြန်မာပြည်သူတွေ ကို ကျနော်တို့ အရမ်းကျေးဇူးတင်ပါတယ်။ အခု  ကျနော်တို့ ကျေးဇူးပြန်ဆပ်ရမဲ့ အချိန်ဖြစ်ပါတယ်လို့

ဂျပန် ထိပ်တန်း သံတမန်တဦး က အခုလို  ပြောဆိုခဲ့တယ်။


ဂျပန် အစိုးရ တိုင်း ဟာ မြန်မာပြည်သူတွေ ကို ဂျပန်နိုင်ငံ မှာ သိန်းနဲ့ချီ နေထိုင်ခွင့်ပေးခဲ့တယ်။ နယ်စပ်ဒေသဖွံ့ဖြိုါ်မှုတွေ မှာ ငွေကြေး အကူအညီပေးခဲ့တယ်။ နားဂစ် ကာလ မှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေ နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ မှာ အကူအညီပေးခဲ့တယ်။ ငွေကြေး ဘီလီယန်နဲ့ ချီ လျော်ပေးခဲ့တယ်။ ငွေကြေးထပ်မံ ထုတ်ချေးပေးခဲ့တယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ မှာ ထောက်ပံ့အကူအညီပေးခဲ့တယ်။ ဂျပန်နိုင်ငံ ဟာ မြန်မာနိုင်ငံရဲ့ အဓိက ကျတဲ့ အလှုရှင်နိုင်ငံဖြစ်တယ်။

Yujiro 谷山雄二朗 Taniyama  အပါအ၀င် ဂျပန်ပြည်သူတွေ နှင့် ဂျပန် အစိုးရ တိုင်း ကို ဒီနေရာ က နေ ဖော် ပြချင်ပါတယ်။ ခင်းဗျား တို့  ဂျပန်ပြည်သူတွေ ရဲ့ ကျေးဇူး တွေ ကို  ကျနော်တို့ မြန်မာပြည်သူတွေ မမေ့ ပါဘူး။

No comments :