စကားချီး
၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလမှာ စစ်မှန်သော ရွေးကောက်ပွဲ၊
အာဏာရှင်ရွေးကောက်ပွဲနှင့် မြန်မာပြည်အနာဂတ်ဆိုတဲ့ ဆောင်းပါးတခုကို စာရေးသူ
ရေးသားဖူးပါတယ်။ ဒီဆောင်းပါးရဲ့ မြန်မာပြည် အနာဂတ်ဆိုတဲ့ အခန်းကဏ္ဍမှာ ၂၀၁၀
ရွေးကောက်ပွဲပြီးသွားပြီး အစိုးရသစ်တခု တက်လာတဲ့အခါ ပြည်တွင်းပြည်ပမှာ
ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို ရေးသား ဖော်ပြထားပါတယ်။ ဒီကဏ္ဍပါ
အချက်အလက်များကို ထုတ်နှုတ်ပြီး၊ ၂၀၁၀ ရွေးကောက်ပွဲ အလွန် မြန်မာပြည်
အမည်နဲ့ ပြန်လည်တင်ပြပါတယ်။
မြန်မာပြည်အနာဂတ်
အတိုက်အခံအင်အားစုများ ပြိုကွဲရေး၊ စစ်တပ်ကိုအသုံးချပြီး
စစ်အာဏာရှင်များရဲ့ အနာဂတ် ကောင်းစားရေး၊ legitimacy ရရှိရေးတွေကို
ရည်ရွယ်ပြီး ထွက်ပေါ်လာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေပြု ၂၀၁၀ အာဏာရှင်
ရွေးကောက်ပွဲ ကြီး ပြီးဆုံးသွားတဲ့အခါ အနာဂတ်မြန်မာပြည်မှာ ဘာတွေ
ဖြစ်လာနိုင်သလဲဆိုတာကို တွက်ဆကြည့်ကြရအောင်ပါ။
(၁) နိုင်ငံရေးအင်အားစုတွေအကြားမှာ အက်ကြောင်းတွေထမယ်။ တော်လှန်ရေးသမားတွေေ၀၀ါးမယ်။
အာဏာရှင်ရွေးကောက်ပွဲတွေ ထွက်ပေါ်လာတဲ့အခါ အာဏာာရှင်တွေကို ဆန့်ကျင်နေတဲ့
အတိုက်အခံ အင်အားစုတွေ အကြားမှာ အက်ကြောင်းတွေဖြစ်မယ်၊ အဖွဲ့တွေ
ပြိုကွဲမယ်၊ တဦးနဲ့တဦး မယုံကြည်မှုတွေ ဖြစ်မယ်ဆိုတာ ဖြစ်လေ့ဖြစ် ထရှိတဲ့
အမှန်တရားတရပ်တရပ်ပဲ ဖြစ်ပါတယ်။ ဒီကြားထဲမှာမှ အနောက်အုပ်စုက political
liberalization လမ်း ကြောင်းကိုပဲ ဦးစားပေးလာတဲ့အခါ
အတိုက်အခံအင်အားစုတွေအကြားမှာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ လူထု
တိုက်ပွဲဆိုတဲ့ စကားလုံးတွေကို စကားဟဟတောင် မပြောရဲတော့ဘဲ
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အာဏာရှင်ရွေး ကောက်ပွဲကို
ဒီမိုကရေစီအသွင်ကူးပြောင်းမှုရဲ့ တစိတ်တပိုင်းအဖြစ် လက်ခံရေးဆိုတဲ့
စကားလုံးတွေကပဲ ပေါ်ထွက်လာ မယ်လို့ ပညာရှင်တွေ ဆန်းစစ်ထားကြတာကလဲ
ဖြစ်နိုင်ချေရှိတဲ့ အမှန်တရားတရပ်ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီလိုဆိုလိုက်တာနဲ့ပဲ စစ်အာဏာရှင်ဆန့်ကျင်ရေးဆိုတဲ့
လမ်းစဉ်ကြီးက လူထုထဲကနေ ပျောက်ကွယ်သွားမှာ လား ဆိုတာကတော့ လုံးဝ
မဟုတ်ပါဘူး။
“မတရားမှုသည် ဥပဒေဖြစ်လာသောအခါ တော်လှန်ပုန်ကန်ခြင်းသည် တာဝန်တရပ်ဖြစ်သည်” တဲ့။
ဒါဟာ ကမ္ဘာတ၀ှမ်းက လူထုတော်လှန်ရေးတွေမှာ လက်ကိုင်စွဲခဲ့တဲ့ ဥပဒေသ
တရပ်ဖြစ်ပါတယ်။ ဖိနှိပ်မှုဆိုတာ ရှိနေ သရွေ့ ပုန်ကန်ထကြွမှုတွေ ဆိုတာကလဲ
ရှိနေစမြဲပါပဲ။ တော်လှန်ရေး အင်အားစု တရပ် ပြိုလဲကျတာနဲ့ အင်အားစုအ
သစ်တွေကလဲ ထွက်ပေါ်လာစမြဲပါပဲ။ တော်လှန်ရေးခေါင်းဆောင်တွေမှာ
ေ၀၀ါးမှုရှိလာတာနဲ့ ပြတ်သားတဲ့ ခေါင်း ဆောင်သစ်တွေက ပေါ်ပေါက်လာစမြဲပါပဲ။
လူထုကို ကိုယ်စားပြုဖို့ လူထုက ရွေးချယ်ထားသူတွေဟာ လူထုကို ကိုယ်
စားမပြုတော့တာနဲ့ လူထုက လက်မခံတော့ပါဘူး။ အာဏာဆိုတာ ပြည်သူ့ဆီကပဲ
သက်ဆင်းပါတယ်။ ပြည်သူလူထုဟာ သမိုင်းအဆက်ဆက်မှာ တာဝန်ကျေခဲ့တယ်။ မတရားမှုကို
ခေါင်းငုံ့မခံဘူး။ ဒါတွေကို ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး သ
မိုင်းတလျှောက်မှာ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။
၁၉၂၀ ကာလတွေမှာ ဂျီစီဘီအေ ပေါ်ပေါက်လာတယ်။ လူထုလှုပ်ရှားမှုကြီးရဲ့
တပ်ဦးအဖွဲ့ကြီးအဖြစ် လူထုက အားပေး ခဲ့ကြတယ်။ မကြာပါဘူး။ ၁၉၂၂ ရောက်တော့
ဒိုင်အာခီအုပ်ချုပ်ရေး စကားလုံးလေးနဲ့ နယ်ချဲ့အာဏာရှင်က မျက်စပစ်
လိုက်တာနဲ့ ဂျီစီဘီအေလဲ နှစ်ခြမ်းကွဲပါလေရော။ ၁၉၂၉ လဲ ရောက်ရော ဂျီစီဘီအေ
အသင်းကြီး လေးစိပ်လောက် ကွဲ နေခဲ့ပြီ။ နိုင်ငံရေးဒိတ်ဒိတ်ကြဲ
ခေါင်းဆောင်ကြီးတွေ လူထုမျက်နှာကို မကြည့်ကြဘဲ အာဏာနောက်၊ ဥစ္စာဓနနောက်
တကောက်ကောက်လိုက်ပြီး အာဏာအဝေမတည့်ကြနဲ့ အမတ်နွံနစ်လိုက်ကြပုံများ
လူကြားမကောင်း၊ သူကြားမ ကောင်း၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကတောင်
“တောင်ကျရေနွားနှစ်ကောင် မ၀သလိုပ၊ မောင်ဘဘေ ငါးထောင် မရသော်ကြောင့်” လို့
စာချိုးရေးရတဲ့ အထိကို ရွေးကောက်ပွဲနွံ၊ အမတ်နွံနစ်ပြီး အာဏာနောက်၊
ဥစ္စာနောက် လိုက်ခဲ့ကြ တာကလား။ ဒီအချိန်မှာ လူထုဘာလုပ်ခဲ့ကြသလဲ။ အမျိုးသား
လွတ်မြောက်ရေး၊ လုံးဝလွတ်လပ်ရေးကို တောင်းဆိုခဲ့တဲ့ သခင်သသောင်းဦးဆောင်တဲ့
တို့ဗမာ အစည်းအရုံးကြီးကို အားရပါးရ ၀ိုင်းဝန်းထောက်ခံခဲ့ကြပါတယ်။
ဒိုင်အာခီ အမတ် တွေ ပါလီမန်ထဲဝင်ပြီး နယ်ချဲ့တွေ ပြောသမျှ ခေါင်းပေါင်းစ
တလူလူနဲ့ ခေါင်းတော်ညိမ့်နေကြချိန်မှာ “ကမ္ဘာမကြေ၊ ဗမာ တတွေ၊ ဒါ-ဒို့ပြေ၊
ဒါ-ဒို့မြေ၊ ဒါ ငါတို့ပြေ“ ဆိုတဲ့ သီချင်းတွေက တောရောမြို့ပါ မကျန်
ပျံ့နှံ့နေခဲ့ပြီ။ လုံးဝလွတ်လပ်ရေး တောင်းဆိုသံတွေက ပါလီမန်နဲ့ နယ်ချဲ့
အာဏာရှင်အသိုင်းအ၀ိုင်းကလွဲရင် လူတိုင်းရဲ့ ပါးစပ်ဖျားမှာ စွဲထင်နေခဲ့ပြီ။
ဒါ ဟာ ဥပမာပါပဲ။
(၂) အာဏာရှင်တွေက ရေပေါ်ဆီလူတန်းစား စီမံခန့်ခွဲမှာ လုပ်လိမ့်မယ်။ သို့ပေမယ့် လူထုတော်လှန်ရေးတွေကတော့ ဆက်ရှိနေဦးမှာပါပဲ။
ရွေးကောက်ပွဲပြီးတဲ့အခါ အာဏာရှင်တွေဟာ elite management ဆိုတဲ့ ရေပေါ်ဆီ
လူတန်းစား စီမံခန့်ခွဲမှုကို ကနဦး လုပ်ကြတယ်လို့ ပညာရှင်တွေက
လေ့လာတွေ့ရှိခဲ့ကြတယ်။ အဓိကကတော့ နိုင်ငံရေးဦးဆောင်နေသူတွေ၊ ခေါင်း
ဆောင်တွေကို သူတို့ရဲ့ စီမံကိန်းထဲ ရောက်အောင် ရာထူးအာဏာ၊ ဥစ္စာဓန၊
ပျော့ပျောင်းသော အတွေးအခေါ်တွေနဲ့ ချဉ်းကပ်ပြီး ကျုံးသွင်းခြင်းပါ။
ဒီလိုလုပ်လာတဲ့အခါမှာ နိုင်ငံရေးဒိတ်ဒိတ်ကြဲခေါင်းဆောင်ကြီးတွေကတောင်
လက်ခံလိုက် ပြီဆိုတဲ့ သတင်းစကားကို လူထုထဲ ဖြန့်လိုက်တာနဲ့ လူထုရဲ့
အာဏာရှင်ဆန့်ကျင်ရေးစိတ်တွေ လျော့ပါးသွားမယ်လို့ ယူဆကြပါတယ်။ အဓိကကတော့
အာဏာရှင်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေပဲ အနာဂတ်နိုင်ငံရေးကံကြမ္မာကို
ဆုံးဖြတ် မယ်။ ဒါကို လူထုက လက်ခံရမယ်ဆိုတဲ့ အခြေအနေမျိုးပါ။
ဒီလိုအခြေအနေမျိုးတွေ ပေါ်လွင်စေဖို့အတွက် elite democratization process
နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ ဟောပြောပွဲတွေ၊ အစည်းအဝေးတွေက ဟန်ချက်ညီ
ထွက်ပေါ်ရပါတယ်။
ဒါကို အချို့ကလဲ ဘောလုံးပွဲနဲ့ ဥပမာပေးတတ်ကြပါသေးတယ်။ လူထုက
ပွဲကြည့်ပရိသတ်သာ ဖြစ်တယ်။ တကယ်အရှုံး၊ အနိုင်၊ သရေကျတာတွေက ကွင်းထဲက
ဘောလုံးသမားတွေနဲ့ ဆိုင်တယ်ဆိုတဲ့ အခြေအနေမျိုးပါ။
ဒါပေမယ့် ပြည်သူလူထုဟာ ဘောလုံးပွဲကို သက်တောင့်သက်တာ ထိုင်ကြည့်နေရတဲ့
ပရိသတ်မဟုတ်ဘူး။ စစ်အာဏာ ရှင်ဆန့်ကျင်ရေးကာလတလျှောက်လုံးမှာ
ပြည်သူလူထုတရပ်လုံးရဲ့ သွေးတွေ၊ ချွေးတွေ၊ နှလုံးသွေးစက်တွေ ရင်းထား ရတာ။
နှစ်ရှည်ထောင်ဒဏ်ကျတဲ့ ဖခင်တယောက်ကို တနေ့တွေ့ရမှာပဲ လို့ မျှော်လင့်နေတဲ့
ကလေးငယ်လေးတယောက် ရဲ့ ခံစားချက်၊ သမီးငယ်လေး မုဒိမ်းကျင့်သတ်ဖြတ်ခံရလို့
နှလုံးကွဲအောင်ခံစားနေရတဲ့ မိအို၊ ဖအိုတွေရဲ့ ငိုကြွေးနေတဲ့ နှလုံးသား၊
ပျောက်ဆုံးသွားတဲ့ လင်ယောက်ျားတွေ၊ ဇနီးသည်တွေ၊ ချစ်သူတွေကို
မျှော်လင့်ရင်း ကျဆင်းနေတဲ့ ဇနီးမ ယားတွေ၊ လင်ယောက်ျားတွေ၊
ချစ်ကြင်နာသူတွေရဲ့ မျက်ရည်စက်တွေ၊ ဆေးရုံပေါ်မှာ ဆေးဝါးဝယ်ဖို့
မတတ်နိုင်လို့ မသေသင့်ဘဲ သေရတဲ့ အမေ့အလောင်းကို ဖက်ပြီး ငိုင်နေရတဲ့
သားသမီးတွေရဲ့ အသက်မဲ့မျက်နှာ၊ ဆာလောင်ပြီး ငို ကြွေးနေတဲ့ ကလေးငယ်လေးကို
အဆာပြေကျွေးစရာ ဘာမှမရှိလို့ အံကြိတ်ရင်း ခံစားနေရတဲ့ ဖခင်တယောက်ရဲ့ လက်
သီးဆုပ်၊ ရွယ်တူကျောင်းတက်နေတဲ့ ကလေးတွေကို ငေးကြည့်ရင်း ၀မ်းနည်းနေတဲ့
လမ်းဘေးက သူတောင်းစားက လေးငယ်လေးရဲ့ ရင်ထဲက စကားသံတွေ၊ မျက်စိရှေ့မှာ
ကိုယ်ကိုးကွယ်တဲ့ သံဃာတော်တွေကို ရိုက်နှက်သတ်ဖြတ်နေ တာကို မြင်ထားရတဲ့
လူထုရဲ့ နာကျည်းမှုတွေ။
ဒါတွေဟာ “လူထုကြီးရေ။ ခင်ဗျားတို့ အားလုံးကို မေ့ထားလိုက်ကြတော့။
ကျုပ်တို့က အားလုံးကို သင်ပုန်းချေပြီး အမျိုး သားသင့်မြတ်ရေးပဲလုပ်မယ်”
လို့ စကားလေးတခွန်းပြောလိုက်တာနဲ့ ပြီးဆုံးသွားမယ့်အရာတွေ မဟုတ်ဘူး။
အမျိုးသား ပြန်လည်သင့်မြတ်ရေး တကယ်ဖြစ်သွားဖို့ဆိုတာ ပါလီမန်ထဲ
နိုင်ငံရေးခေါင်းဆောင်တွေ ရောက်သွားရုံ၊ အာဏာရှင် ရွေး
ကောက်ပွဲပြီးသွားရုံလောက်နဲ့ ဖြစ်လာနိုင်တဲ့ အရာမဟုတ်ဘူး။
ဖြစ်ပြီးသွားခဲ့တဲ့ အမှန်တရားတွေ၊ တာဝန်ရှိသူတွေကို လူထုအကြားမှာ
ဖော်ထုတ်ပြရမယ်။ ပြစ်မှုကျူးလွန်ခဲ့သူတွေဟာ လူထုကို ၀န်ချတောင်းပန်ရမယ်။
စနစ်ရဲ့ ဆိုးကျိုးတွေ ကို စနစ်ရဲ့သားကောင်တွေက နားလည်ခွင့်လွှတ်မှုရှိလာအောင်
ကြိုးပမ်းအားထုတ်ရမယ်။ တောင်အာဖရိကမှာ ဒိုင်ယာ လော့ခ်နဲ့ စစ်မှန်တဲ့
ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်ပြီးတော့မှ အမှန်တရားနှင့်
ပြန်လည်သင့်မြတ်ရေးကော်မရှင် (Truth and Reconciliation Commission) ဆိုတာ
ထွက်ပေါ်လာတာဖြစ်တယ်။ ပြီးတော့ ဒီကော်မရှင်က ကြားဖြတ်ဖွဲ့ စည်းပုံအခြေခံဥပဒေ
(interim constitution) ရဲ့ final clause ဖြစ်တဲ့ “ပြစ်ဒဏ်ပေးတာ
မဟုတ်ပေမယ့် ပြစ်မှုကျူးလွန် ခဲ့တယ်ဆိုတာကို သိနားလည်မှု လိုအပ်တယ်။
လက်စားချေဖို့ မဟုတ်ပေမယ့် မှားယွင်းမှုအတွက် ၀န်ချတောင်းပန်တာ၊
လျော်ကြေးပေးတာတွေ ပြုလုပ်ဖို့ လိုအပ်တယ်“ ဆိုတဲ့ အချက်အပေါ်မှာ
မူတည်ထွက်ပေါ်လာတာဖြစ်ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေး ကာလတွေမှာ လူထုရဲ့ စိတ်အနာတွေကို ကုစားဖို့
လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင် တာတွေ အများကြီးရှိသေးတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ တောင်းဆိုနေရတဲ့ စကားလုံး မဟုတ်ဘူး။
လုပ်ဆောင်ရတဲ့ အလုပ်ပဲ ဖြစ်တယ်။ ပဋ္ဋိပက္ခတွေပြီးဆုံးပြီးမှ ဖော်ဆောင်ရတဲ့
လုပ်ငန်းစဉ်ဖြစ်တယ်။ နအဖကို တောင်း ဆိုရအောင် နအဖ ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီလိုပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက် တဲ့
စာပိုဒ်တပိုဒ်တလေ၊ လိုက်လျောမှုတစုံတရာများ ရှိနေတာမှ မဟုတ်သေးတာကလား။
ဒီလိုမဟုတ်ဘဲ အတိတ်ကို မေ့လိုက်ဖို့၊ သင်ပုန်းချေဖို့၊
ပြန်လည်သင့်မြတ်ရေးလုပ်ဖို့ဆိုတာက ဘာနဲ့သွားတူသလဲဆိုရင် နယ်ချဲ့ခေတ်တုန်းက
ကျေး ရွာသူလေးကို မြို့ပိုင်သားက စော်ကားလိုက်တဲ့အခါ သူကြီးက ကြားဝင်ပြီး
“ငါက ရွာအကြီးအကဲအနေနဲ့ ဆုံးဖြတ်ပေး မယ်။ ပြီးတာတွေလဲ မေ့လိုက်ကြတော့။
မဟုတ်ရင် နင်ကလဲ မိန်းကလေးဆိုတော့ ရပ်ကျော်ရွာကျော်ဖြစ်ပြီး သိက္ခာကျ မယ်။
ဟိုဘက်ကလဲ မြို့ပိုင်သား။ အာဏာရှိတဲ့မင်းတွေ။ ဖက်ပြိုင်ဖို့
မကြိုးစားပါနဲ့” လို့ ပြောနေတာနဲ့ တူတယ်။ အဲဒီလို ဆိုလိုက်တာနဲ့ ရွာလူထုက
မြို့ပိုင်သားရဲ့ ပြစ်မှုကို ကျေနပ်သွားရောတဲ့လား။ မကျေနပ်တဲ့အပြင်
နယ်ချဲ့ရဲ့ ဖိနှိပ်စော် ကားမှုတွေကို ပိုပြီး မြင်လာကြတော့တာပါပဲ။
သူကြီးကိုကျတော့ ဘယ်လိုအမည်တပ်ပါသတဲ့လဲ။ “နယ်ချဲ့အလိုတော်ရိ” လို့
အမည်တပ်ပါတယ်။
မျက်မှောက်ခေတ်မှာလဲ ဒီအတိုင်းပဲ ဖြစ်ပါတယ်။ အာဏာရှင်တွေက
အမျိုးသားသင့်မြတ်ရေးကို အသာထားလို့ စစ်ကျွန် စနစ် ရှင်သန်ခိုင်မာရေး၊
အာဏာရှင်သားစဉ်မြေးဆက် ကောင်းစားရေးတွေအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို
သူတို့ စိတ်ကြိုက် ရေးဆွဲပြီးမှ မဲလိမ်၊ မဲခိုးပြီး အတည်ပြုထားတာ ဖြစ်တယ်။
စကားကမ်းလှမ်းမှု၊ လိုက်လျောမှုလေးတွေ ဆို တာက သူတို့ဘက်က ပိုင်ပြီဆိုတော့မှ
elite management process ဖြစ်တဲ့ ရေပေါ်ဆီ နိုင်ငံရေးသမားတွေကို အာဏာ
ရှင်ရွေးကောက်ပွဲတွေ၊ အာဏာရှင်အလိုကျ အတွေးအခေါ် နွံထဲတွေ ကျုံးသွင်းယူတဲ့
စီမံခန့်ခွဲရေးဖြစ်စဉ်ကို အကောင်အ ထည်ဖော်ခြင်း ဖြစ်တယ်။ ဒီအခါမှာ
စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ရွေးကောက်ပွဲ၊ စစ်မှန်တဲ့
အမျိုးသားပြန်လည် သင့်မြတ်ရေးတွေ မဟုတ်တာကြောင့် လူထုနဲ့အတူလက်တွဲပြီး
အာဏာရှင်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးသမားတွေက လဲ
စဉ်ဆက်မပြတ်ဆက်လက်ထွက်ပေါ်နေဦးမှာလဲ အသေအချာပဲ။
အာဏာရှင်ရွေးကောက်ပွဲတွေဟာ ရေပေါ်ဆီ နိုင်ငံရေးအသိုင်းအ၀ိုင်းတွေကို
လူထုနဲ့ ခွဲထုတ်ပြီး ရာထူးအာဏာ၊ ဥစ္စာ နွံထဲ နှစ်လိုက်တာနဲ့ နွံထဲမှာ
အနစ်မခံကြတဲ့ စစ်မှန်တဲ့ တော်လှန်ရေးသမားတွေနဲ့ ပြည်သူလူထုနဲ့ဟာ ပိုပြီး
ပူးပေါင်းမိ လာကြမှာပဲဖြစ်တယ်။ ဒါကြောင့် အာဏာရှင် ရွေးကောက်ပွဲအလွန်
ကာလတွေမှာ ပြည်သူလူထုရဲ့ စစ်အာဏာရှင်ဆန့် ကျင်ရေးစိတ်ဓာတ်ကတော့
ရှိနေဦးမှာပဲဖြစ်သလို၊ တော်လှန်ရေး လှုပ်ရှားမှုတွေကလဲ ရှိနေဦးမှာပဲ
ဖြစ်တယ်လို့ ဆိုနိုင် တယ်။
(၃) တပ်တွင်းစည်းလုံးညီညွှတ်ရေး ဖရိုဖရဲဖြစ်မယ်။ စစ်တပ်နှင့် ပြည်သူအကြားမှာ စည်းတွေ ဆက်ခြားနေမယ်။
အာဏာရှင်တွေဟာ ပင်မဒေါက်တိုင်ကြီးဖြစ်တဲ့ စစ်တပ်ဒေါက်တိုင်ပြိုလဲမှုကို
အာဏာရှင်ရွေးကောက်ပွဲတွေ ကျင်းပပြီး ထိန်းသိမ်း ဖြေရှင်းလေ့ရှိတယ်လို့
ရှေ့ပိုင်းမှာ ဆိုခဲ့ပြီးဖြစ်ပါတယ်။ စစ်တပ်ဟာ ပြည်သူနဲ့
ပူးပေါင်းသွားချိန်မှာ စစ်တပ် ဒေါက်တိုင် ပြိုလဲပါတယ်။ နအဖစစ်အာဏာရှင်တွေက
ပါလီမန်ထဲကို စစ်ဗိုလ်အမတ်တွေထည့်လိုက်တာဟာ မြားတစင်း ထဲနဲ့ ငှက်နှစ်ကောင်
ပစ်ချလိုက်တာပါ။ အာဏာဆိုတာ လူတွေရဲ့ သည်းခြေကြိုက်ဖြစ်တာကြောင့်
တပ်တွင်းမှာလဲ အာ ဏာလိုချင်သူ၊ အမတ်ဖြစ်ချင်သူတွေရဲ့ အပြိုင်အဆိုင်တွေ
ပေါ်လာကြဦးမှာပါ။ တခါ စစ်ဗိုလ်အမတ်တွေ တပ်ထဲ ပြန် ရောက်လာတဲ့အခါမှာလဲ
အမတ်မဟုတ်ခဲ့ဖူးတဲ့ စစ်ဗိုလ်တွေနဲ့ တပ်ထဲမှာ သဘောထားအကွဲလေးတွေ
ဖြစ်ကြဦးမှာပါ။ ဒီလိုအချိန်လေးတွေမှာ အမတ်ဖြစ်ချင်တဲ့ ဗိုလ်ကလဲ
အမတ်ဖြစ်ဖို့ တပ်မတော်အကြီးအကဲကြီးတွေကို ကပ်ရ၊ ဖားရ ဖြစ် ကြမယ်။
တပ်တွင်းမှာလဲ သဘောထားအကွဲလေးတွေနဲ့ တပ်မတော်တွင်းစည်းလုံးညီညွတ်ရေး
ဖရိုဖရဲတွေဖြစ်မယ်။ ရာ ထူး၊ အာဏာတွေမှာ ပုံစံအမျိုးမျိုးနဲ့ သာယာကြမယ်။
အောက်ခြေက တပ်သားတွေနဲ့ အရာရှိတွေအကြားမှာ ကွာဟမှု သိပ်ကြီးမယ်။
ရာထူးအာဏာစည်းစိမ်တွေကြောင့် ပြည်သူဘက်ကရပ်တည်တဲ့ တပ်မတော်ဖြစ်လာဖို့
ရာခိုင်နှုန်းက တော် တော်နည်းသွားပါမယ်။ တချိန်တည်းမှာပဲ တပ်မတော်က
သူ့အလုပ်ကို သူမလုပ်ဘဲ နိုင်ငံရေးအာဏာမှာ ကန့်လန့် ကန့် လန့် ၀င်လုပ်နေတော့
ပြည်သူတွေက မျက်မုန်းကျိုးကြပါမယ်။ ပြည်သူနဲ့ စစ်တပ်ကြား
ဘယ်လိုမှပေါင်းစည်းလို့ မရနိုင် တော့တဲ့ စည်းတွေ ဖြစ်လာကုန်မယ်။
ဒီလိုဖြစ်လာလေလေ၊ စစ်အာဏာရှင်တွေရဲ့ သားစဉ်မြေးဆက်နဲ့ အနာဂတ်ဘ၀ လှပလေ လို့
သူတို့ယူဆကြပါတယ်။ မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ ဆိုတာမျိုးပါ။
(၄) ပြည်ပထောက်ခံမှုရလာမယ်။ ပြည်တွင်းမှာတော့ ပြည်သူရဲ့ ယုံကြည်ကိုးစားမှု ရဖို့ ခက်ခဲမယ်။
အနာဂတ်မြန်မာပြည်မှာ နောက်ထပ်ဖြစ်လာနိုင်တာကတော့ တရားဝင်မှု (
legitimacy) နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ၂၀၁၀ အလွန်ကာလမှာ အာဏာရှင်တွေ
မျှော်မှန်းထားသလို အကျိုးအမြတ်တွေ ရမှာက အသေအချာပဲ။ ပြည်ပနိုင်ငံ တွေက
ပြောင်းလဲမှုတွေကို အားပေးထောက်ခံလာလိမ့်မယ်။ ဒါပေမယ့် legitimacy ဆိုတာ
ယုံကြည်ကိုးစားမှု (trust) နဲ့ ထိရောက်မှု (Effectiveness) ပေါ်မှာ မူတည်နေတာ
ဖြစ်ပါတယ်။
legitimacy ဆိုတာ ပြည်ပက ထောက်ပံ့မှုတွေ ၀င်လာရုံ တခုတည်းနဲ့ ရလာနိုင်တာ
မဟုတ်ပါဘူး။ legitimacy နဲ့ အတူ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု (trust)
ကပါ တပြိုင်တည်းတွဲနေတာဖြစ်ပါတယ်။ အာဏာရှင်ရွေးကောက်ပွဲတွေကို လူထုက
မဲမပေးပဲနေသည်ဖြစ်စေ၊ ခြိမ်းချောက်ခံရလို့ မဲပေးရသည်ဖြစ်စေ လူထုရင်ထဲက
အသိအမှတ်မပြုပါဘူး။ အာ ဏာရှင်ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရကိုလဲ
ပြည်သူ့အစိုးရလို့ လူထုက အသိအမှတ်မပြုပါဘူး။ ယုံကြည် ကိုးစားမှု မရှိပါဘူး။
အာဏာရှင်ရွေးကောက်ပွဲဟာ မှန်ကန်တဲ့ စနစ်ကို ဖန်တီးပေးနိုင်တာ မဟုတ်ဘဲ
အာဏာရှင် မျိုးစေ့တွေ ချပေးနေတာ ဖြစ်တဲ့အတွက် အဲဒီကနေ ထွက်ပေါ်လာတဲ့
အစိုးရဟာ လူထုရဲ့ ယုံကြည်ကိုးစားမှု မရမှာ အသေအချာပဲ ဖြစ်တယ်။ ဒါကြောင့်
ယုံကြည်ကိုးစားမှုနဲ့ ယှဉ်ပြီး ထွက်ပေါ်လာတာ မဟုတ်တဲ့ legitimacy ဆိုတာကလဲ
စက္ကူကျားတခုပဲ ဖြစ်လာ မှာ သေချာတယ်။ Legitimacy နဲ့ ယှဉ်တွဲနေတဲ့
နောက်ထပ်အချက်တခုကတော့ ထိရောက်မှုရှိခြင်း (Effectiveness) ပါ။
နိုင်ငံတခုမှာ ရှိတဲ့ အစိုးရတရပ်ရဲ့ ရပ်တည်နိုင်မှုဟာ တရားဝင်မှုနဲ့
ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်မှု တွေအကြားက ဆက်နွယ်မှုပေါ်မှာ
မူတည်ကြောင်း နိုင်ငံရေးပညာရှင် Lipset က ဆိုထားပါတယ်။ ရွေးကောက်ပွဲနဲ့
တက်လာတဲ့ အစိုးရမို့ တရားဝင်အစိုးရလို့ ခေါ်တွင်နိုင်ပေမယ့် တိုင်းပြည်ကို
ထိထိရောက်ရောက် စီမံအုပ်ချုပ်နိုင်မှု မရှိ ရင် ရေရှည်မှာ ရပ်တည်နိုင်မှာ
မဟုတ်ဘူး။ လူထုက ဖြုတ်ချတာ၊ အာဏာသိမ်းတာတွေ ဖြစ်လာတတ်လေ့ရှိတယ်။
ဥပမာဆိုရရင် မြန်မာနိုင်ငံမှာ ပထစ အစိုးရဟာ တရားဝင်မှုရှိခဲ့ပေမယ့်
ထိထိရောက်ရောက် လုပ်ဆောင်မှု အားနည်း တယ်။ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးကို
သေချာ မထူထောင်နိုင်ဘူး။ တိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက်တာ တွေထက်
အကွဲကွဲအပြဲပြဲနဲ့ အချိန်ကုန်နေကြတယ်။ လူထုက သူတို့အပေါ် ယုံကြည်ကိုးစားမှု
နည်းလာတယ်။ တရားဝင် အစိုးရဟာ ကမ္ဘာနဲ့အ၀ှမ်းဖြစ်နေတဲ့ cycle of military
dictatorship ကို ကာကွယ်ပေးနိုင်မယ့် ယန္တရားတွေ မကျင့်သုံး နိုင်ကြဘူး။
civilian rule ကို အားကောင်းလာအောင် မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့်
စစ်အာဏာသိမ်းတာ ခံခဲ့ရတာပဲဖြစ် တယ်။ တခါ မဆလ အစိုးရမှာကျတော့လဲ
အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဖြစ်တာကြောင့် legitimacy
ရှိတယ်လို့ ဆိုနိုင်ပေမယ့် မဆလအစိုးရကို လူထုက ယုံကြည်ကိုးစားမှုမရှိဘူး။
တိုင်းပြည်အုပ်ချုပ်ရေးမှာလဲ အကြောက် တရားနဲ့ ဖိနှိပ်နိုင်တာပဲ ရှိပြီး
တိုင်းပြည်အုပ်ချုပ်ရေးကို မနိုင်နင်းဘူး။
မဆလအစိုးရလက်ထက်မှာ
တိုင်းပြည်ရဲ့ စီးပွား ရေး၊ လူမှုရေး အခြေအနေတွေဟာ တစတစ
ယိုယွင်းပျက်စီးလာတယ်။ ဒါကြောင့်လဲ ၁၉၈၈ ခုနှစ်မှာ လူထုတိုက်ပွဲတွေ
ထွက်ပေါ်လာတော့ တမဟုတ်ချင်း မဆလ အစိုးရပြုတ်ကျသွားတာပဲ ဖြစ်တယ်။
ဒီတော့ တရားဝင်မှုနဲ့အတူ ယုံကြည်ကိုးစားမှုနဲ့ အစိုးရတာဝန်တွေ
ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှု ဆိုတာတွေ ကပါ အစိုးရတခု ရပ်တည်ရေးအတွက်
အရေးကြီးတယ်လို့ ဆိုရမှာ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အ
စိုးရဟာလဲ အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဖြစ်တဲ့အတွက်
တရားဝင်မှုတော့ ရှိမှာအမှန်ပဲ။ ဒါပေမယ့် လူထုရဲ့ ယုံကြည်ကိုးစားမှု
မခံရတာရယ်၊ အစိုးရတာဝန်တွေ ကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှာ မဟုတ်တာ
ရယ်ကြောင့် တချိန်မှာ လူထုက ဆန့်ကျင်တာ (သို့မဟုတ်) စစ်အာဏာရှင်တွေက
အာဏာသိမ်းတာတွေ ခံကြရဦးမှာပဲ ဖြစ်တယ်။ “ဘာကြောင့် ဒီလိုဆိုရလဲ၊ အတိုက်အခံ
နိုင်ငံရေးသမားပီပီ ခင်ဗျားက မကောင်းတာတွေပဲ ပြောနေတာပဲ”လို့ ကျွန်မကို
မေးလာခဲ့ရင် အဖြေရှိတယ်။ ကျမ ဘာကြောင့် ဆိုရလဲဆိုတော့ ၂၀၁၀ အာဏာရှင်
ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခြင်းရဲ့ နောက်ဆက်တွဲ
လမ်းပြမြေပုံ အဆင့်တခုပါလို့ နအဖစစ်အာဏာရှင်တွေက
ကြေညာထားခဲ့လို့ပဲဖြစ်တယ်။၂၀၀၈ ဖွဲ့စည်းပုံမှာ အားနည်းချက်တွေ ရှိနေတယ်။
(၅) ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အားနည်းချက်ဆိုင်ရာ နောက်ဆက်တွဲပြဿနာတွေ တက်လိမ့်မယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သားကိုယ်စားလှယ်တွေ ပါလီမန်မှာ
ပါဝင်နေတယ်။ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ထားတယ်။
တပ်မတော်ရဲ့ အင်မတန် မွန်မြတ်သန့်စင်လှတဲ့ နိုင်ငံတော် ကာကွယ်ရေးအခန်းကဏ္ဍကို
သီးခြားရပ်တည်မှု မပေးထားဘဲ နိုင်ငံရေးထဲ ဆွဲထည့်ထားတယ်။ စစ်အာဏာသိမ်းမှုတွေ
ကို အားပေးအားမြှောက်တဲ့ အချက်တွေပါဝင်တယ်။ ဒါကြောင့် အစိုးရအဖွဲ့တခုရဲ့
ထိထိရောက်ရောက် အုပ်ချုပ်စီမံမှုတွေ မှာ အခက်အခဲတွေဖြစ်မယ်။
စစ်အာဏာသိမ်းမှုတွေဆီ ပြန်ပြီး ဦးတည်သွားနိုင်တယ်။
(၆) စီးပွားရေးပိတ်ဆို့မှုတွေ ရုတ်သိမ်းသွားတဲ့အခါ စီမံခန့်ခွဲမှုညံ့ဖျင်းမှုတွေ ဘွားကနဲ ပေါ်လာလိမ့်မယ်။
နောက်တချက်က နိုင်ငံတော်ရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေနဲ့
ပတ်သက်တယ်။ လက်ရှိမြန်မာနိုင်ငံကြီးရဲ့ စီး ပွားရေးအခြေအနေ
ယိုယွင်းပျက်စီးမှုတွေဟာ အမေရိကန်အစိုးရရဲ့
စီးပွားရေးပိတ်ဆို့မှုကြောင့်ပါလို့ မျက်စိစုံမှိတ်ပြီး အော်ဟစ်နေကြသူတွေ
ရှိတယ်။ ဒီလိုအော်ဟစ်နေသူတွေဟာ ကာကွယ်ရေးအသုံးစရိတ်ကြောင့်
တိုင်းပြည်စီးပွားရေး နှောင့်နှေးမှုဖြစ်တာတွေ၊ အုပ်ချုပ်သူတွေရဲ့
စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကို စကားဟဟတောင် မပြောရဲကြဘူး။
စီးပွားရေးပိတ်ဆို့မှုကြောင့် နိုင်ငံတော်စီးပွားရေး
ယိုယွင်းပျက်စီးရတယ်လို့ အော်ဟစ်နေသူတွေဟာ အာဏာရှင်ရွေး ကောက်ပွဲ
ပြီးသွားတဲ့ နောက်ပိုင်းမှာ မတော်တဆများ ပိတ်ဆို့မှုရုတ်သွားခဲ့ရင်
တိုင်းပြည်စီးပွားရေးကြီးကို ဘယ်လို ကောင်းအောင် လုပ်ကြမလဲ ဆိုတာ
စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်ကော ရှိကြရှာပါ့မလားလို့
သံသယဖြစ်မိ ပါတယ်။ ဘယ်လိုဒီမိုကရေစီ တိုင်းပြည်မှာမဆို စစ်အသုံးစရိတ်ဆိုတာ
နိုင်ငံတော် ဂျီဒီပီရဲ့ ၁ ရာခိုင်နှုန်းကနေ ၅ ရာခိုင် နှုန်း အတွင်းမှာပဲ
ထားကြပါတယ်။ နိုင်ငံတော်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ ကဏ္ဍအသီးသီးမှာ
ဘတ်ဂျက်ခွဲဝေမှုတွေ စနစ် တကျ ရှိပါတယ်။ အခုတော့ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ
စစ်အသုံးစရိတ်ကို လိုအပ်သလို သုံးစွဲမယ်လို့ ဆိုထားတဲ့အပေါ်မှာ
နိုင်ငံတော်အုပ်ချုပ်ရေးရဲ့ အရေးကြီးဆုံးကဏ္ဍတခုဖြစ်တဲ့
ဘတ်ဂျက်ခွဲဝေသုံးစွဲမှုကို ဘယ်လိုထိရောက်အောင် လုပ်ကြမ လဲ။
ကန့်ကွက်လိုက်လို့ စစ်အာဏာရှင်က ဖွဲ့စည်းပုံကြီးကိုင်ပြီး အကြောင်းရှာ
အာဏာပြန်သိမ်းမှုကိုကော ဘယ်လိုကာ ကွယ်ကြမလဲ။ မတရားစီးပွားရှာနေတဲ့
အာဏာရှင်အသိုင်းအ၀ိုင်းကို ကျော်လွှားပြီး၊ စီးပွားရေးတရားမျှတမှုတွေကို ဘယ်
လို ဖော်ဆောင်ကြမလဲ။ ငွေကြေးလည်ပတ်မှုစနစ်ကို စနစ်တကျ စီမံခန့်ခွဲဖို့အတွက်
ငွေကြေးတွေ ရိုက်ထုတ်ချင်တိုင်း ထုတ်နေတဲ့ အာဏာရှင်နဲ့
ဝိသမစီးပွားရေးသမားတွေ လက်ထဲက ငွေမည်းတွေကိုကော ဘယ်လိုကိုင်တွယ်ကြမှာလဲ။
(၇) ပါလီမန်ထဲမှာ အမတ်တွေရဲ့ လုပ်ပိုင်ခွင့်တွေကန့်သတ်ခံရမယ်။ majority rule ကို ဘယ်လိုကျော်လွှားကြမှာလဲ။
အာဏာရှင်ရဲ့ သစ္စာရှိစီးပွားရေးသမားတွေ၊ ဒေါက်တိုင်ကိုယ်စားလှယ်တွေ၊
အရိုးအရင်းအဖွဲ့ကိုယ်စားလှယ်တွေ အများ အပြားပါတဲ့ ပါလီမန်ထဲမှာ majority
rule ကို ဘယ်လိုကျော်လွှားကြမှာလဲ။ ရွေးကောက်ပွဲမတိုင်ခင်မှာ ကိုယ်ကျိုးအ
တွက်မဟုတ်ဘဲ တိုင်းသူပြည်သားတွေအတွက် ပါလီမန်တိုက်ပွဲ ၀င်နွှဲနိုင်ဖို့
ရွေးကောက်ပွဲကို ထောက်ခံရတာပါလို့ ဆို သူတွေဟာ မျှော်မှန်းထားတဲ့အတိုင်း
အမတ်မင်းများဖြစ်ခဲ့ရင် တကယ်ကော ကိုယ်ပြောသလို လုပ်နိုင်ပါ့မလားဆိုတာ
လက်တွေ့မှာ အဖြေထွက်လာပါလိမ့်မယ်။
(၈) လူထုတိုက်ပွဲတွေ ပေါ်ထွက်လာဦးမှာ မလွဲမသွေပါပဲ
အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရသစ်ဟာ တိုင်းပြည်ကို
ထိထိရောက်ရောက် စီမံအုပ်ချုပ်မှု မလုပ်နိုင်တဲ့ အခါ (၂၀၀၈
ဖွဲ့စည်းပုံနဲ့ကတော့ မလုပ်နိုင်တာ အသေအချာပဲဖြစ်ပါတယ်) အစိုးရသစ်ရဲ့
လုပ်ဆောင်မှုတွေဟာ ပြည်သူ လူထုရဲ့ အကျိုးစီးပွားကို မဆောင်ကျဉ်းနိုင်ဘဲ
အာဏာရှင်အကျိုးစီးပွားကို ဆောင်ကျဉ်းပေးမှာ အသေအချာပဲ ဖြစ်ပါ တယ်။
အဲဒီအခါမှာ လူထုတိုက်ပွဲတွေက ပေါ်ထွက်လာဦးမှာ မလွဲမသွေပါပဲ။ သေချာတာကတော့
၂၀၀၈ ဖွဲ့စည်းပုံကို အခြေပြုထားတဲ့ အာဏာရှင်ရွေးကောက်ပွဲတွေနဲ့ တက်လာတဲ့
အစိုးရတိုင်းမှာ ပုန်ကန်ခြားနားမှု၊ စစ်အာဏာရှင်ဆန့် ကျင်ရေးတိုက်ပွဲတွေ
ရင်ဆိုင်ရမှာဖြစ်သလို အစိုးရတဆက်ဆက်လက်ထက်မှာ စစ်အာဏာပြန်သိမ်းခံရတာ
ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် လူထုတိုက်ပွဲတွေနဲ့ ဖြုတ်ချခံရတာ ဖြစ်ရင်ဖြစ်
ဖြစ်လာဦးမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၀ ဟာ အများပြော နေသလို လမ်းဆုံး
မဟုတ်ဘူး။ ၂၀၀၈ အာဏာရှင်ဖွဲ့စည်းပုံ ဥပဒေအပေါ်အခြေခံထားသရွေ့
အမျိုးသားပြန်လည်သင့် မြတ်ရေးလဲ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ အသေအချာပဲ
ဖြစ်ပါတယ်။
(၉) အင်အားသုံးအနိုင်ယူဖြေရှင်းရင်၊ ပြည်တွင်းစစ်မီး ပြန်တောက်မယ်
နောက်ထပ်အရေးကြီးဆုံး ကိစ္စရပ်တခုကတော့ အမျိုးသား တန်းတူညီမျှမှု၊
သွေးစည်းမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေနဲ့ဆိုင် တဲ့ အရေးကိစ္စပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့
နိုင်ငံတခုဖြစ်ပါတယ်။ လူ မျိုးကြီးဝါဒ ကျင့်သုံးမှု၊ နိုင်ငံတည်ထောင်မှုစနစ်
မှားယွင်းမှု၊ သွေးခွဲခံရမှု စတာတွေကြောင့် လူမျိုးစုတွေအကြားမှာ ပဋ္ဋိပက္ခတွေ
ရှိနေတဲ့ တိုင်းပြည်တခုဖြစ်ပါတယ်။ ဒီပဋ္ဋိပက္ခတွေဟာ ဗမာနဲ့ ကရင်အကြား၊
ကရင်နဲ့မွန်အကြား ပဋ္ဋိပက္ခ တွေမဟုတ်ပါဘူး။ စစ်အာဏာရှင်တွေရဲ့
ဒေါက်တိုင်ဖြစ်နေရတဲ့ တပ်မတော်အတွင်းမှာ ကရင်တွေ၊ မွန်တွေ၊ ရှမ်းတွေ၊
ဗမာတွေ၊ ပအိုဝ့်တွေ အများအပြား ပါဝင်ပါတယ်။ ရှမ်းရွာကို ဗမာစစ်ဗိုလ်တယောက်က
မီးရှို့လိုက်တာဟာ ရှမ်းနဲ့ ဗမာ ပဋ္ဋိပက္ခမဟုတ်ပါဘူး။ ကရင်အမျိုးသမီးကို
ရခိုင်စစ်ဗိုလ်က မတရားစော်ကားမှုဟာ ကရင်နဲ့ ရခိုင် လူမျိုးအကြားက ပဋ္ဋိပက္ခ
မဟုတ်ပါဘူး။ ဒါတွေဟာ စစ်အာဏာရှင်လက်ကိုင်ဒုတ်အဖြစ် အသုံးချခံနေရတဲ့
ဖိနှိပ်သူတွေနဲ့ အဖိနှိပ်ခံ ပြည် သူတွေအကြားက ပဋ္ဋိပက္ခတွေပဲဖြစ်ပါတယ်။
ဒီလိုပဋ္ဋိပက္ခတွေကို အင်အားသုံးပြီး အနိုင်ယူဖြေရှင်းလို့ ပြီးဆုံးသွားမှာ
မဟုတ်ပါဘူး။ လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အ ခတ်ရပ်စဲရုံ၊
လက်နက်ကိုင်အဖွဲ့တွေကို စီးပွားရေးအခွင့်အရေးတွေ ပေးရုံ၊ စစ်အင်အားသုံး
ထိပ်တိုက်ရင်ဆိုင် ၀ိုင်းရံပြီး၊ အာဏာရှင်ဖိနှိပ်သူတွေရဲ့ လမ်းစဉ်ကို
ထောက်ခံခိုင်းရုံနဲ့ ဒီပဋ္ဋိပက္ခတွေဟာ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။
လူမျိုးစုတွေရဲ့ တန်းတူရည်မျှမှုအခွင့်အလမ်းတွေအတွက် တိုက်ပွဲဝင်ခဲ့တဲ့
လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေကို တန်းတူညီမျှမှုအ တွက် မစီမံဘဲ
အတင်းအကြပ် အင်အားသုံးအနိုင်ယူလို့ မရဘူး။ ဒီလိုလုပ်လာခဲ့ရင်
ပြည်တွင်းစစ်မီး ပြန်တောက်သွား နိုင်တယ်။
မိဘနဲ့ သားသမီး အရင်းအချာကြီးတွေ မှာတောင် အင်အားသုံးဖိနှိပ်ရင်
အာဏာဖီဆန်မှုဆိုတာ ပေါ်ထွက်တတ်ပါသေး တယ်။ အမျိုးသားသွေးစည်းမှုကို
အင်အားသုံးဖိနှိပ်ပြီး သွေးစည်းခိုင်းလို့ ဘယ်သောအခါမှာ အောင်မြင်မှာ
မဟုတ်တာ အသေအချာပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ
တိုင်းရင်းသားလူမျိုးတွေ စုပေါင်းနေထိုင်တဲ့ တိုင်းနိုင်ငံတခုမှာ လို
အပ်တဲ့ နိုင်ငံရေးစနစ်၊ တန်းတူညီမျှမှု၊ လွတ်လပ်ခွင့်၊
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အာမခံချက် မပေးထားပါဘူး။ လူမျိုးစု တွေကို
ဖိနှိပ်ချုပ်ချယ်လို့ရမယ့် ယန္တရားများစွာကို ထည့်သွင်းထားပါတယ်။ ဒါကြောင့်
၂၀၀၈ ဖွဲ့စည်းပုံကို လက်ကိုင်ပြုပြီး တက်လာတဲ့ အာဏာရှင်ရွေးကောက်ပွဲအနိုင်ရ
အစိုးရတွေလက်ထက်မှာ အာဏာဖီဆန်ရေးတိုက်ပွဲတွေ၊ လွတ်မြောက် ရေး
တိုက်ပွဲတွေနဲ့ ပြည်တွင်းစစ်တွေ မလွဲမသွေ ပေါ်ထွက်လာဦးမှာပဲ ဖြစ်ပါတယ်။
ခင်မမမျိုး (နိုဝင်ဘာ၊ ၂၀၀၉)
No comments:
Post a Comment