Saturday 27 October 2007

ကျောင်းသားသမဂ္ဂသီချင်း ရေးသားခဲ့သူ ကိုလေးညွန့်အတွက် ဂုဏ်ပြုဝမ်းနည်းမှတ်တမ်း

ဗကသများအဖွဲ့ချုပ် သီချင်းကို
ရေးစပ်ခဲ့တဲ့ ကိုလေးညွန့် ကွယ်လွန်ရှာပြီ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲ့ အောင်ပွဲဆက်ဆက်ခံဦးမည် သီချင်းကို (၁၉၅၀) ၀န်းကျင် မှာ ကိုလေးညွန့်ရေးသားခဲ့ပါတယ်။ အောက်တိုဘာ ၂၂ရက် ၊ ၂၀၀၇ ခုနစ်မှာ ကိုလေးညွန့်ဟာ ရန်ကုန်မြို့ နေအိမ်မှာ ကွယ်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ သူကွယ်လွန်ချိန်မှာ အသက် ၇၅ နှစ်ရှိပါပြီ။ သူ့ဇာတိကတော့ မအူပင် ဖိုးကောင်းရွာ ဖြစ်ပါတယ်။ ဗကသများ အဖွဲ့ချုပ်သီချင်းကို ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်ဦး အပေါ်ထပ်မှာ သီချင်းတိုက်ခဲ့ပါတယ်လို့ သီချင်းတိုက်ရာမှာ ပါဝင်ခဲ့တဲ့ နိုင်ငံတော်အဆိုကျော် ဒေါ်မာမာအေးက ကျနော်ကိုပြောပြတယ်။

တော်လှန်ရေးအတွက် သူရေးသားပေးခဲ့တဲ့ သီချင်းနစ်ပုဒ်ကတော့ “အောင်ပွဲဆက်ဆက်ခံဦးမည် ” ( ဗကသမျာအဖွဲ့ ချုပ် သီချင်း ) နဲ့ “ဒို့ ဆရာကြီးမှိုင်းရဲ့ အရေးတော်ပုံ” သီချင်းတွေဖြစ်တယ်။

၈ လေးလုံး အရေးတော်ပုံကာလမှာ အောင်ပွဲဆက်ဆက်ခံဦးမည် သီချင်းကို ကျနော်တို့ ရန်ကုန်မြို့မှာ တလမ်းဝင် တလမ်းထွက် ဟစ်ကြွေးသီဆိုရင်း နံပတ်ဒုတ်တွေ၊ မောင်းပြန်သေနပ်တွေကို ရင်ဆိုင်ခဲ့ကြတယ်။ ဒီသီချင်းသံနဲ့ အတူ ခွပ်ဒေါင်းအလံက လေမှာ ပျံလွင့်နေတယ်။ ရဲစိတ်ရဲမာန်တွေ ကျနော်တို့ စိတ်မှာ ၀ံ့ကြွားခဲ့တယ်။ ကျနော်တို့ဟာ သီချင်း ရေးတဲ့သူအကြောင်းကို သိပ်မသိခဲ့ပါဘူး။

ဒီနေ့မနက် စောစောမှာတော့ ဒေါ်မာမာအေးက ကိုလေးညွန့်ဆုံးသွားပြီ ဖြစ်တဲ့အကြောင်းကို ကျနော့်ကို ဖုန်းဆက်ပြော လာပါတယ်။ သူမအသံမှာ ကြေကွဲမူနဲ့ နှမျောတသမှုတွေ ပါနေပါတယ်။ သူက “၀မ်းတွင်းပါ တေးရေးပညာရှင်တဦးကွ” လို့ ဆိုပါတယ်။ ကိုလေးညွန့်က ဗကသများအဖွဲ့ချုပ် သီချင်းအပါဝင် အလွန်ကောင်းတဲ့ သီချင်းတွေကို ရေးသားခဲ့သူ ဖြစ်ပါ တယ်။ သူဟာ မြန်မာ ကာလပေါ်ခေတ်မှာ အလွန်ပြောင်မြောက်တဲ့ သီချင်း တွေကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

သူရေးသားခဲ့တဲ့သီချင်းအများစုက အောင်မြင်ကျော်ကြားလှပါတယ်။
ဒါတွေကတော့ “ချစ်သူနယ်မြေ”၊ “တရေးချစ်ခွင့်မြင်ရနိုး” ၊ “နက်ဖြန် သို့မဟုတ် ဘယ်သောအခါ”၊ “တနေ့တော့ မောင် ပြန်လာမည်”၊ “ဆယ်မိုးဆယ်နွေ”၊ “ရောင်နောက် ဆံတုံးပါ”၊ “လွမ်းသူရဲ့ ပွဲ”၊ “သိပါလေစ ပိတောက်ဝါ”၊ “ယုံရခက်ခက်”၊ “ခက်ခက်ကိုမှ လိုခြင်တယ်” ၊ “မေတ္တာနုနု စေလိုသူရှင့် ( ထား)” ၊ “မေတ္တာနုနု စေလာရင်ကွယ် ( မောင်မောင်ကြီး)”၊ “ဆည်းဆာ”၊ “ရွေညာဆီကိုသွားမယ်” စတဲ့သီချင်းများကို ရေးခဲ့သားခဲ့သူ ဖြစ်ပါတယ်။

အမေ မာမာအေးက ကိုလေးညွန့် ဟာ ၀မ်းတွင်းပါ ဂီတ ပညာရှင်တဦးပါ လို့ ဆိုတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူဟာ တူရိယာ ပစ္စည်းတွေကို ကျွမ်းကျင်စွာ မတီးခတ်တတ်ဘူး၊ ဂီတသင်္ကေတတွေကိုလည်း နားမလည်ဘူး ဒါပေမဲ့ သီချင်းတပုဒ်ရဲ့ အခြေခံ သံစဉ်ကို

သူဟာနားလည်နေတယ်။ ဒါကြောင့်အလွန်ပြောင်မြောက်တဲ့ သီချင်းတွေကို ရေးစပ်သီကုံး နိုင်ခဲ့သူတဦး ဖြစ်ပါတယ်။ ကိုလေးညွန့် ကွယ်လွန် သွားတဲ့အပေါ်မှာတော့ ကျနော်တို့ ဗမာနိင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်ခဲ့တဲ့ ကျနော် အနေနဲ့ မိသားစုနဲ့အတူ ထပ်တူထပ်မျှ ၀မ်းနည်းမိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြု လိုက်ပါတယ်။


No comments :