ဝန်ကြီးချုပ် 101
ဝန်ကြီးချုပ်အသစ်များ တက်လာလျှင် ရက် (၁၀၀) ခန့်အထိ အချိန်ပေး၍ စောင့်ကြည့်တတ်ကြသည်။ ဤကာလကို သူ၏ မူဝါဒများ ပြည့်ပြည့်စုံစုံ ကြေငြာနိုင်ရန်၊ စွမ်းဆောင်နိုင်ရည် အကဲဖြတ်နိုင်ရန် အချိန်ပေးစောင့်ကြည့်ကြသောကြောင့် အိမ် ထောင်ပြုသည်နှင့် နှိုင်းယှဉ်ပြီး ပျားရည်ဆမ်းကာလ (Honeymoon Period) ဟုလည်း ခေါ်ကြပါသေးသည်။
မကြာသေးမီက (နအဖ) စစ်အစိုးရ၏ အတွင်းရေးမှူး (၁) ဖြစ်သူ ဗိုလ်ချုပ်သိန်းစိန်ကို မြန်မာနိုင်ငံ၏ ၀န်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ အောက်တိုဘာလ ၂၄ ရက်၊ စတင်ခန့်အပ်ခံခဲ့ရသည့် နေ့မှဆိုလျှင် ရက် ၃၀ ကျော်လာပြီ ဖြစ်ပြီး၊ ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသော ၂၀၀၇၊ ဧပြီလမှဆိုလျှင် ၆-လ ကျော်၍ ၇-လ ထဲ ၀င်လာခဲ့ပြီဖြစ်သည်။ ယခု အချိန်အထိ သိသာထင်ရှားလှသည့် ကြိုးပမ်းချက်များ မတွေ့ရသေးပါ။ ဗိုလ်ချုပ်သိန်းစိန်အနေဖြင့် ရဟန်းသံဃာများကို အကြမ်းဖက်ဖြိုခွဲချေမှုန်းပြီးနောက်ပိုင်းတွင် တက်လာခဲ့ရသော ၀န်ကြီးချုပ်ဖြစ်ခြင်းကြောင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များကို အလျှင်အမြန်ပြုလုပ်ရန် လိုအပ်နေချိန်တွင် အစိုးရအဖွဲ့အတွင်း အမြင့်ဆုံးတာဝန်ရှိလာရသူတဦးလည်း ဖြစ်သည်။ သာမန်ရိုးရိုးကာလ ၀န်ကြီးချုပ်များကဲ့သို့ ရက် (၁၀၀) အချိန်ပေး စောင့်ကြည့်နေရန် အကြောင်းမရှိတော့ပါ။ ဤအတွက် ပင် လုပ်ဆောင်သင့်သည်များကို အကြံပြုနိုင်ရေးအတွက် ၀န်ကြီးချုပ် 101 ကို ရေးခြင်း ဖြစ်ပါသည်။ တနည်း မိမိ၏ အကဲဖြတ်ချက်ဟုလည်း ဆိုချင်ဆိုနိုင်ပါသည်။
----------------
-
(အနောက်နိုင်ငံများတွင် ဘာသာရပ်တခုကို မိတ်ဆက်သဘော တင်ပြဆွေးနွေးချက်ဆိုလျှင် 101 ဟု ဖော်ပြလေ့ရှိကြပါ သည်။ ဥပမာ Biology 101, Politics 101 စသဖြင့် ရှိပါသည်။ သို့အတွက်ကြောင့်လည်း ၀န်ကြီးချုပ် 101 ဟူ၍ ခေါင်းစဉ် တပ်လိုက်ခြင်း ဖြစ်သည်။)
ဤသို့ ဆိုသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိ စစ်အစိုးရတွင်မူ ၀န်ကြီးချုပ်များက အမှန်တကယ်သြဇာ မရှိတတ်ကြပါ။ ကျန် ၀န်ကြီးများသည်လည်း ဆုံးဖြတ်ပိုင်ခွင့် မရှိတတ်ကြောင်း လူအများက သိထားကြပါသည်။ စစ်အစိုးရဖြစ်သည်နှင့်အညီ စစ် တပ်ပုံစံအတိုင်း အုပ်ချုပ်နေခဲ့ပြီး၊ စစ်တပ်အမိန့်ပုံစံဖြင့်ပင် အုပ်ချုပ်စီမံခန့်ခွဲရေးကိစ္စများကို စီးဆင်းလေ့ရှိပါသည်။ ယခင် ၀န်ကြီးချုပ်ဖြစ်ခဲ့သည့် ဗိုလ်ချုပ်ခင်ညွန့်သည်လည်း စစ်တပ်၏ လောကဓံကို ကြုံရသည်။ ယနေ့ဝန်ကြီးချုပ်ဖြစ်သော်လည်း၊ နောက်တနေ့တွင် အမိန့်မနာခံမှုဖြင့် အကျဉ်းသားဖြစ်ရသည်။ (လူ့အခွင့်အရေး သံတမန်ကြီး ပင်နဲရိုးပင် ဖြစ်နိုင်ပါက ဗိုလ်ချုပ်ခင်ညွန့်ကို တွေ့ဆုံသွားသင့်သေးသည်။ သူလည်း တရားခုံရုံးတွင် လျှော်ကန်မျှတစွာ ထုချေခံပိုင်ခွင့်၊ လူအများ ရှေ့မှောက်၌ ကြားနာ စစ်ဆေးခံပိုင်ခွင့်များမရရှိဘဲ လူ့အခွင့်အရေးချိုးဖောက်ခံနေရသူ ဖြစ်သောကြောင့်ပင်။ ထိုမျှမက သူ၏ဇနီး၊ သားများလည်း အလုပ်ဖြုတ်ခံရ၊ ထိန်းသိမ်းခံခဲ့ရသေးသည် မဟုတ်ပါလား။ ဤကား စကားချပ်) ဤသို့ဖြင့် ၀န်ကြီးချုပ်များသည်ပင်လျှင် ထားရာနေ၊ စေရာသွား ဖြစ်နေကြရသည်။ ကွယ်လွန်သူ ဗိုလ်ချုပ်စိုးဝင်း ၀န်ကြီးချုပ်ဖြစ်စဉ် ကာလ၌လည်း ၂၀၀၄ ခုနှစ်၊ လာအိုနိုင်ငံတွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည် လွတ်ပေးရန်ကိစ္စနှင့် ပတ်သက်၍ သူမသိကြောင်း၊ ပြန်မေးရဦးမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ရာ ကျန်နိုင်ငံခေါင်းဆောင် များလည်း ထူးဆန်းအံ့သြကြရပြန်သည်။ သို့အတွက်ကြောင့် ဗိုလ်ချုပ်သိန်းစိန်ကရော မည်မျှဆောင်ရွက်နိုင်မည်နည်းဟု မေးခွန်းထုတ်စရာ ရှိနေပါသည်။ လူအများက သိထားကြသည်မှာလည်း တပ်ချုပ်ကြီးသန်းရွှေနှင့် အခါတော်ပေးသက်တော် ရှည် ၀န်ကြီးတစုကသာ အရေးပါသည့် ဆုံးဖြတ်ချက်များကို ပြုနေကြကြောင်း သိထားကြပါသည်။
ထို့အပြင် အခြားသတင်းများအရ ဗိုလ်ချုပ်သိန်းစိန်က ၀န်ကြီးချုပ်နေရာအတွက် ရည်မှန်းချက် မထားသူဖြစ်ကြောင်း သိရ သည်။ သူက ဤသို့ ကြီးမားသည့် တာဝန်မျိုးကို မယူလိုဟု ဆိုကြပါသည်။ ကျန်းမာရေးအရလည်း နှလုံးရောဂါရှိသော ကြောင့် နှလုံးတွင် နှိုးစက် (pace maker) တပ်ထားရသူလည်းဖြစ်နေသည်။ သို့သော် စစ်တပ်တွင် အမိန့်ကို လွန်ဆန်၍ မရပါ။ ဤသို့ဖြင့် မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးချိန်မှစ၍ (၁၁) ဦးမြောက် ၀န်ကြီးချုပ် ဖြစ်လာရတော့သည်။
စစ်အစိုးရက တခါတရံ (နအဖ) စစ်ကောင်စီနှင့် အစိုးရကို မသဲမကွဲ ရောထွေးအသုံးပြုလေ့ ရှိပါသည်။ ယခင်က (နအဖ) အတွင်းရေးမှူးက တာဝန်ပိုမြင့်သော်လည်း၊ ယခုအချိန်တွင် ၀န်ကြီးချုပ်နှင့် အတွင်းရေးမှူး (၁) မည်သူက တာဝန်ပို၍မြင့် သနည်းဟု ကွဲကွဲပြားပြား မသိသာလှပါ။ ထို့အပြင် အရေးကြီးသည့် စီမံခန့်ခွဲမှုတာဝန်အများအပြားကိုလည်း (နအဖ) စစ် ကောင်စီခေါင်းဆောင်များကိုယ်၌က ၀င်ရောက်စွက်ဖက်နေကြပါသေးသည်။ ဥပမာအားဖြင့်- အရေးပါသော မူဝါဒရေးရာ ဆုံးဖြတ်ချက်များအားလုံးကို (နအဖ) စစ်ကောင်စီ၏ ၄-လ ပတ်အစည်းအဝေးများကသာ ဆုံးဖြတ်လေ့ရှိကြပါသည်။ ၀န်ကြီးအဖွဲ့က ဤဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရုံမျှသာ ရှိပါသည်။ ထိုမျှမက တပ်ချုပ်ကြီးသန်းရွှေက နိုင်ငံ တော်စီမံကိန်းများ (အဓိကအားဖြင့် ဘဏ္ဍာငွေခေါင်းစဉ်ကြီးများသုံးရသည့် လမ်းတံတား၊ ဆည်စီမံချက်များ) ကို ကိုင်ထား ပါသည်။ ယခင်ဗိုလ်ချုပ်မောင်အေးက ကုန်သွယ်ရေးမူဝါဒချမှတ်မှုများအတွက် အရေးပါသည့် ကုန်သွယ်ရေးကောင်စီကို ထိန်းချုပ်ထားသည်။ ထို့အပြင် တပ်ချုပ်ကြီးဖြစ်သူက ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်သေးသည်။ စစ်တပ်ရေးရာကိစ္စများ ကိုလည်း ၀င်ရောက်စီမံခန့်ခွဲခွင့် မရှိလှပါ။ ထို့အပြင် အတွင်းရေးမှူး-၁ ဖြစ်သူ ဗိုလ်ချုပ်တင်အောင်မြင့်ဦးနှင့် တာဝန်များက လဲ ကွဲကွဲပြားပြား မရှိလှပါ။
အလျှင်စလို ဆောင်ရွက်ရမည့်ကိစ္စများ
သို့သော်လည်း ဗိုလ်ချုပ်သိန်းစိန် ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၀န်ကြီးချုပ်အဖြစ် တိုင်းပြည်တာဝန်၏ အမြင့်ဆုံး တာဝန်ကို ယူလာရသည့်အချိန်တွင် အလျှင်စလို ဆောင်ရွက်ရတော့မည့် ကိစ္စများ စောင့်နေနှင့်ပြီ ဖြစ်သည်။ ဤကိစ္စများ ကို မရှိသယောင် လျစ်လျူပြုနေမည်လော၊ မလုပ်-မရှုပ်-မပြုတ် သွားမည်လော၊ တပ်ချုပ်ကြီးအပေါ်လုံးဝသစ္စာခံ၍ မိမိ ကောင်းစားရေးလမ်း၊ တကိုယ်စာလုံခြုံရေးလမ်း တခုကိုသာ ရွေးမည်လော။ ဤအချက်များကတော့ ၎င်း၏ ရွေးချယ်မှုသာ ဖြစ်သည်။
အခြေအနေက မြန်မာနိုင်ငံအတွက် တကယ့်အလှည့်အပြောင်းကာလ ဖြစ်သည်။ တကယ့်အကျပ်အတည်း ကာလ ဖြစ်သည်။ သံဃာတော်များနှင့် လူထုဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းခဲ့ပြီးကာလ၊ အစိုးရအပေါ် လူထုက ယုံကြည်မှု သုည နီးပါး ကျဆင်းနေသည့်အခြေအနေ၊ လူ့အဖွဲ့အစည်းတခုလုံးအပေါ် ရိုက်ခတ်ခဲ့သော ဒဏ်ရာဒဏ်ချက်များကို ပြန် လည် ကုစားပေးရတော့မည့် အချိန်၊ စီးပွားရေးအရ တိုင်းပြည် ချွတ်ချုံကျနေချိန်၊ သံတမာန်ရေးအရ အဆိုးရွားဆုံးသော နိမ့်ကျမှု ကြုံရသောအချိန် (အမေရိကန်ပြည်ထောင်စုမှ စီးပွားဒဏ်ခတ်မှု ၂ ကြိမ်၊ ကနေဒါမှ စီးပွားပိတ်ဆို့မှု၊ သြစတြေလျ မှ စီးပွားဒဏ်ခတ်မှု၊ ဥရောပ သမဂ္ဂမှ စီးပွားဒဏ်ခတ်ပိတ်ဆို့မှုများနှင့် နိုင်ငံတကာ ပစ်တင်ဝေဖန်မှု၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကပင် ဆွေးနွေးကြေငြာချက်များ ထုတ်ပြန်လာသည့်အချိန်) ဖြစ်သည်။ ဤအခြေအနေကို ပုံမပျက် ဘာမှမဖြစ် သလို နေသွားမည်ဆိုပါက ဉာဏ်နည်းရာလည်းကျသည်။ အရည်အချင်း မရှိရာလည်း ကျပါလိမ့်မည်။
အနည်းဆုံး အစိုးရအပေါ် လူထုယုံကြည်မှု ပြန်လည်တည်ဆောက်ရန် လိုအပ်ပါသည်။ ကြံ့ဖွံ့ထောက်ခံပွဲများ အတင်း အကျပ်စီစဉ်နေရုံမျှဖြင့် သတင်းစာဆောင်းပါးများတွင် အစိုးရကို ချီးမွမ်းနေခြင်းဖြင့် မပြီးပါ။ တအိမ်တက်ဆင်း ဖမ်းဆီး ဖိနှိပ် ၍ အကြောက်တရားစိုးမိုးထားစေရုံမျှဖြင့် မရပါ။ လူမှုအဖွဲ့အစည်း၏ သြဇာကြီးသည့် အဖွဲ့အစည်းတခုဖြစ်သော သံဃာထု များကလည်း အာဏာပိုင်များနှင့် မဆက်ဆံရေး ကံဆောင်သပိတ်မှောက်ထားကြပါသေးသည်။ အစိုးရကို ယုံကြည်မှုရှိလာ စေရေးအတွက် အနည်းဆုံး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းရန် လိုအပ်ပါလိမ့်မည်။ ၁၉၇၀ ခုနှစ်များကာလ လုပ်သား ထု ဆန္ဒပြပွဲများနှင့် ဆင်မလိုက်သင်္ဘောကျင်း သွေးထွက်သံယိုချေမှုန်းမှုများကပင် (မဆလ) အစိုးရက ကော်မရှင်များဖွဲ့ စည်း၍ အစီရင်ခံစာ တင်သွင်းစေခဲ့ပါသည်။ ၁၉၈၈၊ မတ်လ ကိုဖုန်းမော်ကျဆုံးရသည့် အရေးအခင်းတွင်လည်း ကော်မရှင် များဖွဲ့စည်း စစ်ဆေးစေခဲ့ပါသည်။ လူအများ ထောင်ကားအတွင်း လေပိတ်သေဆုံးမှုကြောင့် တာဝန်ခံသူ ၀န်ကြီးချုပ် ဦး မောင်မောင်ခပင် နှုတ်ထွက်ခဲ့ရပါသေးသည်။ ယခု ဆန္ဒပြပွဲများဖြစ်ပွားခဲ့သည့် အခြေခံအကြောင်းအရင်း၊ အကျိုးဆက်၊ ဖြေရှင်းရန်နည်းနာများအတွက် ကော်မရှင်ဖွဲ့ ဆောင်ရွက်ရန် လိုပါလိမ့်မည်။ လက်ရှိစစ်အစိုးရ၏ ဆောင်ရွက်ချက်များသည် မည်သည့်ခေတ် မြန်မာနိုင်ငံရှိ အစိုးရနှင့်ယှဉ်ယှဉ်၊ လက်ရှိကာလ မည်သည့်နိုင်ငံနှင့်ယှဉ်ယှဉ် စံမမီ နိမ့်ကျနေပြီး၊ လက်လွတ်စပယ်ဆန်လွန်းလှပါသည်။ ဤအချက်များကို အလျှင်အမြန်ပြုပြင်ရန် လိုအပ်နေသည်။ သံဃာတုများ၊ ပြည်တွင်းပြည်ပအဖျက်သမား များ လက်ချက်ဟု မျက်စိမှိတ်စွပ်စွဲနေရုံမျှဖြင့် မဖြစ်နိုင်ပါ။ အခြေခံပြဿနာများ ပြေလည်သွားစေမည့် နည်းမဟုတ်ပါ။
တာဝန်ရှိသူများကို အရေးယူရန်လိုပါလိမ့်မည်။ ယခုအချိန်အထိ ဗဟိုတရားသူကြီးချုပ်က တခွန်းပြောသည်ကို မကြားရ သေးပါ။ ပါကစ္စတန်နိုင်ငံရှိ မငြိမ်မသက်မှုများအတွင်းက တရားသူကြီးချုပ်က ရဲများ၏ လွန်လွန်ကျူးကျူးဆောင်ရွက်ချက် များကို ဝေဖန်ပြစ်တင်၍ ရဲချုပ်ကိုပင် ရာထူးချခဲ့ပါသေးသည်။ မကြာသေးမီက တရားစီရင်ရေးကဏ္ဍ၊ အစိုးရ၀န်ကြီးဌာနများ တွင် အာဏာအလွဲသုံးနေမှုများကို တိုင်ကြားနိုင်ရန် ဖုန်းနံပါတ်၊ လိပ်စာများ ကြေငြာခဲ့ပါသေးသည်။ ဤလုပ်ငန်းများက တကယ်ရော နားထောင်နေကြပါ၏လား။ တရားသူကြီးချုပ် ဦးအောင်တိုး စကားတခွန်းမဟသေးပါ။ ဤသို့ဆိုလျှင်ဖြင့် တရားစီရင်ရေးမဏ္ဍိုင်အပေါ် မည်သည့် ပြည်သူမျှ ယုံကြည်မှု ရနိုင်ကြလိမ့်မည် မဟုတ်ပါ။ ထိုမျှမက ဆန္ဒပြပွဲများကို ချေ မှုန်းမှုများတွင်လည်း အုပ်ချုပ်ရေးဆိုင်ရာအရ အားနည်းချို့ယွင်းချက်များ များစွာ ရှိနေခဲ့သည်။ ၁၉၈၈ စစ်အုပ်ချုပ်ရေး ဥပဒေကြေငြာစဉ်ကပင် နိုင်ငံပိုင်သတင်းစာ၊ ရုပ်မြင်သံကြားများက တရားဝင်ကြေငြာပေးရပါသည်။ ၂၀၀၇ ယခုတကြိမ်လို FM ရေဒီယိုမှကြေငြာ၊ ကားဖြင့်လှည့် စပီကာဖြင့်အော်မျှဖြင့် မဖြစ်နိုင်ပါ။ ခိုး၍ လူသတ်နေခြင်းသာ ဖြစ်သည်။ ၁၉၈၈ ခုနှစ် စစ်အုပ်ချုပ်ရေးကာလက မည်သူက တာဝန်ရှိသည်ဟူ၍ ရန်ကုန်ကို စစ်နယ်မြေ ၄-ခုခွဲကာ တာဝန်ရှိသူ ဗိုလ်မှူးကြီးများကို ကြေငြာပေးခဲ့သည်။ ယခု နှိမ်နင်းမှုများကို မည်သူက အမိန့်ပေးသနည်း။ မည်သူက လွန်လွန်ကျူးကျူး လုပ်ဆောင်ခဲ့ သနည်း။ ဖော်ထုတ်အပစ်ပေးရန် တာဝန်ရှိပါသည်။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးဆိုလျှင် မည်သို့ပင်ဖြစ်စေ၊ ရဲတပ် ရင်းများ၊ လုံခြုံရေးကို တာဝန်ယူထားသည့်အတွက် အထူး တာဝန်ယူရမည့်သူ ဖြစ်ပါသည်။
စီးပွားရေးကဏ္ဍတွင်လည်း ပြုပြင်ပြောင်းလဲရေးလုပ်ရန် များစွာရှိနေသည်။ မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ် မပီ ပြင်သေး။ ဘဏ်စနစ်များ ပြိုလဲနေသည်။ မြင်သာသည့်အချက်ပြောရလျှင် ရန်ကုန်မြို့တွင်ပင် ငွေထုတ်စက် ATM တလုံးမျှ မရှိသေး။ အချို့ စီးပွားရေးကဏ္ဍများက လွတ်လပ်စွာပြိုင်ဆိုင်ခွင့်မရှိ။ လက်ဝါးကြီးအုပ်ဈေးကွက်များ ဖြစ်နေသည်လည်း ရှိ သည်။ (ဥပမာ-ကားဈေးကွက်၊ တယ်လီဖုန်းဈေးကွက်) စီးပွားရေးသဘောအရ အခြေခံပြုပြင်ရမည့် အချက်များ (economic fundamentals) အများအပြား ပြင်ဆင်စရာ ရှိနေသည်။ ဈေးကွက်က မလွတ်လပ်၊ ငွေဖောင်းပွမှုနှုန်းက မြင့်မားလွန်းနေသည်။ ပညာရှင်တဦးပြောခဲ့သလို စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်ရာတွင် မြစ်ကို အမြန်ကူးဖို့လိုသည်။ နှေးနှေးကူးနေလျှင် အလျားလိုက်ကူးနေလျှင် ရေနစ်သွားလိမ့်မည်။ မိမိတွေ့ဖူးသော နိုင်ငံတကာ စီးပွားရေးပညာရှင်များ၊ ကမ္ဘာ့ဘဏ် အရာရှိများက မေးပါသည်။ မြန်မာနိုင်ငံတွင် မည်သူက ဦးဆောင်၍ စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်နေသည် လဲ။ မြင်သာထင်သာမရှိပါ။ ကူးသန်းရောင်းဝယ်မှုဝန်ကြီး ဗမခတင်နိုင်သိန်းလား၊ မွေး/ရေလုပ်ငန်းဝန်ကြီး ဗမခ မောင် မောင်သိန်းလား။ မြန်မာနိုင်ငံရှိ သံတမာန်အများကပင် ၀န်ကြီးများတွင် ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း သိနေကြပါသည်။
နိုင်ငံတကာနှင့် သံတမာန်ရေး ပြန်လည်တိုးတက်စေရေးအတွက်လည်း ဆောင်ရွက်ရတော့မည့် အချိန်ဖြစ်သည်။ ပျက်သွား ခဲ့ပြီ၊ ပြန်ပြင်ရတော့မည့် (damage control) လုပ်ရတော့မည့် အချိန်ဖြစ်ပါသည်။ ဗိုလ်ချုပ်သိန်းစိန် လာအို၊ စင်္ကာပူ၊ ကမ် ဘောဒီးယားနိုင်ငံများ လှည့်ရုံမျှဖြင့် မြန်မာနိုင်ငံ ကျဆင်းနေသော သိက္ခာများ ပြန်၍ တက်မသွားနိုင်ပါ။ တို့က အချုပ်အခြာ အာဏာပိုင်သည်။ ကုလသမဂ္ဂကိုလည်း တင်းတင်းမာနဖြင့် ဆက်ဆံမည်ဆိုရုံမျှဖြင့်လည်း စီးပွားရေးဒဏ်ခတ်မှုများ၊ နိုင်ငံ ရေးအရ အရေးယူမှုများ ယုတ်လျှော့မသွားနိုင်ပါ။ ပို၍ အထီးကျန်ပြီး လူတောမတိုးရဲသည့် နိုင်ငံမျိုး ဖြစ်သွားပါလိမ့်မည်။ ဂလိုဘယ်လိုက်ဇေးရှင်းကာလတွင် အခွင့်အလမ်းအားလုံး ဆုံးရှုံးရပါလိမ့်မည်။
ရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေး လုပ်နေပါသည်ဟု ဆိုသည်။ ဗိုလ်ချုပ်အောင် ကြည်ကို ဆက်ဆံရေးဝန်ကြီးခန့်ထားခဲ့သည်။ မည်သူ တာဝန်ခံပါသလဲ။ စိတ်ကြိုက်အချိန်ဆွဲ ဆွေးနွေးနေ၍ မဖြစ်ပါ။ အကျပ်အတည်းများက သူ့အလိုလိုကောင်းသွားလိမ့်မည် မဟုတ်ပါ။ ပြောရလျှင် တိတိကျကျမူချဖို့၊ ရှေ့တဆင့်လှမ်းဖို့ လိုလာနေပြီ။ သက်တောင့်သက်သာနေနိုင်သည့် ဇုံ (comfort zone) မှ ထွက်ရပါတော့မည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးအတွက် ကော်မရှင်ဖွဲ့ပေးသည်။ သက်တမ်းကန့်သတ်ချက်မပါ။ ပြောရလျှင် ချို့ယွင်းအားနည်းချက် တွေက အပုံ။ အစိုးရယန္တယားတခုလုံးက မြင်ရသမျှ အလွဲလွဲ အချော်ချော်ဖြစ်နေသည်။ ဤသို့ဆိုလျှင်ဖြင့် တအိအိပြိုကျရ သည့် အခြေအနေမျိုးကို ကြုံရပါလိမ့်မည်။
အာဂျင်ဒါ
ဝန်ကြီးချုပ်တဦး တက်လာလျှင် မည်သည့်နိုင်ငံတွင်မဆို ရှေ့လုပ်ငန်းစဉ် (အာဂျင်ဒါ) တင်ပြကြရသည်။ မိမိ မူဝါဒအောင် မြင်ရေးအတွက် လူအများကို လှုံ့ဆော်စည်းရုံးကြရသည်။ ၀န်ကြီးဌာနများကို ကြီးကြပ်သည့် စီမံခန့်ခွဲရေး ဗျူရိုကရက် အလုပ်မျှသာ မဟုတ်။ နိုင်ငံရေးအရလည်း ဦးဆောင်မှု ပေးကြရသည်။ သို့အတွက်ကြောင့် မိမိ အာဂျင်ဒါကို တခုခု တင်ကြ ရခြင်းဖြစ်သည်။
(န၀တ) စစ်အစိုးရ တက်လာစဉ်က “တို့တာဝန် အရေး ၃-ပါး”နှင့် ထွက်လာခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပရေးအပါအ၀င် လုပ်ငန်းစဉ် ၅-ရပ်ရှိသည်။ နောက်တော့ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် ၁၂-ရပ် ထပ်ဖြစ်လာခဲ့သည်။
ဗိုလ်ချုပ်ခင်ညွန့် ၀န်ကြီးချုပ်ဖြစ်စဉ်ကလည်း “ဒီမိုကရေစီရေးအတွက် လမ်းပြမြေပုံ ၇-ဆင့်” ဖြင့် တက်လာခဲ့သည်။ ခုထက် တိုင် စစ်အစိုးရက ယုံယုံ-မယုံယုံ ဆက်သုံးနေကြရဆဲ။ ဗိုလ်ချုပ်စိုးဝင်း ၀န်ကြီးချုပ်ဖြစ်လာစဉ်ကလည်း သန့်ရှင်းသည့် အစိုးရစနစ် (Clean Government agenda) ကိုတင်လာခဲ့သည်။ ခြစားမှု၊ လာဘ်စားမှု ကင်းရှင်းစေရေးအတွက် တိုက် တွန်းခဲ့သည်။ အစိုးရဌာနများ၏ မတရားမှုများ၊ ခြစားမှုများကို တိုင်ကြားနိုင်သည့် ဖုန်း/ဖက်စ်နံပတ်၊ လိပ်စာများ ကြော်ငြာ ပေးခဲ့သည်။ သို့သော် ပြောသည့်အတိုင်း ဖြစ်မလာခဲ့။ ခေါင်က မိုးယိုနေသည်ကိုး။ ဗိုလ်ချုပ်သိန်းစိန် ၀န်ကြီးချုပ်ဖြစ်လာခဲ့ သည်။ မည်သည့် ရှေ့လုပ်ငန်းစဉ် တင်ပြချက်မှ မတွေ့ရပါ။ ယခင်လူများ လမ်းအတိုင်း ဆက်သွားမည်၊ လမ်းပြမြေပုံနှင့် ဆက်ချီတက်မည် ဆိုနေရုံမျှဖြင့် မလုံလောက်ပါ။ တီထွင် ထိုးထွင်းမှုများကိုလည်း မတွေ့ရပါ။
အမှားများ၊ အမှန်များ
ဗိုလ်ချုပ်သိန်းစိန် ၀န်ကြီးချုပ်ဖြစ်လာချိန်မှ စ၍ ဆောင်ရွက်ခဲ့သမျှကို ပြန်ဆန်းစစ်ကြည့်လိုသည်။ အမှန်များရှိခဲ့သလို အကျိုးနည်းစေမည့် အများများကလည်း အများအပြား လုပ်ခဲ့သည်။
ကုလ အထူးသံ မစ္စတာ ဂမ်ဘာရီကို ဆက်ဆံ၍ နှစ်ကြိမ် လာခွင့်ပေးခဲ့သည်။ အမှန်ဟု ချီးကျူးရလိမ့်မည်။ ကုလ လူ့အခွင့် အရေးဆိုင်ရာ အထူးသံအရာရှိ မစ္စတာပင်နဲရိုးကို လာခွင့်ပေးပြီး၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုခဲ့သည်။ ဒီကိစ္စမှန်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ဆက်ဆံရေးဝန်ကြီး ခန့်ပေးခဲ့သည်။ ဒီအချက်လည်း ကြိုဆိုရလိမ့် မည်။
သို့သော်လည်း တိုင်းပြည်အတွင်း ဖိနှိပ်မှုများ၊ ဖမ်းဆီးမှုများ ဆက်လက်ကျူးလွန်ဆဲ။ နိုင်ငံတကာ ဧည့်သည်များရှိနေစဉ် အချိန်ပင် မရှောင် ဆောင်ရွက်နေသည်။ မည်သူ အမိန့်ပေးနေသနည်း။ ကြံ့ဖွံ့ထောက်ခံစုရုံးပွဲများလည်း အတင်းအကျပ် ဆက်၍ စီစဉ်နေဆဲ။ ဗိုလ်ချုပ်သိန်းစိန် သဘောထားပါသည်လား၊ နှုတ်ဆိတ်နေသည်လား မသဲကွဲ။ ယခု အပစ်အခတ်ရပ် စဲရေး အဖွဲ့များနှင့် တင်းမာမှုများလည်း ပြန်ပေါ်လာနေသည်။ အဆိုးဆုံးက ကုလ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ဌာနေရုံး ကိုယ်စားလှယ် မစ္စတာ ချားစ် ပေထရီကို ထုတ်ပြန်ကြေငြာချက်တခုအပေါ် သဘောမတွေ့၍ ဆက်၍နေထိုင်ခွင့်ကို ငြင်းခဲ့ သည်။ အကဲဆတ်လွန်းရာကျပြီး၊ သံတမန်ရေးအရ မရင့်ကျက်ရာကျနေသည်။ သံတမာန်ရေး အမှားကြီးဟု ဆိုနိုင်သလို၊ ကုလသမဂ္ဂနှင့် အခြားဆက်ဆံရေးကိစ္စများတွင်လည်း မျက်တောင်တဆုံးသာ မြင်ရာကျပါသည်။ ပို၍ ဆိုးသည်က အာဆီယံ အဖွဲ့အစည်းအဝေးတွင် နိုင်ငံအားလုံးကို နှပ်ပစ်ခဲ့သည်။ ပြည်သူ့ချဉ်ဖတ်လုပ်ခဲ့သည်။ မျက်နှာအပုတ်သားနှင့် ထိုင်ပြီး ပြန်လာခဲ့သည်။ မာနတခွဲသားကို ပြ၍ မည်သည့်အကျိုးအမြတ်ရပါသနည်းဟု မေးခွန်းထုတ်စရာ ရှိနေပါသည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ထူးထူးခြားခြား ဆောင်ရွက်လာခြင်း မတွေ့ရဘဲ၊ ၀န်ကြီးဦးစိုးသာကထွက်၍ မည်သူမျှ မယုံကြည်သည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်နေပါသည်ဟူသော ဓါတ်ပြားဟောင်းကို ဖွင့်ပြခဲ့ပါသေးသည်။ ခြုံ၍ ဆိုရလျှင် တော့ ၀န်ကြီးချုပ်ဖြစ်ပြီးကာလ တလအကြာအထိ ထူးထူးခြားခြား စွမ်းဆောင်ချက် မတွေ့ခဲ့ရပါ။ မျှော်လင့်နေမိသည်က လည်း မိမိအမှား ဖြစ်နိုင်ပါသည်။
ဗခသိန်းစိန် တြိဂံစစ်တိုင်း တိုင်းမှူးတာဝန်ယူခဲ့စဉ်ကာလက မည်သည့်အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကိုမျှ ထူးထူး ခြားခြား မဆောင်ရွက်နိုင်ခဲ့သလို၊ အတွင်းရေးမှူး (၁/၂) တာဝန်ယူနေစဉ်ကာလများလည်း ထူးခြားသည့် စွမ်းဆောင်မှုများ မတွေ့ခဲ့ရပါ။ ဗခသိန်းစိန် အမျိုးသားညီလာခံဥက္ကဌ တာဝန်ယူနေချိန် ၂၀၀၄ ခုနှစ်၊ မေလတွင် အပစ်အခတ်ရပ်စဲရေးအဖွဲ့ ၁၃ ဖွဲ့က ဖွဲ့စည်းပုံအတွင်း တိုင်းရင်းသားအခွင့်အရေးများ ထည့်သွင်းပေးရန် တင်ပြချက်များပြုစဉ်ကလည်း ထူးထူးခြားခြား ညှိနှိုင်းနိုင်ခဲ့ခြင်း မရှိ၊ အထက်ကို တင်ပြပေးပါမည်နှင့်သာ ပြီးခဲ့ရပါသည်။
လက်ရှိအကန့်အသတ်များ
ဗိုလ်ချုပ်သိန်းစိန်ကိုလည်း ကိုယ်ချင်းတော့ စာမိသည်။ စစ်အစိုးရ ဖွဲ့စည်းထားပုံအရ လုပ်ပိုင်ခွင့် သိပ်မရှိလှ။
- နိုင်ငံတော်စီမံကိန်းများကို- တပ်ချုပ်ကြီးသန်းရွှေက ချုပ်ထားသည်။
- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှု ကော်မရှင်ကို- ဗခကတင်အောင်မြင့်ဦး (တွင်း-၁) က ဦးဆောင်နေသည်။
- ၀န်ကြီးဌာနများ ကွပ်ကဲရေးတာဝန်ရှိသည်ဆိုသော်လည်း စီနီယာကျသည့် ဗိုလ်ချုပ်များ၊ တပ်ချုပ်ကြီးနှင့် မျက်နှာ သာရသည့် ၀န်ကြီးများကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ရန်မလွယ်။ ဥပမာ- ကြံ့ဖွံ့ဂိုဏ်သားများ ရှိနေသလို၊ ယဉ်ကျေးမှုဝန်ကြီး ဗခခင်မောင်မြင့်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို သြဇာချရေးအတွက် အပစ်ရပ်အဖွဲ့များ ကို စာထုတ်ရန် သွားတိုက်တွန်းနေသေးသည်။ အမှန်ဆို ဗခခင်မောင်မြင့်က ပင်စင်သက်ကျော်ပြီ။ အနားပေးသင့် နေပြီ ဖြစ်သည်။
ထားဦးတော့။ ထိုမျှမက ကျန်းမာရေးအရ ဗခသိန်းစိန်က နှလုံးနှိုးစက် (Pace Maker) တပ်ထားရသူလည်းဖြစ်သေးသည်။ လူငယ်လေးလို မစွမ်းနိုင်တော့။
ထို့အပြင် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် အညီပြောင်းနေသော အခြေအနေကိုလည်း မျက်ခြေမပြတ်ရန် လိုအပ်ပါသည်။ အင်တာနက်များကို ဖြုတ်ချလိုက်၊ ဖုန်းလိုင်းများ ပိတ်လိုက်၊ စစ်အုပ်ချုပ်ရေး ဥပဒေ ထုတ်လိုက်-ရုပ်လိုက်ဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီးကို တည်ဆောက်နိုင်လိမ့်မည် မဟုတ်ပါ။ ပြီးခဲ့သည့် အေဆီယံထိပ်သီးအစည်းအဝေး တွင် မြန်မာနိုင်ငံ၏ ၀န်ကြီးချုပ်တဦးအနေဖြင့် မည်သို့မျှ သံတမန်ရေးအရ ထူးခြားထက်မြက်စွာ မဆောင်ရွက်နိုင်ခဲ့ကြောင်း ပေါ်လွင်နေပါတော့သည်။ ဤသို့သော အစည်းအဝေးမျိုးက သာမန်သွားတက်ရုံ၊ အလည် ပြန်လာရုံမဟုတ်၊ အေဆီယံနှင့် မိတ်ဖက်နိုင်ငံ ခေါင်းဆောင်များအချင်းချင်း နှစ်နိုင်ငံ အကျိုးစီးပွားများ ညှိကြသည်။ နှစ်နိုင်ငံ အကျိုးတူစာချုပ်များ ချုပ်ဆို နိုင်ရန် ကြိုးပမ်းကြသည်။ မိမိနိုင်ငံ၏ စီးပွားရေးအလားအလာကို ပြ၍ ရင်းနှီးမြှုပ်နှံမှုအသစ်များကို ရှာကြံဆကြသည်။ အုပ်စုတွင်း အခြားအကျိုးတူစီးပွားများ ရှာကြသည်။ ပုံမှန် အစည်းအဝေးထက်စာလျှင် ပြင်ပတွင် ပို၍ နိုင်ငံခေါင်းဆောင် များက အလုပ်ရှုပ်တတ်ကြပါသည်။ ကျနော်မြင်ယောင်မိသည်။ ဗိုလ်ချုပ်သိန်းစိန်ကတော့ မျက်နှာအပုတ်သားနှင့် ထိုင်နေ မည်။ သတင်းစာများလည်း မတွေ့လို၊ အခြားနိုင်ငံများနှင့် တွေ့လျှင်လည်း ဝေဖန်ခံနေရမည့်အတူတူ မထူး။ လူတောလည်း မတိုးဝံ့တော့။ နောက်ဆုံး နိုင်ငံ၏မာနကို တင်လာခဲ့သော်လည်း ကျန်အကျိုးစီးပွားများ အားလုံးလက်လွှတ်ရကာ၊ လက် ချည်းပလာ ပြန်လာခဲ့ရသည်။ အေဆီယံအတွင်းလည်း လူဆိုတဦးသဖွယ် အားလုံးက သတ်မှတ်ဆက်ဆံခံခဲ့ရသည် မဟုတ်ပါလား။
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ၀န်ကြီးချုပ်များ၏ တာဝန်က ဤသို့မိန့်ခွန်းဖတ်ရုံ သက်သက်မျှ မဟုတ်တော့ပါ။ စီးပွား ရေး၊ အကျိုးစီးပွား၊ ဒေသတွင်း ဦးဆောင်မှုရနိုင်ရေး၊ အခြားအီးယူ-တရုပ်-ဂျပန်နိုင်ငံများနှင့် ကွန်ရက်များ ပိုမိုကျယ်ပြန့်နိုင် ရေး ဆောင်ရွက်ကြရတော့မည့် အချိန်ဖြစ်ပါသည်။
နောက်ဆုံးအနေဖြင့် ပြောရသော်လည်း အရေးကြီးသည့်ကိစ္စကျန်နေပါသေးသည်။ မြန်မာနိုင်ငံ မြို့ကြီးအနှံ့အပြားတွင် ဖြစ် နေသည့် လျှပ်စစ်မီးပျက်သည့် ပြဿနာဖြစ်ပါသည်။ ဗိုလ်ချုပ်သိန်းစိန်ကသာ မီး-၂၄ နာရီလင်းအောင် လုပ်နိုင်လျှင် လူထု ထောက်ခံမှု ပိုရဖွယ်ရှိပါသည်။ ထိုမျှမက ရန်ကုန်မြို့တော်၏ သဘာဝဘေးဒဏ်ခံနိုင်ရေ မြှင့်တင်ရန်၊ အရေးပေါ်အစီအမံများ ပြုလုပ်ရန်လည်း အထူးလိုအပ်နေပါပြီ။ ရန်ကုန်တွင် ၃-ကြိမ်ရေကြီးခဲ့သည်။ ကယ်ဆယ်ရေးယန္တယား၊ လုံခြုံရေးတပ်များ ရောက်မလာခဲ့။ တရုတ်နိုင်ငံ ရေကြီးစဉ်တိုင်းတွင် ပြည်သူ့တပ်မတော်သားများက ကူညီ၍ အမှတ်ယူခဲ့ကြသည်။ ရန်ကုန် တွင်တော့ လုံခြုံရေးတပ်များက ဆန္ဒပြပွဲများကျမှသာ အကြမ်းဖက်နှိမ်နင်းရန် ရောက်လာကြပါသည်။
ဤသို့ ဆိုလျှင်ဖြင့် နောက်ဆုံးအကဲဖြတ်ကြိုဖြတ်ထားရလျှင် ဗိုလ်ချုပ်သိန်းစိန်တယောက်သည်လည်း ထူးမခြားနား၊ မလုပ်-မရှုပ်-မပြုတ်၊ တချိန်ကျလျှင် လူအများမေ့သွားမည့် ၀န်ကြီးချုပ်စာရင်းထဲသာ ၀င်သွားဖို့ ရှိနေပါတော့သည်။
အောင်သူငြိမ်း
၂၇ နို၊ ၂၀၀၇ ခုနှစ်။
2 comments :
"Killer" Than Shwe thought about giving the prime minister position to a monkey but he changed his mind when he found out the monkey has a tail.
just find the way to get out first before you kill them,monkeys ga guns we ga none and a lot of political genius are still living in oversea and talking about saving Burma ,actually they can't even save their own butt when they were in Burma and they keep hoping about get help from U.S.but the reality is no business no war for U.S and they know how to create the war but they don't know how to end up the war.
We really need to truly unite before we face with them.
a few of SPDC leaders are stupid, hard head but they have
ranks power to leading the wrong way to positive manner leaders and have to follow detail everything what they said .everyone love to served their country for different reason but the point is we have to find their weakness and break those link.we have to change our strategy to fight back.
No Information No War
Post a Comment