Friday, 2 November 2007

ဂဠုန်တွေကို ရိုက်တဲ့ပွဲ

ဂဠုန်တွေကို ရိုက်တဲ့ပွဲ

မိုးသီးဇွန်

ကျနော် အသက် ၁၉ နှစ်လောက်တုံးက လူက သိပ်တက်နေတာ။ သွေးကသိပ်ဆူသပေါ့။

မဟုတ်မခံ။ လက်ကလည်း မြန်တယ်။ အမေတို့အမတို့ဆိုရင် တဟဲ့ဟဲ့နဲ့ ရင်တမမ။ အဘိဓမ္မာကလည်း ရှင်းရှင်းပဲ။ မတရားမှုဆိုရင် လက်ပိုက်ကြည့် မနေနဲ့ ပြန်ဆော်ပြစ်။

မဆလ အာဏာပိုင်တွေက ကန်ကော်တန်းဈေးလေးကို ဖျက်သိမ်းလိုက်တဲ့အခါမှာ မတရားမှုအတွက် တိုက်ပွဲဝင်ဖို့ အကြောင်း ဖန်လာတော့ သဗျို့။ ဘ၀မှာ ပထမဆုံး လက်နက်ကိုင် တော်လှန်ရေးလို့တောင်ဆိုနိုင်လား ဆိုနိုင်ရဲ့။

ကန့်ကော်တန်းဈေး ဆိုတာက တောင်ဥက္ကလာ ၁၆ ရပ်ကွက်မှာ တည်ရှိတယ်။

ဈေးကြီးကို ကျနော်တို့ မိကျောင်းကန်၊ ၁၆ရပ်ကွက် နဲ့ (ဈ) တောင် ရပ်ကွက် သုံးရပ်ကွက်က လူထုတွေက အများဆုံး ၀ယ်ကြတယ်။ ဈေးသည်တွေကလည်း တခြားသူတွေ မဟုတ်ဘူး။ ဒီရပ်ကွက် သုံးရပ်ကွက်က လူတွေပဲ။ ကန့်ကော်ပင်တန်းကြီးတွေ ကို အစွဲပြုပြီး ကန့်ကော်တန်းဈေးလို့ ခေါ်တယ်။ ဧရာမ ကန့်ကော်ပင်တန်းကြီးတွေ။ ဈေးက နေရာလည်းကျယ်၊ မြေလည်းကောင်း၊ ဈေးရုံတွေနဲ့ သပ်သပ်ယပ်ယပ် ရှိတယ်။ နှစ်ပေါင်းများစွာလည်း ကြာခဲ့ပြီ ဆိုတော့ ဈေးသည်တွေနဲ့ လူထုတွေလည်း ရင်းနှီးကြတယ်။ ကျနော် ငယ်ငယ်က ကျောင်းပိတ်တဲ့ရက်တွေမှာ ဈေးကိုသွားရင် သိပ်ပျော်တယ်။ ဈေးထဲမှာ ကျနော် စိတ်ဝင်စားဆုံး ဆိုင်တွေက သံဖြူဆိုင်နဲ့ ကာတွန်းဆိုင်။ သံဖြူဆိုင်မှာ သံဖြူဆရာက မော်တော်လုပ်နေတာကို ကြည့်ရတာ ရင်အခုန်ရဆုံး။

ဝယ်နိုင်ဖို့ နေ့စဉ် ပိုက်ဆံစုခဲ့ရတာက ချိုးလက်ရေ မကုန်နိုင်။ အမေက ဟဲ့ ဈေးထဲမှာ ဘာသွားဝယ်ဦးဆို ကောက်ကနည်း ထပြေးပေးခဲ့တာက ဒီဆိုင်တွေ ရှိနေတာလည်း တကြောင်းပေါ့။

ဈေးသည်ကြီးတွေက ဟဲ့ ကောင်လေး ခဏစောင့် ရဦးမယ်။ နင် မှာတာမရသေးဘူး။ စောင့်နိုင်လားဆိုရင် စောင့်ရတဲ့ အချိန်မှာ ကာတွန်းဆိုင်ကို ပြေးခဲ့မိတာမှတ်မိတယ်။ ကာတွန်းဆိုင်က ရွှင်ပြုံး၊ တေဇ၊ ရွေသွေးတွေကို မက်မက်စက်စက် ဖတ်တယ်။ ဦးဘကြည် လက်ရာ တွေအကြိုက်ဆုံး၊ ဇာတ်လမ်းတွေကလည်း အများဆုံးက ၅၅၀ နိပါတ်တော်လာတွေ။ ကလေးတွေကို စာရိတ္တ ကောင်းမွန်ရေးအလိုငှာ ကောင်းမှုနဲ့ မကောင်းမှု ဇာတ်ရုပ်တွေနဲ့ ခွဲခြားပြတယ်။ စာဖတ်ကို စွဲလို့။

ခုခေတ် ကာတွန်းတွေလို ဖေတော့မောင်တော့တွေ မဟုတ်ဘူး။

ဈေးကြီးက ကျနော် အရွယ်ရောက်လာလေ စည်လာလေပဲ။ ဈေးထဲကို သွားရတဲ့ပျော်ရွင်မူကနေ ရင်ခုန်မှု အဖြစ်လည်း ပြောင်းလဲလာရဲ့။ ဒါကတော့ မတင်သန်းကြောင့်ပေါ့။ မိန်းမက အသားညိုညို။ အရပ်က မြင့်မြင့်။ သွယ်တဲ့ကိုယ်ဟာ သပြေပင်လိုလှ ။ ကြည့်လို မ၀နိုင်ဘူး။

သူမက ဈေးထဲမှာ ကုန်ခြောက် ရောင်းတယ်။ ကျနော်တို့က တရပ်ကွက်တည်းသားတွေ။ ရပ်ကွက်ထဲကလူကြီး တွေက ပါးစပ်ကြမ်းတယ်။ တင်သန်းနဲ့ ကျနော်ကို ငယ်ငယ်ကတည်းက စလာတာ။ ငယ်ငယ်တုံးက သူနဲ့စရင် စိတ်ဆိုးမိတာတွေကို နောင်တရချင်သလိုလို ဖြစ်လာတယ်။ တင်သန်းဆိုင်ကိုသွားရင် လူတွေက

“ဟေ့ တင်သန်း နင့်ယောက်ျားလာပြီ။”

“ဟာ မဟုတ်ရပါဘူးဗျာ။ ”

သူက - “ ဦးလေးကလည်း ပေါက်ကရရှစ်ဆယ်တော် ကျမတို့က မောင်နှမတွေပါတော်။ ”

မျက်နှာ စပ်ဖျင်းဖျင်း ဖြစ်ရတယ်။ ဒါပေမဲ့ အစခံရတာကိုက အရသာရှိသလိုလို ဘာလိုလို။

တနေ့တော့ ငပေညီ ပေကြည် က ဈေးကြီးဖျက်ရတော့မယ်ကွ ဆိုတဲ့ အမင်္ဂလာ သတင်းကို ယူလာတယ်။ ဟုတ်ရဲ့လားကွ လို့တအံတသြမေးမိတယ်။ သူက သင်္ကန်းကျွန်း မြို့နယ်ကောင်စီ ဥက္ကဌ လက်မှတ်နဲ့ ဈေးထိပ်မှာ စာရွက်တရွက် ကပ်ထားတယ်လို့ ဆိုတယ်။

စုံစမ်းကြည့်တော့ ဟုတ်တယ်။ ဈေးသူဈေးသားတွေ အားလုံး စိတ်ပျက်နေကြတယ်။ အာဏာပိုင်တွေက ဒီနေရာက မကောင်းဘူး။ ပိုကောင်းတဲ့နေရာကို အစိုးရကစီစဉ်ပေးတာလို့ ပြောတယ်။ ဈေးကို ဖျက်ပြီး နေရာသစ်ကိုပို့ ဖို့လုပ်တယ်။ နေရာသစ်က ၃မိုင်လောက်ဝေးသွားတယ်။ ၁၅ ရပ်ကွက် လမ်းဆုံနားက နေရာ။ ဒီသုံးရပ်ကွက်ကလူတွေက ပိုများတယ်။ နေရာသစ်က လူလည်းပြတ်တယ်။ ဈေးတည်ဖို့မကောင်းဘူး။ဒီနေရာကိုဈေးပြောင်းရတဲ့အကြောင်းက နောက်ခံက ရှိတယ်။ ဒါကတော့ မဆလခေတ်က ၀န်ကြီးတယောက်ဖြစ်ခဲ့တဲ့ နိုင်ငံတော်ကောင်စီဝင် ဦးသန်းစိန်ဆိုတဲ့ လူကြီးက ၁၅ ရပ်ကွက်ကို ပြောင်းလာလို့ဗျ။

သူအိမ်က လူတွေ အဆင်ပြေအောင် ဈေးကို သူ့ အိမ်နားကိုရွှေ့တာလို့ လူတွေက ပြောကြတယ်။ အစိုးရလုပ်ပေးတဲ့ ဈေးသစ်မှာကလည်း ဆိုင်ခန်းတွေ အလုံအလောက် မပေးပြန်ဘူး။ အလုံအလောက် ဆောက်မပေးပြန်ဘူး။ ဆိုင်ခန်း ၁၀၀ ခန့်သာရှိတယ်။ တကယ်က ဈေးသည်တွေက လေး ငါးရာခန့် အနည်းဆုံးရှိတယ်။ ဒီတော့ဆိုင်ခန်းမရတဲ့ သူတွေက ဈေးနားမှာမရောင်းရဘူးဖြစ်လာတယ်။ ဒီတော့ ဈေးသည်တွေလည်းဒုက္ခရောက်။ ဈေးဝယ်တွေလည်း ဒုက္ခရောက် ကုန်တယ်။

ဈေးကွက်ဟာ သူအလိုလို ဖြစ်ပေါ်နေတယ် ဆိုတာကို ဒီ ဈေးသည်တွေနဲ့ အာဒမ်စမစ်တို့ သိနေကြပုံကတော့ သာမန် တိုက်ဆိုင်မှုလို့ ကျနော်မထင်ဘူး။ အာဒါစမစ်က ဈေးသည်တွေဆီက သင်သွားတာဖြစ်မယ်။

ဒီတော့ သူတို့ဟာ အာဏာပိုင်တွေချပေးတဲ့ နေရာသစ်ကို မသွားတော့ဘဲ အရင်ဈေးဟောင်းနဲ့ မလှမ်းမကမ်းမှာ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ချရောင်းလိုက်ကြတယ်။ ဈေးတန်းကြီး ဖြစ်လာတော့တယ်။ လူထုတွေလမ်းဘေးမှာ ဖန်တီးလိုက်တဲ့ ဈေးက

တစ်-သွားလာရေးအဆင်ပြေတယ်။ နှစ်- လူအများစုရှိတယ်။ သုံး- ဈေးချိုတယ်။

လေး- ရောင်းသူ ၀ယ်သူသိနေကြတဲ့အတွက် အကြွေးမြီကိစ္စ စိတ်ချရတယ်။ ဒီတော့ ဈေးကြီးက ကျိတ်ကျိတ်တိုး စည်ကား လာတယ်။ ပါတီကောင်စီလူကြီးတွေ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တဲ့ ဈေးသစ်က တလလောက်အကြာမှာ တင်ပဲ ကျီးနဲ့ ဖုတ်ဖုတ်။ ခွေးနဲ့ တရုံးရုံး။ ညဖက်မှာ ဆေးခြောက်သမားတွေ အတွက် တုံးလုံးပက်ခေါက် ဇိမ်ယူရာ။ နေ့ဖက်မှာ ဇယ်တောက်သူတွေ အတွက် စခန်းတခုမျှသာ။

ဒီတော့အာဏာ ပိုင်တွေက ဈေးသည်တွေဖန်တီးထားတဲ့ လမ်းဘေး ဈေးလေးကို ကြောင့် ဒီလိုဖြစ်တာလို့ ကောက်ချက်ဆွဲ တော်မူတယ်။ မြို့နယ်ကောင်စီဥက္ကဋ္ဌက ၀န်ကြီး ဦးသန်းစိန်ကို မျက်နှာလုပ်တယ်။ သူအိမ်နားက ဈေးကို စည်အောင် လုပ်ပေးချင်နေတယ်။ ဈေးကွက်ကို အမိန့်နဲ့ ပေးပြီးတည်ဆောက်ဖို့ လုပ်တယ်။ လမ်းဘေး ဈေးလေးကို ဖျက်ဆီးတော့တယ်။ ဂဠုန်တွေ လွှတ်ပြီးဖမ်းတယ်။

ဂဠုန် ဆိုတာက မဆလခေတ်မှာ လမ်းဘေးဈေးသည်တွေကို ဖမ်းဖို့ ဖွဲ့ပေးထားတဲ့အဖွဲ့ ရပ်ကွက်အသီးသီးက လူဆိုး လူမိုက်တွေနဲ့ ဖွဲ့ပေးထားတာ။ အခုခေတ် စွမ်းအားရှင်လို အဖွဲ့ပေါ့။

အာဏာပိုင်တွေက လုပ်ပိုင်ခွင့်ပေးထားတော့ အတောင်တပ်ပေးလိုက်တဲ့ တောခွေးအလို ဖြစ်နေတယ်။ ဈေးသည်တွေကို ဖမ်းတယ်။ ဈေးသည်တွေ ပစ္စည်းတွေကို တရားဝင်လုယူခွင့်ရနေသလို ဖြစ်နေတယ်။

အခုလည်း ဒီအဖွဲ့က ဈေးတန်းကို အငြိုးတကြီးနဲ့ နေစဉ်ရက်ဆက် ဖမ်းနေတဲ့သတင်းကို ကျနော်ကြားနေရတယ်။ ထွက်ပြေးလာတဲ့ ဈေးသည်တွေက ဈ တောင်ရပ်ကွက် တောတန်းလေးထဲမှာ ပြန်ရောင်းချကြပြန်တယ်။ သုံးလေးလ ရောင်းကြပြန်တယ်။ နောက်တော့ တောတန်းလေးထဲ လိုက်ဖမ်းကြပြန်တယ်။ ဈေးသည်တွေဟာ ဟိုမှာ ရောင်းလိုက် ဒီမှာ ရောင်းလိုက်နဲ့ ကရွတ်ကင်းလျှောက် ဖြစ်နေတယ်။ အတော်ကို ဒုက္ခရောက်နေတယ်။

ဒီတော့ ကျနော်တို့ မိကျောင်းကန် ရပ်ကွက်က လူငယ်တွေက မနေနိုင်တော့ဘူး။ ကျနော်တို့ ရပ်ကွက်ထဲမှာ လာရောင်းပါ။ ဘယ်ဂဠုန်မှ မထိစေရပါဘူးပေါ့။ ဈေးသည်တွေကို သွားပြီး ပြောတယ်။

ဒီလိုနဲ့ဈေးတန်းဟာ ကျနော့် အိမ်ရှေ့တည့်တည့်က စပြီးဈေးတန်းကြီး ဖြစ်နေတော့တယ်။

ဈေးက တကျိတ်ကျိတ် စည်ကားလာတယ်ဗျ။ နံနက်ခင်းဟာ အသက်ဝင်နေတယ်။ ရိုးသားမှု အပြည့်ရှိတယ်။ မျှော်လင့်ချက်တွေ ရှိနေတယ်။

ဟင်းသီဟင်းရွက်သည်တွေ၊ သားငါးပုစွန်ရောင်းသူတွေ တောင်းတွေ ပလုံးတွေ၊ ကုန်ခြောက်တွေ၊ သစ်သီးတွေနဲ့ ဗျာ ကုန်ကုန်ပြောရရင် ကျနော်ငယ်ငယ်က နှစ်သက်ခဲ့တဲ့ သံဖြူဆိုင်လေးတောင် ပါလာသဗျ။။ ကျနော်တို့ အိမ်ရှေမှာ ဈေးတန်းလေး အသက်ရှင်နေတာ နှစ်လလောက် ကြာလာတယ်။ ကျနော်ဆယ်တန်း စာမေးပွဲဖြေဖို့ အချိန်ကလည်း နီးကပ်လာပြီ။

တနေ့ နံနက် ကိုးနာရီလောက် ဈေးအစည်ဆုံးဖြစ်နေတဲ့အချိန်မှာ လက်ပတ်အနီ ပတ်ထားတဲ့ဂဠုန်တွေဟာ မြူနီစပယ် ကားကြီးနဲ့ ဈေးထဲကို တရကြမ်းမောင်းဝင် ချလာတော့တယ်။

လမ်းကလည်း သိပ်ကျယ်လှတာမဟုတ်ဘူး။ ကားတစီးစာပဲ ရှိတယ်။ ကားက ဈေးဘမ်းတွေကို တခုပြီးတခု တက်ကျိတ်ပြီး မောင်းလာတယ်။ “ဂလုံဂွမ် -ဂလုံဂွမ်နဲ့ ဈေးဗန်းတွေ မှေက်ထိုးခွက်လှန် ဖြစ်ကုန်တယ်။ တချို့ ဈေးသည်တွေလည်း ဈေးဗန်း တွေ ဆိုင်းတန်းတွေကို ထမ်းကြပိုးကြနဲ့ ထွက်ပြေးကြတယ်။ ဂဠုန်တွေက ဈေးဗန်းတွေကို အကြမ်း ဗရမ်းဆွဲတင်ပြီး ကားပေါ်ကို ပြစ်တင်ကြတယ်။ ကမ္ဘာပျက်သလို ဖြစ်သွားတယ်။

ဒီမြင်ကွင်းကို ကျနော်က အိမ်အပေါ်ထပ်ကနေ မြင်နေရတယ်။

ဖတ်နေတဲ့ ကျောင်းစာအုပ်ကို ပိတ်လိုက်ပြီး အိမ်အောက်ကို ဆင်းလာတယ်။ အမေတော့ မရှိဘူး။

“အမက ဟဲ့ မောင်လေး နင်အထဲ ပြန်ဝင်စမ်းပါ။ စာသွားကျက်နေနော် မောင်လေး ထွက်မပါနဲ့”လို့ လှမ်းတားတော့တယ်။ ကျနော်က “အမရာ ငါခဏ ကြည့်မလိုပါဟ။” ကျနော် သူ့ကို တွန်းဖယ်ပြီး အိမ်ရှေ့ ထွက်ခဲ့တယ်။ ဒီချိန်မှာ ကျနော်တို့ ရပ်ကွက်ထဲက ကျနော့် သူငယ်ချင်းတွေဖြစ်တဲ့ ကိုသိန်းဝင်း၊ ငပေနဲ့ ကုလားကြီးသန်းထွန်းတို့နဲ့ ဂဠုန်တွေဟာ စကား စများ နေတယ်။ သူတို့အားလုံးက ကျနော်ထက် အသက်ကြီးကြတယ်။ မဟုတ်မခံတဲ့လူတွေ။ လက်သံလည်း ပြောင်ကြတဲ့ အတွက် ရွာနီးချုပ်စပ်မှာ သူဟာနဲ့သူ နာမည်ရနေပြီးသား ကောင်တွေ။

သူတို့ထဲမှာ ကိုသိန်းဝင်းက လူကောင်သေးပေမဲ့ စဉ်းစဉ်းစားစား စကားပြောတတ်တဲ့အတွက် ကျနော်တို့က သူကို ဆရာ တင်ထားသလို ဖြစ်နေတယ်။ သူကပဲ ဂဠုန်တွေကို ဦးဆောင်ပြောတယ်။

သူက -

“ ခင်ဗျားတို့ ဒီလိုတော့ မတရားမလုပ်နဲ့ သူဘာသာ သူကောင်းရောင်းကောင်းဝယ် လုပ်စားတာ။ ဒီလိုတော့ မဖမ်းသင့်ဘူး” လို့ ပြောနေတယ်။

သူတို့ထဲက ခေါင်းဆောင်လုပ်တဲ့သူက “ မင်းက ဘာကောင်မို့လည်း ကိုယ်လမ်းကိုယ်သွားပါ နာချင်လို့လား” လို့ ဟိန်းဟောက်လိုက်တယ်။ ပြီးတော့ ကိုသိန်းဝင်း ရင်ဘတ်ကို ဆောင့်တွန်းလိုက်တဲ့အခါမှာတော့ ပွဲက စသွားပါတော့တယ်။ တယောက်တပြန် ချကုန်ပြီ။ အခြေအနေကို ကျနော်သဘော်ပေါက်ခြေပြီ။ အိမ်ထဲကို ဇတ်ကနဲ ပြန်ဝင်လိုက်တယ်။ အကျီကို ချွတ်လိုက်တယ်။ အပေါ်ကိုယ်ဗလာမှာ ဆံပင်တွေကို ဖြေချလိုက်တယ်။ ပြီးတော့ တံခါးကြားမှာ ထောင်ထားတဲ့ သံတူရင်းကောက်ကို ဆွဲပြီး ရိုက်ပွဲထဲကို လွှားကနဲ ခုန်ဝင်လိုက်ပါတော့တယ်။

လမ်းမပေါ်မှာ တွေ့ ရတဲ့ ဂဠုန်တယောက် ခေါင်းကို သံတရွင်းနဲ့ အားပါးတရ ၀င်ရိုက်ပစ်လိုက်တယ်။ အမရဲ့ “အမလေး လုပ်ကြပါဦး” ဆိုတဲ့ အသံက နားထဲမှာ စူုးကနဲ ကြားလိုက်ရတယ်။

ဒီလူ အရှောင်မြန်သွားတယ်။ ဒါပေမဲ့ သူ့နားထင်ကို ရှပ်မိတယ်။ သူ့ပခုံးကတော့ မိမိရရ ထိလိုက်တယ်။ ဖျာကနဲ ထွက်သွားတဲ့ သွေးတွေနဲ့အတူ သူလဲကျသွားတယ်။ ဒီလူတော်တော် နာသွားပုံရတယ်။ သူလူတွေပါလန့် ပြီး မကပ်ရဲဘူး ဖြစ်သွားကြတယ်။

လူက သွေးဆူနေပြီ။ ကိုသိန်းဝင်းက ဂဠုန် သုံးယောက်လောက်ကို မနည်း ခုခံနေရတယ်။ သူက နှစ်တလက်မ ဒုတ်ကို အားကုန်လွှဲ ရိုက်နေတယ်။ ကုလားကြီးကို ဂဠုန် ၆ ယောက်လောက်က ၀ိုင်းကန်နေကြတယ်။ ငပေမျက်နှာမှာ သွေးကွက် တချို့ကို တွေ့နေရတယ်။ ဒါတောင် သူက ကျနော်တို့ထဲမှာ အရပ်လည်းကောင်း၊ ကိုယ်လုံးကိုယ်ပေါက်လည်း အတောင့် ဆုံး။

လမ်းဘေးက ခြံစည်းရိုးတိုင်တွေ တဖြောင်ဖြောင်း ကျိုးသံ ရိုက်သံတွေ ဆူညံနေရဲ့။ ဒီအချိန်မှာ ကားပေါ်က ခုန်ဆင်းပြီး ဂဠုန်တွေ ထပ်ဝင်လာတယ်။ ဂဠုန်တွေ ကားပေါ်ကခုန်ဆင်းပြီး နေရာမယူနိုင်ခင်မှာ ကျနော် ပြေးပြီး သံတူရင်းကောက် နဲ့ အားကုန် ဖြတ်ရိုက်ချလိုက်တယ်။

တယောက် ပုံရက်လဲကျသွားတယ်။ နှစ်ယောက် ၀င်လုံးဖို့ လုပ်တယ်။ သံတူးရင်းကောက်ကို စုံကိုင်ပြီး တည်ထားပေး လိုက်တော့ ဒီကောင်တွေ မကပ်ဝံဘူး။ သူတို့ရှဲသွားတယ်။

ကျနော်တို့ဖက်က လေးယောက်သာ ဖြစ်ပြီ။ ဂဠုန်က ၂၀ လောက် ဖြစ်တဲ့ အတွက် အခြေအနေက မမျှ ဖြစ်နေတယ်။ အရေးနိမ့်မလို ဖြစ်နေတယ်။ ဈေးသည်တွေအများစုက မိန်းမကြီးတွေ ၊ အသက်ကြီးတဲ့ ယောက်ျားတွေ သူတို့က ၀င်မကူကြဘူး။ အော်ဟစ် ငိုယိုနေကြတယ်။ တိုးရှိုးတောင်းပန် နေကြတယ်။

ဒီအချိန်မှာ ကျနော်တို့ ရပ်ကွက်သားတဦး ဖြစ်တဲ့ ၀င်းကြည်ဟာ လည်း သံဒုတ်ကြီး တချောင်းကို ဆွဲ လာပြီး ကူဖို့ အသားကုန် ပြေးဝင်လာပါတယ်။ ရပ်ကွက်ထဲမှာ ကျနော် သူ့ကို ကြည့်လို့ မရဆုံး။ ငယ်ငယ်က သူနဲ့ကျနော် မကြာခဏ ဗိုလ်လုကြတယ်။ အရူံးအနိုင်မပေါ်ခင်မှာ လူပျိုတွေ ဖြစ်လာကြတယ်။ ကျနော်သူ့ကို သောက်မြင်ကပ်ရတဲ့ အကြောင်း ကတော့ သူဟာ ဇာတ်မင်းသား ရူးရူးနေသဗျ။ သူက နာမည်မရသေးတဲ့ ဇာတ်တဖွဲ့မှာ ဇာတ်မင်းသား လုပ်နေတယ်။ ဇာတ်သံဇာတ်ဟန်လိုလို စကားပြောတာ အိုင်တင်လုပ်နေပုံတွေက ရိုက်ချင်စရာ ပေါ့ဗျာ။ မနှစ်က တန်ဆောင်တိုင်ပွဲ တုံးကလည်း သူနဲ့ကိုယ်နဲ့ ညိလု ညိခင်ပဲ။ ပွဲဈေးတန်းမှာ တင်သန်းကို ကြည့်တဲ့မျက်လုံးတွေက မှဲ့တပေါက်ရုပ်ရှင်ထဲက ဦးကျောက်လုံးကြီး ဒေစီကျော်ဝင်းကို ကြည့်သလိုမျိုး။ ငပေနဲ့သိန်းဝင်းက နှစ်ယောက်ကြားမှာ ၀င်ဖျင်လိုက်လို့။ သူရှိတဲ့ ခြင်းဝိုင်း ကျနော်မသွား။ ကျနော်ရှိတဲ့ ကိုတင်ဦး ဆံပင်ညှပ်ဆိုင်ကို သူမလာ။ နှစ်ယောက် အထာနဲ့ နေနေကြရတယ်။

ဒီနေ့ပွဲတော့ ကိုယ်တော်မြတ်က ဘယ့်နှယ်စိတ်ကူးပေါက်ပြီး ၀င်ချလာလဲ မသိဘူး။ သူက အသားမဲတယ်။ အပေါ် ကိုယ်ဗလာ၊ အောက်က ရှမ်းဘောင်းဘီအနက်ကို ၀တ်ထားတယ်။ သူက သံဒုတ်ကိုမွေ့ ရမ်းပြီး ၀င်လာတော့ ကျနော်တို့ အားတက်သွားတယ်။ သူပြေးဝင်လာတော့ ကုလားကြီးသန်းထွန်းကို ကူမယ်လို့ ကျနော်ထင်မိတယ်။ ကျနော့် အထင်မှားတယ် ။ ကုလားကြီးကို မကူဖူး။ ဒီအချိန်မှာ ဂဠုန်တွေက သူ့ကို ဆီးပြီး ရိုက်တယ်။ သူက ခုန်ရှောင်လိုက်တယ်။ ဆက်ပြေးလာတယ်။ ကိုသိန်းဝင်းကိုလည်း မကူ။ ငပေဖက်လည်း မလှည့် ။ ကျနော်ဖက်ကိုလည်း စစ်ကူမလာ။ သောက်ရူးလို့ စိတ်ထဲက ဆိုမိတယ်။

သူက အားလုံးကိုကျော်လွှားပြီး လမ်းဘေးမှာ ထိုးရပ်ထားတဲ့ မြူနီစပယ်ကား ခေါင်းပေါ်ကို လွားကနဲ ခုန်တက်တော်မူ တယ်။ ပြီးတော့ လက်ထဲကသံဒုတ်ကြီးနဲ့ ကားမှန်ကြီးကို ဂွမ်း ကနဲ နေအောင် ရိုက်ချလိုက်သဗျ။ သူ့  ဗျူဟာ မဆိုးလှဘူး။ ဂဠုန်တွေဟာ လန့်သွားကြတယ်။ ဂဠုန်တွေက လူများပေမဲ့ တချို့ကောင်တွေက သိပ်သတ္တိရှိကြပုံ မရဘူး။ သင်္ကန်ကျွန်းမြို့ နယ် ကောင်စီက ဘဲသားဟင်းနဲ့ ထမင်းကျွေးမယ် ဆိုပြီး လမ်းဘေးကကောင်တွေကိုလည်း ခေါ်လာတယ်လို့ နောက်ပိုင်း မှာ သိရတယ်။

ဝင်းကြည်က ကားမှန်ကြီးကို ရိုက်ခွဲချလိုက်တော့ ရန်သူစစ်ဌာနချုပ်ကို သိမ်းပြီး ကျူပ်တို့ အလံလွှင့်လိုက်သလို ဖြစ်သွားပုံရတယ်။ ငနဲတွေ စိတ်ဓါတ်က အုန်းသီးကြွေကျသလို ကျတာ။ ၀ရုန်းသုန်းကား ထွက်ပြေး ကုန်ကြတယ်။ ကျနော်တို့ စိတ်ဓါတ်တွေ ဒီရေလို တက်လာကြတယ်။

ခြံစည်းရိုးကြား၊ ရေမြောင်ကြားမှာ ဒလိမ့်ခေါက်ကွေး ဖြစ်နေတဲ့ လက်ကျန် ဂဠုန်တချို့ ကို လိုက်ရိုက်ကြတယ်။ ရပ်ကွက် ထဲက အမယ်ကြီးတွေက “ အမေလေး သတ်ကုန်ပါပြီး မလုပ်ကြပါနဲ့”

“တော်ပါတော့ သေသွားလမ့်မယ်။ ဟဲကောင်လေးတွေ တော်တော့” ဆိုတဲ့အသံတွေ ဆူညံနေတယ်။ ဒေါ်အေးမိကြီးဆို ပြောရင်း တက်သွားလိုက်သေးရဲ့။

အချိန်ကလည်း မနက်စောစော ဆိုတော့ရပ်ကွက်ထဲမှာ လူကြီးတွေအလုပ်သွားချိန် ဆိုတော့ ဆွဲမဲ့သူ မရှိဘူး။ ဒီကောင်တွေ အကုန်လုံး ထွက်ပြေးကြတယ်။ ဒဏ်ရာရတဲ့သူတွေကို သယ်ပိုးပြေးကြတယ်။ ကျနော်တို့ ဆက်မလိုက်ဘဲ ရပ်လိုက်တယ်။

သူတို့ မောင်းလာတဲ့ကားကြီး မှန်တွေ တစစီ ဖြစ်သွားတယ်။ ကျနော်တို့ကားခေါင်းကို အားပါးတရ ဆက်ရိုက်လိုက် သေးတယ်။ အားရသွားတော့မှ သတိထားမိတယ်။

ကျနော် ပါးတခြမ်း ပူနေတယ်။ ကုလားကြီး ခေါင်းကွဲတယ်။သိန်းဝင်းက ခြေထော့နင်းထော့နင်း ဖြစ်နေတယ်။ ငပေက မျက်လုံးတဖက် မြင်လို့ မကောင်းလောက်အောင် ဖူးရောင်နေတယ်။ ၀င်းကြည်ကတော့ ဇာတ်မင်းသားရူးပီပီ အမောက်တောင် သိပ်မပျက်လိုက်ဘူး။ ဒဏ်ရာအညိုမဲတွေစွဲနေတဲ့ တယောက်မျက်နှာ တယောက်ကြည့်ပြီး ရီကြတယ်။ တိုက်ပွဲအတွေ့အကြုံကို အားပါတရ ဖေါက်သည်ချကြတယ်။

ဂဠုန်တွေ တပ်ပျက်ပြေးရတော့ ဖိနပ်တွေ လမ်းထဲမှာကျွတ် ကျန်ခဲ့တာဖွေးနေတာပဲ။

ဝင်းကြည်က ဆင်ကြယ်ဖိနပ်တရံကို ကောက်စွပ်ပြီး သံဒုတ်ကို ရာမလေးထမ်းတဲ့ ဟန်နဲ့ အိမ်ကို ပြန်သွားတယ်။ ထွက်သွားတဲ့ ၀င်းကြည်ကို ကြည့်ပြီး ကုလားကြီးက

“ဒီကောင်နဲ့ကွာ ငါ့ရှေ့  ဟိုခွေးမသား ဂဠုန်ကွာ၊ ဆဲဗင်းဒေး အကျီအညို ရောင်ဝတ်ထားတဲ့ ဂဠုန်ကောင်လေကွာ။ ဒီကောင့် ကို ကိုင်မလားမှတ်တယ်။ မကိုင်ဘူး။”

ကျနော်က ဂဠုန် တွေ ကျန်ခဲ့တဲ့ ဖိနိပ်တွေထဲက ဂွင်းထိုးအသစ်တရုံကို ကောင်စွပ်လိုက်ရင်း

“ဒါပေမဲ့ ကားမှန်ကို ခွေးမသား ၀င်းကြည် ရိုက်ခွဲလိုက်တာတော့ မှန်သွားတယ်နော်။ ဟို မအေ-ိုး တွေ လန့်သွားတယ်။

နို့မို့ဆို ပြေးမှာ မဟုတ်သေးဘူး။ ”

သိန်းဝင်းက “ ဒီကားက မြူနီစပယ်ရုံးက သူတို့ ငှားလာတဲ့ကားကွ။ ”

ပြီးတော့ ကျန်တဲ့ဖိနပ်တွေကို ဈေးသည်တွေကို ယူချင်ယူကြလို့ လှမ်းပြောလိုက်တယ်။

ဒဏ်ရာကိုယ်စီနဲ့ ကျနော်တို့ဟာ သိန်းဝင်းတို့ အိမ်ဝင်းထဲ စုမိတယ်။ သိန်းဝင်း ညီမတွေ ဖြစ်တဲ့ မတိုးတို့ မိုးမိုးတို့က အမလေး အကိုကြီးတို့ရဲ့ ဒဏ်ရာတွေချည်းပါလား ဆိုပြီး အော်ငိုကြ။ ဒဏ်ရာတွေကို ရေဆေးကြ။ တင်ချာတွေထည့် ပေးကြ။ ရူပ်ရှက်ခတ်နေကြတယ်။

ကျနော် တို့ရပ်ကွက်ရဲ့ လှထွတ်ခေါင်တွေဖြစ်တဲ့ မိငယ်တို့၊ စုစုတို့ ၊ လှလှတို့က သူတို့ရဲ့ ဧရာမတင်ပါးကြီးတွေကို ဖယ်ရမ်း ရောက်လာတယ်။ ကျနော်တို့ ဒဏ်ရာတွေကို သူတို ၀ိုင်းကူ ဆေးကြောသုတ်သင်ကြပေါ့။ သိန်းဝင်းတို့ အိမ်က ယာယီ ဆေးခန်း ဖြစ်သွားတယ်။ လူအုပ်က ကျနော်တို့ကို အုံကြည့်နေတုံး။

အုန်းလက်တွေကို ဖြတ်ပြီး ကျလာတဲ့ နံနက်ခင်း နေရောင်မှာ ရှည်လျားဆုံး မျက်တောင်တွေနဲ့ ပြူးကျယ်ဆုံး မျက်လုံးအစုံ က ကျနော်အပေါ်ကျလာတယ်။

“အမေလေး သွေးချည်းပါလား။ ဒီလိုနေလို့ မဖြစ်ဘူး။ ဆေးရုံသွားမယ်။ ဆေးရုံသွားမယ်။ ဘယ်ထိသွားသေးလည်း” လို့ စိုးရိမ်တကြီး ပြောလာတော့။

ငပေက “ တင်သန်းရာ သည်းနေလိုက်တာ နင်လင့် ဘာမှမဖြစ်ဘူး။ ခံရတာက ငါ။ မေးဖေါ်မရဘူး” တင်သန်းက ငပေ ကျောကုန်းကို ဖုန်းဖုန်းနဲ့ လိုက်ထု။ ငပေက “ ဟ ကောင်မ ရ နာတယ်ဟာ နာတယ်ဟ ” ဆိုပြီး လှည်ပတ်ရှောင်။ တင်သန်း ပါးစပ်ကလည်း “ မသာ၊ သေချင်းဆိုး။ နင်သေလိုက်ဖို့ ကောင်းတယ် ” လို့ ကက်ကက်လန် ဆဲလိုက်တယ်။ အားလုံး တ၀ါးဝါးနဲ့ ၀ိုင်းရယ်နေကြတယ်။

ဖြူတဲ့အရောင်၊ ညီတဲ့သွား ရှည်လျားတဲ့နှုတ်ခမ်းများကြောင့် ဖရုသ၀ါစာသည်ပင် သူ့ ပါးစပ်တွင် လှနေ၏။

မိုးသီး

၁၀-၂-၀၇

-------------------------------

တိုက်ပွဲကို နိဂုံးချုပ်တော့ ကျနော်တို့ နိုင်တယ်။ ရပ်ကွက်တိုင်းမှာ စွာလာတဲ့ ဂဠုန်တွေဟာ ကျနော်တို့ရပ်ကွက်မှာ တပ်ပျက်တယ်။ ကောင်စီတွေ ရဲတွေရောက်မလာခင် ကျနော်တို့ ရှောင်နေလိုက်တယ်။ တယောက်မှ အဖမ်းမခံရဘူး။ ကျနော်တို့ လေးငါးလ အိမ်ကို မပြန်ကြဘူး။ အိမ်ကိုတော့ သုံးလေးခေါက်လာမေးပေမဲ့ အမေတို့ အမတို့က မရှိဘူး။ ပြေးပြီလို့ လုပ်ထားလိုက်တယ် ။ တယောက်မှ အဖမ်းမခံရဘူး။ ကျနော်တို့လေးငါးလ လောက်ပဲရှောင်နေလိုက်ရတယ်။

ကားမှန်ကြီး ကွဲသွားတဲ့အတွက် မြို့နယ်ကောင်စီ တချို့ပြုတ်တယ်။ ဘာဖြစ်လိုလည်း ဆိုတော့ လုပ်ပိုင်ခွင့် ကျော်လုပ်လို့ သိရတယ်။ သုံးလလောက် မရမ်းကုန်း မြောက်ဥက္ကလာကနေ မြို့ထဲကို ကျောင်းဆက်တက်နေရတာတော့ ကသီလင်တ နိုင်တာပေါ့။ ဒီနှစ်မှာပဲ ကျနော် ဆယ်တန်းအောင်တော့ မဆိုးဘူးပေါ့။

9 comments :

Unknown said...

hello ko moe thee,
i like this post very much.i am from near that market.i attend hight school near that place .

b said...

I won't agree with xpendo.It's just nostalgic on our lost Burmese communal spirit.U can c Mg Moe Thee in his youth,not activist Moe Thee.I like it.It different fr Sar pay beit man stereo typed teen literature.

Anonymous said...

ဂဌုန်ဆိုတာ ဘာလဲဗျ ဂဌုန်ဆိုတာ ဘယ်လိုပုံစံရှိတာလဲ တဆိတ်လောက် ရှင်းပြ ပေးပါဦး မောင်မိုးသီးရေ တစ်ခါမှမကြားဖူးလို့

panthuta said...

very good ko moe thee.

Unknown said...

Hi Xpendo, u little bastard! It's not about acting like a gentle man but later do all screw up things like SPDC. I like people who are frank, honest and love truth and protect rightness from wrong.

Some people acts like a gentle in front of others but in their mind they are dirty people. (Pa sat ka dot paya paya, let ka kya kar yar kar yar so dar lo pop). I think Ko Moe Thee is frank but his attitude towards those cronies is admirable. Whether you are a drunkard or gangster yourself it does not matter, as long as you love the truthfulness and have attitude to protect innocent people they are great people. Even if you are a soldier and just follow command and kill innocent people. Then that's called murderer and belong to cronies.. I like Mr. Moe Thi's frank ideas and his lively writing styles.

thuthu12sta , you might have never heard of "GaLone" because you are still living in your own world. You must be "a frog in the well". GaLone is the similar creature as "Swann Arr Shinn" or "Kyant Phut".

Well done! Ko Moe Thi..

Real Hero.

Nathan Maung said...

KO Moe Thee, thanks for sharing your short stories "Galon". I really really love your writing. I love to see your more contributions for Burmese liturature in future.
Best,
Maung Maung Htwe

Unknown said...

ko moe thee, i understand your mean " GaLone" is good an article and i appreciate you and i want to say " you are a good writer " ko moe thee.
your younger brother,
mg oway aung
( 1972- )

physics said...

Hey Moe Thee
How about Ma tin Than ?
Are you marriage with her?
Let us Know, we want to know about story too.

TOkyo Aung Than friend.

Physics Hons (third year, 1988)

Anonymous said...

ဂဠုန်ဆိုတာ မဆလခေတ်တုန်းက လုံထိန်းအဖွဲ့တွေရဲ့
နာမည်၊ မဆလရဲ့ ရန်ကုန်စည်ပင်သာယာ အဖွဲ့လက်
အောက်မှာ လမ်းဘေးဈေးသည်မှန်သမျှကို တရားဝင်
ဆိုးခိုးလုယက် မိုက်ကြေးခွဲနေတဲ့အဖွဲ့၊ ယခု လုံထိန်း
တပ်ဖွဲ့တွေ၊ ကျောင်းသားတွေနဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ လုံ
ထိန်းတွေဟာ အဲဒီ ဂဠုန်အဖွဲ့တွေကနေ တိုက်ရိုက်
ဆင်းသက်လာတာပဲ။