Thursday, 15 November 2007

ဂန်ဘာရီ ၊ မြန်မာပြည်နဲ့လုံခြုံရေးကောင်စီ အစည်းဝေးပွဲ

ဂန်ဘာရီ ၊ မြန်မာပြည်နဲ့လုံခြုံရေးကောင်စီ အစည်းဝေးပွဲ
တစေ့တစောင်း ။

မနေ့က ကုလသမဂ္ဂ ပင်မ အဆောက်ဦးမှာ ဂန်ဘာရီ က သူရဲ့ ခရီးစဉ် ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ ထံကို အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။ ဒီအစည်းဝေးကို တက်ရောက်နားထောင်ဖို့အတွက် အမေရိကန် ကိုယ်စားလှယ်အဖွဲ့

US Mission က မြန်မာဒီမိုကရေစီအင်အားစုတွေကို တက်ရောက်လေ့လာဖို့ အတွက် ဖိတ်ခေါ်ခဲ့ပါတယ်။ အရင် တခေါက် ကလည်း အလားတူ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီအစည်းဝေးကို ကျနော်တက်ရောက်လေ့လာခဲ့တယ်။ ၊ ၀ါရှင်တန်ဒီစီမှာ ကြွရောက်လာတဲ့ ဦးဇင်း ဦးပညာ ၊နယူးယောက် အထက်ပိုင်းပြည်နယ်မှာ သံဃာများ၊ ကိုသောင်းထွန်း (ညွန့်ပေါင်းအစိုးရ ကိုယ်စားလှယ်) ၊နယူးယောက်မြို့မှာ မြန်မာ ကျောင်းသူကျောင်းသားများ တက်ရောက်လေ့လာခဲ့ကြတယ်။

ထူးခြားတာကတော့ တရုပ် ဒီမိုကရေစီအင်အားစုများကလည်း တက်ရောက်လေ့လာကြပါတယ်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့မှာ ပက်ဂီက လေ့လာသူတွေကို နေရာချပေးပါတယ်။ သူမက ဓါတ်ပုံမရိုက်ဖို့၊ မကျေနပ် တာတွေရှိရင် အော်ဟစ်ကန့်ကွက်ခြင်း၊ ဆန္ဒပြ ခြင်းတွေ မလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။ အစည်းဝေးကို အမေရိကန် စံတော်ချိန် နေလည် ၂ နာရီမှာ စတင်ပါတယ်။ လုံခြုံရေးကောင်စီအစည်းဝေး ကို ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ရတဲ့ နိုင်ငံ ကတော့ အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံသား လူငယ်တဦးဖြစ်ပါတယ်။ ဂန်ဘာရီ က သူခရီးစဉ်ဟာ တစုံတရာ အောင်မြင်မှု ရှိတယ်လို့ တင်ပြပါတယ်။ သူက စကားလုံးတွေကို အထူးသတိထားရွေးချယ် တင်ပြနေတယ်။

သူက တင်ပြချက်တွေထဲမှာ ထူခြားတာ နှစ်ခုပဲပါရှိပါတယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ပေးဖို့ လို ကြောင်းနဲ့ အချိန်အကန့်သတ်ရှိပြီး အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမူ ဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို တင်ပြထားတယ်။

အမေရိကန်နိုင်ငံ အပါအ၀င် နိုင်ငံအတော်များများက စစ်အစိုးရရဲ့ တွေ့ဆုံဆွေးနွေးမှုကို သံသယရှိကြတယ်။ ဦးဂန္ဘီရ နဲ့ မစုစုနွေးတို့ ထပ်မံအဖမ်းခံရတယ် ဆိုတာကိုဖေါ်ပြကြတယ်။သူတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ပေးဖို့နဲ့ အချိန်အကန့်သတ်ရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲကိုပဲ ထပ်လောင်းမီးမောင်း ထိုးပြခဲ့ကြပါတယ်။

စင်္ကာပူနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်က အိန္ဒိယနွယ်ဖွားသူက အိန္ဒိယသံ ၀ဲဝဲနဲ့ ဂန်ဘာရီခရီးစဉ်ဟာ အောင်မြင်မူ ရသင့်သလောက် မရဘူးဆိုတာကို ပြောလာတယ်။ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် ချားလ်စ် ပက်ထရီးယားကို မြန်မာပြည်ကနေ မောင်းထုတ်တဲ့ကိစ္စကို သူက ပြစ်တင်ပါတယ်။ ဒါဟာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်တာလားလို့ ထောက်ပြပါတယ်။

တရုပ်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ကတော့ မြန်မာ ဂန်ဘာရီခရီးစဉ်ဟာ အောင်မြင်တယ်လို့ သုံးသပ်တယ်။ ဂန်ဘာရီ ဟာ သတ်မှတ်ရက်ထက် စောပြန်လာနိုင်တာကိုပဲ သူက မဟာအောင်မြင်မူကြီး တခုလို အသံနေအသံထားနဲ့ ချီးမွန်းခန်း ဖွင့်နေပါတယ်။ မြန်မာပြည်ဟာ အရင်လ ကနဲ့ မတူတော့ဘူး တည်ငြိမ်လာပြီ။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အတွက် အောင်ကြည်ကို ခန့်ထားတယ် ဆိုတာဟာ ကောင်းတယ် ဆိုတဲ့အကြောင်း မြန်မာပြည်ဟာ တိုးတက်မှု တွေ ရှေ့ကိုချီတက် ဖြစ်ပေါ်မူတွေရှိနေပြီလို့ ဆိုပါတယ်။ နိုင်ငံတကာမိသားစု အနေနဲ့ မြန်မာအရေးအပေါ်မှာ ကူညီတဲ့ နည်းကတော့ သည်းခံပါ။ ဖွံ့ဖြိုးမှုအတွက် ကူညီပါ။ စီးပွားရေးပိတ်ဆို့မှုဟာ ပိုမိုးဆိုးစေမယ် စသဖြင့်ဆွေးနွေးပါတယ်။

နောက်ဆုံးမှာတော့ မြန်မာကိုယ်စားလှယ်ကို ဆွေးနွေးဖို့  လုံခြုံရေးကောင်စီ ဥက္ကဋ္ဌက ဖိတ်ခေါ်လိုက်တဲ့အခါ မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကျော်တင့်ဆွေက ဆွေးနွေးပါတယ်။ သူက တရုပ်ကိုယ်စားလှယ် စာတင်သွင်းတဲ့ အစီရင်ခံစာကို မှားဖတ်နေသလား အောင်မေ့မိပါတယ်။ မြန်မာပြည်ဟာ တည်ငြိမ်နေပြီ။ တွေ့ဆုံဆွေးနွေးပွဲဟာ ဖြစ်ပေါ် နေပြီ။ စီးပွားရေးအခြေအနေ ကောင်းနေပြီ။ ဖမ်းဆီးမူတွေ လုံးဝမရှိတော့ဘူးလို့ ပြောလိုက်တဲ့ အခါမှာတော့ လေ့လာသူတွေ က ဟင်းးး ကနဲ ရှုတ်ချတဲ့အသံကြီး ရုတ်တရက်ပေါ်ထွက်လာပါတယ်။ လူလိမ်လို့ ဆဲလိုက်တဲ့ အသံ တခု ကိုလည်း ခပ်အုပ်အုပ် ကြားလိုက်ရပါတယ်။

လေ့လာသူတွေထဲမှာ မြန်မာ အသက်ကြီးရွယ်အို တယောက်ပါတယ်။ သူငယ်လည်း ပြန်နေပုံရတယ်၊ လက်တွန်းလှည်းနဲ့ တင်လာတယ်။ သူက နအဖ ကိုယ်စားလှယ် ကျော်တင့်ဆွေ တင်ပြနေပုံတွေကို နားထောက်ပြီး ၀ူးဝူးဝါးဝါး အော်ပြီး ဒေါ်သ ထွက်နေတယ်။ လုံခြုံရေးက လာပြီး တားနေတဲ့အတွက် သူသမီးက သူကို အစည်းဝေးမပြီးခင်မှာ လက်တွန်းလှည်းနဲ့ တွန်းထုတ်သွားလိုက်ရတယ်။ တော်တော် စိတ်ဆိုးသွားပုံရတယ်။


အစည်းဝေးကို ၄ နာရီခွဲ မှာ ရုတ်သိမ်းလိုက်ပါတယ်။

သုံးသပ်ချက်

ကုလသမဂ္ဂ အစည်းဝေးကို ကြည့်ရင် ထူးခြားတဲ့ဆုံးဖြတ်ချက် မချနိုင်သေးဘူး၊ အချိန်အကန့် သတ်ရှိတဲ့ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပွဲ ဖြစ်ဖို့အတွက် ဖိအားပေးမဲ့ အခြေအနေတော့ ဖြစ်လာနိုင်ပါတယ်။ ဒီအချက်ကို ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေက ဥရောပ၊ အမေရိကန်၊ အာဆီယံနိုင်ငံတွေကို ၀ိုင်းဝန်း ကူညီဖို့ ချဉ်းကပ်ဆွေးနွေးမှုတွေ ပြုလုပ်သင့် ပါတယ်။

No comments :