Monday, 11 February 2008

ရင်ကြားစေ့ဆောင်း


နှင်းမှုန်တွေ တဖွဲဖွဲကျနေလေပြီ။
နောင်မွန်းမြို့လေးထဲမှာ အနမ်းတွေနဲ့ ခလုတ်တိုက်မိ
လွမ်းစိတ်တွေ ဖိတ်ကျကျန်ရစ်ပေါ။့
ကျမဟာ..


ပန်းချီဆရာ ရမ်းဘ်ရန့် ဖြစ်ချင်သလား
သိပ္မံပညာရှင် နယူတန်ဖြစ်ချင်သလား
အချစ်ကိုကိုးစားရင်းပဲ..ရင်ခွင်စောင်းကြိုး အဖြတ်ခံခဲ့ရသူမို့
မသေချာ။

ကျမဟာ..
မောင်ချစ်တဲ့ ဗမာမလေးလဲ မဖြစ်ချင်
ကချင်မလေးလဲ မဖြစ်ချင်
ကရင်ကချင်မလေးလဲ မဖြစ်ချင်
ကယားမလေးလဲ မဖြစ်ချင်
ချင်းမလေးလဲ မဖြစ်ချင်
ရှမ်းမလေးလဲ မဖြစ်ချင်
ပအို့ဝ်မလေးလဲ မဖြစ်ချင်
ပဒေါင်မလေးလဲ မဖြစ်ချင်
လူသားလေးတယောက် အဖြစ်ပဲ..
မောင်က လက်ကိုဆွဲပြီး
ခရောင်းမြေကို ထွန်ရက်လို့
လွတ်လပ်ရေး အသီးအပွင့်
လူ့အခွင့်အရေး ပန်းဆွဲပန်းခိုင်
မြိုင်မြိုင်ဆိုင်ဆိုင် သီးရေးပွင့်ရေး
မောင့်ဘေးမှာ ဖြစ်တည်မှုလေးတခုဆိုတာနဲ့တင်
လုံလောက် ကျေနပ်ချင်စရာကောင်းပါပြီ မောင်ရေ။

မောင်က..
မေခနဲ့ မလိခက တပ်ပေးတဲ့ ငွေကြက်ခွပ် တောင်ပံလေးတွေနဲ့
လှပတဲ့လိပ်ပြာကလေး ဖြစ်လာသူဆိုရင်..
ကျမကလည်း..
ဧရာဝတီရဲ့ ရွှေရောင်ပွင့်ဖတ်တွေကို ရင်ရှား(လျား)ထားတဲ့
မွေးထုံသင်း ပန်းတခင်းပေါ့။
မောင့်ကမ္ဘာမှာ ရွှေရောင်ပန်းတွေ ပွင့်ခွင့်မရှိဘူး "အားနန်" လို့
မောင့်တခွန်းစကား စိမ်းထားရက်သူ။
သမိုင်းကပူတဲ့ကြွေး
လူမျိုးရေး အညှိုးအတေးတဲ့လား
အကျေဆပ်စရာ ရင်ခွင်တညွှတ်စာ
မျှော်လင့်ခြင်းအိပ်မက်တွေသာ ရှိပါရဲ့။

ကျမဟာ..
မောင်နဲ့ကွဲပြားစွာ မွေးဖွားလာခဲ့ပေမယ့်
မောင့်အတောင်ပံလေးတွေအကြောင်း
တမြတ်တနိုး ကဗျာဖွဲ့တတ်သူပါ။
အမုန်းတွေကို
ခါကာဘိုရာဇီရဲ့ ချောက်နက်ကြီးထဲ
ပစ်ချမြှုပ်နှံကြပါစို့။
ခွဲခြားမှုတွေကို
ကြိုးတံတားလေးအဖြစ် သိုင်းပြီး
စည်းလုံးကြပါစို့ မောင်ရေ။
အတိတ်ရဲ့ အမှားတွေ
မောင်နဲ့ ကျမခေတ်မှာမှ
ဝန်မချ..၊ ခွင့်မလွှတ်ကြရင်
အနာတရတွေနဲ့ မိခင်တိုင်းပြည်အတွက်
ဆေးဖက်ဝင်တဲ့ မေတ္တာတွေပျောက်ဆုံး
ဒီမိုကရေစီရေးလည်း ပျက်သုဉ်း
အနာဂတ်တွေ လုံးပါးပါးလိမ့်မယ်။
အမှတ်ရပါ ရဲ့ ..
"စု"စကား နားမှာကြားမိ
လူနည်းစုတွေ..၊ လူများစုတွေ
ယဉ်ကျေးမှုအသွင် ဘယ်လိုခြားလည်း
တခုတည်းသော ငြိမ်းချမ်းရေးဓလေ၊့ ငြိမ်းချမ်းရေးယဉ်ကျေးမှုဆီ
ဦးတည်ရမတဲ့။

ဲပြည်ထောင်စုရဲ့ အနှစ်သာရဟာ ဒါပဲမောင်။
ဖေဖော်ဝါရီ ၁၂ရက်ဟာ
ဗမာမလေးတယောက်ကို
မေခနဲ့ မလိခက ကြည်ဖြူလက်ခံတဲ
့ "ငွေလိပ်ပြာလေး" အဖြစ်ဖန်ဆင်းပြီး
ဧရာဝတီရဲ့ ရင်ခွင်က "ရွှေရောင် မနောပန်းလေးတပွင့်" ဖူးပွင့်ခွင့် ပေးလိမ့်မယ်။
နောင်မွန်းမြို့လေးထဲမှာလေ
မောင့်အနမ်းတွေနဲ့ ခလုတ်တိုက်မိ
ကျမရဲ့ လွမ်းစိတ်တွေ ဖိတ်ကျကျန်ရစ်ပေါ့
နှင်းမှုန်တွေ တဖွဲဖွဲကျနေလေပြီ။ ။

စောမာန် (မန္တလေး)
၂၀၀၅ ခု ဖေဖော်ဝါရီလ သစ္စာ တော်လှန်ရေးစာပေမဂ္ဂဇင်း အမှတ် (၄)

No comments :