Thursday, 28 February 2008

မျှော်လင့်ချက်များ နှင့် ဂမ်ဘာရီ (သို့မဟုတ်) မျှော်လင့်ခြင်း ခရီးသည်


ဘန်ကောက်ပို့စ်
၂၇၊ ဖေဖော်ဝါရီ

ဗမာ စစ်ဗိုလ်ချုပ်များကတော့ ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ်ကို မြန်မာပြည်ကို အလည်လာဖို့ တော့ ခွင့်ပြုထားပြီးပါပြီ။ ဒါပေမယ့် သူ့ရဲ့ ခရီးစဉ်ဟာ အောင်မြင်ဖို့ အလားအလာတော့ နည်းနေပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ် အေဗရာဟမ် ဂမ်ဘာရီဟာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပြု ပြင်ပြောင်းလဲရေးအတွက် အစီအစဉ်တွေရေးဆွဲထားတဲ့ ဗမာစစ်အစိုးရနဲ့ ဆွေးနွေးဖို့ မကြာမီရက်အနည်းငယ်အ တွင်းမှာ မြန်မာပြည်ကို သွားလိမ့်မယ်လို့ခန့်မှန်းရပါတယ်။ စစ်အစိုးရက မူလက ဂမ်ဘာရီကို ဧပြီလလယ်မတိုင်မီ အထိ မြန်မာပြည်ကို လာခွင့်မပြုသေးဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပတ်အတွင်းက ဗမာစစ်အစိုးရ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မူကြမ်း ပြီးစီးသွားပြီး၊ မေလမှာ ပြည်သူ့ဆန္ဒခံယူပွဲ နဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေငြာခဲ့ပါတယ်။

အဲဒီလိုကြေငြာချက်ကြောင့် ဂမ်ဘာရီ ဒီတစ်ခေါက် မြန်မာပြည်ကို သွားတဲ့အချိန်ကျရင် စစ်အစိုးရနဲ့ ဆွေးနွေးစရာ အကြောင်းအရာ နည်းနည်းဘဲရှိပါတော့တယ်။ ဘာပဲဖြစ်ဖြစ် သူ့အနေနဲ့ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့တော့ သေချာပေါက် တိုက်တွန်းမှာဘဲ။

မစ္စတာဂမ်ဘာရီဟာ ဂျပန်နိုင်ငံ ခရီးစဉ်ပြီးရင် ရန်ကုန်ကို ဒီတစ်ပတ် အကုန်မှာ ရောက်လိမ့်မယ်လို့ ခန့်မှန်းရကြောင်း ကုလသမဂ္ဂ သံတမန်အသိုင်းအ၀ိုင်းက သတင်းရရှိပါတယ်။ ပြည်တွင်းမှာရှိတဲ့ တရုတ်သံတမန်တွေရဲ့ ပြောပြချက်အရ ဗမာအာဏာပိုင်တွေက မစ္စတာ ဂမ်ဘာရီကို မတ်လ ပထမပတ်အတွင်းမှာ ဗမာပြည်ကိုဝင်ခွင့်ပြုဖို့ သဘောတူထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဂမ်ဘာရီကိုယ်တိုင်က သူ့ရဲ့ ဗမာပြည်ခရီးစဉ်နဲ့ပက်သက်လို့ မရေမရာဖြစ် နေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာခရီးစဉ်မှာ သူ့အနေနဲ့ ဗမာပြည်ကို မတ်လ ပထမပတ်အတွင်းမှာ သွားဖို့မျှော်လင့်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အမည်မဖော်လိုသူ အိန္ဒိယသံတမန်တစ်ဦးက ဘန်ကောက်ပို့စ် ကို ပြောကြားရာမှာ “တရုတ် နဲ့ အိန္ဒိယနိုင်ငံ တို့ကတော့ ဗမာအစိုးရကို ဂမ်ဘာရီအား ပြည်ဝင်ခွင့်ဗီဇာအမြန်ထုတ်ပေးဖို့ တွန်းအားပေးပြီးသားဖြစ်ပါတယ်” လို့ ပြောပြသွားပါတယ်။ “ဗမာစစ်ဗိုလ်ချုပ်တွေဟာ သူတို့ရဲ့ အိမ်နီးနားချင်းနိုင်ငံကြီး နှစ်နိုင်ငံရဲ့ အကြံပေးချက်ကို လျစ်လျူမရှု့ဝံ့ပါဘူး” လို့လည်းပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က မစ္စတာ ဂမ်ဘာရီဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ဗမာနိုင်ငံဆိုင်ရာ တရုတ်သံကိုယ်စားလှယ် အပါအ၀င်၊ တရုတ်ခေါင်းဆောင်များနှင့် ဗမာ့အရေးကို ဆွေးနွေးခဲ့ပြီး၊ ၎င်းတို့ဘက်မှ ဗမာအရေးနဲ့ပက်သက်ပြီး ကူညီပါမည်ဟုပြောကြားခဲ့ပါတယ်။

ဒါပေမယ့် စစ်အစိုးရက မကြာသေးမီကမှ ကြေငြာလိုက်တဲ့ မေလမှာ ပြည်သှူ့ဆန္ဒခံယူပွဲ ပြုလုပ်ပြီး၊ နှစ်နှစ်အတွင်း ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ အစီအစဉ်ဟာ ဂမ်ဘာရီရဲ့ ရည်ရွယ်ချက်တွေကို ထိထိရောက်ရောက် အဆုံးသတ်လိုက်တာပါဘဲ။

“အခုတော့ စစ်အစိုးရအနေ နဲ့ ဂမ်ဘာရီကို မြန်မာနိုင်ငံကို အလည်လာဖို့ လွယ်လွယ်လေး လက်ခံလိုက်ပါပြီ။ ဘာလို့လဲဆိုတော့ ဂမ်ဘာရီအနေနဲ့ ပြောစရာဘာမှ မကျန်တော့လို့ပါဘဲ” လို့ ဘန်ကောက်အခြေစိုက် သံတမန်တစ်ဦးက ပြောသွားပါတယ်။ “လမ်းပြမြေပုံထဲက သန်းရွှေ ရဲ့ အစီအစဉ်ဟာ သူ့ရဲ့ကိုယ်စားလှယ် ဗိုလ်ချုပ် မောင်အေးကို နောက်ပိုင်းမှာ အာဏာမသိမ်းနိုင်အောင်ရယ်၊ နိုင်ငံတကာအသိုင်းအ၀ိုင်း၊ အထူးသဖြင့် ဂမ်ဘာရီရဲ့ အခန်းကဏ္ဍကို ပိတ်ဆို့ဖို့ရယ်ပါဘဲ” လို့ ၎င်းကဆက်လက်ပြောဆိုပါတယ်။

မစ္စတာ ဂမ်ဘာရီ မြန်မာပြည်ကို နိုဝင်ဘာလက နောက်ဆုံးသွားခဲ့တုန်းက သုံးနေရာသွားပြီးဆွေးနွေးခဲ့ရပါတယ်။ ပြီးတော့ အမျိုးသားညီလာခံက လမ်းညွှန်ချက်တွေရေးဆွဲပြီနောက် စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပက်သက်ပြီး သုံးသပ်ခွင့်ရဖို့ စစ်အစိုးရကိုတောင်းဆိုခဲ့ပါတယ်။ သူဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီကို ပါဝင်ခွင့်ရဖို့ စစ်အစိုးရကို တိုက်တွန်းအားပေး ချင်ပါတယ်။ သူ့ရဲ့ ဆန္ဒတွေထဲမှာ ဗမာပြည်တွင်း ဆင်းရဲမွဲတေမှု လျော့ချရေးအတွက် ကော်မတီတစ်ခု ဖွဲ့စည်းဖို့လည်း ပါဝင်ပါတယ်။

မစ္စတာ ဂမ်ဘာရီဟာ ယခုလောလောဆယ်မှာတော့ သူ့ရဲ့လာမယ့် မြန်မာပြည်ခရီးစဉ်အတွက်ပြင်ဆင်ရင်း အာရှဒေသတွင်း ခရီးစဉ်မှာ ရှိနေပါတယ်။ သူ့ရဲ့ မြန်မာ့အရေးလှုပ်ရှားမှုနဲ့ ပက်သက်ပြီး အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား နဲ့ စင်္ကာပူ နိုင်ငံတို့က အားပေးပါတယ်။

“ကျနော်တို့အတွက် အရေးကြီးတာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နဲ့ ဗမာစစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အများယုံကြည်ရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်အောင် ကျနော်တို့အနေနဲ့ပူးပေါင်းအလုပ်လုပ်ကြ ဖို့ပါဘဲ” လို့ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အင်ဒိုနီးရှား သမ္မတ နဲ့ နိုင်ငံခြားရေးဝန်ကြီး တို့နဲ့ တွေ့ဆုံပွဲအပြီးမှာ မစ္စတာ ဂမ်ဘာရီက သတင်းထောက်တွေကို အခုလိုပြောသွားတာဖြစ်ပါတယ်။

မစ္စတာ ဂမ်ဘာရီအတွက် အခုတော့ ဗမာပြည်အရေး အခန်းကဏ္ဍဟာ အကန့်အသတ်တွေရှိနေပါပြီ။ ဖြစ်နိုင်တာ ကတော့ သူ့အနေနဲ့ စီးပွားရေးပြုပြင်ပြောင်လဲဖို့ကိုဘဲ ကူညီနိုင်တော့မှာပါ။ “စစ်အစိုးရက ဂမ်ဘာရီအား သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို သဘောတူအောင်လုပ်ပြီး၊ အဲဒီဖွဲ့စည်ပုံအခြေခံဥပဒေအပေါ်မှာ ရှိတဲ့ နိုင်ငံတကာရဲ့ ဖိအားတွေကို လျော့ချဖို့ကြိုးစားဦးမှာပါ။ ပြီးတော့ အဲဒီ ဥပဒေကို လည်းအများလက်ခံလာအောင် တနည်းနည်းနဲ့ လှည့်စားဦးမှာပါ” လို့ စစ်အစိုးရ နဲ့ နီးစပ်သူတွေက ပြောပြပါတယ်။ “စစ်အစိုးရ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ပက်သက်ပြီး ဂမ်ဘာရီရဲ့ အခန်းကဏ္ဍဟာ ဒါပါဘဲ” လို့ လည်း ပြောပါတယ်။

အခုထက်ထိအပြင်မှာ တွေဖို့ခက်ခဲနေတဲ့ စစ်အစိုးရရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် မူကြမ်းကိုတော့ စစ်အစိုးရအနေ နဲ့ ဂမ်ဘာရီကို ပြပြီးပုံရပါတယ်။ သံတမံတွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေကို ဘန်ကောက်ပို့စ်က ဆက်သွယ်မေးမြန်းကြည့်ရာမှာ သူတို့အနေနဲ့ အခုထက်ထိ ဖွဲ့စည်းပုံအခြေခံဥပဒေကို မိတ္တူတစ်စောင်တောင် မရရှိသေးပါဘူးလို့ ပြောသွားပါတယ်။

စစ်အစိုးရက ပြည်သှူ့ဆန္ဒခံယူပွဲအတွက် ဖွဲစည်းပုံအခြေခံဥပဒေဟာ အဆင်သင့်ဖြစ်နေပါပြီလို့ လွန်ခဲ့တဲ့ နှစ်ပတ်က တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဗမာအစိုးရဘက်ကလာတဲ့ သတင်းတွေအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ကော်မတီက အခြေခံဥပဒေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်လောက်ကတည်းက ရေးဆွဲပြီးသွားပါပြီ လို့ ပြောပါတယ်။

အခုဆိုရင် ဗိုလ်ချုပ်သန်းရွှေမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ဖော်ဆောင်လိုစိတ် မရှိဘူးဆိုတာ ရှင်းနေတာပါဘဲ။ သူ့ရဲ့ ရည်ရွယ်ချက်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ရဲ့ အခန်းကဏ္ဍဟာလည်း ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒါကြောင့် မစ္စတာဂမ်ဘာရီက အထက်ပါအရေးကိစ္စတွေဟာ ဟာ သူ့ရဲ့ လာမယ့် မြန်မာနိုင်ငံခရီးစဉ်မှာ အဓိကထားဆွေးနွေးရမယ့် အကြောင်းအရာတွေဘဲလို့ အခိုင်အမာပြောဆိုနေသော်ငြားလည်း မြန်မာ့အရေး နဲ့ ပက်သက်လို့ ဂမ်ဘာရီ ရဲ့ အခန်းကဏ္ဍဟာ အဆုံးသတ်သွားပါပြီ။

“ကျနော့် အနေနဲ့ မကြာသေးမီက မြန်မာအာဏာပိုင်တွေဘက်က ကြေငြာခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ ကို ၂၀၁၀ မှာ ကျင်းပမယ်ဆိုတဲ့ အချက်ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ အဆင့်တစ်ဆင့်ပဲလို့ ပြောချင်ပါတယ်” လို့ မစ္စတာ ဂမ်ဘာရီက သူ့ရဲ့ အင်ဒိုနီးရှား နိုင်ငံ၊ ဂျာကာတာ ခရီးစဉ်မှာ သတင်းထောက်တွေကို ပြောသွားတာပါ။ “ဒါပေမယ့် အဲဒီဖြစ်စဉ်တွေဟာ အများလက်ခံနိုင်ရမယ်။ ပါတီအဖွဲ့ အစည်းပေါင်င်းစုံ ပါဝင်ရမယ်။ အဲဒီအကြောင်းအရာတွေကို ကျနော် မြန်မာအာဏာပိုင်များနဲ့ ဆက်လက်ဆွေးနွေးဦးမှာပါ” လို့လည်း ၎င်းကပြောသွားခဲ့ပါတယ်။

တကယ်တော့ အဓိကကျတဲ့ အချက် နဲ့ မစ္စတာ ဂမ်ဘာရီအနေနဲ့ ကူညီနိုင်မယ့် အချက်ကတော့ စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ဆိုတဲ့ အချက်ပါဘဲ။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်အချိန်ကျမှ လွှတ်ပေးမှာလဲ။ မစ္စတာ ဂမ်ဘာရီရဲ့ အရှေ့က တာဝန်ထမ်းဆောင်သွားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ် ရာဇာလီ အစ္စမေးလ် တုန်းက၊ ယခင် နအဖ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ် ခင်ညွန့် နဲ့ တွေ့ဆုံခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အတည်ပြုပြီးတဲ့အခါ ပြန်လွှတ်ပေးမယ်လို့ပြောခဲ့ကြောင်း အဲဒီအချိန်တုန်းက ရာဇာလီ နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ဆိုပါတယ်။

မစ္စတာဂမ်ဘာရီအတွက် အဓိကပြဿနာကတော့ သူဟာ မြန်မာပြည်ကို ဒီတစ်ခေါက်သွားရင် အောက်ခြေအဆင့် ဗိုလ်ချုပ်တွေနဲ့ပဲ တွေ့ခွင့်ရလိမ့်မယ့်အနေအထားရှိနေပါတယ်။ “သန်းရွှေက မစ္စတာဂမ်ဘာရီကို အခုထက်ထိ ဒေါသ ထွက်နေတုန်းဘဲ။ ဘာလို့လဲဆိုတော့ မစ္စတာဂမ်ဘာရီဘာ သူ့ရဲ့ပြီးခဲ့တဲ့ မြန်မာပြည်နောက်ဆုံခရီးစဉ်က အပြန်မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီရင်ခံစာကို နယူးယောက်ကို မရောက်မီ စင်္ကာပူနိုင်ငံမှာ လူသိရှင်ကြားလူထုကို ဖြန့်ဝေလိုက်တဲ့အတွက်ကြောင့်ဘဲ” လို့ချင်းမိုင်အခြေစိုက် မြန်မာ့ အရေးလေ့လာသူ ကိုဝင်းမင်းက ပြောပါတယ်။ “အဲဒီအချိန်ကတည်းက သူဟာ ဂမ်ဘာရီနဲ့မတွေ့တော့တာ။ ပြီးတော့ သန်းရွှေအနေနဲ့ ဒီတစ်ခါ ဂမ်ဘာရီကိုတွေဖို့ အခြေအနေသိပ်မရှိဘူး” လို့ လည်း ၎င်းကဆက်လက်ပြောဆိုပါတယ်။ အဲဒါကတော့ ကုလသမဂ္ဂ ကိုယ်စားလှယ်ရဲ့ အခုလာမယ့်ခရီးစဉ်မှာ သေချာသလောက်ရှိတဲ့ အခြေအနေပါဘဲ။ ပြီးတော့ သူ့ရဲ့ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရဲ့ အတိုက်အခံ အုပ်စုတွေနဲ့ တွေဖို့ အခွင့်အလမ်းလည်းမရှိနိုင်ပါဘူး။

“စစ်ဗိုလ်ချုပ်တွေနဲ့ ပက်သက်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို ဂမ်ဘာရီအနေနဲ့ ဖိအားပေးနေတယ်ဆိုတာကိုလည်း သန်းရွှေ အနေနဲ့ သိနေ၊ ကြားနေရတာပါ။ ဒါကြောင့် ယခုလာမယ့် ဂမ်ဘာရီရဲ့ ခရီးစဉ်ဟာ အောင်မြင်နိုင်၊ မအောင်မြင်နိုင် ဆိုတာက အဓိက ဖြစ်နေပါတယ်” လို့ ပြည်ပရောက်ဗမာအတိုက်အခံ အဖွဲ့အစည်းတွေထဲက ပြောရေးဆိုခွင့်ရှိသူ ကိုဇင်လင်းက ဆိုပါတယ်။ “ပြည်သှူ့ဆန္ဒခံယူပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိရမယ်။ ရွေးကောက်ပွဲမှာ နိုင်ငံတကာက ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့တွေကို လာရောက်ကြီးကြပ်ခွင့်ပေးရမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးပြီး၊ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးရမယ်။ NLD ကိုလည်း တားဆီးပိတ်ပင်မှုတွေ၊ နှောင့်ယှက်မှုတွေ မလုပ်ပဲ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုရမယ်” လို့ ကိုဇင်လင်းကပဲ ဆက်လက်ပြောဆိုသွားပါတယ်။

ရန်ကုန်အခြေစိုက် အနောက်နိုင်ငံ သံတမန်တစ်ဦးက “စစ်အစိုးရအနေနဲ့ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်လို့ မရပါဘူး။ ယုတ်တိရှိရှိ မဲပေးတဲ့ စနစ်ကိုဘဲ နိုင်ငံတကာအသိုင်းအ၀ိုင်းက လက်ခံမှာပါ” လို့ ပြောပါတယ်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ စင်္ကာပူမှာတွေ့ဆုံစဉ်ကလည်း အလားတူ စကားမျိုး ပြောသွားခဲ့ပါတယ်။

ဗမာစစ်အစိုးရကတော့ ကုလသမဂ္ဂကိုရော၊ အထူးသံကိုယ်စားလှယ်ကိုရော သူတို့အနေနဲ့ ဗမာပြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ် နဲ့ နိုင်ငံပြုပြင်ပြောင်းလဲရေး အခန်းကဏ္ဍမရှိတော့ဘူးလို့ နည်းအမျိုးမျိုးနဲ့ အရိပ်အမြွက်ပြပြီးပါပြီ။ ဒါပေမယ့် ကုလအထူးသံကိုယ်စာလှယ်ကတော့ ယခုထက်တိုင်အောင် ဘာအတားအဆီး
တွေဘဲရှိရှိ သူ့ဘက်ကတော့ သူ့အလုပ်ကို ဆက်လုပ်ရမှာဘဲလို့ အခိုင်အမာပြောဆိုနေတုန်းပါ။

“သိသာထင်ရှားတဲ့ရလာဒ် မြန်မြန်ဆန်ဆန် ထွက်မလာတာမျိုး၊ ဒါမှမဟုတ် ကျနော်ထက်ပြီးအောင်မြင်မှုမရှိတော့ တဲ့အခါ ကျနော့်ကိုယ်ကျနော် အချီးအနှီးဘဲထင်မိပါတယ်။ ဒါပေမယ့် ကျနော်တို့ လုပ်ရမယ့်အလုပ်ကို အဖြေထွက် လာတဲ့ အထိကျနော်တို့ ဆက်လုပ်ရမှာပါ” လို့ မစ္စတာဂမ်ဘာရီက ပြောပါတယ်။

No comments :