Friday, 29 February 2008

နအဖ ရဲ့ ရွှေရည်စိမ် ဒီမိုကရေစီ

San Francisco Cronicle, USA
28 February

ကမ္ဘာမှာ နိုင်ငံရေးနဲ့ပက်သက်ပြီးလူတွေ တော်များများသုံးနေကြတဲ့ စကားစုလေးတွေရှိပါတယ်။ အဲဒီထဲက အများစုပြောစမှတ်ပြုနေကြတဲ့အကြောင်းကတော့ ကျူးဘားတော်လှန်ရေး၊ တရုတ်နိုင်ငံ လူ့အခွင့်အရေး နဲ့ ဆူဒန် ငြိမ်းချမ်းရေးသဘောတူစာချုပ် အကြောင်းတို့ပါဘဲ။ အခုနောက်ဆုံးပြောနေကြတဲ့ စကားစုလေးကတော့ ဗမာပြည်ဒီမိုကရေစီအကြောင်းပါ။

ဗမာနိုင်ငံဟာ ၁၉၈၈ နောက်ပိုင်းကတည်းက စစ်အာဏာရှင်တွေက အာဏာလုပြီး အုပ်ချုပ်နေတဲ့နိုင်ငံပါ။ အခုအချိန်မှာတော့ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကြားကဘဲ၊ လာမယ့်မေလမှာ ပြည်သူ့ဆန္ဒခံယူပွဲ တစ်ခုလုပ်ဖို့ စီစဉ်နေပါတယ်။ ပြီးတော့ ၂၀၁၀ မှာ ရွေးကောက်ပွဲလည်းကျင်းပမယ်လို့ဆိုပါတယ်။

ရွေးကောက်ပွဲကျင်းပမယ်ဆိုလို့ စစ်ဗိုလ်ချုပ်တွေ အမြင်မှန်ရသွားပြီလို့တော့ မထင်လိုက်ပါနဲ့။ အဲဒီနိုင်ငံမှာ အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေဟာ ပြီးခဲ့တဲ့စက်တင်ဘာဆန္ဒပြပွဲတွေမှာ ရဟန်းသံဃာတွေအပါအ၀င်၊ ဆန္ဒပြသူ တွေကို ပစ်ခတ်သတ်ဖြတ် လိုက်တဲ့ စစ်အာဏာရှင်တွေပါ။ တစ်ကမ္ဘာလုံးက အဲဒီနိုင်ငံရဲ့ အစိုးရအပေါ် ထားတဲ့ သဘောထားတွေ တော်တော်ကို ပြောင်းလဲသွားပါပြီ။

အခုလည်း စစ်အာဏာရှင်အစိုးရက နည်းဗျူဟာသစ်တွေသုံးပြီး ရွှေရည်စိမ်ဒီမိုကရေစီ ကိုပေးဖို့ စီစဉ်နေပါတယ်။ သူ့တို့ကိုယ်တိုင်ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ အတိုက်အခံအင်အားစုတွေနဲ့ စစ်အစိုးရကိုဝေဖန်တဲ့ အုပ်စုတွေကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရှိဘူး။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကတော့ နေအိမ်မှာ အခုထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲပါ။ ရဟန်းသံဃာတွေ၊ သီလရှင်တွေ၊ ခရိယာန် နဲ့ ဟိန္ဒူဘာသာရေးခေါင်းဆောင်တွေနဲ့ နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံခြားသားနဲ့ လက်ထပ်ထားသူတွေ မဲပေးခွင့်မရှိဘူးလို့ဆိုပါတယ်။ ဒါဟာ နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရှိဘူးလို့ ဆိုလိုက်တာပါ။

ပြီးခဲ့တဲ့အပတ်တုန်းက ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂမ်ဘာရီဟာ ဗမာ့အိမ်နီးချင်းနိုင်ငံတွေကို ဗမာ့အရေး ဆွေးနွေးဖို့ သွားရောက်ခဲ့ပြီး၊ အခုလည်းဗမာပြည်ကို သွားဦးမယ်လို့ဆိုပါတယ်။ သူဟာ ဗမာအစိုးရရဲ့ အပေါ်ယံ တန်ဖိုးလောက်သာရှိတဲ့ လမ်းပြမြေပုံအပေါ် အင်မတန် ယုံကြည်နေတဲ့ သံတမန်တစ်ဦးပါ။ ဒါပေမယ့် သူ့အနေနဲ့ ဗမာစစ်အစိုးရကို ရိုးရိုးသားသား ပြောင်းလဲမှုတွေလုပ်ဖို့ တွန်းအားပေးဖို့ ကမ္ဘာ့နိုင်ငံတွေရဲ့ ဖိအားတွေ လိုအပ်နေပါ တယ်။

အဲဒါကြောင့်မို့လို့ သမ္မတ ဘွတ်ရှ်ရဲ့ နအဖ နဲ့ ပက်သက်တဲ့ ဗမာစီးပွားရေးလုပ်ငန်းရှင်တွေကို စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်မှုတွေလုပ်လိုက်တာ အတော်ကို ကောင်းပါတယ်။ ဗမာနိုင်ငံရဲ့ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ တရုတ် နဲ့ အိန္ဒိယ ကိုလည်း အခုလိုဖိအားပေးသင့်ပါတယ်။ ဒါမှသာ ဗမာပြည်သူတွေ အင်မတန်တောင့်တနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဟာ သူတို့နိုင်ငံမှာ အမြစ်တွယ်နေမှာပါ။

No comments :