Friday, 15 February 2008

“မြန်မာပြည် အာဇာနည် ဖဒိုမန်းရှာ”


ငဒို့ မြန်မာပြည်
မငြိမ်းသောမီး သမိုင်းရှည်ကြီး
လွတ်မြောက်ရေးခရီး ကြမ်းထဲ
ကြီးကျယ်မြင့်မြတ်ရဲ့ ရင့်သော
ချစ်သောတိုင်းရင်းသားခေါင်းဆောင် အဆက်ဆက်မှာ
“အာဇာနည် ဖဒိုမန်းရှာ” ပါခဲ့ပြီ။

သောင်းရင်နဲ့  ဒေါနတောင်တန်းကြီးက
သူ့ တိုက်ရည်ခိုက်ရည်အကြောင်း ကောင်းကောင်းသိတယ်။

ဇာတိမြေ ပန်းတနော် တောချောင်းရွာက
သူ့  မွေးဖွားခြင်းကို ဂုဏ်ယူတယ်။

ပဲခူးရိုးမနဲ့ မြစ်ဝကျွန်းပေါ်က
သူ့  စွန့် လွတ်မှုကို လေးစားတယ်။

နအဖစစ်အုပ်စုက
သူ့ ယုံကြည်ချက်ကို တော်တော်ကြောက်ခဲ့တယ်။

ခေတ္တမဲဆောက်မြေက
သူ့ အတွက်ထာဝရ တစ်နေရာစာပေးခဲ့တယ်။

သူ့ ဝဲဘက်လက်က
ကရင့်အမျိုးသားလွတ်မြောက်ရေးအလံကို
မလဲစတမ်းကိုင်ခဲ့ပြီး
ယာဘက်လက်က
မြန်မာပြည်တစ်ပြည်လုံး ဒီမိုကရေစီရေး
သွေးနဲ့ ရေးပြသွားခဲ့တယ်။

သူ
တပင်ထဲကို မကြည့်ပဲ
တစ်တောလုံးကို ကြည့်ခဲ့တယ်။

ကေအန်ယူနဲ့ အတူ ငဒို့ က
သူ့ ကိုလေးစား ဦးညွတ်တယ်။

ဖထီးရေ
သမီးလေး “ဆူရာဖန်း” တို့ ငိုနေပြီ
အသက်ကိုသတ်တိုင်း
ယုံကြည်ချက်နဲ့ သမိုင်းကိုသတ်နိုင်မတဲ့လား
ဖထီးရဲ့ ဝဲဘက်ရင်အုံက ကျည်ဆန်ဟာ
ဖထီးကိုမှန်တာမဟုတ်ပဲ
စစ်အာဏာရှင်ကို မှန်စေ့မယ်။ ။

လင်းနွေးအိမ်
(၂၀၀၈ ဖေဖော်ဝါရီ ၁၄ ရက် ညနေ လေးနာရီခန့် မှာ ကျဆုံးသွားတဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင် ဖဒိုမန်းရှာသို့ …)

No comments :