Monday, 10 March 2008

တစ်ရက်ပိုပြီးနေလို့ ဘာမှထူးခြားမသွားပါလား မစ္စတာဂမ်ဘာရီ !

AP, Yangon
9 March
ဘာသာပြန် - ကျော်
မစ္စတာဂမ်ဘာရီရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို နောက်ထပ်တစ်ရက် ထပ်တိုးလိုက်တယ်လို့ စစ်တပ်အသိုင်းအ၀ိုင်းက လာတဲ့ သတင်းများအရ သိရပါတယ်။ မစ္စတာဂမ်ဘာရီဟာ စစ်အစိုးရရဲ့ ၂၀၁၀ မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ စစ်အစိုးရကို တွန်းအားပေးခဲ့ပြီး၊ သူ့ရဲ့ တိုက်တွှန်းချက်ဟာ မအောင်မြင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့စနေနေ့က မစ္စတာဂမ်ဘာရီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် စစ်အစိုးရဟာ လာမယ့်မေလမှာ ကျင်းပမယ့် ၎င်းတို့ရဲ့ ပြည်သူ့ဆန္ဒခံယူပွဲကို နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ လာရောက်ကြီးကြပ်မယ်ဆိုတဲ့အစီအစဉ်ကို ငြင်းပယ်လိုက် တဲ့အတွက် ယခုဂမ်ဘာရီရဲ့ခရီစဉ်ဟာ အောင်မြင်မှုနည်းနည်းပဲ ရတယ်လို့ဆိုရပါမယ်။
စစ်အစိုးရပိုင် သတင်းစာတွေကနေ ၎င်းတို့ရဲ့ ပြည်သူ့ဆန္ဒခံယူပွဲအပေါ် နိုင်ငံတကာစောင့်ကြည့် လေ့လာရေးအဖွဲ့တွေက လာရောက်ကြီးကြပ်မယ်ဆိုတဲ့ အစီအစဉ်ကို တရားဝင်ကြေငြာပြီးခဲ့တဲ့ အတွက်ကြောင့် ယခုတစ်ခေါက် ဂမ်ဘာရီရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ အောင်မြင်ပါ့မလားဆိုတဲ့ နောက်ထပ်သံသယတွေရှိနေကြပါတယ်။ အထူးသဖြင့် ဗိုလ်ချုပ်သန်းရွှေဟာ မစ္စတာ ဂမ်ဘာရီကို တွေ့လိုတဲ့ ဆန္ဒမရှိကြောင်းကိုလည်း ထုတ်ဖော်ပြသလိုက်ပြီးဖြစ်ပါတယ်။
တကယ်တော့ မစ္စတာဂမ်ဘာရီအနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေကတည်းက ကုသမဂ္ဂ သံအရာရှိတစ်ဦး နဲ့ ကျော်ဆန်း တို့ကို တွေ့ပြီးနောက် မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားရမှာ ဖြစ်ပါတယ်။
“သူ့ရဲ့ခရီးစဉ်ကို နောက်တစ်ရက် ထပ်ပြီးတိုးလိုက်ပါတယ်။ ဒါကြောင့် သူဟာ မနက်ဖြန် တနင်္လာနေ့ကျမှ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ခရီးစဉ် အချိန်ဇယား ဟာ အမြဲတမ်း ဒီလိုဘဲ ပြောင်းနေတာဘဲ” လို့ အမည်မဖော်လိုသူ စစ်တပ်အသိုင်းအ၀ိုင်က အရာရှိ တစ်ယောက်က ပြောပါတယ်။
ဂမ်ဘာရီဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရောက်ရှိပြီး စစ်စိုးရကို လာမယ့်မေလမှာ ကျင်းပမယ့် ပြည်သှူှ့ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် ရဖို့ တွန်းအားပေးရန် ရောက်ရှိခဲ့ပါတယ်။
စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုင်ငံခြားသားနဲ့လက်ထပ်ထားတဲ့သူတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရှိဘူးလို့ ထည့်သွင်းပြဋ္ဌာန်းထားတာဟာ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်မရှိဘူးလို့ ဆိုထားတာပါဘဲ။
ပြီးခဲ့တဲ့ သောကြာနေ့က ဂမ်ဘာရီဟာ ပြည်သှူ့ဆန္ဒခံယူပွဲ ကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံပြီး နိုင်ငံတကာက စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို စေလွှတ်ဖို့ တင်ပြတာကို ၎င်းကော်မရှင်အဖွဲ့က ငြင်းပယ်ခဲ့ပါတယ်။
စစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာက ရွေးကောက်ပွဲကော်မရွှဲ့နဲ့ ဂမ်ဘာရီ တွေ့ဆုံပွဲကို သာမန် တွေ့ဆုံပွဲ တစ်ခုအနေနဲ့ပဲ ရေးသားထားပါတယ်။ အဲဒီအချိန်မှာပဲ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦး ဖြစ်သူ သောင်းညွန့် က ပြည်သူ့ဆန္ဒခံယူပွဲဟာ ပြည်တွင်းရေးသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
မြန်မာ့အလင်း သတင်းစာက ဖော်ပြရာမှာ “မစ္စတာဂမ်ဘာရီအနေနဲ့ နိုင်ငံတကာလေ့လာစောင့်ကြည့်ရေး အဖွဲ့တွေကို မြန်မာနိုင်ငံကို ဖိတ်ချင်တာဟာ ပြည်တွင်းရေးကိစ္စတွေမှာ နိုင်ငံတကာက ၀င်ရောက်စွက်ဖက် နိုင်အောင် ပြုလုပ်ခြင်းဖြစ်တယ်” လို့ရေးသားထားပါတယ်။ သောင်းညွန့်က “ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ ကျင်းပတယ်ဆိုတာ နိုင်ငံတော်ရဲ့ လုပ်ပိုင်ခွင့် အာဏာဖြစ်တယ်။ ပြည်သူ့ဆန္ဒခံယူပွဲလို ကိစ္စမျိုးကို နိုင်ငံတကာက အခုလိုလာပြီးစောင့်ကြည့်တယ်ဆို တာဘယ်မှာမှ မရှိဘူး” လို့ ၎င်းက ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းက ပြီးခဲ့တဲ့ သောကြာနေ့ကမစ္စတာဂမ်ဘာရီကို စစ်အစိုးရ အနေနဲ့ ပြည်သူ့ဆန္ဒခံယူပွဲအတွက် မည်သည့်ပြောင်းလဲမှုမျိုးမှ လုပ်မှာမဟုတ်ကြောင်းပြောခဲ့ပါသေးတယ်။ ထို့ပြင် မစ္စတာဂမ်ဘာရီကိုလည်း ဒေါ်အောင်ဆန်းစုကြည် ဘက်ကို ဘက်လိုက်တယ်လို့လည်း စွပ်စွဲခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာ့အလင်း သတင်းစာမှာလည်း စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်တွင်းကနေ နှောင့်ယှက်နေသူများ နှင့် အမျိုးသားရေးသစ္စာဖောက် ဆိုပြီး နာမည်များနှင့်တကွ ရေးသားစွပ်စွဲ ထားပါသေးတယ်။
အကျဉ်းချုပ်ပြောရရင်တော့ စစ်အစိုးရရဲ့ သတင်းစာတွေမှာ ဂမ်ဘာရီနဲ့ ဒေါ်စု တွေ့တဲ့အကြောင်းကို အသေးစိတ်ဖော်ပြမထားပါဘူး။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၈ နှစ်တာကာလအတွင်း ၁၂ နှစ်လုံးလုံး နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံနေရပါတယ်။ ပြင်ပ နဲ့ ဆက်သွယ်ခွင့်ရတယ်ဆိုတာ မရှိသလောက်ပါဘဲ။ သူမရဲ့ ရုပ်ပုံတွေ၊ သူမရဲ့ အကြောင်းတွေ ဆိုတာဟာလည်း ပြည်တွင်းသတင်းမီဒီယာတွေမှာ မပါသလောက်ပါဘဲ။
ရွေးကောက်ပွဲကျင်းပမယ်ဆိုရင်တောင် ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို အရင်အကောင်အထည် ဖော်ရမှာပါ။ ဒါပေမယ့် အဲဒီရွေးကောက်ပွဲ ရလာဒ်ကို စစ်အာဏာရှင် အစိုးရက အသိအမှတ် မပြုခဲ့ပါဘူး။
ဂမ်ဘာရီအနေနဲ့ စစ်အစိုးရရဲ့ စက်တင်ဘာဆန္ဒပြပွဲတွေအပေါ် ရက်ရက်စက်စက် အကြမ်းဖက်နှိမ်နှင်း ခဲ့တဲ့အကြောင်းအကြောင်းအရာနဲ့ပက်သက်ပြီး အတိုက်အခံအင်အားစုများနှင့် စစ်စိုးရတို့အကြား တွေဆုံဆွေးနွေးရေး လမ်းကြောင်းဖွင့်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့်အောင်မြင်မှုမရခဲ့ပါဘူး။ စက်တင်ဘာဆန္ဒပြပွဲတွေမှာ အကြမ်းဖက်သတ်ဖြတ်ခံရသူ စုစုပေါင်း ၃၁ ယောက်ရှိတယ်လို့ ကုလသမဂ္ဂက ကြေငြာခဲ့ပါတယ်။


No comments :