Tuesday 29 April 2008

အနာဂတ်မြန်မာပြည် နှင့် စစ်ကျွန်အောက်က လူငယ်တို့၏ဘ၀ဆိုး








စာသင်ခန်းထဲမှာ ရှိနေရ မည့် မြန်မာပြည် အနာဂတ်ကိုပိုင်ဆိုင်တဲ့ ခလေးငယ်များ စစ်ကျွန်ဘ၀အောက်မှာ ရုန်းကန်နေရပုံ


တင်ပြသူ- ( ms)

ကျွန်တော် လူမျိုးစုတွေနေထိုင်ရာနယ်စပ်မြို့လေးတခုဖြစ်တဲ့ ၀မ်းခကို ၁၉၈၈ခုနှစ် နှောင်းပိုင်းရောက်ပြီး၊ နေထိုင်ခဲ့တုန်းက အသက် ၁၄-၁၅ နှစ် ပတ်ဝန်ကျင်လောက်သာရှိတဲ့ ခလေးငယ်တွေကို သေနတ်ကိုယ်စီ
လွယ်ထားတာတွေ့ရလို့ အံသြတုန်လှုပ်ခဲ့ရတယ်။ ကျွန်တော် ရန်ကုန်မှာကြီးပြင်း လာခဲ့လို့လားမသိဘူး၊ ကျွန်တော့်ဘ၀မှာ ဒီလို ခလေးတွေ သေနတ်ကိုယ်စီလွယ်ထားတာ တွေ့ရတာ ဟာပထမဦးဆုံးအကြိမ်ပါ။ ကျွန်တော်သူတို့ကိုမေးမိတယ်။ ငါ့ညီလေးတို့ မင်းတို့ဒီမှာ အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဘာလာလုပ်နေတာလဲလို့ မေးမိတယ်။ “ကျွန်တော်တို့ ဗမာတွေကိုမုန်းတယ်။ ဗမာအသည်းကိုစားဖို့လို့” ဗမာအသံဝဲ၀ဲလေးနှင့် ပြန်ဖြေ တယ်။ အဲဒီတော့ ကျွန်တော်က “ အကိုကဗမာဆိုတော့ ငါ့ညီတို့ကဘာလို့ မမုန်းဘဲ၊ စကားပြောနေတာလဲလို့” မေးကြည့်တော့၊ သူတို့လေးတွေက “အကိုကဗမာ မဟုတ်ပါဘူး၊ကျောင်းသားပါ” လို့ ပြန်ဖြေခဲ့တာကြားရလို့ ငိုရခက်ခက်၊ရီရခက်ခက်ဖြစ်ခဲ့ရတယ်။ အမတန်မှအပြစ်ကင်းစင်၊ လူလားမမြောက်သေး တဲ့ခလေးတွေကို စစ်မြေပြင်မှာတွေ့ရတော့ ရင်နာရ၊ယူကြုံးမရ ၀မ်းနည်းခဲ့ရတယ်။

ကျွန်တော်ငယ်ငယ်က သင်္ချာ နှင့် အင်္ဂလိပ်စာ တော်လို့ မြို့နယ်ဆုတွေရခဲ့ဘူးတယ်။ ကိုယ့်ကိုယ်လည်း သွေးနထင်ရောက်ခဲ့တာ ပေါ့။ ဒါပေမဲ့ နွားအိုင်ထဲက ဖါးသူငယ်ဆိုတာကိုယ့်ကိုယ်ကိုယ်မသိခဲ့ဘူး။ ၁၉၉၂ ခု မှာ အာရှကျောင်းသားတွေ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့အစည်းအဝေးပွဲတခု တက်ရောက်ခဲ့တော့မှ ငါဟာ ဘာမှအတွေ့အကြုံ မရှိသေးဘူး၊အများကြီးလေ့လာရအုန်းမယ်ဆိုတာ ကိုယ့်ကိုယ်သ ဘောပေါက်မိတော့ တယ်။ ဟုတ်ပါတယ်၊ တကယ်တော့ သမနှင့်ဝါယမ လောက် ဘဲသိခဲ့ရတယ်။ သင်ခဲ့ရတယ်။ ဓါး ဆိုတာ ဓါးသွေးကျောက်မှာ သွေးရင် ထက်တယ်၊ ကျောက်စလစ်မှာ သွေးနေရင်တုံးသွားတက်တယ် ဆိုတဲ့အတိုင်း ကမ္ဘာမှာ ဖြစ်ပေါ် ပြောင်းလဲတိုးတက်မူ့တွေကိုလေ့လာဖို့ ၊ ဆည်းပူးဖို့ရာ ကမ္ဘာ့အဆင့်မီ စာအုပ်စာတန်းတွေ
လည်း ဖတ်ရှုနိုင်ခွင့်လည်းမရခဲ့ဘူး။ နိုင်ငံရေးဖတ်စရာ၊ လေ့လာစရာ စာအုပ်တွေဆိုလို့ သိန်းဖေမြင့်၊ ဗန်မော်တင်အောင်၊ မြသန်းတင့် စတဲ့ သူတွေရေးထားတဲ့ စာအုပ်တွေ ဘဲရှိတယ်။ လေ့လာချင်ရင်လေ့လာ၊ မလေ့လာချင်ရင်နေ၊ ကြိုက်ယင်ဖတ်၊ မကြိုက်ရင်နေ ဒါဘဲရှိတယ်။ ဖတ်ပြန်၊လေ့လာပြန်၊ ယင်လည်း လက်ဝဲ ရောက်သူလို့ အစွပ်စွဲခံရပြန်သေးတယ်။ အာဏာရှင် စစ်အစိုးရအောက်မှာ ဘာမှ လေ့လာစရာမရှိ အောင် ပညာရေးအတွက် ပိတ်ဆို့ထား တယ်။

ကျွန်တော်တို့ ဦးလေးတွေ၊ အဒေါ်တွေဟာ သမ၀ါယမ၊ ရောဘတ်အိုဝင်နှင့် ဒေါက်တာဝီလီယံကင်း၊အညမည စတဲ့ ဆိုရှယ်လစ် ပညာရေး၊ စီးပွားရေးအကြောင်း ကိုသင်ခဲ့ရတယ်။ ကျွန်တော်တို့ လည်း သမ၀ါယမအကြောင်း၊ ရောဘတ်အိုဝင်နှင့် ဒေါက်တာဝီလီယံကင်း ၊
အညမည စတဲ့ ဆိုရှယ်လစ် ပညာရေး၊ စီးပွားရေးအကြောင်း ကိုဘဲ သင်ခဲ့ရတယ်။ ကျွန်တော်တို့ တူတွေ၊ တူမတွေလည်း သမ၀ါယမအကြောင်း၊ ရောဘတ်အိုဝင်နှင့် ဒေါက်တာဝီလီယံကင်းအကြောင်း၊ အညမည စတဲ့ ဆိုရှယ်လစ် ပညာရေး၊ စီးပွားရေး ကို ဘဲသင်ပေးခဲ့တယ်။ လူ့ဘ၀ (၃) ဆက် ပြောင်းသွားတယ်၊ စာအုပ်ဟောင်းသွားတယ်၊ သင်ယူခဲ့ကြရတာက အတူတူ ဘဲ။ လက်ရှိခေတ်နှင့် မကိုက်ညီတော့ ဘဲ၊အမတန်မှဆွေးမြေ့နေတဲ့ပညာရေးစံနစ်ကိုအထက်တန်းက
နေတက္ကသိုလ်ထိ သင်ယူခဲ့ရတယ်။ သားစဉ်မြေးဆက် ခေတ်မမှီတော့တဲ့ပညာရေး သင်ကြားခဲ့ကြရတယ်။ ခေတ်တွေသာပြောင်းလဲခဲ့တယ်၊ အတွေးအခေါ်နှင့် လေ့လာခဲ့ ရမူ့တွေဟာ ဘာမှပြောင်းလဲမူ့မရှိခဲ့ပါဘူး။

ဒီလို တိုးတက်မူ့ မရှိတဲ့ သူတွေ၊ ခေတ်မှီပညာရေး ကိုမသင်ခဲ့ရတဲ့သူ တွေဟာတိုင်းပြည် အုပ်ချုပ်နေလို့လည်း တိုင်းပြည်ဟာ နိုင်ငံတကာမှာ ခေတ်နောက်ကျနေရတယ်။ တဖက်မှာလည်း စစ်အစိုးရက အခြေခံလိုအပ်ချက် ဖြစ်တဲ့ ပြည်သူလူထုရဲ့ စား၊၀တ်နေရေး ကို ဘာမှလောက်ငှအောင် မလုပ်ပေးနိုင်လို့ ဆရာဆရာမတွေ အပါအ၀င် ၀န်ထမ်းတိုင်းလိုလိုဟာ သူတို့ရဲ့ စားဝတ်နေရေး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အဂတိ လိုက်စားလာရတာ၊ လာဘ်စားလာတာ၊ အနည်းဆုံးတော့ တရားမ၀င် ကျူရှင်ပြရတာတွေပြုလုပ်နေကြရတယ်။ ၁၉၈၈ ခုနှစ်မှာ ၀ိုင်းကျူရှင်သင်တဲ့ တက္ကသိုလ်က ဆရာဆရာမတွေဟာ ဘွဲ့လွန် တက္ကသိုလ် ပညာ ရေးအတွက် တစ်ဘာသာ ငွေကျပ် ၅၀၀ သင်ပေးလို့ တက္ကသိုလ်ပညာရေးဟာလည်း ငွေကျွန်ပညာရေး စံနစ်ဖြစ်ခဲ့ရတယ်။ အဲဒီအချိန်မှာ အခြေခံအလုပ်သမားတယောက် လစာဟာ ကျပ် ၂၂၀ ကနေ ၄၅၀ ကြားရတာမို့သာမန် အခြေခံအလုပ်သမား တယောက်ရဲ့ သားသမီး တွေဟာ တက္ကသိုလ်ပညာရေးနဲ့ ဝေးခဲ့ရတယ်။ ဒီလိုခေတ်မှီ
ပညာ ရေးကို မသင်ခဲ့ရတဲ့ မြန်မာပြည်ရဲ့ အနာဂတ်ကို ပိုင်ဆိုင်ကြမဲ့ မြန်မာလူငယ်တွေဟာဘယ်လိုလို့ ကမ္ဘာ မှာ ရင်ဘောင်တန်းနိုင်ကြပါ့ မလဲ။

ဒီနေ့ မြန်မာပြည် ရဲ့ အနာဂတ်ကိုပိုင်ဆိုင်ကြမဲ့ ကလေးငယ်တွေဟာ ပြည်တွင်းစစ် ရဲ့သားကောင်တွေ
ဖြစ်နေတယ်။ဒီနေ့ လူငယ်တွေဟာ စာသင်ခန်းတွေ၊ တိုင်း ပြည် ဖွံ့ ဖြိုးအောင် လုပ်ရမဲ့ လုပ်ငန်း ခွင် တွေ မှာ မရှိဘူး၊ အကျဉ်းထောင်တွေထဲမှာ ရောက်နေကြတယ်။တောကြိုတောင်ကြားတွေမှာ ရောက်နေကြတယ်။ တချို့က မိသားစု စားဝတ်နေရေး အခက်အခဲကြောင့် အခြေခံပညာရေးကိုတောင်မသင်ယူနိုင်ကြဘူး။ ကျောင်းတွေကိုကျောခိုင်းခဲ့ရတယ်။ လမ်းမတွေပေါ်မှာ ၀မ်းရေးအတွက် ရှာ ဖွေ စားသောက် နေကြ ရတယ်။ တချို့ကတော့ မိသားစု အကျပ်အတည်းဖြေရှင်းဘို့ စစ်တပ်တွေထဲကို ၀င်ကြတယ်။ တချို့က အာဏာရှင် စစ်အုပ်စု ဆိုး ဒဏ်ကြောင့် လူငယ်တွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ဒုက္ခအမျိုး မျိုး ရင်ဆိုင်ကြုံတွေ့ နေကြရတယ်။ အနာဂတ်မြန်မာပြည်ကို ပိုင်ဆိုင်ကြမည့်လူငယ်တွေဟာ လက်တဆုတ်စာသာရှိတဲ့ စစ်အာဏာရှင်တွေရဲ့အောက်မှာ ဒုက္ခအသီးသီး ရင်ဆိုင်နေကြရတယ်။

မကြာခင်ရက်တွေက စစ်အုပ်စုအလိုကြ တဖတ်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဆန္ဒခံယူပွဲအပေါ် ဆန့်ကျင် ကြ ကန့် ကွက်မဲပေး ဖို့ မြန်မာသံရုံးရှေ့တွေမှာ ပြည်ပရောက်မြန်မာနိုင်ငံသားအားလုံး မဲပေးခွင့်ရရေး တောင်းဆိုကြတာတွေကို တွေ့ခဲ့ဖတ်ခဲ့ရတယ်။ အထူးသဖြင့် စင်္ကာပူ၊ဂျပန်။တောင်ကိုရီးယား၊ဆွီဒင်၊အင်္ဂလန်၊ ထိုင်းနိုင်ငံတွေမှာပါ။ တိုင်းပြည်ရေး၊ အမျိုသားရေးအတွက် တဖတ်တလမ်း ကတိုက်ပွဲဝင်နေကြသော နိုင်ငံတကာရောက် မြန်မာ မျိုးချစ်လူငယ်များ၊ အသိပညာရှင်များရဲ့ ရဲရင့်ပြတ်သားမူ့၊ စည်းလုံးမူ့တွေ မြင်လိုက်ရတော့ အမတမန်မှလေးစားဂုဏ်ယူမိတယ်။ သူတို့ရဲ့ မျက်လုံးတွေဟာအနာဂတ်မြန်မာပြည်အတွက် လင်းလက်တောက်ပနေတာ တွေ့ရတယ်။ အနာဂတ်မြန်မာပြည်ဟာ လက်တဆုတ်စာသာရှိတဲ့ စစ်အာဏာရှင် တွေ ပေါ်မမူတည်ဘူး၊ ငါတို့လူငယ်တွေပေါ်မှာ သာမူတည်တယ်ဆိုတာ ကမ္ဘာ ကိုပြတ်ပြတ်သားသား ပြလိုက် တာဖြစ်ပါတယ်။ သူတို့ဟာ အနာဂတ် မြန်မာပြည် အတွက်ကြယ်ပွင့်လေးတွေ၊ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေဆိုတာ တွေးမြင်ယင်း ၀မ်းသာ ကြည်နူး ရလို့၊ ပါးပြင်ပေါ် မျက်ရည်များတောင် ကျမိပါတော့တယ်။.......။




Rest of your post

No comments :