ငါ့ညီမောင်ပျင်း၊ ဗြောင်လစ်ခြင်း
သက်ပြင်းကိုချ၊ ထရမလို
ထိုင်မလိုနဲ့ ၊ လိမ်ခဲ့သမျှ
ဖုံးမရသော် ၊ ကုန်းမှပေါ်ပြီ
အော်ဂလီဆန်၊ ဖာလေသံနဲ့
ထန်လိုက်ပျော့လိုက် ကွေ့ဝိုက်လိမ်ညာ
ဗလာသောက်ရှက် ရတက်မအေး
စစ်ခွေးလိမ်ညာ ယုတ်ကမ်းပါရဲ့။
ငါ့ညီမောင်ပျင်း ၊ဗြောင်လစ်ခြင်း
မင်းမြင်ရက်ရင် ၊ သောင်ပြင်ကိုကြည့်
သေသည့်အလောင်း ၊ထောင်သောင်းမက
ငတ်နေကြတဲ့ ၊ အားမဲ့ပြည်သူ
ကူသူမရှိ၊ သေမည့်နေ့အား
ထိုင်စောင့်စားရင်း၊ အားငယ်ခြင်းနဲ့
ဆုံးခဲ့သမျှ၊ သမီးလှပျို
ရေစိုအလောင်း ၊ အခေါင်းမပါ
မျောချင်ရာမျော ၊ တွေးတောကြေကွဲ
ဖြေလဲမရ ၊ ဒီဘ၀တွေ
သိန်းချီနေပြီ ၊ မျက်ရည်မြစ်ဖြစ်
မင်းတို့နစ်မယ် ၊ နေကွယ်ချိန်ဟာ
နက်ဖြန်ခါလား ၊ စဉ်းစားထုတ်ပိုး
ခွေးသူခိုးလို၊ ခြံစည်းရိုးခွ
ထိုင်ပြမလား ၊ ပြေးမလား..။
ငါ့ညီမောင်ပျင်း ၊ဗြောင်လစ်ခြင်း
ချင်းမိုင် မဲဆောက် ၊ နယူးယောက်မှာ
ဝါရှင်တန်နဲ့၊ ဘန်ကောက်ရဲ့ည
သိပ်လှနေတုန်း၊ ဗြုန်းဆို မုန်တိုင်း
လူသတ်လှိုင်းလုံး၊ သိမ်းကြုံးသတ်ဖြတ်
ငတ်သောသူများ ၊ ဆင်းရဲသားတို့
အားကိုးရာမဲ့ သေခဲ့ရပြီ
တတ်နိုင်သမျှ ၊ ၀ိုင်းကူကြ…။
ငါ့ညီမောင်ပျင်း ၊ဗြောင်လစ်ခြင်း
ကမြင်းမသား ၊ ပရောဂျက်ကြားထဲ
အမဲလိုက်သလို ၊ဟိုသည်လက်ဖြန့်
တပ်လှန့်တောင်းရမ်း၊ ချမ်းသာသမျှ
ဝေမျှလှူဒါန်း ၊ ပြည်သူ့ဝမ်းတွက်
ငဲ့ကွက်ညှာတာ အားထုတ်ပါဟ
ငါတို့ပြည်သူ လူစဉ်မမှီ
ငတ်ကြပြီ…။
ငါ့ညီမောင်ပျင်း ၊ဗြောင်လစ်ခြင်း
မင်းတို့ အဖြစ် ၊ ဆန်းစစ်ပြန်ကြည့်
မြင်မိစေကြောင်း ၊ အလောင်းတို့ကြား
ဠင်းတ နားသို့ ငါတို့မြင်မိ
ရှက်ပါ၏။
တော်ကီ
Thursday, 15 May 2008
Subscribe to:
Post Comments
(
Atom
)
3 comments :
copy လုပ်ခွင့်ပြုပါခင်ဗျာ
ကိုနေ(YNP)
www.ynp-net.info
you can copy anything you want to copy from this blog,as long as you keep original content and ofcourse my humble name.
I don't mind at all , I am copy-left writer.
Talky
Hi brother talky!
brother! you are an amazing "POET".I'm really proud of you!don't ever give up ok. I'm appreciate it forever!
Post a Comment