Wednesday, 21 May 2008
နာဂစ်အလွန်
တချိန်က ရွှေရောင်ပြည်ရယ်လို့
ကမ္ဘာ့အလယ် ကျော်ကြားခဲ့တဲ့မြန်မာပြည်
ခုများအချိန်မှာ စစ်အာဏာရှင်အစိုးရလက်အောက်
ဒို့အမိမြန်မာ မိစ္ဆာနိုင်ငံသို့
ကမ္ဘာတလွှား အမည်ကျော်ကြားသွားခဲ့လေပြီ။
ယခုတဖန်ကြည့်လိုက်ပြန်တော့
မြန်မာ့သွေးကြော ဆန်စပါးတို့စိုက်ပျိုးရာ
ဧရာဝတီ မြစ်ကျွန်းပေါ်
အထင်မှတ်တဲ့ညရဲ့တညမှာ
အဘယ်အညိုးနဲ့မသိ
ရိုက်ခတ်ခဲ့တဲ့ မုန်တိုင်းနာဂစ်။
ညနက်အမှောင် သန်းခေါင်ယံမှာ
ကူပါကယ်ပါ ဟစ်အော်ရင်းက
လွင့်မျောသွားခဲ့ရေပြင်ကြီးထဲ
အို…..လူသားတို့
အဘယ်သို့ ခရီးဆက်မည်မသိ။
နံနက်လင်းလို့ ကြည့်လိုက်တဲ့အချိန်
ဟိုမှာဒီမှာ နေရာတိုင်းမှာ
ထောင်သောင်းမက ဧရာသားတို့
ရေပြင်ထက်မှာ ဦးတည်ရာမဲ့
မမောပန်းနိုင် အစုန်အဆန်ကူးခတ်နေလည်း
ဝမ်းနည်းစရာက သူတို့ဝိညာဉ်မဲ့နေကြပြီ။
နာဂစ်ငရဲမှ လွတ်မြောက်လာသူ
လူသားတွေကို ကြည့်လိုက်ပြန်တော့
မျက်ရည်ပင်လယ်ေ၇ပြင်ထက်မှာ
ပူဆွေးသောက ဒုက္ခလှေငယ်နဲ့
ရွက်လွင့်လူသား အဘယ်ကမ်းသို့ ဆိုက်ရမည်မသိ။
ကူပါကယ်ပါ ၀မ်းရေးစာအတွက်
တောင်းဆိုဟစ်အော်တကြော်ကြော်ခေါ်ရင်းက
သနားစရာထောင်ပေါင်းများစွာ
လူ့အသက်တို့ ကြွေလွင့်သွားခဲ့ကြပြီ။
အသက်မသေ ကျန်ရစ်သူတွေကြည့်လိုက်ပြန်တော့
မာရ်နတ်အစိုးရ စစ်ခွေးများက
ဟစ်အော်ပြောဆိုကျိန်းမောင်းရိုက်နှက်
အမှောင်အိမ်မက်ဆိုးက ထပ်မှန်ခြောက်လှန့်နေခဲ့ပြန်။
မြင်တွေ့ခဲ့ငရဲ ခြောက်လှန့်နေတဲ့ အိမ်မက်ဆိုးရဲ့
နောက်ဆက်တွဲဖြစ်ရပ်ဆိုးက
လေတိုက်မှာကို ကြောက်နေသူတွေ
ရေကိုမြင်ရင်ကြောင်နေသူတွေ
အ၀တ်ဗလာနှင့် ပြေးလွှားနေသူတွေ
ဒီအရာတွေဟာ.
နာဂစ်အလွန် သူချန်ခဲ့တဲ့ အမွေဆိုးတွေ။
အဲဒီကြားထဲ ကြေကွဲသောက
ဒုက္ခအပြည့် လူသားတွေကို
ကူညီဖို့မေတ္တာရှင်ဆီက
သူခိုးဓါးပြထက်ဆိုးတဲ့ ရန်သူ
တိုက်ခိုက်လုယက် ခိုးယူရောင်းချ
ထင်တိုင်းကျဲနေကြတဲ့ စစ်တပ်မဟာ။
နာဂစ်အလွန် ဤကဗျာကို
ရေးစပ်ရင်းက ပြောမဆုံးပေါင် တောသုံးထောင်
အမောင်လူသား မသိတော့ငြား
အမှန်ဆုံးအဖြေ ရလိုက်သည်က
တိုင်းပြည် လူမျိုး ဘာသာ သာသနာ
အရာအားလုံးအတွက်
စစ်အစိုးရထံမှ
လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးကို
အသက်သွေးပေးဆပ်
တိုက်ခိုက်ယူမှ ရပေလိမ့်မည်။
ဖိုးကဲ(Czech Republic)
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment