Tuesday 27 May 2008
ဒေါ်စုလွတ်မြောက်ရေး အဖွဲ့ချုပ်လူငယ်များ ဆန္ဒပြ
ကိုစိုး မေ ၂၇၊ ၂၀၀၈
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ)လူငယ်အဖွဲ့က ဦးဆောင်ပြီး ယနေ့ နေ့လယ်ပိုင်းတွင် လူ ၅၀ ခန့်လမ်းလျှောက် ချီတက် ဆန္ဒပြကြရာ အာဏာပိုင်များက ဖြိုခွဲ ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အန်အယ်လ်ဒီ ရုံးချုပ်ရှေ့မှ ဒေါ်အောင်ဆန်းစုကြည် နေအိမ် ရှေ့အထိ ဦးတည်၍ နေ့လယ် ၁ နာရီခန့်က စတင်လမ်းလျှောက်ချီတက် ဆန္ဒပြသူများမှာ မြရိပ်ညို ဟိုတယ် နှင့် ဟာမစ်တစ် ကား မှတ် တိုင်အနီး ကမ္ဘာအေး ဘုရားလမ်းမပေါ်၌ ဖမ်းဆီးခံလိုက်ရကြောင်း မျက်မြင် သက်သေတဦးက ပြောသည်။
“လုံထိန်းတွေနဲ့ ကြံ့ဖွံ့လို စွမ်းအားရှင်လို အဖွဲ့တွေက ဖမ်းတာ၊ တုတ်တွေ ဒိုင်းတွေနဲ့ ရိုက်ရိုက်လို့လည်း ပြောတယ်၊ ရဲ ကား ၂ စီးပေါ်ခေါ်တင်သွားတယ်၊ ၁၅ ယောက် ၁၆ ယောက်လောက် ပါသွားတယ်၊ အဖမ်းခံရတဲ့ အထဲမှာ တောင်ဒဂုန်က မထက်ထက် ဦးဝေလည်း ပါတယ်၊ တချို့ လည်း ထွက်ပြေးကြတယ်၊ ဖမ်းတဲ့လုံထိန်းတွေက ရဲ တပ်ရင်း (၈) ကလို့ ကြားတယ်”ဟု ၎င်းက ပြောပြသည်။
အဖမ်းခံရသူများတွင် မထက်ထက်ဦးဝေအပြင် ကိုရန်နိုင်ထွန်း၊ မပြည့်ပြည့်၊ ကိုထွန်းထွန်းဝင်းနှင့် ဆရာကိုအောင်ဖေ စသူတို့လည်း ပါဝင်ကြောင်း သိရသည်။
ဆန္ဒပြသူများက အန်အယ်လ်ဒီ တူညီဝတ်စုံများ ဝတ်ဆင်ထားပြီး ခမောက်များကိုလည်း ဆောင်းထားကြောင်း၊ “ဒုက္ခသည် များကို ကယ်တင်ကြ” “ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်” စသည်ဖြင့် ကြွေးကြော်ကြကြောင်း၊ ပိတ်စ အဖြူပေါ်တွင် အနီရောင်နှင့် ဒေါ်အောင်ဆန်းစုကြည် ကို ချက်ချင်းလွှတ်ပေး ဟူသော စာများရေးထား သည့် ဆိုင်းဘုတ်တခုကိုလည်း ကိုင်ဆောင်ထားကြောင်း အန်အယ်လ်ဒီ အဖွဲ့ဝင် လူငယ် တဦးကပြောဆိုသည်။
ထို့သို့ ဆန္ဒပြသူများ လမ်းလျှောက်ဆန္ဒပြသည့် ရွှေဂုံတိုင်နှင့် ဟာမစ်တစ်တကြော ကမ္ဘာအေးဘုရား လမ်းပေါ်တွင် လုံထိန်း ရဲ ကားများ၊ မီးသတ်ကားများဖြင့် အာဏာပိုင်များက လုံခြုံရေး ထူထပ်စွာ ချထားသည်ဟုလည်း မျက်မြင် သက်သေများက ပြောသည်။
“ရွှေဂုံတိုင်နဲ့ ဟာမစ်တစ် တကြောလုံးမှာ လုံခြုံရေးက မီးသတ်ကားတွေရှိတယ်၊ လုံထိန်းတွေက တရုတ်က ထုတ်တဲ့ကား တွေနဲ့ ရွှေဂုံတိုင်မှာပဲ ၁၂ စီးတွေ့တယ်၊ စစ်ကားတော့ လုံးဝမတွေ့ရဘူး”ဟု မြင်တွေ့ခဲ့ရသူ တဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင်လည်း ရဲကား ၊ မီးသတ်ကား၊ အချုပ်ကားများဖြင့် လုံခြုံရေး ထူထပ်စွာချထား သည်ကို တွေ့မြင်ခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှ စတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ရှိပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ် အကျယ်ချုပ် ဘဝဖြင့် နေရချိန် စုစုပေါင်းမှာ ၁၂ နှစ်ကျော်ပြီဖြစ်သည်။
စစ်အစိုးရက သတ်မှတ်ထားသည့် ထိန်းသိမ်း ချုပ်နှောင်ကာလသည် မေလ ၂၄ ရက်နေ့တွင် ၅ နှစ် တိတိ ပြည့် မြောက်ခဲ့ပြီဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းပြန်လွှတ်ရန် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က မေလ ၂၄ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်၍ တောင်းဆို ထားသည်။
အမေရိကန် နိုင်ငံ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သော (Freedom Now) အဖွဲ့မှ ဥပဒေပညာရှင် ရှေ့နေ ဂျာရက်ဒ်ဂန်ဆာနှင့် မဂ္ဂန်ဘာရွမ် တို့ကလည်း မြန်မာနိုင်ငံ ဥပဒေကြောင်းအရ မေလ ၂၄ ရက်နေ့ ည သန်းခေါင် ယံတွင် ချုပ်နှောင်ကာလ ပြီးဆုံး ပြီဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွှတ်ပေးရန် လွန်ခဲ့သည့် သောကြာနေ့က ကြေညာချက်တစောင် ထုတ်ပြန်၍ စစ်အစိုးရသို့ တောင်း ဆို လိုက်သည်။
ယခု ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးအရေးယူထားသည့် ဥပဒေ ပုဒ်မ ၁၀ (ခ) အရ ဆက်လက်ဖမ်းဆီး ချုပ်နှောင် ရန်ဖြစ်စေ၊ ဆက်လက်တားဆီးမှုများ ပြုလုပ်ရန်ဖြစ်စေ တကြိမ်တွင် တနှစ်ထက်မပိုစေဘဲ စုစုပေါင်း (၅)နှစ် အထိသာ အရေး ယူနိုင်ကြောင်း သိရသည်။ http://www.irrawaddy.org/ မှ
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment