Friday 9 May 2008

ပြိတ္တာများနဲ့ မြန်မာပြည်

ပြိတ္တာဆိုတာ လူထက်နိမ့်ကျတယ်။ သူတစ်ပါးစားမယ့်အစာရေစာကို မကောင်းစိတ်ထားပြီး ပိတ်ပင်တဲ့လူတွေနဲ့  မတော်လောဘကြီးသူတွေဟာပြိတ္တာဖြစ်တတ်တယ်။ပိတ်တာများတော့ပြိတ္တာဖြစ်သွားတယ်။အခုမြန်မာပြည်မှာ ပြိတ္တာတွေကြီးစိုးနေတယ်။
ပြည်သူတွေဟာ အစစအရာရာ ပိတ်ဆို့ ခြင်းကို ခံနေရလို့  ဆွေစဉ်မျိုးဆက် ကံကြွေးအဖြစ် ၀ဋ်ဒုက္ခတွေခံနေကြရတယ်။ တစ်ခုတော့ရှိတယ် ကံဆိုတာ ကိုယ်က စီမံတာ။ ကံကြမ္မာဆိုတာ လွန်လေပြီးသော ကာလများရဲ့  လုံ့ လ။ ခံစားရတဲ့ ဒုက္ခတွေကို ကိုယ့်ကံမကောင်းလို့ပဲလို့  စိတ်ဒုန်းဒုန်းချထားရင်တော့ လုံးလုံးရှုံးနေပြီ။ မကောင်းတဲ့ကံကို ပြင်ရမယ်။ ကိုယ်ခံနေလို့  ဆက်နှိက်စက်နေတာ။ သိသိကြီးနဲ့ ဆက်ပြီးခံမလား ညီညီညွတ်ညွတ်နဲ့ ကန့် ကွက်တိုက်ထုတ်မလား။
နအဖကတော့ ဆန္ဒခံယူပွဲဆိုတဲ့ ထုံဆေးတစ်ဖက် လမ်းစဉ်(၇)ချက်ဆိုတဲ့ ဒါးတစ်ဖက်နဲ့  ပြည်သူတွေရဲ့  မွေးရာပါလူ့ အခွင့်အရေးတွေကို သင်းကွပ်ဖို့  အတင်းတိုးလာနေပြီ။ အနာခံပြီး လူစဉ်မမှီတဲ့ အဖြစ်ရောက်ခံကြတော့မှာလား။ အခုအချိန်မှာ မြန်မာပြည်နိုင်ငံသားတိုင်းဟာ ပွဲကြည့်ပရိတ်သတ်အဖြစ်နေလို့ မရတော့ဘူး။ အားလုံးဟာအရေးကြီးတဲ့ ဇာတ်ကောင်တွေပါ။ လူတန်းစေ့ နေခွင့် မပေးတဲ့ ဒီစစ်အာဏာရှင်ကို ဆက်လက်ခံထားရင်တော့ လက်သင့်ခံသူတွေဟာ ဒီပြိတ္တာတွေရဲ့  ကျွန်နဲ့ သခင်အုပ်ချုပ်ပုံမျိုးနဲ့ ပဲ ထိုက်တန်တယ်။ မြန်မာပြည်ကြီးမှာ မကောင်းဆိုးဝါးပြိတ္တာတွေ ဆက်လက်ကြီးစိုးနေရင်တော့ မကြာခင်မှာ ဒီထက်ဆိုးတဲ့ ဘေးဒုက္ခဆိုးတွေနဲ့ ကြုံရတော့မယ်။ အခုချိန်မှာ မုန်တိုင်းဒဏ် တိုက်ရိုက်မခံရပေမယ့် မဝေးတော့တဲ့ကာလမှာ ငတ်မွတ်မှုနဲ့ ရောဂါဘယကပ်ဆိုးတွေကို တစ်ပြည်လုံးမျှဝေခံစားကြရလိမ့်မယ်။ ရောဂန္ဒြကပ်ဆိုတာ နယ်မခြားဘူး။ သေနတ်နဲ့ တားမရပါဘူး။ နအဖ၊ စစ်သား၊ သူဌေး၊ ဆင်းရဲသား၊ အုပ်ချုပ်ခံလူတန်းစာရယ်လို့ ရွေးနေမှာ မဟုတ်ဘူး။ နောက်ဆုံးမှာတော့ မျက်စေ့နဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားသေးသေးလေးတွေက အားလုံးကို မျိုးပြုန်းအောင် သတ်သွားလိမ့်မယ်။ အုပ်ချုပ်တဲ့ မင်းမကောင်းတော့ ပြည်နာတယ်။ မင်းပြောင်းမှ ပြည်သာမယ်။ ဆိုးနေတဲ့ကံတွေပြောင်းအောင် ပြည်နဲ့ မတန်တဲ့ ပြိတ္တာတွေကို မြန်မြန်မောင်းထုတ်ကြတော့။

ဆင်းသဂီ င်္

မှတ်ချက်- သူတစ်ပါးရဲ့ လွတ်လပ်မှုကို ပိတ်ပင်သူဟာ ကိုယ်တိုင်လည်း လွတ်လွတ်လပ်လပ် မနေရဘူး။
သူတစ်ပါးရဲ့ ပျော်ရွှင်မှုကို ပိတ်ပင်ထားလို့  ကိုယ်တိုင်လည်း ပျော်ပျော်ရွှင်ရွှင် မရှိဘူး။သူတစ်ပါးရဲ့ ဘ၀အသက်အိုးအိမ်ကို ဖျက်ဆီးသူရဲ့ ဘ၀ဟာ မလုံခြုံဘူး။သူတစ်ပါးကို တားဆည်းချုပ်နှောင်ထားသူဟာလည်း အကျဉ်းစံပါပဲ။သူတစ်ပါးကို သောကပေးလို့  ကိုယ်တိုင်လည်း ငြိမ်းအေးစွာ မနေရဘူး။သူတစ်ပါးရဲ့  ကောင်းကျိုးပြုခြင်းကို ပိတ်ပင်တာဟာ ပြိတ္တာတွေရဲ့  သဏ္ဍန်လက္ခဏာတွေပဲ။

No comments :