Monday 9 June 2008

ဒီမိုကရေစီရနေသူများ မြန်မာပြည်သူတွေအတွက် သောက်ရေတခွက် တောင်း ပေးပါ

Monday, June 9, 2008


တင်ပြသူ - မီးခဲ

တနင်္ဂနွေနေ့က ထုတ်လွှင့်သွားတဲ့ ဗွီအိုအေ တိုက်ရိုက်လေလှိုင်း အစီအစဉ်ကို ကြားလိုက်ရတော့ လက်ရှိမြန်မာပြည်သူတွေ ခံစားနေရတဲ့ သောကတွေကို ကြားလိုက်ရတယ်။ ဘ၀င်မကျစရာတွေ ရှိလာပြန်တော့ စာရေးချင်စိတ် ပေါက်လာပြန်တယ်။ နိုင်ငံတကာက အကူအညီတွေကို မျှော်လင့်ကြီးစွာ စောင့်စားနေတဲ့ မြန်မာပြည်သူတွေကို အမေရိကန်က ကယ်နိုး၊ ကုသမဂ္ဂက ကယ်နိုး၊ ဒီမိုကရေစီပါတီကြီး အန်အယ်လ်ဒီက ကယ်နိုး မျှော်လင့်နေကြတဲ့ နာဂစ်ဒုက္ခသည်တွေရဲ့ တစ်လကျော်ကြာ အိမ်မက်ကြီးက မိုးစင်စင်လင်းတာတောင် မပျက်မပြယ်နိုင် ဖြစ်နေရရှာတယ်။

မျှော်လင့်ချက်တွေနဲ့ မျက်နှာသစ်၊ လူသေအလောင်းတွေကို နေ့စဉ်ကြည့်ပြီး ဆာရင် ဆာတယ်၊ ရေငတ်ရင် ရေငတ်တယ်ဆိုပြီး တရားဘာဝနာ ပွားများမှတ်သားနေရတဲ့ မြန်မာပြည်သူတွေ ဒီလောက်ဝဋ်ဆင်းရဲကြီးကို အစုလိုက် အပြုံလိုက် ကြုံရအောင် ဘယ်လိုကံကြမ္မာကများ ဖန်တီးခဲ့လေသလဲ။ ကံကြမ္မာဆိုတာ လူတွေ ဖန်တီးနေတဲ့ ကိစ္စဆိုရင် ဒီအချိန်ဟာ မိမိကံကြမ္မာကို မိမိဘာသာဖန်တီးရမယ့် အချိန်ပါ။


ဒေါက်တာလွဏ်းဆွေဘလောက်မှကူးယူတင်ပြထားသည်။


ဘ၀င်မကျလို့ စာရေးချင်စိတ် ပေါက်လာတယ်ဆိုတာကို ပြန်ပြီးဆက်ပါမယ်။ ဘ၀င်မကျမှုကတော့ ပြည်သူတွေ အတိဒုက္ခရောက်ချိန်မှာ ပြည်ပက ဒီမိုကရေစီအင်အားစုတွေအနေနဲ့ အသံတွေ ငြိမ်သက်နေကြတာကိုပါ။ အဲဒီလို ငြိမ်သက်နေကြတာဟာ စစ်အုပ်စုနဲ့ အတွေးအခေါ် တူနေလို့ပဲလားဆိုတာကို စဉ်းစားမိလာလို့ပါ။

မြန်မာ့အတိုက်အခံ ဒီမိုကရေစီအင်အားစုဆိုသူများ ဘာလုပ်နေကြပါသလဲ။ နိုင်ငံတကာ ကယ်ဆယ်ရေး တပ်ဖွဲ့တွေ အမြန်ဆုံးဝင်ပြီး အကူအညီပေးရေး တောင်းဆိုမှုတွေ လုပ်ဖို့ဆိုတဲ့ စဉ်းစားတွေးခေါ်မှုတောင် မရှိကြတော့ဘူးလား။ ကိုယ့်ပြည်သူတွေအတွက် အားစိုက်ထုတ်မှုတွေကို ဒီနေ့ကာလတွေမှာ မလုပ်ရင် ဘယ်တော့လုပ်ကြမှာလဲ။ အခုလို တိုင်းပြည်ပြောင်းလဲအောင် လုပ်ရမယ့် အချိန်အခါကောင်းမှာ အပြောင်းအလဲကို စစ်အုပ်စုဆီက တောင်းယူမှ ရမယ်လို့ ခင်ဗျားတို့တွေ ယူဆနေကြတာလား၊ မဟုတ်ရင် မြန်မာနိုင်ငံ အပြောင်းအလဲကို မလိုလားတဲ့ သူတွေထဲမှာ စစ်အုပ်စု၊ တရုတ်၊ အာဆီယံတို့နဲ့အတူ သဘောထား တခုထဲရှိနေကြပြီလား ဆိုတာတွေကို မေးခွန်းထုတ်ရတော့မယ်။

မြန်မာပြည်သူတွေ အခုလို သေရေးရှင်ရေးကာလ ရောက်နေချိန်မှာ သက်တောင့်သက်သာနဲ့ ကိုယ့်အရေး မဟုတ်သလို နေနေကြတာ ရှက်စရာကောင်းလိုက်တာလို့များ ခင်ဗျားတို့ မတွေးမိကြဘူးလား။ ပြည်သူအတွက်ဆိုတဲ့ ကြွေးကြော်မှုကြီးကို ကိုင်စွဲပြီး၊ စစ်အုပ်စုဖိနှိပ်တာ ခံနေရတဲ့ ပြည်သူလူထုကြီးကို သနားစရာ သတ္တ၀ါလေးတွေလိုဘေးက ကြည့်ပြီး၊ နိုင်ငံတကာ အကူအညီတွေကို စစ်အုပ်စုက လက်ခံသင့်တယ်ဆိုပြီး ကြေညာချက်လေးထုတ်ပြီး ပွဲကြည့်ပရိသတ်လို ဘေးပြောပြောနေတဲ့ နိုင်ငံရေးသမား ဒီမိုကရေစီအင်အားစုများအနေနဲ့ အချိန်မနှောင်းခင် တာဝန်မဲ့ စိတ်တွေကို ပြုပြင်ပြီး ပြည်သူတွေအတွက် အမြန်ဆုံး အရေးဆိုပေးကြဖို့ အကြံပြုချင်ပါတယ်။ ခင်ဗျားတို့လိုသာ အေအေးဆေးဆေးလေး ကိုယ်နဲ့မဆိုင်သလို လုပ်နေရင် မြန်မာနိုင်ငံဟာ လွတ်လပ်ရေးတောင် ရခဲ့မှာမဟုတ်ဘူး။

ဝေ့လည်လည်ပြောနေတဲ့ ဂျန်နရေးရှင်းများကိုလည်း အကြမ်းမဖက်ချင်ကြောင်း သိပ်မပြော သိပ်မရေးကြပါနဲ့လို့ ပြောချင်တယ်။ ဒီနေ့ခေတ် လူငယ်တွေကြားထဲကို အတွေးအခေါ် အမှားတွေ ဖြန့်ဝေပေးနေသလို ဖြစ်ပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ခင်ဗျားတို့လို လူငယ်အရွယ်မှာပဲ တိုင်းပြည်လွတ်လပ်ရေးရဖို့ နိုင်ငံခြားမှာ စစ်ပညာသင်ပြီး ကိုယ်ကျိုးစွန့် တိုက်ခဲ့လို့ ပြည်သူကချစ်တဲ့ လူထုခေါင်းဆောင် ဖြစ်ခဲ့ရတယ်ဆိုတာကို သတိရဖို့ ပြောချင်တယ်။ ပတ်စပို့နဲ့ ထွက်လာပြီး ကွန်ပြူတာတလုံးနဲ့ အကြမ်းမဖက်ချင်ကြောင်း ကြေညာချက်လေးတွေ ထုတ်ရုံနဲ့ အာဏာရှင်စနစ်က လွတ်မြောက်ရေးတိုက်ပွဲကို ဖော်ဆောင်လို့မရဘူးဆိုတာ ဒီနေ့လူငယ်တွေ မှတ်သား သတိပြုသင့်ပါတယ်။ အတွေးအခေါ် မှားယွင်းသူတွေရဲ့ ကြိုးကိုင်ချယ်လှယ်မှုကို ခံရရင် ဝေ့လည်လည် ဂျန်နရေးရှင်းတွေ ဖြစ်သွားမယ်ဆိုတာ သမိုင်းသင်ခန်းစာတွေကနေ လေ့လာဆည်းပူးကြပါလို့ ပြောချင်တယ်။

လူငယ်တချို့ ဒီလိုဖြစ်နေကြတာ ရှေ့ကနွားတွေက ဖြောင့်ဖြောင့်မသွားတာတွေကြောင့်ပါ။ ဒီမိုကရေစီအင်အားစုများအနေနဲ့ အလှူငွေကောက်ခံပြီး နာဂစ်ဒုက္ခသည်တွေကို ပေးမယ်ဆိုတဲ့ ခင်ဗျားတို့ရဲ့ သာရေးနာရေး အဆင့်လောက်ရှိတဲ့ အတွေးအခေါ်တွေကိုရပ်ပြီး တစ်လကျော်ကြာ စားစရာ သောက်စရာ နေထိုင်စရာမရှိတဲ့ ပြည်သူတွေအတွက် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးတပ်ဖွဲ့တွေ အမြန်ဆုံးဝင်ရောက်ဖို့ ဖိအားပေးမှုတွေ အမြန်လုပ်ကြပါ။ ခင်ဗျားတို့ရဲ့လှုံဆော်မှုဟာ မရှိသလောက်ကို အားနည်းခဲ့တာကြောင့် ကူညီကယ်ဆယ်ရေးအတွက်လာတဲ့ သဘောင်္တချို့လည်း ပြန်သွားကြပြီ။ စစ်အုပ်စုက အ၀င်မခံတာ သဘာဝကျတယ်။ သူ့အကျိုးစီးပွား သူ့အာဏာပျက်ပြားမယ့် ကိစ္စကြောင့် အ၀င်မခံတာ၊ ခင်ဗျားတို့ကကော ဘာအကျိုးစီးပွားတွေ ရှိနေကြလို့ နှုတ်ဆိတ်နေကြတာလဲ။

အခုလည်း စစ်အုပ်စုဘက်က အ၀င်မခံရင် နိုင်ငံတကာ အကူအညီတွေကို နယ်စပ်ဖြတ်ကျော်ပြီး ကျနော်တို့ ကူညီပေးလို့ ရပါတယ်ဆိုတဲ့ အန်စီယူဘီ အတွင်းရေးမှူးကြီးရဲ့ စကားကလည်း ငွေကို ကျနော်တို့လက်ထဲ ထည့်ပါဆိုသလို ဖြစ်နေပြန်ပြီ။ နာဂစ်အကြောင်းပြု ပရိုပိုဇယ်တောင်းဖို့ တာဆူနေမှုတွေကို ရပ်တန်းက ရပ်ကြပါ။ အားအားရှိ ကြေညာချက်တွေ ထုတ်နေတဲ့ အတိုက်အခံအင်အားစုများ ပြည်သူတွေအတွက် ကယ်ဆယ်ရေးတပ်ဖွဲ့တွေ အမြန်ဆုံးဝင်ရောက်ဖို့ ကုလသမဂ္ဂတို့ အမေရိကန်တို့ကို ဖိအားပေးတောင်းဆိုမှုတွေ လုပ်ခဲ့ကြသလား ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားကြပါ၊၊

နိုင်ငံတကာရောက် မျိုးချစ်မြန်မာများ လူ(၁၀၀)လောက်သေတဲ့ ဒီပဲယင်းကိစ္စကိုတောင် တခမ်းတနားလုပ်ပြီး ဆန္ဒပြနေကြသေးရင် မုန်တိုင်းကြောင့် သိန်းချီပြီးသေဆုံး သန်းချီပြီး ဒုက္ခရောက်ရတဲ့ ပြည်သူတွေအတွက် ဘာကြောင့် ကမ္ဘာတ၀ှမ်း မြန်မာသံရုံးတွေရှေ့မှာ ဆန္ဒပြပွဲတွေ မလုပ်ကြသလဲ။ နောက်ထပ်လည်း မသေသေးတဲ့ သူတွေကို ထပ်ပြီးသတ်နေတဲ့ စစ်အုပ်စုကို ကမ္ဘာက အရေးယူဖို့၊ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားတွေ အရေးပေါ်ဝင်ပေးဖို့ တောင်းဆိုပွဲတွေ ဘာကြောင့် မလုပ်ကြသလဲ။ ခင်ဗျားတို့က နယ်စပ်က လူတွေခိုင်းမှ လုပ်ကြမှာလား။ ပရိုပိုဇယ်ဗုတ်နိုးကျတော့ ခင်ဗျားတို့ တက်ကြွနေလိုက်ကြတာ။ ကိုယ့်ပြည်သူအတွက် ကယ်ဆယ်ရေးလုပ်ဖို့ တောင်းတာဟာ ခင်ဗျားတို့အတွက် နိုင်ငံရေးဒုက္ခသည်ဖြစ်နိုင်ဖို့ လမ်းမရှိကြလို့လားလို့ပဲ မေးချင်တော့တယ်။

ကိုယ့်တိုင်းပြည် ကိုယ်လူမျိုးအတွက် လုပ်နေကြတာ အချိန်နဲ့အမျှ တန်ဖိုးရှိပါတယ်။ ပြည်သူတွေက အသက်တွေ ရင်းနေကြရချိန်မှာ ဒီမိုကရေစီအင်အားစုတွေက ပွဲကြည့်ပရိသတ်လို အချဉ်ထုပ်စားလိုက် ကွာစေ့စားလိုက် ပြန်ကြည့်လိုက်လုပ်ပြီး အနားယူနေကြတယ်။ အခုအထိကော နားလို့ မပြီးကြသေးဘူးလား။ ဘာတွေလုပ်ခဲ့လို့ နားနေကြတာလဲ။ မုန်တိုင်းသင့် ပြည်သူတွေကို ကယ်ဆယ်ဖို့ နိုင်ငံတကာကို ပါးစပ်လေးနဲ့တောင် တက်တက်ကြွကြွ တောင်းဆိုမှုတွေ မလုပ်ကြတော့ဘူးလား မေးပါရစေ။

နိုင်ငံတကာ ကယ်ဆယ်ရေးတပ်ဖွဲ့တွေ ၀င်ရောက်ကူညီနိုင်ရင် အနည်းဆုံး ဆင်းရဲဒုက္ခဖြစ်နေတဲ့ ကျူပ်တို့ပြည်သူတွေ အသက်ရှင် ရပ်တည်နိုင်မယ်။ လူလုံးမလှ ဖြစ်နေရတဲ့ ကျုပ်တို့ပြည်သူတွေအတွက် အကျိုးရှိမယ်။ ပြန်လည်ထူတောင်ရေးတွေ လုပ်နိုင်ခဲ့ရင် ကျုပ်တို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမယ်။ ဖွံ့ဖြိုးတိုးတက်လာရင် ပြည်သူတွေရဲ့ စဉ်းစားတွေးခေါ်မှုတွေလည်း မြင့်မားလာမယ်။ နိုင်ငံတကာ လူထုတွေရှိနေရင် ကျူပ်တို့ပြည်သူတွေကို စစ်အုပ်စုက ဖိအားပေးမှုတွေလုပ်ဖို့ ခက်လာမယ်။ ပြည်သူကလည်း ဆန့်ကျင်ရဲတဲ့ အားတွေရှိလာမယ်။ မတရားတာကို ငုံခံမယ်ဆိုတာတွေလည်း နည်းလာမယ်။ နောက်ဆုံး တိုင်းပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲကိုပါ ဖော်ဆောင်နိုင်မယ်။

ပြည်သူတွေ ဒီထက်ဆင်းရဲမှ အာဏာရှင်ကို ဆန့်ကျင်လိမ့်မယ်ဆိုတဲ့ ရက်စက်လွန်းတဲ့ အတွေးအခေါ်တွေကို ပရိုပိုဇယ်တင်ပြီး ဘီယာလေး တမြမြလုပ်နေတဲ့ ခင်ဗျားတို့တွေ စွန့်လွှတ်သင့်ပြီ။ ပြည်သူတွေ အသေခံပြီး ဆန့်ကျင်ပေးခဲ့ကြပေမယ့် ခင်ဗျားတို့ လုပ်နိုင်စွမ်းမရှိလို့ ဆန္ဒခံယူပွဲတို့ ရွေးကောက်ပွဲအသစ်တို့ဆိုတာ ဖြစ်လာရတာပဲ မဟုတ်လား။ အခုလည်း ၂၀၁၀ကို စောင့်ချင်နေကြသေးသလား။ ရွေးကောက်ပွဲအသစ်မှာ ပါဝင်ခွင့်ပြုဖို့ တောင်းဆိုကြဦးမှာလား။ အတွေးအခေါ်ကို စစ်အုပ်စုပေးမှ ခင်ဗျားတို့ ရကြတော့မှာလား။ ပြည်သူ့ရှေ့က ဦးဆောင်ရမယ့်နေရာမှာ စစ်အုပ်စုကိုတင်ပြီး ခေါင်းဆောင်ခိုင်းနေတဲ့ ခင်ဗျားတို့တွေကြောင့် တိုင်းပြည်က လူထုခမျာ ပိုပြီးနစ်နာနေရပါပြီ။

နိုင်ငံတကာသိ အော်နေကြတဲ့ ဘာကမ်ပိန်း ညာကမ်ပိန်းဆိုတဲ့ အဖွဲ့တွေက ကျောင်းသား ခေါင်းဆောင်ကြီးများလည်း အဆင့်မြင့် တက္ကသိုလ်ကြီးတွေမှာ ကျောင်းတက်ပြီး၊ တသက်လုံး မသင်ခဲ့ဘူးတဲ့ စာတွေလေ့လာပြီး ပြည်သူတွေအတွက် အချိန်မပေးနိုင်ကြတော့ဘူးနဲ့ တူတယ်။ မြန်မာပြည်သူတွေအတွက် အရေးကြီးဆုံးအချိန်မှာ ခင်ဗျားတို့လည်း နှုတ်ဆိတ်နေကြတယ်။ နိုင်ငံရေးအစ်ရှုး မဟုတ်လို့လား၊ နိုင်ငံ့အရေး အစ်ရှုးဖြစ်နေတာ သတိပြုကြပါဦး၊ နိုင်ငံရေးအစ်ရှုးဆိုရင် စားလို့ကောင်း သောက်လို့ကောင်း တက်ကြွကြတဲ့ ခင်ဗျားတို့အနေနဲ့ နာဂစ်က အမြတ်မထွက်သလို စကော်လာရဖို့လည်း အကူအညီ မပေးနိုင်လို့ မတက်ကြွကြတာလား မေးပါရစေ။

အမေရိကန် လွှတ်တော်အမတ်များနဲ့ ဖက်လှဲတကင်း ပေါင်းဖော်နေကြတဲ့ ခင်ဗျားတို့အနေနဲ့ အမေရိကန် အပါအ၀င် နိုင်ငံတကာက ဖိအားပေးပြီး မြန်မာပြည်သူတွေကို အင်းအားသုံး ၀င်ရောက်ကူညီ ကယ်ဆယ်ဖို့ ကိစ္စကျတော့ ကိုယ်နဲ့မဆိုင်သလို လုပ်နေကြတာ တာဝန်မဲ့ပြီး လူထုကို သစ္စာဖောက်နေကြသလို ဖြစ်နေပြီ။ ခင်ဗျားတို့ ဒီမိုကရေစီအင်အားစုဆိုသူများ ခင်ဗျားတို့ ရနေတဲ့ ဒီမိုကရေစီထဲက အားတဲ့အချိန်လေးကို ဖဲ့ပြီး မြန်မာပြည်သူများ အသက်ရှင် ရပ်တည်ရေးအတွက် နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုမှုတွေ အမြန်ဆုံးလုပ်ကြပါလို့ ပြောပြရစေ။

မီးခဲ

1 comment :

Khin_S said...

Ko Mee Khe,

Respect to your coments on Cyclone Issue.We had already call for international community including UN many times not only letters but also demonstrations and protests.As and example myself did hunger strike 7 days,infront of White House and hunger strike and demonstrations at frnot of UN,Newyork.Now we know that even UN is lack of responsibity on Burma issue or dysfunctional organization.So I call UN as United Nothing.Why?the reason is two big stone is banning for Burma issue.That is China and Russia,who has veto power.So UN security council cannot pass over those 2 big stones to take action on Burma.So however we ask for to take action on SPDC.So I think some organizations and activists are now silent to push international pressure.However we ttry it,I believe that UN would do nothing for Burma because UN itself has no democracy.UN itsesf is dictatorship organization.Veto system in UN is not democracy,it is really dactorship ruling system.Think about yourself.So,If UN want to help Burma to be democracy.First UN must be reformed to be a democratic organization.I means that it must rmove the Veto System UN constitution.That is a key point who Burma"s democracy was delayed.So my understanding right now is delay democracy for Burma depends not only upon our activest bur also depends on dysfunctions of UN and other international community.OK.
Thanks for your commet
Respect to Ko Mee Khe
Dr.Khin Sein(Irrawaddy)