နာဂစ်မုန်တိုင်း ကျရောက်ပြီး လပွတ္တာမြို့နယ်တွင်း (၁) လကြာ အခြေအနေကို လပွတ္တာမှ နာရေးကူညီမှုအသင်းဝင်တဦးနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။
ခေတ်။ ။ လပွတ္တာမြို့ရဲ့ လတ်တလောအခြေအနေကို သိချင်ပါတယ်။
ဖြေ။ ။ လတ်တလောက မြင်တဲ့အတိုင်းပဲ။ ခုထိ ဘာမှ မပြင်ဆင်နိုင်သေးဘူး။ အိမ်တွေကိုလည်း ပြင်ဆောက်ဖို့ဝေးရော အမိုးမိုးဖို့တောင် အနိုင်နိုင်။
မေး။ ။ ဒုက္ခသည်တွေ ဘယ်မှာရှိလဲ။
ဖြေ။ ။ ရှိတယ် ဘုန်းကြီးကျောင်းတွေမှာရော၊ သူတို့လုပ်ပေးထားတဲ့ စခန်းတွေမှာရော။ သူတို့လုပ်ပေးထားတဲ့ စခန်းတွေမှာဆိုရင် လူဦးရေ (၁) သောင်းကျော် ရှိပြီး တဲအလုံးက (၁) ထောင်ကျော်ရှိတယ်။
မေး။ ။ ဘုန်းကြီးကျောင်းက ဒုက္ခသည်တွေကို နှင်နေတယ်လို့ကြားတယ်၊ ဟုတ်သလား။
ဖြေ။ ။ ဟုတ်တယ်။ လပွတ္တာမြို့ပေါ်က ကျိုက်ထီးရိုးဘုန်းကြီးကျောင်းမှာဆိုရင် ဒုက္ခသည်တွေ တော်တော်ရှိတယ်။ ဒါကို အခုမနေရတော့ဘူးလို့ လာပြောတယ်။ ဘုန်းကြီးက ဒီကဒုက္ခသည် တွေရဲ့ အိမ်ထောင်ဦးစီးယောက်ျားတွေက ရွာတွေကိုဆင်းပြီး နေရာပြန်ကြည့်နေကြတာဖြစ်တယ်၊ သူတို့တွေမရှိတုန်း ဘုန်းကြီးကျောင်းမှာ စောင့်ရှောက်ထားတယ်လို့ ပြောတော့ ဒီမှာ ဒုက္ခသည် တွေကို ဆက်ပြီးထားမယ်ဆိုရင် ဒါကို ကြည့်ထားဆိုပြီး တပ်မ (၆၆) က ကျည်ဆန် (၁) တောင့် ပေးထားခဲ့တယ်လို့ သိရတယ်။
မေး။ ။ ဒါဆို သူတို့ ဘယ်လိုလုပ်မလဲ၊ ဘုန်းကြီးကကော။
ဖြေ။ ။ ဘုန်းကြီးကတော့ ဒုက္ခသည်တွေကို လုံးဝကယ်တင်ထားတာ၊ ဘာတွေဖြစ်လာမယ်ဆိုတာ မခန့်မှန်းတတ်ဘူး။
မေး။ ။ လပွတ္တာမှာ မုန်တိုင်းတိုက်ပြီးချိန် ဒုက္ခသည်တွေ ဘာအကူအညီ ရခဲ့ပါသလဲ။
ဖြေ။ ။ ဟုတ်ကဲ့။ လပွတ္တာမှာ မုန်တိုင်းဖြစ်ပြီး နောက်နေ့ မေ (၃) ရက်ကနေ (၈) ရက်အထိ ဒုက္ခသည်တွေ မိုးရေထဲ လမ်းဘေးမှာ ဒီအတိုင်း အိပ်ရပါတယ်။ အဲဒီနေ့တွေနောက်ပိုင်း UNDP က တာပေါ်လင်အလိပ် (၃၀) ကို လာပေးတော့ ကြံ့ဖွံ့က သိမ်းလိုက်တယ်။ ဒါကြောင့် UNDP က နောက်တော့ သူတို့ကိုယ်တိုင် လာလုပ်ပေးတယ်။ မေလ (၈) ရက်အထိ ဘယ်သူမှ သူတို့ဘက်က ရောက်မလာဘူး။ လပွတ္တာမြို့ခံ ကျနော်တို့အဖွဲ့ (လူငယ်အများ) က ဒုက္ခသည်တွေကို ဆန်ပြုတ် တိုက်တယ်။ တနေ့ကို မိုးပြဲဒယ် (၆) လုံးကနေ (၇) လုံးအထိ ဆန် (၂၂) အိတ်၊ နောက်တော့ ဆန်ကွဲတွေကိုပါ ကျိုရတော့တယ်။ ဒါနဲ့ ဗျူဟာမှူးလို့ခေါ်တဲ့သူက ဒါတွေကို ဘယ်သူ လုပ်ခိုင်း တာလဲလို့ လာမေးတယ်။ ကျနော်တို့က ကိုယ်ဘာသာလုပ်တာလို့ ပြောလိုက်တယ်။ မုန်တိုင်း တိုက်ပြီး (၁၀) ရက်မြောက်နေ့မှာ သူရရွှေမန်းလာတယ်။ သူက ကျနော်တို့ကို ဘာပြောလဲဆိုရင် ထမင်းချက်ပြီး ကျွေးနိုင်အောင် ကြိုးစားပါတဲ့။ သူက လိုအပ်ရင် ဆန်ထောက်ပံ့ပေးမယ်တဲ့။ ဒါနဲ့
မေလ (၁၈) ရက်နေ့မှာ သ/မ၀န်ကြီး ဗိုလ်ချုပ်တင်ထွဋ်လာတယ်။ အခု ဆန်ပြုတ်တိုက်နေတာကို ချက်ချင်းဖျက်ပစ်ပါတဲ့။ နိုင်ငံတကာက မြင်ရင် သူတောင်းစားတွေလို့ ထင်သွားလိမ့်မယ်တဲ့။ အကယ်၍များ ဆက်ပြီးတော့ လုပ်ချင်တယ်ဆိုရင် ကြံ့ဖွံ့တံဆိပ်ပါတဲ့ ဦးထုပ်ဆောင်း၊ ကြံ့ဖွံ့အလံ စိုက်ပါတဲ့၊ ဒီလိုပြောတယ်။ ကျနော်တို့က လုံးဝမလုပ်နိုင်ဘူး၊ ဒါနဲ့ ရှိတဲ့ပိုက်ဆံတွေ၊ စားသောက် ဖွယ်ရာတွေကို ဒုက္ခသည်တွေအားလုံးကို ဝေမျှပေးလိုက်တယ်။ ပြီးတော့ ဘုန်းတော်ကြီး ကျောင်းတွေကို ပို့ပေးလိုက်တယ်။
မေး။ ။ ဘုန်းကြီးတွေက လက်ခံလား။
ဖြေ။ ။ အခုထိပဲ၊ အားလုံး အစစအရာရာတွေကို ဘုန်းတော်ကြီးတွေက ဆောင်ရွက်ပေးတယ်။ ဘုန်းကြီးတွေဟာ ဒုက္ခသည်တွေကို ကူညီတဲ့နေရာမှာ အဓိကပါဝင်ကြတယ်။
မေး။ ။ ဒုက္ခသည်တွေကို နှင်နေပြီဆိုတော့ ဒုက္ခသည်တွေဘက်ကရော သဘောထားဘယ်လိုရှိလဲ။
ဖြေ။ ။ ဒုက္ခသည်တွေက သူတို့ရွာကို ဘယ်သွားချင်တော့မလဲ။ ပြင်စလူမြို့နယ်ခွဲမှာဆိုရင် ရေကန်တွေကို အားထားနေရတာ။ ခုထိ ရေကန်ထဲက အလောင်းတွေကို မရှင်းရသေးဘူး။ အိမ်နေရာတွေလည်း ရွှံ့ဗွက်တွေဖြစ်လို့ပေါ့။ စိတ်ဓာတ်တွေ ကျနေကြတယ်။ ကျနော်တို့မြို့နယ်က လူတွေအားလုံး သူတောင်းစားဖြစ်တယ်ဗျာ။ ။
(အဆိုပါမေးခွန်းကို ဖြေဆိုသူက ငိုရင်းနဲ့ ပြောပြနေခြင်းဖြစ်သည်)
ခေတ်ပြိုင်ဂျာနယ်မှ ရယူပါသည်။
http://www.khitpyaing.org/interviews/june_08/3-6-08_lap.php
Saturday, 7 June 2008
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment