Friday, 20 June 2008
ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းနှင့် ပြင်သစ်သမတ နစ်ကိုးလပ်စ်ဆာကိုဇီ မှ ဒေါ်အောင်ဆန်းစုကြည်သို့ အိပ်ဖွင့်ပေးစာ
၁၉-၆-၂၀၀၈
ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား
ဗမာပြည်မှာ ဒီမိုကရေစီနဲ့ လူသားဘဝ ပီသရေးအတွက် အမရဲ့တသက်တာ ကြံ့ကြံ့ခိုင်တိုက်ပွဲဝင်မှုဘက်မှာ ကျနော်တို့ထောက်ခံရပ်တည်ကြောင်း ထပ်လောင်းပြောပြဖို့ အမရဲ့မွေးနေ့အခါသမယ အခွင့်အလမ်းကို ကျနော်တို့ သုံးပါရစေ။ အမဟာ တခြားလူတွေရဲ့ လွတ်လပ်ခွင့်အတွက် ကိုယ့်လွတ်လပ်ခွင့်ကို စတေးခဲ့ပါတယ်။ အမရဲ့ပြည်သူတွေ အတွက် သူမတူတဲ့ သတ္တိနဲ့ စွန့်လွှတ်ပိုင်းဖြတ်မှုကို အမ ပြခဲ့ပါတယ်။
အကျယ်ချုပ်ကနေ အမ လွတ်မြောက်ရေးနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးအနာဂတ်မှာ အမ လွတ်လပ်စွာပါဝင်ဆောင် ရွက်ခွင့်ရှိရေးဟာ အချက်အချာဖြစ်နေဆဲပါ။ မကြာခင်ကလုပ်သွားခဲ့တဲ့ ဆန္ဒခံယူပွဲဟာ ပြည်သူ့ဆန္ဒသဘောထားကို အမှန် တကယ်ထင်ဟပ်မှုအဖြစ် ယုံကြည်အားထားနိုင်စရာမရှိသလို အခြေခံဥပဒေသစ်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုအတွက် ခိုင်ခန့်တဲ့အခြေအမြစ်ကို မဆောင်ကျဉ်းပေးနိုင်လို့ ကျနော်တို့ယုံကြည်မိပါတယ်။ အရပ်ဖက် အတိုက်အခံတွေ၊ တိုင်းရင်းသားလူမျိုးတွေရဲ့ ကိုယ်စားလှယ်တွေ အပြည့်အစုံပါဝင်တဲ့၊ အားလုံးအကျုံးဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တခုကို အချိန်မဆိုင်းဘဲစတင်ဖို့ မြန်မာအစိုးရကို ကျနော်တို့တောင်းဆိုလိုက်ပါတယ်။
လက်ရှိလိပ်ခဲတည်းလည်းအခြေအနေကနေ ဖောက်ထွက်နိုင်ဖို့အတွက် စစ်ခေါင်းဆောင်ပိုင်းနဲ့ စစ်မှန်ပြီး အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ အမအနေနဲ့ အသင့်ရှိတာကို ကျနော်တို့ကြိုဆိုပါတယ်။ ဒီလိုလူသားပီသပြီး ဆင်ခြင်တုံတရားလွှမ်းတဲ့ စကားသံဟာ နားပေါက်တွေကို ထွင်းဖောက်နိုင်လိမ့်မယ်ဆိုတာ ကျနော်တို့ သေချာပေါက် ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိအနေအထားဟာ ဘယ်လိုမှ ကျေနပ်စရာလည်းမကောင်း၊ အရှည်သဖြင့် လည်း တည်တံ့နေလို့ မရနိုင်ဘူးဆိုတာနဲ့ ပြတ်သားရဲရင့်တဲ့ ရှေ့ဆောင်ရှေ့ရွက် အစချီချက်တွေ၊ အပေးအယူအလျှော့ အတင်းတွေ လုပ်ဖို့လိုတယ်ဆိုတာကို လူအများက အခုအခါ သဘောပေါက်ဖို့ လိုအပ်လာလို့ဖြစ်ပါတယ်။
ကျနော်တို့ဟာ နာဂစ်ဆိုင်ကလုံးမုန်တိုင်းတိုက်ပြီးနောက်ပိုင်း လူသားချင်းစာနာရေးအခြေအနေအပေါ် အလွန် တရာမှ စိုးရိမ်ပူပန်မိပါတယ်။ နဂိုကတည်းက အခြေခံလူ့လွတ်လပ်ခွင့်တွေ စီးပွားရေးအခွင့်အလမ်းတွေ ဆုံးရှုံးကင်းမဲ့နေ ရတဲ့ မြန်မာပြည်သူတွေဟာ အဲသလိုကြီးကျယ်လှတဲ့ သဘာဝကပ်ဘေးကြီးဒဏ် ခံရလေခြင်းဆိုပြီး အထူးဝမ်းနည်း စိတ် မကောင်း ဖြစ်ရပါတယ်။ ဒါ့အပြင် နိုင်ငံတကာက အကူအညီပေးဖို့ ကမ်းလှမ်းချက်တွေကို စောစီးစွာကတည်းက လုံလုံ လောက်လောက် လက်မခံတဲ့အပေါ်မှာလည်း ရင်နင့်အောင်ဝမ်းနည်းမိပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အာဆီယံနိုင်ငံတွေနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့က လှုပ်ရှားတုံ့ပြန်မှုတခုကို အစချီနိုင်လိုက်ပြီး ဘန်ကီမွန်းကလည်း ဒီဖြစ်စဉ်ကို ကိုယ်တိုင် ကိုယ်ကျ အားပေးထောက်ခံခဲ့တာကြောင့် ကျနော်တို့ဝမ်းသာမိပါတယ်။ ဒေသဆိုင်ရာကူညီရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ ကူညီရေးအဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေဟာ အားတက်စရာပါဘဲ၊ ဒါပေမဲ့ အရေးတကြီးလိုအပ်နေတဲ့ ပြည်သူလူထုဆီ ဒီ အကူအညီတွေ သေချာပေါက်ရောက်စေဖို့နဲ့ နောက်ထပ်အသက်ဆုံးရှုံးမှုတွေ၊ ဝေဒနာခံစားရမှုတွေကို ကာကွယ်တားဆီး နိုင်ဖို့ လုပ်ဆောင်စရာ အများကြီးလိုအပ်နေပါသေးတယ်။ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ကယ်ဆယ်ရေးလုံးပမ်းမှုမှာ အားဖြည့်ကူညီပေးဖို့ ချက်ချင်းဆုံးဖြတ်တာဝန်ယူခဲ့ပြီး ရေရှည်ပြန်လည်တည်ဆောက်ရေးအတွက် အာဆီယံယန္တရားကို လည်း အားပေးထောက်ခံသွားမှာဖြစ်ပါတယ်။ နိုင်ငံတကာမှကြိုးပမ်းအားထုတ်မှုရဲ့ အောင်မြင်မှု မအောင်မြင်မှုဟာ မြန်မာ အစိုးရရဲ့ လုပ်ရပ်တွေ၊ မြန်မာအစိုးရချမှတ်တဲ့ စည်းကမ်းချက်တွေအပေါ် မူတည်ပါလိမ့်မယ်။
မြန်မာနိုင်ငံက များပြားလှတဲ့အစုအဖွဲ့တွေရဲ့ မျှော်လင့်ချက်တွေကို ရင်ကြားစေ့ ညှိနှိုင်းပေးနိုင်တဲ့ အမရဲ့ စွမ်းအား ကိုရော တိုင်းပြည်ရဲ့ အမျိုးသားစုစည်းတည်တံ့ရေးအပေါ် အမရဲ့ ထက်သန်စူးနစ်မှုကိုပါ ကျနော်တို့ လေးစားသဘောကျ မိပါတယ်။ ဒီတိုက်ပွဲထဲမှာ အမနဲ့တကွ အမပြည်သူတွေကို ကျနော်တို့ မေ့ပစ်မှာမဟုတ်ပါဘူးခင်ဗျား။
ဂေါ်ဒွန်ဘရောင်း နစ်ကိုးလတ်စ်ဆာကိုဇီ
NCGUB - Border Office မှ ဘာသာပြန်ဆိုဖြန့် ဝေသည်
at 12:22
Labels: မျှဝေခြင်း
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment