Tuesday, 17 June 2008

သာဓုခေါ်ဖို့မလိုပါ ...

ဝင်းတင့်ထွန်း
(နေ့သစ် http://www.naytthit.com မှ ကူးယူဖေါ်ပြပါသည်)

(၁)

မိဘက
အဓိကရ မျက်နှာဖုံးပေါ့
တနယ်လုံးသိ
ရွှေရှိ ငွေရှိ အားအင်ရှိ
ဂုဏ် အတိနဲ့ ပြည့်စုံပြီး
တိုက်ကြီး တာကြီး ပန်းခြံကြီးနဲ့ နေနိုင်ချိန် …..။

ဖေဖေရေ၊ မေမေရေ
ဒက်ဒီရေ၊ မာမီရေ
ပါပါရယ်၊ မာမာရယ်နဲ့
ချာချာလည်အောင် ၀ိုင်းရံပြီး
အချစ်ကြီး ချစ်ကြ
အနန္တ စွမ်းအားရှင်
ကျေးဇူးရှင် မိနဲ့ ဘရယ်လို့
ကိတ္တိမရော အရင်းပါ
တစာစာနဲ့ ဖေါ်ကျူး
ဦးခိုက်သူ ကန်တော့သူ
ဂုဏ်ပြုသူတွေကလည်း သူ့ထက်ငါ
ဝမ်းသာစရာတွေချည်း ဖြစ်ခဲ့ပေါ့။
မဟာအဖြစ် ဘ၀မှာ
မိတ်တကာကလည်း ပေါမှပေါ
တောကရော မြို့ကပါ
တိုင်းခြားကတောင် လာသပေါ့
ဖွယ်ဖွယ်ရာရာ ဆက်ဆံ
အပြန်အလှန် ခွန်းဆက်
ပွေ့ဖက် ချစ်ကြည်ကြသူတွေကလည်း မရှား
လက်ဆွဲနှုတ်ဆက်ကြတာကလည်း အများသား
နားတောင် မနားအားပါဘူး
ချစ်ကြည်ရေး စကားတွေက တဝေေ၀
အပြုံးရိပ်တွေက တလက်လက်
တယ် … ကျက်သရေ မင်္ဂလာ ရှိခဲ့သပေါ့ …။

(၂)

ပြန်မပြောတော့ပါဘူး
လံကဓေါလို့ပဲ တရားချ
မိဘက ဆင်းရဲပြီး
တိုက်ကြီးပေါ်ကနေ ခြံပါပျောက်
ထန်းခလက် တဲထဲလည်း ရောက်သွားရော
ကြက်ပျောက် ငှက်ပျောက် ပမာအလား
ခြေရာဖျောက်သွားလိုက်ကြတဲ့ သမီးသား
အနီးအနား ကျန်ခဲ့သူဟာ
လက်ချိုးရေရင်တောင် ရပါရဲ့
မလာနိုင်ရင် အသာထား
အမှာစကားလေးတောင် မပါးလို
မိဘအိုရဲ့ ထန်းလက်တဲ
ဧည့်မိတ်ဆွေလည်း ခြောက်ခမ်း
အနွမ်းပါးဆုံး ကာလမှာ
မီးဖိုချောင်ပါ မီးခိုးတိတ်
ရယ်သံတွေပါ ဆိတ်သုဉ်း
ခပ်ယဲ့ယဲ့လေး ပြုံးလိုက်မိ
( မချိပြုံး မဟုတ်ရတာတော့)
ကိုယ့်ဟာကိုယ်ပဲ သိပါတယ်။

တချို့များကျတော့
မျက်နှာပြဖို့ နေနေသာသာ
လာဖို့ရာလည်း စိတ်မကူး
ခြေဦးတောင် မလှည့်ချင်
သံယောဇဉ်တွေ အကုန်ဖြတ်
ပြတ်သွားလိုက်ကြတာ
ရေကြည်ရာမှာ ဘ၀င်ခွေ့
အတိတ်ကိုပါ မေ့သွား
ဘ၀ချင်း ခြားလိုက်ကြ
(ဒီကလည်း) တရားရလိုက်ပါတယ်။

တချို့များကျတော့
မိဘဆိုတာ ဝေလာဝေး
သွေးသားတောင် မစပ်တော်
အဖေတောင် မခေါ်ခဲ့ဘူး သယောင်
အမေတောင် မတော်ခဲ့ဘူး သယောင်
တယ် …မျက်နှာပြောင် သပ
ဒီကလည်း …
ရင်ထဲ … ကျင်ကနဲနေအောင် တွေးမိရင်း
တမျှဉ်းမျှဉ်းနဲ့ ပြုံးလိုက်မိ
အဓိအတ္တ…သမီး သားမျိုးတွေကိုတော့
အဘိဓမ္မတ္တ ….တနည်းပွားဖို့မလိုပါဘူး
ထန်းရိပ်ညိုညို တဲကုပ်ကြားက
ကိုယ့် တရားလေးကို ကိုယ်ပြန်ရှု
သာဓု… သာဓု ခေါ်ကြစေဖို့ မဟုတ်ပါ။ ။

ဝင်းတင့်ထွန်း
၉- ၆- ၂၀၀၇
(အဘ သို့ ရည်ညွှန်းပါတယ်)
ဝေါဟာရ ရှင်းလင်းချက်။ ။“ အဓိအတ္တ” = အတ္တ အဓိက

No comments :