
သတင်း- URL : http://www.planet.com.mm/news/read.cfm/id/9980
ဂျာမနီတွင် နာဇီတို့ကြီးစိုးခဲ့စဉ်က “ သေမင်းတမန် ဆရာဝန် “ ဟူသောအမည်ဖြင့် သတင်းကြီးခဲ့သော ဒေါက်တာ အာရီဘတ် ဟိမ်းမှာ တောင်အမေရိကတိုက် ချီလီနိုင်ငံတစ်နေရာတွင် ယခုတိုင်သက်ရှိထင်ရှားရှိနေနိုင်ကြောင်း ယုံကြည်လောက်ဖွယ် အထောက်အထားများရှိနေသည်ဟု ဆိုင်မွန်ဝီဆန်သယ်အဖွဲ့ ဒါရိုက်တာ အက်ဖရိမ် ဇူးရော့ဖ် က ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့မှာ ဒုတိယကမာစစ်အတွင်း စစ်သုံ့ပန်းစခန်းများတွင် ဂျူးများအား ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော နာဇီ အက်စ်အက်စ် စစ်ရာဇ၀တ်ကောင်များကို ရှာဖွေဖော်ထုတ်နေသော အထင်ကရအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဇူးရော့ဖ်မှာ ငါးရက်ကြာ စုံစမ်းမှုများအပြီး ထိုအက်စ်အက်စ်ဆရာဝန်မှာ ယခုတိုင်အသက်ရှင်နေမည်ဟု ကောက်ချက်ချခဲ့သည်။ ဇူးရော့ဖ်က ဟိမ်းမှာ ယခုအချိန်ဆိုလျင် အသက် (၉၄) နှစ်အရွယ်ရှိနေမည်ဖြစ်ကြောင်း၊ အဆိုပါအသက်အရွယ်လူတစ်ဦးအနေဖြင့် သီးခြားရပ်တည်နိုင်ရန်ခက်ခဲကြောင်း၊ ၄င်းအနေဖြင့် တောင်အမေရိကတိုက် နာဇီလက်သစ်ဝါဒီများ၏ စောင့်ရှောက်မှုဖြင့် နေထိုင်နေဖွယ်ရှိကြောင်း ဇူးရော့ဖ်က ဖြည့်စွက်ပြောကြားသွားသည်။ ဟိမ်းမှာ ဒုတိယကမာစစ်အတွင်း မော်သောဆန်အကျဉ်းစခန်းတွင် သုံ့ပန်းများစွာကိုသတ်ဖြတ်ခဲ့ပြီး စစ်အပြီး (၁၉၆၂) ခုနှစ်တွင် အာဏာပိုင်များမှ ၄င်းအား မဖမ်းဆီးနိုင်ခင် ဂျာမနီနိုင်ငံမှ ထွက်ပြေးလွတ်မြောက်သွားသည်။ ထိုဆရာဝန်မှာ နှလုံးအတွင်း ရေ၊ အဆိပ်နှင့် သေစေနိုင်သောပိုးမွှားများထိုးသွင်းခဲ့ခြင်း အပါအ၀င် လူမဆန်သောနည်းမျိုးစုံနှင့် အကျဉ်းသားများအားရက်ရက်စက်စက်သတ်ဖြတ်ခဲ့သူဖြစ်သည်။ ယခုအချိန်ထိ ၄င်းသေဆုံးသွားကြောင်း သက်သေအထောက်အထားများမတွေ့ရှိသေးသလို ချီလီနိုင်ငံအတွင်း အသက်ရှင်လျက်ရှိသေးကြောင်း လမ်းစများကိုလည်းတွေ့ရှိလာကြသည်။ ဟိမ်းအား လိုက်လံထောက်လှမ်းရှာဖွေနေကြသူများမှာ ၄င်း၏သမီးဖြစ်သူ ဝေါလ်ထရတ်စ် ဒီဟက်စ်ထံမှတဆင့် ခြေရာခံနိုင်ခဲ့ခြင်းဖြစ်သည်။ ဇူးရော့ဖ်က နောက်ရက်သတ္တပါတ်အနည်းငယ် (သို့မဟုတ်) လအနည်းငယ်အတွင်း ဟိမ်းအားဖမ်းဆီးနိုင်မည်ဟု မျှော်လင့်လျက်ရှိသည်။ ဆိုင်မွန်ဝီဆန်သယ်အဖွဲ့၊ ဂျာမနီ အစိုးရနှင့် သြစတြီးယား အစိုးရတို့က ဟိမ်းအားဖမ်းမိနိုင်အောင် သတင်းပေးသူအား ဆုငွေ ဒေါ်လာ (၄၉၅၀၀၀) ပေးမည်ဟု ကြေငြာထားသည်။ အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့အခြေစိုက် ဆိုင်မွန်ဝီဆန်သယ်အသင်းက ဟိမ်းအားရှာဖွေနေမှုအား အထူးအလေးထားကူညီပေးနေသော အာဂျင်တီးနားနိုင်ငံအစိုးရအား အလွန်ကျေးဇူးတင်ပါကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
Rest of your post
No comments :
Post a Comment