Wednesday 10 September 2008

"ကျနော်တို့ဟာ အကြမ်းဖက်သမားတွေ မဟုတ်"

"ကျနော်တို့ဟာ အကြမ်းဖက်သမားတွေ မဟုတ်" Print E-mail
အင်တာဗျူး
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 10 2008 12:47 - မြန်မာစံတော်ချိန်

မိုးသီးဇွန်နှင့် မေးမြန်းချက်


၁၉၈၈ နိုင်ငံအ၀ှမ်း လူထုအုံကြွမှုအတွင်း ဦးဆောင်ခဲ့သူ တဦးဖြစ်ပြီး အေဘီအက်စ်ဒီအက်ဖ်၏ ခေါင်းဆောင်ဟောင်း တဦးဖြစ်သူ ကိုမိုးသီးဇွန်သည် အကြမ်းဖက် ဗုံးဖောက်ခွဲရေး လုပ်ငန်းများကို ပံ့ပိုး ကြိုးကိုင်ပေးနေသူ တဦးအဖြစ် စက်တင်ဘာလ ၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် စစ်အစိုးရ အရာရှိများက ပြောကြားခဲ့သည်။ စွပ်စွဲပြောကြားမှုနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံတွင် အခြေစိုက် နေထိုင်သူ ကိုမိုးသီးဇွန်ကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားသည်။

မေး - ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းက သတင်းစာ ရှင်းလင်းပွဲ လုပ်သွားတယ်။ အဲဒီမှာ ခင်ဗျားကို ဖေါက်ခွဲရေးသမား၊ အကြမ်းဖက်သမား လို့စွပ်စွဲထားတယ်။ ဒီကိစ္စကို ခင်ဗျား ဘာပြောချင်လဲ။

မိုး- မဆလ၊ နအဖ ခေတ်အဆက်ဆက်က ကျနော်တို့ဒီမိုကရေစီရေး ကြိုးပမ်းနေသူတွေကို သောင်းကျန်းသူတွေ၊ အကြမ်းဖက်သမားတွေ ခွဲထွက်ရေးသမားတွေ စသဖြင့် နည်းမျိုးစုံ
စွပ်စွဲခဲ့တာပဲ။ ဗိုလ်ချုပ်ခင်ညွန့်ဆိုရင် အကြိမ်ပေါင်းရာနဲ့ချီပြီး ကျနော်တို့ကို စွပ်စွဲခဲ့တာပဲ။ သူတို့ပဲ တယောက်ပြီးတယောက် ကျဆုံးကုန်တာပဲ။ ကျနော်တို့ကတော့ ဘာမှမဖြစ်ပါဘူး။ ဘာဖြစ်လို့လဲ။ ကျနော်တို့ဟာ အကြမ်းဖက်သမားတွေ မဟုတ်လို့ပါပဲ။

တကယ် အကြမ်းဖက်သမားတွေက သန်းရွှေ စစ်အစိုးရပဲ ဖြစ်ပါတယ်။ ၈၈ ပြည်သူ ဒီမိုကရေစီ အရေးတော်ပုံကြီးကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အတွက် ရဟန်းရှင်လူ ၁ သောင်းလောက် သေဆုံးခဲ့ရပါတယ်။ ဒီပဲယင်း အရေးခင်းမှာ ဒေါ်စုကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ လူမဆန်စွာ အသတ်ခံခဲ့ရတယ်။ နယ်စပ်ဒေသမှာ လူမျိုးစု တိုင်းရင်းသား ရွာတွေ မီးရှို့လူသတ် မုဒိမ်းကျင့်မှုတွေကို အဆက်မပြတ် ကျူးလွန်ခဲ့ကြသူတွေ ဖြစ်တယ်။

၂၀၀၇ ခုနစ်မှာ သံဃာတွေကို သတ်ဖြတ်ခဲ့တယ်။ ၂၀၀၈ ခုနစ်မှာ ဧရာဝတီတိုင်းက လေဘေး ဒုက္ခသည်တွေ ၁ သိန်းကျော် သေခဲ့တဲ့ ဖြစ်ရပ်ကြီးမှာ အသက်မသေ ကျန်ရစ်သူ ယောင်္ကျား၊ မိန်းမ၊ ကလေး ၊ သံဃာ ၂ သန်းကျော်ရဲ့ အသက်ကို အချိန်မှီ ကယ်တင်ခြင်း မလုပ်ဘူး။ နိုင်ငံတကာ လူမှုရေးအကူညီတွေ နှောင့်နှေးအောင် လုပ်ပြီး လူတွေရဲ့ အသက်ကို ဇီဝိန်ချွေခဲ့တယ်။ ဒါကြောင့် နအဖ စစ်အစိုးရသာ အကြမ်းဖက်သမား အစစ် ဖြစ်ပါတယ်။

သူတို့က အခု ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြနေတာကို ဖုံးကွယ်ဖို့အတွက် ပြည်သူလူထုကို အထိန်တလန့် ဖြစ်အောင် လုပ်တဲ့သဘောလည်း ဖြစ်ပါတယ်။

မေး- သူတို့ဘာရည်ရွယ်ချက်နဲ့ သတင်းစာရှင်းလင်းပွဲ လုပ်တာလို့ ခင်ဗျားထင်လဲ။ သူတို့လုပ်ရပ်က ထိရောက်မှုတွေ ရှိတယ်လို့ ထင်သလား။

မိုး- အဓိကကတော့ ၀ါဒဖြန့်ချီတာ ပါပဲ။ ဒီမိုကရေစီ အင်အားစုတွေကို လူထု အထင်လွဲအောင် အကြည်ညိုပျက်အောင် လုပ်တာပါ။ Image ကို Damage လုပ်တာပေါ့။ ဥပမာ ဒေါက်တာသက်လွင်ဆိုရင် လူဆိုးကြီးပုံ၊ လူ့အခွင့်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ကိုမြင့်အေးကို ဖေါက်ခွဲရေးသမားပုံ၊ ကျနော်တို့ကို ဆိုရင်တော့ ရစရာ မရှိအောင် လုပ်တော့တာပေါ့လေ။ ဒီလို ၀ါဒဖြန့် မှိုင်းတိုက်တာတွေက ဒုတိယ ကမ္ဘာစစ်တုံးက လုပ်ခဲ့တဲ့ နည်းတွေ၊ စစ်အေး တိုက်ပွဲကာလနဲ့ ၁၉၆၂ နောက်ပိုင်း မဆလက ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေနဲ့ လူမျိုးစု ခေါင်းဆောင်တွေကို သုံးခဲ့တဲ့ နည်းတွေပါ။ ဟိုတုံးက ဒီနည်းတွေက ထိရောက်သင့်သလောက် ထိရောက်ခဲ့ပေမယ့် ခုခေတ်ကတော့ လုံးဝ ကို ထိရောက်မှု မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခုခေတ်က သတင်းမီဒီယာခေတ် ဖြစ်လာတယ်။ ပြည်သူတွေမှာ အင်တာနက် မီဒီယာ ရှိလာတယ်။ သူတို့ တဖက်သတ် စွပ်စွဲချက်ကို ကျနော်တို့ဘက်က ပြန်ရှင်းလင်းလာနိုင်တယ်။ သတင်းအမှန်တွေကို အထောက်ထားတွေနဲ့ ပြသလာနိုင်တယ်။ မြန်မြန်ဆန်ဆန် တုန့်ပြန်လာနိင်တယ်။

နောက်တခုကတော့ ခုလို သတင်းစာ ရှင်းလင်းပွဲတွေက နအဖအတွက် Negative Consequences တွေ ဖြစ်လာနိုင်ပါတယ်။ ကျနော်တို့ငယ်ငယ်က မဆလ က သခင်သန်းထွန်း နောက်ဆုံးနေ့များ ဆိုတဲ့ စာအုပ်ကို ထုတ်တယ်။ အဓိကတော့ တော်လှန်ရေး ခေါင်းဆောင်ရဲ့ ရုပ်ပုံကို ဖျက်ဆီးတာပေါ့။ ဒါကတော့ ထောက်လှမ်းရေး သီအိုရီအရဆိုရင် ကယ်တင်ရှင် ( Savior) ရဲ့ ပုံရိပ်ကို လူတွေ အကြည်ညိုပျက်အောင် လုပ်တဲ့သဘောပေါ့။

ဒါပေမဲ့ လူဆိုတာက တရိစ္ဆာန်တွေမှ မဟုတ်ပဲ စဉ်းစားဥာဏ် ရှိတာကိုး။ ကျနော် ဒီစာအုပ်ကို ၈ တန်း ကျောင်းသားအသက် ၁၃ နစ်လောက်မှာ ဖတ်ရတာ။ ခေါင်းထဲမှာ မေးခွန်းတွေ ဖြစ်လာတာက သခင်သန်းထွန်း ဆိုတာ ဘယ်သူလဲ၊ သူဘာလုပ်ခဲ့သလဲ၊ ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းတွေက မသိစိတ်ထဲမှာ စွဲဝင်သွားတယ်။ နောက်တော့ သိချင်စိတ် - Curiosity ကို လှုံ့ဆော်ပေးနေသလို ဖြစ်လာတာပေါ့။ ဒီစာအုပ် ဖတ်အပြီးမှာ နိုင်ငံရေးကို စိတ်ဝင်စားမှု စတင် လာတယ်တော့တာပဲလို့ ပြောချင်ပါတယ်။ အဲဒါ သူတို့ဝါဒ ဖြန့်ချီမှုတွေဟာ မထိရောက်တော့ဘူး ဆိုတာကို ကျနော် ပြောချင်တာပါပဲ။

မေး- သူတို့ပြောတဲ့ ခင်ဗျားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကရော။

ဖြေ- သူတို့ဟာ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်ကလောက် သတင်း အချက်အလက်တွေ မရတော့ဘူး။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်ကလည်း ကျနော်တို့ဖက်က ထုတ်တဲ့ စာစောင်တွေထဲက သတင်း အချက်အလက်နဲ့ ဓါတ်ပုံတွေကိုပဲ သူတို့ ပြန်သုံးနိုင်တာပါ။ ရှင်းရှင်းပြောရရင် ကျော်ဆန်းဟာ ကျနော်တို့ ဘာတွေ လုပ်နေမှန်း မသိတော့ဘူး။ အရမ်းကာရော လျှောက်ပြောနေတာပါပဲ။

မေး- ခင်ဗျားကျောင်းပြီးတော့ လုပ်ခဲ့တဲ့ အလုပ်တွေကရော ဟုတ်လား။ (ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ကိုမိုးသီးဇွန်သည် ဘွဲ့ရရှိပြီးနောက် ဓာတ်ဆီဆိုင် လုပ်သား၊ မီးသွေးရောင်း၊ ပလတ်စတစ်စက်ရုံ နေ့စားလုပ်သားအဖြစ် လုပ်ဆောင်ခဲ့သည်ဟု ပြောကြားသွားသည်။)

ဖြေ- ဟုတ်တာပေါ့။ ဒါက ကျနော်နဲ့ ရင်းနှီးတဲ့ လူတိုင်းသိတာပဲ။ ဒါက မိသားစု စီးပွားရေး လုပ်ငန်းလေ၊ ကျနော်မှာ တာဝန်ရှိတာပေါ့။ မိဘကို ကူရမယ်။ ကျနော် မိဘတွေက သိမ်ကြီးဈေးမှ ဆိုင်တွေ ရှိတယ်။ အဖိုးအဖွားတွေ အင်္ဂလိပ်ခေတ် ကတည်းက ဖွင့်လာတဲ့ ဆိုင်တွေပါ။

အိမ်မှာလည်း ဆိုင်ရှိတယ်။ ကျနော် တို့မောင်နှမတွေ အားလုံး မိသားစု စီးပွားရေးမှာ ကူညီခဲ့ကြပါတယ်။

ခင်ဗျား ကြည့်စမ်း ကျနော်ဟာ ဘယ်လောက် ကိုယ့်အားကိုကိုယ်ပြီး အလုပ်ကို ကြိုးစား လုပ်ကိုင်ခဲ့သလဲ ဆိုတာ သူတို့ပြန်ပြီး remind လုပ်မှ ကိုယ့်ကိုကိုယ် ဂုဏ်ယူတယ်။ သူတို့လိုတော့ ပြည်သူပိုင် ပစ္စည်းတွေကို မခိုးခဲ့ပါဘူး။ ကိုယ့်အားကိုယ်ကိုးခဲ့တယ်။

သူတို့မပြောပဲ ထိန်ချန်တာတွေကတော့ သိမ်းကြီးဈေးကြီးကို ဖျက်တော့ မိဘတွေ ဆိုင်တွေ ပါသွားတယ်။ ရပ်ကွက်ကို ဖျက်တော့ မိဘတွေ အိမ်တွေကို ဖျက်ခဲ့တယ်။

၁၉၈၉ ခုနစ်ဒီဇင်ဘာ လကုန်ပိုင်းမှာ ကျနော့်ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ သေဒဏ် ပေးခဲ့တယ်ဗျ၊ သတင်းစာ ရှင်းလင်းပွဲ ကျတော့ ကျနော့်ကို သေဒဏ် ပေးထားပါတယ် ဆိုရင် သူတို့ဟာ လူ့အခွင့်အရေး ချိုးဖောက်နေတယ် ဆိုတာကို သက်သေပြသလို ဖြစ်နေမယ်။ မိုးပေါ်မော့ပြီး တံတွေးထွေးသလို ဖြစ်နေမှာပေါ့။ ဒီတော့ ကျနော့်ကို တသက်တကျွန်း ပြစ်ဒဏ် ပေးထားပါတယ်လို့ လျှော့ပေါ့ပြီး လျှော့ချလိုက်ရတာပါပဲ။

http://www.mizzimaburmese.com/interview/1653-q--q.html

No comments :