ဒီစာကို Select ပေးပြီးရေးပါ...
ဆောင်းပါးရှင် - ဆရာဂါမဏိ
မကြာသေးခင်က “သူနှင့် သူချစ်သောပြည်သူ”လို့ ခပ်တည်တည်နာမည်တပ်ထားတဲ့ နအဖအတွင်းရေးမှူး(၂) ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိ တင်ဦး အထုပ္ပတ္တိစာအုပ်ကို ဖတ်လိုက်ရပါတယ်။ တင်ဦးကောင်းကြောင်းတွေကို ဇွတ်အတင်း ဖြစ်ညှစ်ရှာကြံရေးထားတာတွေဖတ်ရတော့ အတော်ကို ရီစရာကောင်းလှပါတယ်။ အဲဒီလို ဖြစ်ညှစ်ရှာကြံပြီး “လုပ်”ထားတဲ့ကြားထဲက ဘယ်လိုမှ မဖုံးနိုင် မဖိနိုင်ဘဲ ပေါ်လာတာတခုကတော့ အင်မတန်မှ တိုင်းပြည်နဲ့ပြည်သူကို ချစ်တယ်ဆိုတဲ့ တင်ဦး စစ်ထဲဝင်လာပုံက ဘာမျိုးချစ်စိတ်၊ ဘာပြည် ချစ်စိတ်နဲ့မှ မဟုတ်ဘဲ လူမှုရေးပြဿနာတခုကို ရင်ဆိုင်မဖြေရှင်းရဲလို့ ထွက်ပြေးတဲ့အနေနဲ့ စစ်ထဲ ဝင်လာတာ ဖြစ်တယ်ဆိုတဲ့ အချက်ပါဘဲ။ ဒါဟာ တိုင်းပြည်ကြီး “ဂျောက်ထဲကျဖို့ လက်နှစ်လုံးအလို”မှာ “ကယ်တင်” လိုက်တဲ့၊ အလွန့်အလွန် တိုင်းပြည်ကို ချစ်လှပါတယ်ဆိုတဲ့၊ နဝတ-နအဖအဖွဲ့ထဲမှာ နံပါတ်(၄)အဆင့် ဖြစ်ခဲ့ဖူးတဲ့ “ပုဂ္ဂိုလ်အထီး အကောင်းစားကြီး”ရဲ့ သမိုင်းပါဘဲ။
စာအုပ်ထဲမပါတဲ့ တင်ဦးရဲ့ စစ်မှုထမ်းဘဝတကွက်ကို ပြောရရင် ဒီပုဂ္ဂိုလ်ဟာ ၁၉၈ဝ ခုနှစ်များအစပိုင်း တပ်မ ၅၅ ဗျူဟာမှူး ဖြစ်တုန်းက ရှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်ဆင်တောင် အနောက်ခြမ်းကရွာတရွာကို သူ့လက်အောက်က စစ်ကြောင်းတကြောင်း အဝင်မှာ ရွာထဲရှိနှင့်နေတဲ့ SURA မိုးဟိန်းအဖွဲ့ (၃-၄)ယောက်က စစ်ကြောင်းကိုပစ်ခတ်ပြီး ထွက်ပြေးသွားလို့ ကျဆုံးဒဏ်ရာရတွေ ဖြစ်ခဲ့တယ်။ အဲဒီဖြစ်စဉ်ကို စစ်ကြောင်းမှူးက မိုင်းကိုင်ဗျူဟာကို ဆက်သွယ်ရေးစက်နဲ့ အစီရင်ခံပြီး ဘာဆက်လုပ်ရမလဲဆိုတာကို ညွှန်ကြားချက် တောင်းပါတယ်။ အဲဒီတော့ ဗျူဟာဘက်က စက်တက်တဲ့ ဂျီသရီး (ဝါ) စစ်ဦးစီး(တ)က ဗျူဟာမှူးကြီး(တင်ဦး) ဘုရားခန်းဝင်နေလို့ စစ်ကြောင်း မှူးကို ခဏစောင့်ဖို့နဲ့ ဘုရားခန်းကထွက်လာမှ အခြေအနေ အစီရင်ခံတင်ပြပြီး ညွှန်ကြားချက် တောင်းပေးမယ်လို့ ပြောပါတယ်။ နောက်ဆုံးမှာတော့ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး အဆင့်ရှိတင်ဦးဟာ တနာရီနီးပါးကြာအောင် ဘုရားရှိခိုး၊ ပုတီးစိတ်၊ တရားထိုင်၊ အမျှအတန်းပေးဝေပြီးလို့ ထွက်လာတဲ့ အခါမှာ ညွှန်ကြားချက်ပေးလိုက်တာကတော့ “အဲဒီရွာကို မီးရှို့ပစ်လိုက်” ဆိုတာပါပဲ။ ဒီကိစ္စဟာ ဟိုတုန်းက မဆလစစ်တပ်ထဲမှာ ပြောစမှတ်ဖြစ်သွားခဲ့တယ်။ အဲဒါမျိုးတွေ ကြောင့် တင်ဦးဟာ ရာထူးအတက် မြန်ပြီး အာဏာသိမ်းစစ်အုပ်စုရဲ့ ထိပ်သီးခေါင်းဆောင်တယောက်ထိ ဖြစ်လာခဲ့ တာပါ။
အင်မတန်မှ တိုင်းပြည်အတွက် အလုပ်လုပ်တဲ့ တင်ဦးရဲ့ အရည်အချင်းကိုဖော်ပြတဲ့ ဇာတ်လမ်းတပုဒ်ကလည်း အထုပ္ပတ္တိစာအုပ်ထဲ မပါခဲ့ပါဘူး။ အဲဒါကတော့ ကယားပြည်နယ်ကို တိုင်းခန်းလှည့်လည်တုန်းက တင်ဦးက ဌာနဆိုင်ရာလူကြီးတွေ၊ မြို့မိမြို့ဖတွေနဲ့ “ငြိမ်းချမ်းရေးအဖွဲ့”တွေက တိုင်းရင်းသားခေါင်းဆောင်တွေကိုခေါ်ပြီး “သြဝါဒပေးလမ်းညွှန်မှာကြား” တုန်းက အဖြစ်အပျက်ပါ။ အဲဒီတုန်းက KNPP ဟာ နအဖနဲ့ အပစ်အခတ် ရပ်စဲရေး ပျက်ပြီး ပြန်တိုက်နေတဲ့အချိန်ဖြစ်တယ်။ ဒီသြဝါဒပေးပွဲမှာ တင်ဦးက ကယားပြည်နယ်ဟာ မကြာခင် ငြိမ်းချမ်းတော့မှာ ဖြစ်တယ်၊ အခုဆိုရင် “ကရင်နီ”နဲ့ ငြိမ်းချမ်းရေးရပြီ၊ တောထဲမှာ “ကလလတ” (၁၄-၅) ယောက်ပဲ ကျန်တော့တယ်လို့ ပြောသွားတာကို မြို့မိမြို့ဖတွေနဲ့ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်တွေ တအံ့တသြ နားထောင်လိုက်ရပါတယ်။ အခုလို သြချရလောက်တဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ နအဖ ထိပ်သီးများရဲ့ “တိုင်းကျိုးပြည်ပြုဆောင်ရွက်ချက်” တွေအောက်မှာမှ ဒီတိုင်းပြည်မပျက်ရင် ဘယ်အစိုးရ အောက်မှာ ပျက်အုံးမှာလဲ။
တင်ဦး အထုပ္ပတ္တိစာအုပ်ထဲမှာ သူတို့စစ်တပ်ရဲ့ လက်ရှိအခြေအနေတွေ၊ တင်ဦးရဲ့လုပ်ရပ်တွေကို ဇွတ်ကြီး အကောင်းတွေ ဆွဲရေးထားတဲ့ကြားက အတွင်းသရုပ်မှန် ဘွားဘွားကြီးပေါ်လာလို့ ဟားရတာ တခု ရှိသေးတယ်။ အဲဒါကတော့ ဂေါက်ကွင်းကယ်ဒီမလေး မင်္ဂလာဆောင်ကို မဟာကရုဏာရှင်ကြီးတင်ဦး သွားရောက်ချီးမြှင့်နေတုန်း ကျသွားတဲ့ စစ်သားမိန်းမ မုဆိုးမတယောက်က ငိုကြီးချက်မနဲ့ စားဝတ်နေရေး တအား ဒုက္ခရောက်နေလို့ ပစ်မထားဘဲ ကြည့်ရှုပေးဖို့ လာပြောတာနဲ့၊ အဲသလိုပေါက်ကွဲတာတွေ ရင်ဆိုင် ရမှာစိုးလို့ မင်္ဂလာဆောင်ကနေ ရူးသလို ပေါသလိုနဲ့ ထပြေးတာပဲ ဖြစ်ပါတယ်။ နအဖစစ်တပ်ရဲ့သရုပ်၊ နအဖထိပ်သီးတွေရဲ့သရုပ် ဖုံးဖိမရဘဲ ငုတ်တုတ်ကြီး ပေါ်နေပါ တယ်။
အသက်ထွက်ပြီးတဲ့လူကို ဖနောင့်နဲ့ပေါက်တဲ့အလုပ်မျိုး မလုပ်ချင်ပေမဲ့ အခုပြောခဲ့တာတွေဟာ တင်ဦး တယောက်ထဲနဲ့ ဆိုင်တဲ့ စရိုက်လက္ခဏာတွေ၊ စိတ်ဓာတ်အတွေးအခေါ်တွေ မဟုတ်ဘဲ စစ်တပ် ထိပ်ပိုင်းတွေအားလုံးရဲ့ ယေဘုယျ လက္ခဏာဖြစ်လို့ ဖော်ထုတ်ပြရတာ ဖြစ်ပါတယ်။ နံပါတ်(၄) အဆင့် ဖြစ်ခဲ့သူတောင် ဒီလိုဖြစ်မှတော့ နဝတ-နအဖ တခုလုံးရဲ့ အခြေအနေကို သဘောပေါက်ဖို့ပါပဲ။ နောက်တချက် သတိပြုစရာက တင်ဦးတပ်ထဲဝင်တဲ့ အချိန်ဟာ ၁၉၅ဝ ခု ဖြစ်တယ်။ တိုင်းချစ်ပြည်ချစ်စိတ်ရှိသူတွေနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ တပ်မတော်ထဲကို ကိုယ်ကျိုးရှာသမားတွေနဲ့ စစ်ဝါဒီတွေ တဖြည်းဖြည်းစိမ့်ဝင်လာကြ၊ တပ်မတော်ထဲက မျိုးချစ် ပြည်ချစ်တွေကြားမှာ စုံးပြူးဖြစ်နေခဲ့တဲ့ နေဝင်းလို လူမျိုးတွေနဲ့ ပေါင်းဖက် စုစည်းမိကြပြီး သူတို့အင်အားကောင်းလာတဲ့ အဆုံးမှာတော့ တပ်မတော်ဟာ တပ်မတော် အဖြစ်ကနေ ရပ်စဲသွားပြီး လက်နက်ကိုင် လူအစုအဝေး သက်သက်ပဲ ဖြစ်သွားတော့တယ်။ ဒါကြောင့်လဲ နယ်ချဲ့ဆန့်ကျင်ရေး - ဖက်ဆစ်တော်လှန်ရေးတွေမှာ အစဉ်အလာကြီးခဲ့တဲ့ တပ်မတော်ဟာ ဒီကနေ့ ဒီအခြေအနေ ဖြစ်သွားခဲ့တာ အံသြစရာမရှိပါဘူး။
တိတိကျကျ ပြောရရင်တော့ ၁၉၆၂ ခု မတ်လ (၂)ရက်နေ့ကစပြီး တပ်မတော်အဖြစ်ကနေ တပ်မတော် မဟုတ်တော့တဲ့ စစ်တပ် ဖြစ်သွားခဲ့တာ ကနေ့ထိပါဘဲ။ တပ်မတော်ဆိုတာ နိုင်ငံတနိုင်ငံရဲ့ တရားဝင် အစိုးရ လက်အောက်မှာရှိတဲ့ တခုတည်းသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။ ၁၉၆၂ ခုမတိုင်မီက ဗမာပြည်မှာ လက်ဝဲအင်အားစုတွေ၊ တိုင်းရင်း သားအင်အားစုတွေနဲ့ ပြည်တွင်းစစ်တိုက်နေရတာတွေရှိပေမဲ့ တရားဝင် အစိုးရရဲ့ အမိန့်ကိုနာခံပြီးလုပ်ရတဲ့ တပ်မတော် ပီပီသသ ဖြစ်ခဲ့တယ်။ ၁၉၆၂ နောက်ပိုင်းမှာတော့ တရားဝင် အစိုးရမရှိတော့၊ တရားဝင်အစိုးရကို သစ္စာမစောင့်၊ မကာကွယ်မစောင့်ရှောက်တော့ဘဲ အာဏာသိမ်း စစ်ခေါင်းဆောင်ထိပ်သီးတွေကိုသာ နာခံသစ္စာစောင့်တဲ့ စစ်တပ် အဆင့်ကို လျှောကျသွားတယ်။
ဒီလို တပ်မတော် အဆင့်ကနေ စစ်တပ်အဆင့်ကို လျှောကျပြောင်းလဲသွားတဲ့ လက္ခဏာတရပ်ကို တပ်မတော် စစ်ချီ သီချင်းတွေမှာလည်း တွေ့နိုင်ပါတယ်။ ဘီအိုင်အေ၊ ဘီဒီအေနဲ့ ဂျပန်တော်လှန်ရေးတွေက ပေါက်ဖွား လာတဲ့ စစ်ချီသီချင်းတွေကို မဆလစစ်အစိုးရလက်ထက်မှာ စာသားတွေ ပြောင်းလဲပြင်ဆင်ပစ်ခဲ့တယ်။ အဓိကပြောင်းပစ်ခဲ့တဲ့ စာပိုဒ်တွေကတော့ တိုင်းပြည်နဲ့ ပြည်သူအတွက် အသက်စွန့်ဖို့ အသေခံဖို့ဆိုတဲ့ စာပိုဒ် မျိုးတွေဖြစ်ပါတယ်။
ဖန်နေဝန်း သီချင်းမှာ “အာဇာနည် ရဲမက်တွေသည် xx အသက်စွန့်တိုက်မည်” ဆိုတဲ့ စာပိုဒ်ကို “အာဇာနည် ရဲမက်တွေသည် xx ဇွဲနဲ့တိုက်မည်” လို့ပြင်ထားတယ်။ “ရဲသွေးနဲ့ သေမင်းကို သစ္စာနှံမည်” ကို “ရဲသွေးနဲ့ ပြည်သူ့အပေါ် သစ္စာနှံမည်” လို့ပြောင်းလိုက်တယ်။ “ဗမာမှန်ရင် သတ္တိရှိသည် xx အသက်နဲ့လဲမဲ့ ရဲဘော်ဖြစ်သည်” ကို “ဇွဲနဲ့ကြဲမယ့် ရဲဘော်ဖြစ်သည်” လို့ပြင်တယ်။ “မျိုးရိုးအာဇာနည် x စစ်ကိုလဲ အမြဲတိုက်ရမည်” ကို “တိုင်းပြည်အတွက် အမြဲအသင့် ဖြစ်သည်” လို့လည်း ပြောင်းလိုက်သေးတယ်။
တူယှဉ်ကာလေ သီချင်းမှာ “သေပစေ xx ဒို့အသက်ကို xx ဖက်ရွက်မှတ်ပါတယ်” ဆိုတဲ့ စာပိုဒ်ကို “နိုင်ငံတော်အကျိုး ရှိဖွယ် xx တာဝန်ကျေပွန်တယ်”လို့ ပြင်လိုက်တယ်။
မျိုးမြန်မာပြည်ရွာ သီချင်းမှာတော့ “သေရင်လည်းမမှုပါxx ရင်မြေကတုတ်ပမာ” ကို “ညီအကို ဒို့များ ပေါင်းစည်းကာ xx ရင်မြေကတုတ်ပမာ” လို့ ပြောင်းထားပါတယ်။
အလားတူပဲ ဒို့ဗမာတွေ ရဲစွမ်းပြမည် သီချင်းက “ဒို့ရဲဘော်များ အားလုံးညီညီ အသက်စွန့်ကာတိုက်မည်” ဆိုတဲ့ စာသား၊ နိုင်ငံတော်ကိုချစ်တဲ့ သားကောင်းစစ်သည်တော် သီချင်းက “နိုင်ငံတော်အတွက်ဆို ဇွဲနဲ့နွဲလို့ပျော်” ဆိုတဲ့ စာသားတွေ ကိုလည်း “ဒို့ရဲဘော်များအားလုံးညီညီxx ဇွဲနဲ့ချီတက်မည်” နဲ့ “နိုင်ငံတော်အတွက်ဆို အသက်နဲ့လဲပျော်” ဆိုပြီး ပြင်လိုက်တယ်။
ဗမာပြည် ကာကွယ်မည် သီချင်းမှာ “သေသည်ရှင်သည် xx ဒို့မမှုတော့ပြီ” ကို “ရန်သူတွေကို ဒို့မမှုတော့ပြီ”၊ “အာဇာ နည်ပီပီxx တိုက်ဖို့ထွက်ခဲ့သည်” ကို “အာဇာနည်ပီပီ xx သတ္တိဗျတ္တိညီ”၊ “တိုက်ပွဲကိုပင် xx တွေ့အောင်ရှာခဲ့တယ်” ကို “တိုက်ပွဲကိုပင် xx အပွဲပွဲနွဲခဲ့တယ်”၊ “သေမင်းဆွေရေ xx သစ္စာနှံဖို့လေ” ကို “အောင်ပန်းဆွေရေ xx ဒို့ရဲ့ရဲမက်တွေ” လို့ ပြင်ထားတယ်။
ရဲရဲတောက် သီချင်းနဲ့ မဟာဗျူဟာ သီချင်းတွေကတော့ အသက်စွန့် ရေးစာသားတွေမပါလို့ နဂိုမူရင်းအတိုင်းပဲ ဆက်သုံးနေပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း မရောင်ရာဆီလူးပြီး “ဗမာ”ကို “မြန်မာ”လို့ ပြောင်းတာတွေကတော့ သီချင်းတိုင်းပါပဲ။
ဒီသီချင်းတွေဟာ တော်လှန်ရေး ကာလတွေတုံးက ဝိုင်အမ်ဘီအေ သခင်တင်၊ နန်းတော်ရှေ့ ဆရာတင်အစရှိတဲ့ နိုင်ငံကျော်တိုင်းချစ်ပြည်ချစ် တေးပြုစာဆိုတွေက ရေးစပ်ခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ ထိုစဉ်က တပ်မတော် ခေါင်းဆောင်တွေ ကိုယ်တိုင် လက်ခံအတည်ပြုခဲ့တဲ့ စစ်ချီသီချင်းတွေ ဖြစ်ပါတယ်။ ဒီစစ်ချီသီချင်းတွေ ကျေးဇူးကြောင့် တကယ့်တိုင်းချစ် ပြည်ချစ်လူငယ်လူရွယ် အမြောက်အများ တပ်မတော်ထဲဝင်ပြီး နယ်ချဲ့အင်္ဂလိပ်၊ ဖက်ဆစ်ဂျပန်နဲ့ ကျူးကျော်သူကူမင်တန်တွေကို သက်စွန့်ကြိုးပမ်း တိုက်ခဲ့ကြပါတယ်။
နေဝင်းအစိုးရခေတ်ကစပြီး အခု နဝတနအဖခေတ်အထိမှာတော့ စောစောကပြောခဲ့သလို တိုင်းပြည်အတွက် အသက်စွန့်တိုက် ဖို့ဆိုတဲ့ စာသားတွေကို ပယ်ဖျက်ပြင်ဆင်ပြီး သုံးနေပါတော့တယ်။ (“အောင်ဆန်းနော်၊ တေဇနော်” ဆိုတဲ့ စစ်ချီသီချင်းကတော့ ၁၉၈၈ နောက်ပိုင်းမှာ လုံးဝပျောက်ထွက်သွားခဲ့တယ်) သေမှာကြောက်ပြီး စစ်ထဲမဝင်တာ၊ ဒါမှမဟုတ် တပ်ကထွက်ချင်တာ မဖြစ်ရအောင် ပြောင်းတာပဲဖြစ်ပါတယ်။
ဒီပြောင်းလဲမှုတွေရဲ့ အဓိပ္ပာယ်ကတော့ တပ်မတော်ဟာ ဟိုတုန်းကလို တိုင်းပြည်နဲ့ပြည်သူအတွက် စစ်သည်တွေက အသက်စွန့်ဖို့မဟုတ်တော့ဘဲ စစ်အာဏာရှင် တစုတဖွဲ့ အကျိုးအတွက် စစ်တပ်ရဲ့လက်ချက်နဲ့ ပြည်သူတွေ အသက် ထွက်ရတဲ့ခေတ်ကို ပြောင်းသွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ တိုင်းပြည်အတွက် အသက်စွန့်ဖို့ စစ်ထဲဝင်ရေး မဟုတ်တော့ဘဲ စစ်အာဏာရှင် စစ်အုပ်စုအကျိုးအတွက် ခိုင်းသမျှလုပ်အောင် မက်လုံးပေးတည်ဆောက်ထားတဲ့ စစ်တပ်ထဲဝင်ရေး ဖြစ်သွားပါတယ်။ ဒါ့ကြောင့်လည်း မဆလစစ် အစိုးရ လက်ထက်မှာ တောတွင်းက လက်နက်ကိုင် အတိုက်အခံအဖွဲ့တွေက စစ်တပ်ကို “ကြေးစားတပ်” လို့ စတင်သတ်မှတ် ခေါ်ဝေါ်လာကြတယ်။
မဆလစစ်အစိုးရခေတ်မှာ အသစ်ထပ်ထွက်လာတဲ့ “ရဲဘော်မသေ၊ သေသော်ငရဲမလား” စစ်ချီသီချင်း အမှတ် (၁,၂,၃) ဆိုတာတွေဟာ မက်လုံးပေးထူထောင်ထားတဲ့ ကြေးစားတပ်သဘာဝကို ဗြောင် အတိအလင်း ဖော်ပြနေတယ်။ စစ်တပ်ထဲနဲ့ ပြည်သူလူထုထဲမှာ ဒီသီချင်းတွေကို “ရဲဘော်မသေ၊ သေသော်ငရဲမလား”လို့ပဲ အများအားဖြင့် သိထားကြတယ်။ စစ်အာဏာရှင်တွေ အမိန့်ပေးတဲ့အတိုင်း ပြည်သူလူထုကို သတ်ဖြတ်နှိပ်စက်၊ မုဒိမ်းကျင့်၊ လုယက် တာတွေလုပ်သာလုပ်၊ ဘာမှမဖြစ်စေရဘူး၊ ငရဲမကြီးဘူးဆိုပြီး ရုပ်ဝတ္ထုမက်လုံးတင်မက လူမှုရေးနဲ့ ဘာသာရေး ဘက်ကပါ မက်လုံးပေးပြီးဆွယ်တဲ့ ကြေးစားတပ် စိတ်ဓာတ်ကို ဖော်ပြတဲ့ စစ်ချီသီချင်း ဖြစ်ပါတယ်။
ဒီလို စစ်ချီသီချင်း ပြောင်းလဲမှုတွေဟာ ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ်ကို လက်ရှိစစ်တပ်က ပယ်ဖျက်လိုက်ပြီ ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း တဖက်က သက်သေပြနေပါတယ်။
စစ်ချီသီချင်း စာသားသစ်တွေနဲ့ မက်လုံးပေး စိတ်ဓာတ်သွင်းတာ လုပ်ပေမဲ့ “သစ္စာ(၄)ချက်” ထဲက နောက်ဆုံးအချက် ဖြစ်တဲ့ “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့၏တပ်မတော် အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် သစ္စာအဓိဋ္ဌာန်ပြုပါ၏” ဆိုတဲ့အချက်ကိုတော့ မပြင်ဘဲထားထားပါတယ်။ အဲဒီအထဲမှာ “ငါ၏ တပ်မတော်အတွက်” ဆိုတာကို အဓိကထားတာ ဖြစ်လို့ မပြင်တော့တာဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာရှင် ကြီးများ၊ စစ်အုပ်စု ထိပ်သီးများ အတွက်လို့ အဓိပ္ပာယ်ရောက် တာကြောင့် သီချင်းတွေကို စာသား ပြင်သလိုမျိုး “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား”ဆိုတဲ့စကားရပ်ကို မပြင်တော့ဘဲ ဒီအတိုင်းဘဲထားလိုက်တာ ဖြစ်ပါတယ်။
Rest of your post
Sunday, 28 September 2008
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment