Thursday, 18 September 2008

အော်…နေပြည်တော်လေဆိပ်တဲ့လား

စွာကျယ် (၁၈-၈-၀၈)။
ကြပ်ပြေးနေပြည်တော်ရဲ့ဗဟိုချက်ပွိုင့်နေရာဖြစ်တဲ့ ရာဇဌာနီ၊ ဇေယျဌာနီ ကွန်ကရစ်လမ်းမကြီး နှစ်သွယ်ဖြာ ထွက်တဲ့ သပြေကုန်းအဝိုင်းကနေ ရှစ်လမ်းသွား ကွန်ကရစ်လမ်းမကြီးအတိုင်း (၁၀) မိနစ်လောက် တောင်ဘက် စူးစူးကို ကားနဲ့သွားရင် လက်ဝဲဘက်မှာ ဟိုတယ်ဇုန်ဆိုတာရှိတယ်။ ဟိုတယ်တွေလို့ဆိုပေမယ့် မြင့်မြင့်မားမား၊ ခန့်ခန့်ညားညားပုံစံမျိုး ဟိုတယ်ကြီးတွေလိုမဟုတ်ဘူး။ မိုးအခါဖြစ်လို့ မြက်တော၊ ချုံတောတွေနဲ့ စိမ်းစိုနေတဲ့ ကုန်းကမူလေးတွေပေါ်မှာ ဆောက်ထားတဲ့ များသောအားဖြင့် တထပ်အဆောက်အအုံ၊ အရွယ်အစားခပ်သေး သေးတွေ။လက်ချိုးရေတွက်လို့ရတဲ့ ရွှေမြန်မာ၊ သင်္ဂဟ၊ Golden Guest Hotel၊ မြတ်တော်ဝင်၊ ရွှေနန်းတော်၊ ဒီလောက်ပဲ။ ဆီးကြိုဖိတ်ခေါ်တဲ့ လောက်လောက်လားလား သားနားတဲ့ဆိုင်းဘုတ်ကလည်း မတွေ့ရတော့ အခုလို ခြောက် ခြောက်ကပ်ကပ်ဖြစ်နေတာ မဆန်းဘူးပေါ့။ အဲဒီနေရာအထိလောက်ပဲ ကွန်ကရစ်လမ်းမကြီးမှာ ပလက်ဖောင်းနဲ့ ဓာတ်မီးတိုင်ကိုသာ တွေ့ရတယ်။ဟိုတယ်ဇုန်နဲ့ မျက်နှာချင်းဆိုင်နေရာကို မျှော်ကြည့်လိုက်ရင် ယခင်က ယိုင်နဲ့နေတဲ့သံတမန်အိမ်ရာနေရာဆိုတဲ့ ဆိုင်းဘုတ်ကလည်း အခုတော့ ပြိုလဲသွားလို့ မတွေ့ရတော့ပြန်ဘူး။ ရေနံချောင်း၊ ချောက်ဒေသတွေက ကုန်း ခေါင်ခေါင် ကမ္ဘာမြေခဲ၊ ကမ်းပါးမြေခဲတွေမှာ ဆူးချုံတောထနေတဲ့ ကျပ်တည်းခဲမြေနေရာကို ဘယ်နွားကျောင်း သားကမှတောင် နွားလာမကျောင်းတဲ့နေရာ၊ ဒါဟာ သံတမန်အိမ်ရာနေရာတဲ့။ဒီဟိုတယ်ဇုန်ဧရိယာ ကျော်လာတာနဲ့ ရှစ်လမ်းသွား ကွန်ကရစ်လမ်းမကြီးဟာ ပလက်ဖောင်းနဲ့ ဓာတ်မီးတိုင်တွေ ကို မတွေ့ရတော့တာက နေပြည်တော်လေဆိပ် အဝင်ဝဂိတ်အထိပါပဲ။ တွေ့ပါပြီ၊ ခပ်နိမ့်နိမ့်သာမြင်ရတဲ့ “နေပြည် တော်လေဆိပ်” လို့ အုတ်တံတိုင်းနံရံမှာ ကပ်ရေးထားတဲ့ဆိုင်းဘုတ်။ဂိတ်အဝင်ဝ အုတ်တံတိုင်းရဲ့ဝင်ထွက်ပေါက်က ကားတစီးဝင်ထွက်ရုံသာ ကြည့်ပါ။ လုံခြုံရေးက ခြောက်တိ ခြောက်ချက်နဲ့ အဲဒီ အဝင်ပေါက်လမ်းကဝင်သွားရင်တော့ လေးလမ်းသွားကွန်ကရစ်လမ်း၊ အလယ်ကျွန်းမှာ ပန်းအလှသစ်ပင်အချို့က ကြဲတိကြဲတဲ၊ ဒီအဝင်လမ်းကလည်း ပလက်ဖောင်းမရှိတော့ ကလေးတရပ်သာသာ ရှိတဲ့ တောမြက်ရိုင်းတွေက အပြိုင်းအရိုင်းနဲ့ ကြီးထွားနေကြတယ်။ဒီလမ်းအတိုင်း အထဲဝင်တော့ ဟိုမှာ လက်ျာဘက်က မြင်ရတဲ့ တထပ်အဆောက်အဦကို တွေ့ရပါပြီ။ ပုံစံက ခပ်ကုပ်ကုပ် “နေပြည်တော်လေဆိပ်” တဲ့။ ရန်ကုန်ကန်တော်ကြီးစောင်းမှာရှိတဲ့ စားသောက်ဆိုင်တခုရဲ့ တဝက် ခန့်သာရှိတဲ့အရွယ်အစား။ ဘယ်ခန့်ညားပါ့မလဲ။ လက်ဝဲဘက်အနီးမှာတော့ တခန်းလျှင် (၂၅) ပေပတ် လည်ရှိတဲ့ (၅) ခန်းတွဲ၊ တထပ်အဆောက်အဦမှာ (၂) ခန်းက Air Bagan ရုံးနဲ့ အခြားရုံးခန်း (၁) ခု၊ စားသောက်ဆိုင်က (၃) ခန်း၊ ဆိုင်ထဲလည်း ဝင်ထိုင်ကြည့်ပါဦး။ စားပွဲသုံးလေးလုံး ချထားတာနဲ့တင် ဆိုင်ကပြည့်သွားပြီ။အော်-နေပြည်တော်လေဆိပ်၊ နေပြည်တော်လေဆိပ်၊ နေပြည်တော်လေဆိပ်၊ သေသေချာချာကြည့်တော့မှ ရန်ကုန်-မန္တလေး မီးရထားလမ်းမှာရှိတဲ့ တောဘူတာရုံ “ကျည်တောင်ကန်” ဘူတာရုံသာသာလို့ပဲမြင်ရတယ်။ လေဆိပ်ဆိုတဲ့ အဆောက်အဦရှေ့ ရောက်တဲ့ကားက ချက်ချင်းမထွက်ရင် နောက်ကပါလာတဲ့ကားက ရပ်ဖို့ ခပ်ခက်ခက်။ ကား Parking နေရာက များများရပ်နိုင်တဲ့ အကျယ်အဝန်းမရှိဘူး။ ဘေးပတ်ဝန်းကျင်မှာလည်း နှစ်စီးသုံးစီးလောက်သာ ကတ်ကတ်သတ်သတ် ရပ်ထားနိုင်တဲ့ ပါကင်မျိုး။ ပန်းအလှပင်နဲ့ဝေဆာနေတာ မရှိတော့ လေညာက တဖြူးဖြူးတိုက်နေတဲ့ လေပူတွေကို ရှူရှိုက်ခံစားရုံပါပဲ။လေဆိပ်ထဲဝင်ပါပြီ။ပစည်းတွေချိန်တွယ်တဲ့ ကတ္တား…အားလားလား ကြည့်ပါ။ ဈေးထဲကပွဲရုံမှာ ကြက်သွန်ချိန်တဲ့ Avery ကတ္တား၊ ဘာလို့များထားပါလိမ့်။ အမျိုးသား၊ အမျိုးသမီး တယောက်စီသာသုံးနိုင်တဲ့ ခပ်ကျဉ်းကျဉ်းရေအိမ်နှစ်လုံး။သုံးရရုံသာ အဖြစ်ဆောက်ထားတဲ့မဟာလေဆိပ်ကြီး၊ လေယာဉ်ကွင်းထဲကိုမျှော်ကြည့်ရင် MAI လောက်သာ ပုံမှန်ပျံသန်းတဲ့ လေယာဉ်သေးသေးက ဗျိုင်းဌက်တကောင်ကွင်းထဲမှာ နားနေသလိုမြင်ရတဲ့ တကယ့်နေပြည် တော်လေဆိပ်။နေပြည်တော်လေဆိပ်က ခြောက်ကပ်နေသလို၊ လေဆိပ်အသွားကွန်ကရစ်လမ်းကလည်း ဒီလမ်းဘေးက ရွာနီးချုပ်စက် သဲတောကြီးကျေးရွာ၊ ညောင်ကုန်းကျေးရွာစတဲ့ ရွာလေးငါးရွာက ရွာသားတွေ စက်ဘီးအိုစီးပြီး မြက်ထုံးတွေသယ်တဲ့လမ်းဖြစ်နေပြီ။ဒါတင်မကသေး။ယာထဲကနုတ်လာတဲ့ မြေပဲပင်တွေကို ကွန်ကရစ်လမ်း နှုတ်ခမ်းသားတလျှောက်မှာ အားရပါးရ နေလှမ်းလို့ရလို့ ဒီရွာသားတွေအတွက် အသုံးတည့်နေပါသတဲ့။

No comments :