Monday, 22 September 2008

ကင်ဆာ ကို မောရိယမန်းဆေးဖြင့်ကုခြင်း


နအဖ စစ်ရာဇ၀တ်ကောင်များသည် နိုင်ငံတော် ၏ အချုပ်အခြာ အာဏာကို အတင်းအဓမ္မလုယူခဲ့ သည်မှာ နှစ်ပေါင်းနှစ်ဆယ် ပြည့်ခဲ့ပြီဖြစ်သည်။
ထို နှစ်ပေါင်းနှစ်ဆယ်ကာလအတွင်း နအဖ စစ်ရာဇ၀တ်ကောင်တို့ သည် ယင်းတို့အချင်းချင်းဖြုတ်ထုတ်သတ် လုပ်ကြံ အနိုင်ယူ ပွဲသိမ်း အသေသတ်ခဲ့ကြသလို
မရေတွက်နိုင်သော တိုင်းချစ်ပြည်ချစ် ရဟန်းရှင်လူကျောင်းသားပြည်သူလူထု ကို နည်းလမ်းပေါင်းစုံဖြင့်ရက်စက်ယုတ်မာ နှိမ်နင်း နှိပ်စက်ခဲ့ပါသည်။




တိုင်းပြည်ချစ်သော မည်သည့် ပုဂ္ဂိုလ်မဆို ၊ လွတ်မြောက်အေးချမ်း၍ ဂုဏ်သိက္ခာရှိသော အမိမြန်မာပြည်ကို မြင်လို တည်ဆောက်လိုသော မည်သည့် သက်ရှိပုဂ္ဂိုလ်မဆို
နအဖ စစ်ရာဇ၀တ်ကောင်တို့၏ သတ်ဖြတ်ခြင်း ၊ ထောင်သွင်းအကျဉ်းချခြင်း နှင့် မြောက်များလှစွာသော ယုတ်မာရက်စက်နည်းများဖြင့် နှိပ်ကွပ်ခဲ့သည်ကို
မိမိတို့ အမိမြန်မာပြည်ဖွားပြည်သူ လူထု များပင်မပြောနှင့် တကမ္ဘာလုံး အသိ ဖြစ်ပြီး စစ်ရာဇ၀တ်ကောင်များကိုယ်တိုင်လည်းအသိဖြစ်ပါသည်။


ယခုအခါ ထို စစ်ရာဇ၀တ်ကောင်တို့သည် ၄င်းတို့၏ အာဏာ ပိုမိုခိုင်မြဲစေရန် လမ်းပြမြေပုံခုနှစ်ချက် ဆိုသော တရားနည်းလမ်းနှင့်ဖြောင့်ဖြောင့်ကြီးဆန့် ကျင်နေသည့်
လုပ်ရပ်များဖြင့် သိန်းနှင့်ချီသော ပြည်သူလူထု နေ့ ချင်းညချင်း ၀မ်းနည်းရင်နင့်ဖွယ် အသက်ဆုံးရှုံးရပြီး သန်းချီသော ပြည်သူလူထု အတိဒုက္ခရောက်ကျန်ရစ်ခဲ့ရသော
နာဂစ်ဆိုင်ကလုံးကြီးတိုက်ခတ်ချိန်ကိုပင် အခွင့်ကောင်းတခုအနေဖြင့် အသုံးချကာ ဆန္ဒခံယူပွဲကျင်းပလျှက် မဖြစ်မနေ ၄င်းတို့ ၏ အခြေခံဥပဒေကိုအကောင်အထည်ဖော်ရန်
ကြိုးစားခဲ့သည်။

ထိုသို့ကြိုးစားခဲ့ရာတွင်လည်း တရားနည်းလမ်းတကျ ပြည်သူလူထုရှေ့တွင် နိုင်ငံတကာနှင့် ကုလသမဂ္ဂ၏ ရှေ့ တွင် ဆန္ဒမဲရေတွက်ခြင်းပင်မပြုရဲလောက်အောင် သူရဲဘောကြောင်ခဲ့ကြသော
စစ်ယူနီဖောင်းဝတ် ၊ လူသတ်လက်နက်ခါးချိတ် ထားသည့် နပုန်းလိင်များ ဖြစ်ကြပေသည်။


ယခုလည်း ဗေဒင်နက္ခတ်အရ ၄င်းတို့ ထောင်သွင်းအကျဉ်းချထားသော အကျဉ်းသား ပေါင်း ၉၀၀၂ ယောက်အား မြန်မာ သက္ကရာဇ် တော်သလင်း လပြည့်ကျော် ကိုး ရက်နေ့ ကို ရွေးချယ်ကာ
လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပေသည်။

လွတ်မြောက်လာကြသော အကျဉ်းသားများအဖို့မူကား ထောင်တွင်းတွင် နေရသည်ထက်စာလျှင် ပြင်ပတွင် နေရသည်ကတော်ပေသေးသည်။
သို့သော် အဘယ်ကြောင့်ထိုကဲ့သို့ စစ်ရာဇ၀တ်ကောင်များက ၄င်းတို့ ဖမ်းဆီးထားသော အကျဉ်းသားများအားလွှတ်ပေးလိုက်သနည်း။
၎င်းကဲ့သို့လွှတ်ပေးလိုက်သော သူများထဲတွင် တိုင်းပြည်ကောင်းစားရေး ဒီမိုကရေစီရေးကြိုးပမ်းခဲ့သူများ ဘယ်နှစ်ယောက်ပါဝင်ပါသနည်း။

၎င်းတို့ မလွှတ်ရဲပါ။ ဒီမိုကရေစီရေးကြိုးပမ်းသူများ ၊ စစ်အာဏာရှင်စနစ်မကောင်းကြောင်းကို အမှန်အတိုင်းမြင်နိုင်သူများ စစ်အာဏာရှင်စနစ်ကို နိဂုန်းချုပ်စေလိုသူ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များကို
မလွှတ်ရဲလောက်အောင် သူရဲဘောကြောင်သည့် စစ်ရာဇ၀တ်ကောင်များဖြစ်ကြပါသည်။

ယခုကဲ့သို့လွှတ်ရသော အကြောင်း ရင်းမှာကား အကျဉ်းသားများ၏ ဘ၀အား စာနာ ၍ မဟုတ်ပါ။
လာမည့် ၂၀၀၉ ခုနှစ်တွင် စစ်ရာဇ၀တ်ကောင် ငသန်းရွှေ ဦးဆောင်သည့် နအဖ အဖွဲ့ အချင်းချင်း ကွဲပြဲကာ ပြည်သူလူထု အတွက် စစ်မှန်သော ဒီမိုကရေစီ
စနစ်ကိုလိုလားသော တပ်မှူးများ မှ ပြန်လည် ပုန်ကန် တော်လှန်ကာ တိုင်းပြည်၏ အမျိုးသား သွေးစည်းညီညွတ်ရေး ပြန်လည်သင့်မြတ်ရေး ဒီမိုကရေစီ နှင့်ငြိမ်းချမ်းရေး သာယာဝပြော စည်ပင်
ဂုဏ်သိက္ခာရှိရေးအတွက် ဒီမိုကရေစီ အင်အားစုများနှင့် ပူးပေါင်း ချီတက်သွားမည်ဆိုသော ဟောကိန်းအား ယတြာခြေလိုက်ခြင်းသာဖြစ်ပါသည်။

သို့သော် စစ်ရာဇ၀တ်ကောင်တို့၏ နုံနဲ့ညံ့ဖျင်းသော ဦးနှောက်မှ ယုတ္တိရှိရှိ လက်တွေ့ ကျကျ မတွေးနိုင်သည်မှာကား ကင်ဆာရောဂါကို မောရိယ မန်းဆေးဖြင့် ကုရန်ကြိုးစားသလို နေ၀င်ချိန်ရောက်ပြီး
ကင်ဆာကဲ့သို့ လှိုက်စား နေသော ယင်းတို့ ၏ စစ်အာဏာရှင် စနစ် နေ၀င်ချိန်ကို ယတြာ ဖြင့် သက်ဆိုးရှည်ရန် ဆွဲဆန့် သကဲ့သို့ဖြစ်နေခြင်းပေတည်း။


အောင်ချမ်း



No comments :