Wednesday, 15 October 2008

ကမ္ဘာဘဏ္ဍာရေးအကြပ်ဆိုက်မှုနှင့်အာရှနှင့် မြန်မာပြည်ကိုသက်ရောက်လာမည့်နောက်ဆက်တွဲ ဆိုးကျိုးများ


မိုးပြိုခြင်းလော

- မိုးသီးဇွန် -


(ဒီဆောင်းပါးမှာ အဓိကဆွေးနွေးထားတာကတော့ကမ္ဘာဘဏ္ဍာရေးအကြပ်ဆိုက်မှုနှင့်အာရှနဲ့မြန်မာပြည်ကိုသက်ရောက်လာမဲ့
့နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပါတယ်။)


-စကားချီး -

အောက်တိုဘာ(၁၃)ရက်နေ့ကဦးမောင်မောင်သန်း(ဘီဘီစီ)နဲ့ဦးမော်သန်း(အငြိမ်းစားပါမောက္ခစီးပွားရေးတက္ကသိုလ်၊
ရန်ကုန်တက္ကသိုလ်)တို့အင်တာဗျူးကိုကျနော်နားထောင်ရပါတယ်။ဦးမောင်မောင်သန်းကကမ္ဘာ့ငွေကြေးဂယက်ဟာ
မြန်မာပြည်ကိုဘယ်လိုသက်ရောက်မှုရှိမလဲဆိုတဲ့အမေးကိုဦးမော်သန်းကပထမပိုင်းမှာထိတော့ထိမယ်။သိပ်မထိနိင်ဘူး
လို့ဆိုတယ်။ဒုတိယမေးခွန်းမှာတော့မြန်မာပြည်ကိုသိပ်မထိနိင်ဘူး၊သူ့ဘာသာဖြစ်နေတဲ့ပြသာနာတွေကြောင့်သာ
မြန်မာစီးပွားရေးကိုထိခိုက်မယ်လို့ဆိုပါတယ်။သူဘယ်လိုစဉ်းစားလဲတော့မသိဘူး။ကျနော်တော့အကြီးအကျယ်စိုးရိမ်မိပါတယ်။

ကျနော်အမြင်ကတော့ဒီနေ့ငွေကြေးအကြပ်ဆိုက်မှုဟာအာရှနဲ့ မြန်မာပြည်ကို လည်း ထိခိုက်နိင်တယ်လို့ မြင်တယ်။ မိုးပြိုမှုများဖြစ်လာမယ်။ ရွှေမိုးငွေမိုးရွာတုံးကကိုယ်ကဘာမှာမခံစားခဲ့ရပဲမိုးပြိုလာမှကိုယ်ခံရမဲ့ကိန်းကို ဆိုက်နေလို့ ပါ။

နိဒါန်း

" ကျနော်တသက်မှာ မကြုံဘူးတာကို ကြုံရပြီပေါ့ ဗျာ" ပေါလ်ခရုမန်း

၂၀၀၈ ခုနစ် ၊ စီးပွားရေးဆိုင်ရာနိုဘယ်ဆုရှင်


ကမ္ဘာ့ဘဏ်ဥက္ကဌ ဟောင်းလည်းဖြစ်စီးပွားရေးပညာရှင်လည်းဖြစ်တဲ့စီးပွားရေဆိုင်ရာ နိုဘယ်ဆုရှင် ဂျိုးဇက်စတီးကလစ် ကအမေရိကန်ဘဏ်အရင်းရှင်တွေလုပ်တဲ့အပြစ်ဟာအင်ဒိုနီးရှားစတော့ဈေးကွက်က လူတွေနဲ့ဘာမှ မဆိုင်ဘူး။ခုတော့မဆိုင်တဲ့သူတွေပါ ခံရပြီဘီဘီစီနဲ့မေးဖြေခန်းမှာမှတ်ချက်ချပါတယ်။

ဒီနေ့ ကမ္ဘာ့စီးပွားရေးပျက်ကပ်- Global Recession က နိင်ငံအားလုံးကိုထိခိုက်လာမယ်လို့ ကျနော်ပြောချင်ပါတယ်။ မြန်မာ ပြည်လည်း သက်ရောက်မှုရှိလာနိင်ပါတယ်။

ကမ္ဘာ့သွင်တူဖြစ်စဉ် - Globalization - ရဲ့ ကောင်းမွေ၊ဆိုးမွေ

ဒီနေ့ကမ္ဘာကြီးဟာအပြန်အလှန်ကူးလူးဆက်ဆံမှုတွေဟာ သမိုင်းမှာဘယ်တုံးကနဲ့ မှမတူလောက်အောင်ကို များပြားလာတယ် ၊နက်ရှိုင်းလာတယ်။ အင်တာနက်က ကမ္ဘာကြီးထဲက လူတွေ ကိုပုခုန်းခြင်းတိုက်မိအောင် ထိပေးလိုက်တယ်။ ၁၉၃၀ ခုနစ် တုန်းက လည်းစတော့ဈေးကွက်ပျက်ရာက စလိုက်တဲ့ စီးပွားပျက်ကပ်ဟာ သာယာဝတီနယ် မှာ လယ်သမားသူပုန်ထမှုကြီး ဘာလို့ ဖြစ်ခဲ့တာပါလဲ။ ဆရာစံက သူစတော့ခ်ရှယ်ရာတွေ ဈေးကျကုန်လို့ ဒေါသထွက်ပြီးတော်လှန်ရေး လုပ်ခဲ့တာမဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ စပါးဈေးကျသွားတယ်။ လယ်သမားတွေ သဒ္ဒါမေဓအခွန် ( Tax ) ကိုမပေးနိင်ကြတော့ဘူး။
ဒါက အိမ်ကိုကောက်တယ်။ လူဦးရေကိုကြည့် ပြီးအခွန်ကောက်တယ်။လယ်သမားက လယ်ပျက်တယ်။ စပါးဈေးကကျ တယ်။ ဒီတော့ အခွန်မပေးနိင်တော့ဘူ။ အကျိုးဆက်က လယ်သိမ်းခံရတယ်။

သူတို့ဟာနယူးယောက်မြို့ မှာစတော့ရှယ်ရာတန်ဖိုးတွေကျဆင်းနေတာကိုသိကြမှာမဟုတ်ပါဘူး ။ ဒါပေမဲ့ ကမ္ဘာစီးပွားပျက်ကပ်ဆိုက်မှုကမြန်မာလယ်သမားပုန်ကန်မှုကြီးကိုဖြစ်စေ ခဲ့တယ်လို့ ကျနော်တို့ သမိုင်းမှာသင်ခဲ့ရတယ်။

စာရေးဆရာကြီး ဂျွန်စတိန်းဘက်က် (John Steinbeck) ရဲ့ "the Grapes of Wrath "ဟာ ဘဏ္ဍာရေးအကြပ်ဆိုက်မှု ကြောင့် ကမ္ဘာစီးပွားရေးပျက်ကိုဖြစ်ပေါ်စေခဲ့တဲ့ အခြေနေကိုနောက်ခံထားပြီး ဥက္ကလာဟိုးမာကလယ်အသိမ်းခံရတဲ့ အမေရိကန်လယ်သမားတွေရဲ့ဘ၀ကိုဖေါ်ပြခဲ့ပါတယ်။



အလားတူပဲဒီဂယက်ကဂျာမဏီမှာဟစ်တလာကိုအာဏာရစေခဲ့ပြီး။စပိန်မှာပြည်တွင်းစစ်မီးကို
တောက်လောင်စေခဲ့တာ ကမ္ဘာ့စီးပွားပျက်ကပ်ရဲ့ ဂယက်တွေဖြစ်ခဲ့တယ်။ အလားတူပဲအာရှမှာ တရုပ်ပြည်မှာ ရိက္ခာပြတ်တောက်မှုတွေဖြစ်ပြီးနောက်ဆုံးမှာ ချန်ကေရှိတ်ရဲ့ အမျိုးသားအစိုးရနဲ့ ကွန်မြူနစ်တွေကြား ပြင်းထန်လှတဲ့တိုက်ပွဲတွေဟာ စီးပွားပျက်ကပ်ရဲ့အကျိုးဆက်တွေ အဖြစ်နဲ့ ရလိုက်တဲ့အမွေဆိုးတွေဖြစ်ခဲ့ပါတယ်။

ပေါက်ပင်ဘာကြောင့်ကိုင်းရသလဲ

ဒီနေ့ ဘဏ္ဍာရေး အကြပ်ဆိုက်မှုကြီးဖြစ်စေတဲ့အကြောင်းရင်းခံတွေနဲ့ ပတ်သက်လို့ ပညာရှင်တွေထောက်ပြတာကတော့

၁-လောင်စာ ဓါတ်ဆီဈေးနှုန်းတက်လာတယ်။
၂-လောင်စာဈေးနှုန်းတက်လာတဲ့အတွက် စားသောက်ကုန်တွေဈေးတက်လာရတယ်။
၃- ငွေကြေးဖေါင်ပွမှုဖြစ်လာတယ်။ (inflation)
၎- ကြွေးမှီ အကြပ်ရိုက်မှု (Credit Crisis) ဖြစ်လာတယ်။
၅- အိမ် ကြွေးမြီးအကြပ်ဆိုက်မှု ( Mortgage Crisis ) က
ဘဏ်တွေကို ဒေ၀ါလီခံမှုဖြစ်ပေါ်လာစေတယ်။ (ရင်းနှီးမြုပ်နှံမှု ဘဏ်တခုဖြစ်တဲ့ လီမင်ညီအကို ဘဏ်စတင်ဒေ၀ါလီခံဖို့ ကြေညာလိုက်တဲ့အခါမှာ ရောဂါစတင်ဖေါက်လာတော့တယ်။) ၁၉၃၀ မှာရော ၂၀၀၈ခုနစ်နစ်မှာရော ဘဏ့်အရင်းရှင်ကြီးတွေရဲ့  (Dog – Eat- Dog) ဇတ်တူသားစားတဲ့ လုပ်ရပ်တွေက ဒီအခြေအနေကိုသက်ရောက်စေခဲ့တယ်။
၅- အလုပ်လက်မဲ့ ပြသာနာ ကိုမဖြေရှင်းနိင်ခဲ့ဘူး။
၆- စစ် ဖြစ်ခြင်း။
၇- ဒီအချက်တွေက ကမ္ဘာလုံးဆိုက်ရာ ကပ်ဆိုက်မှု (Global Recession) ကိုဦးတည်လာပါတော့တယ်။


စီးပွားပျက်ကပ်ရဲ့ တကယ် အနစ်သာရကတော့ - Income Inequality - သာဖြစ်ပါတယ်။
မားစ်ရဲ့ စကားနဲ့ ပြောရရင်တော့အရင်းခွဲဝေပုံမညီမျှမှုသာ။

၁၉၃၀ ခုနစ် ကမ္ဘာစီးပွားပျက်ကပ် - Great Depression နဲ့  ၂၀၀၈ နှိုင်းယှဉ်ချက်။

၁၉၃၀ ခုနစ် ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်ပြီး ၇၉ နစ်အကြာမှာ ၂၀၀၈ နှစ်ဘဏ္ဍာရေးအကြပ်ဆိုက်မှု ဟာအံသြစရာ ကောင်းလောက်အောင်တိုက်ဆိုင်နေပါတယ်။ အသက် ၈၀ အရွယ်ရှိတဲ့ အဖိုးအဖွားတွေဆိုရင် သူတို့ ဘ၀မှာ ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာစီးပွားပျက်ကပ်ကိုထပ်မံကြုံတွေရခြင်းဖြစ်ပါတယ်။ ပူပူနွေးနွေး နိုဘယ်ဆုရှင်
ပေါလ်ခရု ခရက်မန်ကတော့ ကျနော့်ဘ၀မှာ မမျော်မှန်းခဲ့ရတဲ့ ဖြစ်ရပ်ကြီးကို ကြုံတွေ့ ရပြီပေါ့ဗျာလို့ ဆိုတယ်။

(၁)-၁၉၃၀ ခုနစ် စီးပွားပျက်ကပ်၊ တိတိကျကျပြောရင် ၁၉၂၉ခုနစ် အောက်တို ဘာ ၂၉ ရက်
( Black Thursday ) ကပဲစတင်တယ်။ ခုလည်းအောက်တိုဘာလမှာပဲစတင်လာပါတယ်။

(၂)- ၁၉၃၀တုံးကလည်း အမေရိကန်ကပဲစတင်ခဲ့တယ်။ ၂၀၀၈ ခုနစ်မှာလည်း အမေရိကန်ကပဲစတင်နေခြင်းဖြစ်ပါတယ်။

(၃)- စတော့ဈေး တွေထိုးကျသွားရက စတင်ခဲ့တယ်။ ခုလည်းစတော့ဈေးနှုန်းက စစခြင်းမှာ -- အထိထိုးကျသွားခဲ့ပါတယ်။လူတွေကဘဏ်တွေကချေးထားတဲ့အကြွေးတွေကိုပြန်မစပ်နိင်ကြဘူး။ ဘဏ်တွေက ရင်းနှီးမြုပ်နံတဲ့သူတွေကို အရမ်းကာရောငွေချေးထားတယ်။ ခုလည်း အလားတူပဲဖြစ်ပါတယ်။

(၄)- ထိုအချိန် အမေရိကန်အစိုးရက စီးပွားရေးပျက်ကပ်ကို ဆယ်တင်ဖို့ နည်းလမ်းတခုအနေနဲ့ 
- Smoot-Hawley Tariff Act, ဥပဒေကိုပြဌာန်းပြီး သွင်းကုန်တွေကိုလျော့ချခဲ့တယ်။ ဒီအချက်က စီးပွားရေးကိုပိုမိုပျက်ဆီးသွားစေခဲ့တယ်လို့ ဆိုတယ်။ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးဆေးအတွက်လေးဖြစ်ခဲ့တယ်။ ဒီဥပဒေအရ သွင်းကုန်တွေကိုကန့် သတ်တော့ တခြားနိင်ငံတွေကလည်း တုန့် ပြန်တဲ့အနေနဲ့ အမေရိကန်ပို့ ကုန်တွေကို ကန့် သတ်မှုနဲ့ ရင်ဆိုင်ရတယ်။ ဒီနေ့ အမေရိကန်အစိုးရတော့ သွင်းကုန်တွေအပေါ်မှာ စည်းကြပ်လာတာ တွေတော့မလုပ်သေးဘူး။



(၁၉၃၀ က အမေရိကန်မှာ တောင်အငတ်ပြသာနာကိုကြုံခဲ့တယ်။ လူတွေက လူမှုဖူလုံရေးအသင်းတွေက ကြွေးမွေးတာကိုတန်ဆီတိုးစားခဲ့ရတယ်။ အစိုးရက ၁၉၃၂ ခုနစ် လူတွေကို ကြွေးမွေးရေးအစီအစဉ်တွေမလုပ် နိင်သေးဘူး။ Depression Cake လို့ တောင် ခေါ်ခဲ့တယ်။ ကိန်မုန့် မှာနို၊သကြား၊ထောပတ်ဘာဆိုဘာမှမပါဘူး။)
(၅)- ၁၉၃၀ စီးပွားပျက်ကပ်မဖြစ်မီမှာ ၁၉၂၉ ခုနစ်မှာ အမေရိကန်ရဲ့ စိုက်ပျိုးရေး မှာအားထားရတဲ့ ပြည်နယ်တွေမှာ မိုးခေါင်ရေရှားမှုကြီးဖြစ်မှုကြောင့် သီးနှံထွက်နှုန်းကျဆင်းပြီးသီးနှံဈေးတွေ တဟုန်ထိုး တိုးတက်လာခဲ့တယ်။ ၂၀၀၈ ခုနစ်မှာလည်း အလားတူပဲ မနစ်က တမ္ဘာလုံးမှာသီးနှံဈေးတွေထိုးတက်လာတယ်။ ဆန်ဈေးတွေအကြီးအကျယ်တက်တယ်။ ရာသီဥတု၊ သဘ၀ကပ်ဘေးနဲ့  လောင်စာအစားထိုးသီးနှံတွေကြောင့် ကောက်ပဲသီးနှံဈေးတွေထိုးတက်လာခြင်းဖြစ်တယ်။

(၆)- ၁၉၃၀ စီးပွားပျက်ကပ်ဖြစ်ပြီး တနစ်အကြာမှာ ၀ယ်လို အားကျဆင်းလာတဲ့အတွက် ကေက်ပဲသီးနှံဈေးတွေ တဟုန်ထိုးကျဆင်းလာပြန်တယ်။ အခု ကောက်ပဲသီးနှံဈေးတွေပြန်လည်ကျဆင်းနေတာကိုစိုးရိမ်စရာတွေ့ လာရတယ်။

(၇)- ၁၉၃၀ စီးပွားကပျက်ကပ်မှာ ....

· အလုပ်လက်မဲ့  ၁၃ သန်း ရှိခဲ့တယ်။
· စက်မူထုတ်ကုန် ၄၅ ရာခိုင်နှုန်း သုံးနစ်အတွင်းကျဆင်းခဲ့တယ်။
· အိုးအိမ်ဆောက်လုပ်မှု ၈၀ ရာခိင်းနှုန်းခန့် ကျဆင်းသွားတယ်။
· ဘဏ် ၅၀၀၀ ခန့်  ရပ်ဆိုင်းသွားတယ်။ ၂၀၀၈ခုနစ်ကို တော့ မသိရသေးပါ။

ကုထုံးများ - Therapy

၁၉၃၀ ကုထုံး

၁၉၃၀ခုနစ်က စီးပွားပျက်ကပ်ကို သမတ ဖရင့်ကလင်ရုစပဲ က New Deal Policy နဲ့ ကူညီဖြေရှင်းပေးခဲ့တယ်။ New Deal Policy ရဲ့  အနစ်သာရက ဘဏ်တွေနဲ့ ငွေကြေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တယ်။

လယ်သမားတွေကိုငွေချေးငှားကူညီခဲ့တယ်။ အလုပ်လက်မဲ့ပြသာနာကိုဖြေရှင်းခဲ့ရတယ်။ လူမှုဖူလုံရေးအစီအစဉ်တွေကို ဆောင်ရွက်ခဲ့ရတယ်။



( ၁၉၃၀ နစ်က လူတွေ သူတို့ အပ်ထားတဲ့ငွေတွေ အလကားနေရင် တန်ဖိုးကျဆင်းသွားတာကိုကြုံရတယ်။ ဒေါ်လာ ၁၀၀ အပ်ထားရင်နောက်တနစ်မှာ
၆၅ ဒေါ်လာဖြစ်သွားပါတယ်။ )

ဒီလိုဆောင်ရွက်မှုတွေအစွမ်းကုန်လုပ်ခဲ့ပေမဲ့  စီးပွားပျက်ကပ်က တဖြေးဖြေးခြင်းသာနလံထူနိင်ခဲ့ပါတယ်။ စီးပွားပျက်ကပ်က ၁၉၃၀ခုနစ်ကနေ ၁၉၄၀ခုနစ်အထိ ဆယ်နစ်နီးပါးကြားခဲ့တယ်။ New Deal Policy ကြောင့် ကမ္ဘာစီးပွားရေးပျက်ကပ် က ပြန်လည်ခေါင်းထောင်လာတယ်ဆိုတာကိုတော့ လက်မခံတဲ့သူတွေလည်းရှိပါတယ်။

ဒီထဲမှာကိန်းကျောင်းတော်သားတွေအများပြားပါဝင်တယ်။ စီးပွားရေးပညာရှင် ဂျွန်မေနပ်ကိန်းစ် - (John Maynard Keynes ) ယေဘူယျ အလုပ် သီအိုရီ ( The General Theory of Employment ) ဆိုတာကိုဖေါ်ထုတ်ပါတယ်။ သူသီအိုရီက ရိုးစင်းတယ်။ စီးပွားရေကျနေချိန်ဆိုရင် အစိုးရက ကြွေးမြီကို
တာဝန်ယူ၊ လူတွေကို အချိန်ပြည့် လုပ်သာဖိပေးထား ( FullEmployment)၊ ပုဂ္ဂလိကတွေကိုအသာခေါက်ထား ဒီအချိန်မှာဘယ်သူမှစီးပွားရေးအရရင်းနှီးမြုပ်နှံမှုအသစ်တွေကိုမလုပ်ဝံသေးဘူး။ ဒီတော့ လူထုအကျိုး ပြုရင်းနှီးမှုတွေ ( Socialize Investment ) ကိုပိုလုပ်လို့ သူက အကြံပေးခဲ့တယ်။ ရုစဘဲ့အစိုးရက လုပ်ပါတယ်။ ဒါပေမဲ့  မထိရောက်ဘူး။ New Deal Policy မှာ ဘဏ်ကြီးတွေကို ပိုပြီး အသက်ဆက်ပေးခဲ့တယ်။ ရောမလူအများစုက New Deal Policy ရဲ့ သုခကို ခံစားခဲ့ရပုံမရဘူး။ ဒီအချက်ကို ဂျွန်စတိန်းဘက်က်ရဲ့  Grape of Worth ၀ထ္တု လာ နင်းပြားလယ်သမားကြီး တွန်ဂျိဒ် တို့ မိသားစုလို လယ်သမားတွေကတော့ ဒီထောက်ပံမှုတွေ ကို မရခဲ့တဲ့သူတွေ အဖြစ်ပုံဖေါ်ထားခံခဲ့ရလို့ ဖြစ်တယ်။

" ဥုံ ဖွ- လူလဲ တာမဟုတ်ဘူးခွေး လဲတာ " သို့ မဟုတ်

၂၀၀၈ အရေးပေါ် ကုထုံး ( Intensive Care )


အင်မတန်ကြီးမားတဲ့ ငွေပမာဏ ကို အစိုးရတွေက ပုံသြောသွန်းလောင်းနေကြပုံ ကိုကြည့် ခြင်းအားဖြင့် ကမ္ဘာ့လူနာကြီးဟာ ဘဏ္ဍာအရင်းရှင်တွေရဲ့လက်ချက်နဲ့ သေလောက်တဲ့ ရောဂါကိုရနေတယ်ဆိုတာကို ညွန်းပြနေပါတယ်။ အမေရိကန် ကဒေါ်လာငွေ ဘီလီယံ ၇၀၀ ၊ အင်္ဂလန်က ပေါင်စတာလင် ဘီလီယံ ၅၀၀ ( ဒေါ်လာသန်း ဘီလီယံပေါင်း ၁၀၀၀ခန့့် ) ၊ ဥရောပယူနီယံတခုလုံးအနေနဲ့  အစိုးရတွေက ၀င်ရောက်ကူညီငွေပေါင်းဟာ ၂ဒသမ ၃ ထရီလီယံ ( ၂၃၀၀ ဘီလီယံ) ဒေါ်လာရှိပါတယ်။

အမေရိကန် အစိုးရရဲ့ ငွေကို အမေရိကန် ဘဏ်ကြီး ၉ခု ကအများဆုံးရရှိမှာပါ။ သူတို့ ကတော့ အမေရိကန်ဘဏ်၊ ဂျေ ပီမော်ဂင် ၊ ၀ဲလ်ဖါဂို ၊ ဂိုလ်ဒင်းဆာခ်ျ ၊ မော်ဂန်စတန်လေ၊ မာရီရယ်လာခ်ျတို့ ကရှေ့ ဆုံးကပါဝင်နေပါတယ်။

ဒီကုထုံးတွေက စီးပွားရေးအကြပ်ဆိုက်မှုကိုသက်သာစေမှာလားဆိုတာကို ဘယ်သူမှရဲရဲ ၀ံ့ဝံ့အာမမခံကြသေးပါဘူး။ ပူပူနွေးနွေးနိုဘယ်ဆုရင် ပေါလခရုမန်ကတော့ကျနော်တသက်မှာ
မကြုံဘူးတာကို ကြုံရပြီပေါ့ ဗျာလို့  ငြီးထွားခဲ့ပါတယ်။ ရီပတ်ပလစ်ကန် အမတ် ဂျွန်ပေါလ်ကတော့ ချက်ခြင်း ပြန်လည်နာလံထူနိင်မယ်လို့ ကျနော်တော့ မထင်ဘူးလို့ ဆိုတယ်။ အမေရိကန် ဖယ်ဒရယ် ဘဏ်ဥက္ကဌ ဘင်နာကေ ကတော့ အစိုးရရဲ့ ဆောင်ရွက်ချက်ကြောင့် အမေရိကန် ငွေကြေးဈေးကွက်ဟာ ပြန်လည်နံလထလာမယ်။ စီးပွားရေးတိုးတက်လာမယ်လို့ အာမခံသော်ငြားလည်း စနစ်က အောင်မြင်ပါ့မလားလို့  မယုံမရဲဖြစ်နေပါသေးတယ်။ ဘာဖြစ်လို့ လဲ တောင်းဝှေးလဲတော့ ဖိုးသူတော်က ထူနိင်တယ်။ ဖိုးသူတော်လဲရင်ဘယ်သူထူမလဲ ဆိုတာမေးစရာရှိနေလို ပါ။ လူတယောက်က အရေးပေါ်ငွေလိုနေတယ်။ ဘဏ်ကချေးနိင်တယ်။ ဘဏ်က ငွေလိုလာတယ်။ အစိုးရကချေးတယ်။ အစိုးရတွေ ရဲ့ အရံငွေတွေပြတ်သွားရင်- ဘယ်သူကနေစိုက်ထုတ်ပေးတော့မှာလဲ ဆိုတဲ့ အခြေအနေဟာ မရောက်လာနိင်ဘူးလို့  ဘယ်သူက အာမခံနိင်ပါမလဲ။ ဖယ်ဒရယ်ဘဏ်ပါငွေပြတ်ရင်တော့ အမေရိကန်အရင်းရှင်စနစ်
နိဂုံးချုပ်ပြီလို တောင်ပြောနိင်မယ်ထင်ရဲ့ ။

သူတို့ အားလုံးရဲ့ ကုထုံးတွေကိုကြည့် ရင် ......

  • ၁-ငွေကြေးစနစ်ကို ပြုပြင်မယ်။ Reform Monetary System
  • ၂- ဘဏ်တွေကိုစည်းမျဉ်းအသစ်(Structure Adjustment )တွေပြဌာန်းမယ်။
  • ၃- လိုအပ်တဲ့နေရာတွေမှာ အစိုးရက စိုက်ထုတ်မယ် ဆိုတာတွေဖြစ်ပါတယ်။
  • ၄- အိမ်ဖိုးမပေးနိင်တဲ့ အမေရိကန်ပြည်သူတွေ၊ အနောက်နိင်ငံကြွေးပတ်လည်ဝိုင်းနေတဲ့ ပြည်သူတွေကို ကြွေးမြီးတွေလျော့ပေးရေး အစီအစဉ်တွေက ဒီထဲမှာ လေသံတချက်လေးကို မှ ခေါင်းဆောင်တွေက မဟကြသေးဘူး။ လူတွေကို ယုံကြည်မှု အသစ်တွေ တခုမှာမပါလာသေးဘူး။
  • ၅- ဒါဟာ ကမ္ဘာစီးပွားရေးပျက်ကပ်ကို ကယ်တင်နိင်ပါမလား အရင်လို ပဲ ဘဏ်အရင်းရှင်ကြီးတွေ ရဲ့  Dog – Eat – Dog Policy ကို ပြန်လည်ဖါထေးနေတာလား အများကြီးစဉ်းစားစရာဖြစ်နေပါတယ်။ အခြေအနေကဘာနဲ့ တူနေသလဲဆိုရင် အိုးဇုံးလွာပေါက်သွားတယ်။ ပုန်းညက်နဲ ဖါသလိုဖြစ်ရင်အခြေအနေဆိုးဝါးသွားနိင်ပါတယ်။


မက်ကိန်းကတော့ မဲဆွယ်ပွဲတွေမှာ သူသာသမတဖြစ်မယ်ဆိုရင် အခွန်ကိုလျော့ချပေးမယ်။ အလုပ်ကိုင်တွေပိုဖန်တီးပေးမယ်။ ရင်းနှီးမြုပ်နှံမှု အသစ်လုပ်တဲ့သူတွေကို အခွန်လျော့ပေးမယ်။ အကြွေးမပေးနိင်တဲ့သူတွေဆီကအကြွေးတွေကို အစိုးရက၀ယ်ပေးမယ်လို့ ဆိုတယ်။ ဘားရက် အိုဘားမားကတော့ ရောနယ်ရီဂင် လက်ထက်ကနေ ဘုရ်အစိုးရအထိကျင့်သုံးလာတဲ့လေဆာဖဲ ပေါ်လစီ ကို ဝေဖန်လိုက်ပါတယ်။

စီးပွားရေးပေါ်လစီတွေဟာ မွဲပြာပုဆိုးတွေ သူက - တခါလာလည်း လူချမ်းသာတွေကိုပဲ အခွန်လျော့ စီးပွားရေးပြသာနာကြီးတခုလုံးကို ဥပေက္ခာပြုထားတယ် လို့ ဝေဖန်ခဲ့တယ်။ သူနည်းက လည်း မက်ကိန်းနဲ့ သိပ်မကွာလှပါဘူး။

ငွေ ဘီလီယံ ၇၀၀ ကိုကူညီဖို့  ကွန်ကရက်မှာဆွေးနွေးကြတော့ ဆီနိတ်တာတွေဟာ
အီရတ်စစ်တုံးကလို့ တိုက်သင့်မတိုက်သင့်အကျိုးဆက်က ဘာဖြစ်လာမယ်ဆိုတာကိုမခန့် မှန်းနိင်ကြသလိုပဲ ဖြစ်နေကြတယ်။



အကဲဖြတ်ချက်

ရေတို - အစိုးရတွေရဲ့ ကူညီမှုတွေကြောင့် ကမ္ဘာ ငွေကြေးအကြပ်ရိုက်မှုက ယာယီငြိမ်ကျသွားနိင်တယ်။ အာရှနိင်ငံတွေက ဒို့ ကိုမထိဘူးလို့ မှားယွင်းစွာယူဆနိင်တယ်။
၂နစ် ၃ နစ်ကတော့ပွဲကြီးပွဲကောင်းဖြစ်လာမယ်။

ရေရည်-

ငွေကြေးအကြပ်ဆိုက်မှုဟာ စတော့ ဈေးကွက်တခုထည်ထိခိုက်နစ်နာမှု ဖြစ်တာမဟုတ်ဘူး
တခြားစီးပွားရေးလုပ်ငန်းတွေကိုပါထိခိုက်နိင်တယ်။

  • က- စတော့ဈေးကျဆင်း။
  • ခ- ချေးငွေတွေပြန်မဆပ်နိင်။ အိမ်ဈေးကျ၊ အိမ်အသိမ်းခံရ၊ လူမှုရေးပြသာနာများ
  • ဂ- အနောက်နိင်ငံဈေးကွက်တခုလုံး ၀ယ်လိုအားကျဆင်းလာ၊
  • ဃ- အာရှ ထွက်ကုန်အများစု ( စက်မှု၊ စိုက်ပျိုးရေး) တခုလုံး ကျဆင်းလာနိင်။ ( အမေရိကန်နဲ့ အနောက်နိင်ငံတွေကိ ၁၉၈၉ ခုနစ်နောက်ပိုင်းကစ အကြီးအကျယ်မှီခိုလာရတယ်။ အနောက်ဈေးကွက်က ၀ယ်လိုအားကျဆင်းမှုကို အာရှ က ခံစားလာရနိင်တယ်။ )
  • င- ငွေကြေးအကြပ်ရိုက်မှုကြောင့် စက်မှုလုပ်ငန်း (Industries ) ၊ လယ်ယာစိုက်ပျိုးရေး (Farming )၊ သစ်ထုတ်လုပ်ငန်း( Logging ) ၊ ငါးဖမ်းလုပ်ငန်း( Fishing ) တွေထိခိုက်နိင်တယ် ။

နိင်ငံရေးမှာ - အမေရိကန်မှာ လစ်ဘရယ်တွေအာဏာရလာရင် ပြသာနာဟာဖါဖါထေးထေး ထိမ်းထိမ်း သိမ်းသိမ်း ဖြစ်လာပြီး - ကွန်ဆာဗေးတစ်တွေ- Neo-Con - တက်လာရင်တော့ အခြေနေပိုမိုဆိုးလာနိင်တယ်။ စစ်ပွဲကြီးတခုကို ဦးတည်လာနိင်တယ်။ ပါကစ္စတန်နဲ့ အိန္ဒိယဟာစစ်ပွဲဖြစ်လာနိင်တယ်။ ဆူဒန်က တိုက်ပွဲပိုပြင်းလာမယ်။

မြန်မာပြည် နဲ့  နိင်ငံတကာ စီးပွားရေး ဆက်သွယ်မှု

မြန်မာပြည်ကို ၁၉၉၇ခုနစ်ကတည်းက အမေရိကန်က စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကြောင့် စီးပွားရေးပိတ်ဆို့အရေးယူဆောင်ရွက်မှုတွေပြုလုပ်ခဲ့တယ်။ အနောက်နိင်ငံက ရင်းနှီးမြုပ်နှံမှုအသစ် တွေကိုမလာတော့ပေမဲ့  အိမ်နီးချင်းနိင်ငံတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေလုပ်လာခဲ့တယ်။ အထူးသဖြင့် တရုတ်၊အိန္ဒယ၊ အရှေ့ အလယ်ပိုင်းနိင်ငံများနဲ့ အာဆီယံနိင်ငံတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေရှိလာပါတယ်။ တံခါးဖွင့်စီးပွားရေး Open Market Economy ဖက်ကိုဦးတည်လာတယ်လို့ ဆိုနိင်ပါတယ်။ မြန်မာပြည်ကအဓိကနိင်ငံခြားကိုတင်ပို့ နေတာတွေကတော့

၁- သဘာဝဓါတ်ငွေ့ 
၂- ရေအားလျပ်စစ်
၃- ကောက်ပဲသီးနှံ
၎- ရေလုပ်ငန်း နဲ့  သစ်ထုတ်လုပ်မှု
၅- အလုပ်သမား ( နိင်ငံခြားကိုထွက်ပြီးလုပ်ကိုင်မှုများ)
၆- ခရီးသွားလုပ်ငန်း

ဒီအချက်တွေက နိင်ငံခြားကိုမှီခိုနေတာကို ညွန်းဆိုနေတာဖြစ်တဲ့အတွက် နိင်ငံတကာ စီးပွားရေးပြသာနာကို ရှောင်လွဲမရသလိုဖြစ်လာပါတယ်။ ဒီကြားထဲမှာနူရာဝဲစွဲ၊မွဲရာသူခိုးထောင်းဆိုသလိုနိင်ငံရေးပြသနာ၊
စီးပွားရေးပြသနာပေါင်းစုံကိုရင်ဆိုင်နေရပြီးသားမြန်မာပြည်မှာဒီထက်ကိုပိုမိုဆိုးဝါးတဲ့ပြသနာ
တွေထပ်လောင်းပေါ်ပေါက်လာနိင်ပါတယ်။

အာရှနဲ့ မြန်မာ မှာ ဖြစ်လာနိင်တဲ့အလားအလာများ

မန်မိုရမ်ဆင်းခေါင်းဆောင်တဲ့ အိန္ဒယအစိုးရက အနောက်နိင်ငံတွေဖြစ်တဲ့ ဘဏ်ရေးအကြပ်ဆိုက်မှု က အိန္ဒယအနေနဲ့ မစိုးရိမ်ဘူးလို့ ဆိုပါတယ်။ ဒီအချက်ဟာ ၀ါဒဖြန့် ချီမှုဖက်များတယ်လို့ ကျနော်ထင်ပါတယ်။
အိန္ဒယရောတရုပ်ဟာ ဆိုရှယ်လစ်တွေကိုလမ်းကြောင်းက ခွဲ ထွက်ပြီး Neo- Capitalism
ကို ဦးတည်နေကြတဲ့အတွက် အနောက်နိင်ငံတွေရဲ့ စီးပွားရေးဂယက်ထဲ တိုးလို့ ၀င်ရောက်နေတဲ့အတွက် ဒုက္ခ ရောက်နိင်တယ်။ စီးပွားရေးတိုးတက်မှုက နိင်ငံတကာဈေးကွက်ကိုမှီခိုရလွန်းတယ်။ ထုတ်ကုန်နဲ့  ဈေးပေါလုပ်အားတွေပေါ အလုံးစုံမူတည်နေတယ်။ ဒါကို နိုဘယ်ဆုရ စီးပွားရေးပညာရှင် ပေါလ်ခရုမန်းက -

'' that the growth of economies in East Asia was not the result of new and original economic models, but rather increased capital and labor inputs, which did not result in an increase in total factor productivity. His prediction was that future economic growth in East Asia would slow as it became more difficult to generate economic growth from increasing inputs. ''

စီပွားရေးပညာရှင် ပေါလ်ခရုမန်း

အရှေ့ အာရှစီးပွားရေး တိုးတက်မှုဟာ ပုံမှန်သဘ၀ မဟုတ်ဘူး။ အရင်းများလာတယ်။ဈေးပေါ လုပ်အားတွေပေါ်မူတည်နေတယ်။ အနာဂတ်စီးပွားရေးတိုးတက်မှုကိုထိခိုက်နိင်တယ် လို့ ထောက်ပြခဲ့ဘူးတယ်။ အာရှကတော့ မဟာကျဆင်းမှုကြီးနဲ့ ကြုံကြရလိမ့်မယ်။ ဒါတွေကတော့

  • ၁- အာရှက စက်မှုထွက်ကုန်တွေ ထုတ်လုပ်မှုကျဆင်းကုန်နိင်တယ်။
  • ၂- ကုန်ဈေးနှုန်းတွေထိုးကျလာနိင်တယ်။ စပါးဈေးအပါအ၀င်စိုက်ပျိုးရေး ထွက်ကုန်တွေ ဈေး ထိုးကျလာနိင်တယ်။
  • ၃-လုပ်အားခတွေ ဈေးကျကုန်မယ်။ ( မြန်မာပြည်မှာ စတော့ဈေးကွက်မရှိ၊ စက်မှုပိုကုန်မရှိသလောက်ဖြစ်ပေမဲ့ စိုက်ပျိုးသီးနှံတွေကို နိင်ငံခြားတင်ပို့ မှုရှိနေသေးတယ်။ )
  • ၄- အိမ်ဈေးတွေထိုးကျလာနိင်တယ်။ အမေရိကန်မှာ အိမ်ဈေးတွေ က ၁၀-၂၀ ရာခိုင်နှုန်းအထိကျဆင်းလာနိင်တယ်လို့  ဂျိးဇက်စတီးကလစ်ကပြောပါတယ်။ အိမ်ဈေးတွေကျပေမဲ့  အတိုးပေးနေရတဲ့နှုန်းက ကျဆင်းမယ်လို့ ဘယ်သူက မပြောသေးပါဘူး။)
  • ၅-အလုပ်လက်မဲ့ ပြဿနာတွေပေါလာနိင်တယ်။ အမေရိကန်ကို ထိုင်းဆန်တင်ပို့ မှု ကုန်တင်ပို့ မှုတွေ ကျဆင်းလာရင် မြန်မာအလုပ်သမားတွေ အလုပ်လက်မဲဖြစ်ကုန်နိင်တယ်။
  • ၆- စ- ခရီးသွားလုပ်ငန်းတွေ ကျဆင်းလာနိင်ပါတယ်။
  • ၇- မူးယစ်ဆေးဝါး၊ လောင်းကစားနဲ့ ပြည်တန် ဆာလုပ်ငန်းများ ပိုမိုများလာနိင်တယ်။
  • ၈- မြန်မာအပါအ၀င်အာရှနိင်ငံတွေမှာ နိင်ငံရေး မတည်ငြိမ်မှုတွေပုန်ကန်မှုတွေဖြစ်ပေါ်လာနိင်ပါတယ်။

ကားလ် မားက်စ် ရဲ့ အမြင်

ကားလ်မာ့က်စ်ကတော့ ဒီပြဿနာကိုနစ်ပေါင်းများစွာကတည်းက ဟောကိန်းထုတ်ခဲ့ပါတယ်။ လေးနက်လှတဲ့သူရဲ့ သီအိုရီတွေကို ခုလိုနားလည်လို့ ရနိင်တယ်။ သူရဲ့  Capitalism မှာ သူက လုပ်အားနဲ့ အရင်း ဟာ အမြဲတန်းအားပြိုင်မှု ရှိနေတယ်။ အလုပ်သမားက ရှင်သန်ရေးအတွက် လုပ်အားကိုရောင်းချတယ်။ အရင်းရှင်က လုပ်အားခကိုဈေးပေါပေါလိုချင်ပြီး ကုန်ပစ္စည်းကိုဈေးကြီးကြီးနဲ့ရောင်းချင်တယ်။ ဒီတော့ အရင်းရှင်က လုပ်အားဈေးပေါပြီးကုန်ပစ္စည်းများများထုတ်နိင်ရေးဖြစ်လာတယ်။

ကားလ်မက်ခ်စ်

ဒီတော့စက်ကရိယာအသစ်အဆန်းတွေကိုတီထွင်သလောက်လုပ်အားက တော့ စက်ရုံကမောင်းထုတ်ခံလာရပါတယ်။ ဒီတော့ အရင်းရှင်မှာ ငွေတွေစုပုံလာသလောက် အလွန်အကြွံ ထုတ်လုပ်မှုတွေဖြစ်လာသလောက် အလုပ်သမားလက်ထဲမှာ ၀ယ်စရာမရှိဖြစ်နေတယ်။ ဒီတော့ ၀ယ်လိုအားကျလာတယ်။ ဒီအခါမှာ မခံနိင်တဲ့ ကုမဏီအသေးတွဟာ ဈေးကွက်ပြိုင်ဆိုင်မှာ အရှုံးနဲ့ ထွက်ခွာ။ ကြီးတဲ့ကုမဏီတွေက ငယ်တဲ့ကုမဏီကို ၀ါးမြို ။ နောက်ဆုံးမှာ တခုတည်းနစ်ခုတည်းသာကျန်ရစ်ပြီး
စီးပွားရေးတခုလုံးပြိုကျသွားတယ်။ ဒီအခါမှာ ရှင်သန်ရပ်တည်ရေးအရ ပစ္စည်းမဲ့ တွေ ထရပ်လာပြီး ဘူဇွာခေါင်းဆောင်မှုကို ဖြိုလှဲလူမှုအစီအစဉ်သစ်တခုပေါက်ပွားလာရတော့တယ်။ တော်လှန်ရေးကပေါက်ပွားလာတယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

ဒီနေ့ စီးပွားရေ ပြသာနာအပေါ်မှာ စကားကြီး သုံးခွန်း ပြောခြင်ပါတယ်။

၁-နိင်ငံတကာပူးပေါင်းဆောင်ရွက်မှု တွေကို အမြန်ဆုံးမြင့်တင်။

၂-ကြွေးမှီတွေကိုလျော့ပေါ့ပြစ်။အလုပ်ကိုင်သစ်တွေကိုဖန်တီးပေး။

လူမှုကယ်ဆက်ရေးအစီအစဉ်တွေအမြန်ဆုံးဆောင်ရွက်။

၃- အမေရိကန်ဈေးကွက်ကိုမှီတဲ့စီးပွားရေးက ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်သစ်ကိုဖန်တီး။

ကိုယ်ပြည်တွင်းဈေးကွက်တွေကို သန်မာအောင်လုပ်ကြ ဖို့ နေတယ်ဆိုတာပါပဲ။



ကမ္ဘာ့ဘဏ္ဍာရေး ရွှေမိုးကြီးငွေမိုးကြီးသွန်းလောင်းတုန်းက ကိုယ်မရခဲ့ဘူး မိုးပြိုလာတော့မှ ကိုယ်ပါခံရမှာဖြစ်တယ်။မိုးပြိုလာပြီဆိုမှ တံခါးကြားထဲ ၀င်ပုန်းနေလို့ မလွတ်နိင်။မိုးကြိုးပစ်တာကိုထန်းလက်နဲ့ ကာလို မရဘူးလို့ ရှေးလူကြီးတွေပြောခဲ့တာ ဒါများလားလို့ စဉ်းစားနေမိတယ်။ မြန်မာပြည်သူတွေ ကံကောင်းကြပါစေ။


မိုးသီးဇွန်

ပင်ဆဲလ်ဗေးနီးယား ပြည်နယ်။
အောက်တိုဘာ ၁၄ ရက် ၊၂၀၀၈ ။









Rest of your post

1 comment :

Unknown said...

Your article is really impressive and I do admire the away you approach this problem from your perspective.Thanks a lot for your work.