Saturday, 18 October 2008

သတင်းမီဒီယာများ၏ သက်ရောက်မှု အကျိုးဆက်

စိုးသင့်ဆွေ

The New Yorkers နဲ့ နာမည်ကြီးမဂ္ဂဇင်းတွေကို ပုံမှန်ဖတ်လေ့ရှိ
သူတွေဟာ နိုင်ငံရေးဗဟုသုတပို ကြွယ်ဝ တယ်လို့ အမေရိကန်နိုင်ငံသား ၃၅၁၂ ယောက်ကို ဧပြီလ နဲ့ ဇွန်လအတွင်း စစ်တမ်းကောက်ယူ ချက်အရတွေ့ရှိရပါတယ်။ ဒီစစ်တမ်းကို ဖြေဆို သူတွေဟာ
"အောက်လွှတ်တော်ကိုယ်စားလှယ်နေရာ အများစုကို ချုပ်ကိုင်ထားနိုင် တာဘယ်ပါတီလည်း" ၊ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဘယ်သူလည်း"၊ "လက်ရှိ ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ဘယ်သူလည်း" ဆိုတဲ့ မေးခွန်း ၃ခု သာဖြေခဲ့ရတာပါ။ စစ်တမ်းတွက်လာတော့ ဖြေဆိုသူဦးရေ ရဲ့ ၁၈% သာ မေးခွန်း ၃ ခုလုံးကို မှန်ကန်အောင် ဖြေဆိုနိုင်ခဲ့ပါတယ်။


၅၀% ကျော်က အမေရိကန်အောက်
လွှတ်တော်ကိုယ်စားလှယ်နေရာ
အများဆုံးရပါတီဟာ "Democrats Party" လို့ အဖြေကို
မှန်အောင်ဖြေနိုင်ပြီး၊ ၄၂% ကတော့ အမေရိကန် နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဟာ မစ် ကွန်ဒိုလီဇာရိုက်စ်ပါလို့မှန်ကန် အောင်ပြောနိုင်ခဲ့တယ်၊ ကျန် ၃၀% နီးပါး လူတွေသာ ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ဂေါဒင်ဘရောင်း နာမည်ကို ဖြေဆိုနိုင်ခဲ့တယ်လို့ စစ်တမ်းကဖေါ်ပြထားပါတယ်။

မေးခွန်း၃ခုလုံး မှန်သူတွေဟာ The New Yorker ၊ The Atlantic နဲ့ Harper မဂ္ဂဇင်းတွေရဲ့ ပုံမှန်စာဖတ်သူ တဝက်ကျော်ဖြစ်ပြီး။ ပုံမှန်သောတရှင်တွေဖြစ်တဲ့ National Public Radio (NPR) သတင်းဌာနရဲ့ ၄၄%၊ MCNBC's သတင်းဌာနရဲ့ ၄၃%၊ Fox News Channel ရဲ့ ၄၂% ဟာလည်း မေးခွန်း တွေကို မှန်ကန်အောင်ဖြေဆိုနိုင်ခဲ့တဲ့သူတွေလို့ဆိုပါတယ်။ စစ်တမ်းကို ပါဝင်ဖြေဆိုသူတွေဟာ အမေရိကန် အောက်လွှတ်တော်နဲ့သက်ဆိုင်တဲ့မေးခွန်းကို လွယ်လွယ် ဖြေဆိုနိုင်ပေမဲ့ ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဘယ်သူဆိုတာ ကိုတော့ အဖြေရဖို့ ခက်ခက်ခဲခဲ စဉ်းစားခဲ့ကြတယ်လို့ဆိုပါတယ်။

ထူးခြားတာကတော့ BBC ကြည့်ရှုသူပရိတ်သတ်ရဲ့ ၄၄% ကသာ သူတို့နိုင်ငံရဲ့ ဝန်ကြီးချုပ်ဘယ်သူဆိုတာကို ဖြေဆိုနိုင်ခဲ့တာပါ၊ အဲဒီမှာ လည်း ပုံမှန်စာဖတ်သူတွေဖြစ်တဲ့ The New Yorker နဲ့ The Atlantic မဂ္ဂဇင်း၊ NPR အသံလွှင့်ဌာနတွေရဲ့ ပုံမှန်သောတရှင်တွေကပဲ အဖြေမှန်အောင်ပေးနိုင်ခဲ့ကြတာပါ။ ဒီလို အဖြေမှန်ကန်အောင် ဖြေဆိုနိုင်သူတွေထဲမှာ အဆင့်မြင့်ပညာတတ်တွေ နဲ့ တက္ကသိုလ်ကျောင်းသားတွေ အများစုပါဝင်ပါတယ်။ ဒီထဲမှာလည်း The New Yorker ၊ Atlantic နဲ့ Harper မဂ္ဂဇင်းတွေ ရဲ့ ပရိတ်သတ်တွေကသာ အမှန်ကန်ဆုံးဖြေဆို နိုင်ခဲ့တာပါ။

နိုင်ငံရေး၊ စီးပွားရေး ဗဟုသုတကြွယ်ဝဖို့ သတင်းနဲ့မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာဘယ်လောက် အရေးကြီးတယ် ဆိုတာ ဒီစစ်တမ်းအရတွေ့နိုင်ပါတယ်။ ပြည်သူတွေ အသိပညာတိုးတက်မှ နိုင်ငံတကာနဲ့ ရင်ဘောင်တမ်းနိုင်မှာပါ။ အသိပညာတိုးတက်ဖို့အတွက် သတင်းနဲ့မီဒီယာတွေကို လွတ်လပ်မှု အပြည့်အဝပေးဖို့လည်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံစစ်အစိုးရ လက်အောက်မှာ သတင်းလွတ်လပ်ခွင့် မီဒီယာလွတ်လပ်ခွင့် ဆိုတာ ဘာမှမရှိပါဘူး။ မြန်မာ့အသံ နဲ့ ရုပ်မြင်သံကြားကလည်း လွတ်လပ်ခွင့်မရှိတဲ့ အပြင် သတင်းမှားတွေကိုပဲ ထပ်ခါလဲလဲ လွှင့်ထုတ် နေတာပါ။ ဒီတော့ ပြည်သူတွေမှာ နိုင်ငံခြားက သတင်းဌာနတွေ မီဒီယာတွေကိုသာ အားကိုးပြီး ကမ္ဘာကြီးကို ခိုးကြောင်ခိုးဝှက် ကြည့်နေရပါတယ်။ ဒီဖြစ်ရပ်တွေဟာ "ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တရပ် တည်ဆောက်ရေး" လို့ဟန်လုပ်ပြီး အော်အော်နေတတ်တဲ့ စစ်အာဏာရှင်အစိုးရ ရဲ့  သဘောထားအမှန်ကို သိသာထင်ရှားစေပါတယ်။
Americans Flunk Simple 3-Question Political Survey (yahoo news) ကိုမှီးငြမ်းပါတယ်။

No comments :