Sunday, 9 November 2008

စီးပွားရေးပျက်ကပ်အပေါ် တရုပ်အစိုးရရဲ့ မှန်ကန်တဲ့ ခြေလှမ်း


မိုးသီးဇွန်

တရုပ်အစိုးရ အာဘော် အင်တာနက်စာမျက်နှာမှာ ဒီနေ့ ကြေညာချက်တရပ်ကို ထုတ်ပြန်လာပါတယ်။ ဒါကတော့ ကမ္ဘာလုံးဆိုင်ရာငွေကြေး အကြပ်ရိုက်မှုကြီးကို ကာကွယ်တားဆီးနိင်ဖို့ အတွက် တရုပ်ပြည်က အမေရိကန် ဒေါ်လာ ၅၈၆ ဘီင်္လီယံဒေါ်လာပမာဏ မတည်ပြီး စီးပွားရေး ပျက်ကပ် ကို ခုခံဖို့ အစီအစဉ်တရပ်ကို ရေးဆွဲလိုက်တယ်။ ဒီအစီအစဉ်မှာ အဆောက်အုံ ( Infrastructure) နဲ့  လူမှုရေးကူညီမှု ( Social Welfare) အစီအစဉ်တွေပါဝင်မှာဖြစ်ပါတယ်
( ဆက်ဖတ်ပါ။)

ရည်မှန်းချက်ကတော့ ၂၀၁၀ မှာ အပြီးသတ် ဆောင်ရွက်မယ်လို့ သိရပါတယ်။ ဒီထဲက ငွေ တွေက ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေကို ကူညီမယ်လို့ သိရတယ်။ ဒါဟာ အလွန်မှန်ကန်တဲ့ လုပ်ဆောင်မှု ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ နအဖ စစ်အစိုးရက သဘာဝဓါတ်ငွေ့ ရောင်းရငွေ အမေရိကန် ၃ ဘီလီယံ ခန့် ရှိသော်လည်း နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်တဲ့ ပြည်သူတွေကို ပြန်လည် ထူထောင်ရေးတွေ ထိထိရောက်ရောက်မဆောင်ရွက်သေးသလို စီးပွားရေးပျက်ကပ်ကြောင့် နလံမထူနိင်တဲ့ ပုဂ္ဂလိက လုပ်ငန်းလေးတွေကို အစိုးရက ငွေချေးပြီး ကျားကန်ပေးတာတွေ လုပ်ဆောင် မပေးသေးပါဘူး။ နအဖ စစ်အစိုးရအနေနဲ့ တရုပ်အစိုးရရဲ့မှန်ကန်တဲ့ လုပ်ဆောင်မှုကို အတုယူသင့်တယ်။

တရုပ် ပြည်ရဲ့ ပြည်ပပို့ ကုန် ကိုအဓိက အားထားပြီးရပ်တည်နေတဲ့  စီးပွားရေးစနစ် က အမေရိကန်နဲ့ ဥရောပမှာ ငွေကြေးအကြပ်ဆိုက်မှုကြောင့် နှေးကွေးသွားပါတယ်။ ဒါကို ကုစားဖို့အတွက် တရုပ်အစိုးရရဲ့ ဆောင်ရွက်ချက် ကတော့ အတိုးနှုန်း (Interest Rate) ကို လျော့ချလိုက်ခြင်းဖြစ်ပါတယ်။ အတိုးနှုန်းကို လျော့ချလိုက်တဲ့ ဗျူဟာကလည်းမှန်တယ်လို့ပြောရပါမယ်။ အတိုးနှုန်းလျော့ချလိုက်တဲ့ အဓိက ရည်မှန်းချက်ကတော့ စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြုပ်နှံမှု မှာ ပိုမို လာအောင် ဖြစ်တယ်။ ရင်းနှီးမြုပ်နှံမှု တိုးပွားလာခြင်းဖြင့် လောလောဆယ်မှာ အန္တရယ်ဖြစ်လာနိင်တဲ့ အစုလိုက်အပြုံလိုက် အလုပ်လက်မဲ့ဖြစ်ခြင်း ( Massive Unemployment ) ကို အလိုအလျောက်ကာကွယ်ပြီးသားဖြစ်လာနိင်တယ်လို့ ကျနော်သုံးသပ်ပါတယ်။
လူတွေပုံမှန်ဝင်ငွေ ရရှိလာစေနိင်ခြင်းဖြင့် စီးပွားရေးကမောက်ကမဖြစ်မှု ကိုခုခံလာနိင်မှာဖြစ်ပါတယ်။ ဘာဖြစ်လို့  လည်းဆိုတော့ တရုပ်ပြည်စီးပွားရေး တိုးတက်မှုက ၉ ရာခိုင်နှုန်း အထိ ပထမသုံးလပတ်အတွင်းမှာ ကျဆင်းသွားတယ်။ အရင်က ၅ နစ်အတွင်းမှာ အနိမ့်ဆုံးဖြစ်ခဲ့တယ်။ အရင်က ၁၁ ဒသမ ၉ ရာခိုင်နှုန်းထိ စံချိန်ချိုးထားဘူးတယ်။ ဒီလို စီးပွားရေးတိုးတက်မှု ကျဆင်းလာတာက အချက်ပေးနေသလို ဖြစ်နေတယ်။ ဒီအပေါ်မှာ ရင်းနှီးမြုပ်နှံမှု တွေပိုမိုတိုးတက်လာအောင်ရည်ရွယ်ချက်နဲ့  အတိုးနှုန်းကိုလျော့ချပေးလာခြင်းအားဖြင့် အလုပ်သမားတွေကို ပုံမှန်အလုပ်မြဲစေပြီး ၀င်ငွေပုံမှန် ရှိလာစေနိင်မှာဖြစ်ပါတယ်။
စိုးရိမ်စရာကောင်းတာကတော့ တရုပ်ပြည်ရဲ့ ပြည်ပပို့ကုန်က နစ်စဉ် ၂၀ ရာခိုင်နှုန်း နီးပါးပုံမှန် တိုးတက်လာခဲ့ဖူးပေမဲ့ အနောက်ကမ္ဘာရဲ့ငွေကြေးအကြပ်ရိုက်မှုမှာ ချက်ချင်း ကျဆင်းလာတယ်။ သုညအမှတ် အောက်အထိရောက်လာနေခြင်းဖြစ်တယ်။ အစီအစဉ်ထဲမှာ မြို့ပြနဲ့ ကျေးလက်ဒေသတွေမှာ အဖိုးနည်းအိမ်ရာတွေ၊ လမ်းတွေတိုးချဲ့ဖေါက်လုပ်တာ၊ မီးရထားလမ်း၊ လေဆိပ်၊ ဆက်သွယ်ရေးစနစ်တွေကို ပိုမိုကောင်းမွန်လာအောင်ပြုပြင်မှာတွေဖြစ်ပါတယ်။ ဒါအပြင် ကျမ္မာရေး၊ ပညာရေး နဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး အတွက် အသုံးစရိတ်တွေကိုလည်း ပိုမိုသုံးလာမှာဖြစ်ပါတယ်။ ငလျင်ကြောင့် ပျက်ဆီးသွားတဲ့ ဇီချွန်နယ်ကိုလည်း ပြန်လည် ထူထောင်ရေး လုပ်ဖို့ ဒီအစီအစဉ်ထဲမှာ ပါဝင်နေပါတယ်။ ဒီအတွက်သုံးမဲ့ငွေကတော့ ၂ ဒသမ ၉ ဘီလီယံဒေါ်လာကို အသုံးပြုမှာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေကိုလည်း အခွန် ကို လျော့ချ ကောက်ခံလာဦးမှာဖြစ်ပါတယ်။ ဒီ အစီအစဉ်ကို တရုပ်သမတ ဟူကျင်းတောင် က နိုဝင်ဘာ ၁၅ ရက်နေ့  အမေရိကန် နိင်ငံ ၀ါရှင်တန်မြို့ မှာ ပြုလုပ်မဲ့  ကမ္ဘာခေါင်းဆောင်များ ထိပ်သီး ၂၀ ညီလာခံ ကိုမသွားခင်မှာ ကြေညာလိုက်တာကတော့ ထူးခြားလှတယ်။ တရုပ်အစိုးရက နိင်ငံတကာဆက်ဆံရေးမှာ သူတို့ရဲ့ ပုံရိပ် (Image) ကို ပိုမိုမျက်နာပန်းလှအောင် လုပ်တတ်တာကို ပြသလိုက်ခြင်းဖြစ်ပါတယ်။

မိုးသီးဇွန်
နိုဝင်ဘာ ၉၊၂၀၀၈

- ဒီလုပ်ရပ်ပေါ် မိတ်ဆွေ ဘယ်လိုမြင်ပါသလဲ
- နအဖ စစ်အစိုးရအနေနဲ့ ရော စီပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဘာလုပ်သင့်တယ်လို့ ခင်ဗျားယူဆပါသလဲ။
- မိတ်ဆွေ အမြင်ကရော ဘာတွေလဲ ( Comment ရေးပေးပါ။ )


No comments :