Thursday, 20 November 2008
လှိုင်းတံပိုးအောက်က ဇင်ဘာဘွေ ပြည်သူတို့၏ ကံကြမ္မာ
-မြတ်စိုး-
နိဒါန်း- ကျနော်ငယ်ငယ်က ဗင်ဂိုးဆွဲ တဲ့ အာလူးစားသူများ ပန်းချီကားကို ကြည့်ပြီး စက်မှုတော်လှန်ရေး ခေတ်ဦးကာလ အရင်းရှင်စနစ်အောက်က ဆင်းရဲ မွဲတေနေတဲ့ ပြည်သူတွေ ရဲ့ ဘ၀ကို စာနာမိတယ်။ တကယ်လို့ ဗင်ဂိုးသာ အသက်ရှင်နေဦးမယ်ဆိုရင် အရင်းရှင်စံနစ်ထက်ဆိုးတဲ့ အာဏာရှင်စနစ်အောက်မှာ ပြည်သူတွေရဲ့ ဘ၀ ဟာ စားစရာ အာ လူးတောင်မရှိတော့ပဲ ခြ တွေကို ဖမ်းယူစားသောက်နေတာ တွေ့ ရင် ဘယ်လို စုတ်ချက်တင်မလဲ လို့ ကျနော် တွေး မိတယ်။
စစ်အေးတိုက်ပွဲ အပြီး၊ တနည်းအားဖြင့် ဆိုဗီယက်ယူနီယံ ပြို ကွဲသွားပြီး၊ ဘာလင်တံတိုင်းကြီး ပြို ကျ သွားပြီးတဲ့နောက် ကမ္ဘာ မှာ အာဏာရှင်နိုင်ငံတွေ နည်းနည်းလာခဲ့တယ်။ အဲဒီထဲမှာ စစ်အာဏာရှင် နိုင်ငံတွေဟာ လက်ချိုးရေတွက်လို့ရတယ်။ လက်ချိုးရေတွက်လို့ ရလောက်တဲ့ နိုင်ငံအနည်းစုမှာ ကျနော်တို့ မြန်မာနိုင်ငံ နဲ့ ဇင်ဘာဘွေနိုင်ငံ ပါဝင်နေတုန်းဘဲ။ စစ်အာဏာရှင်စံနစ်ဆိုတာ ဆင်ကန်းတောတိုး စံနစ်ပါ။ အတွေးအခေါ်စံနစ်တခု ကို အခြေခံတားတာ မဟုတ်ဘူး။ အာဏာ တည်မြဲရေးတခုတည်းကိုသာ သာ ခြေခံထားတာ။ အာဏာရှင်တွေဟာ အာဏာတည်မြဲဘို့၊ စစ်တပ်ကို လက်ကိုင်ဒုတ်၊ လက်ပါးစေတွေ အဖြစ် အသုံးချတယ်။ ငကန်း သေ၊ ငစွေ တက်ဆိုသလို တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက် ဆိုးသထက်ဆိုးလာလို့၊ အာဏာရှင်စံနစ် အောက်မှာ တိုင်းပြည် နဲ့ ပြည်သူဟာ အစမ်းသပ်ခံပြီးရင်းခံ နေရတဲ့ အနေအထားမျိုးကို ရောက်ရှိ သွားတယ်။ ဒီနေရာမှာ တိုင်းပြည် နဲ့ ပြည်သူဟာ အာဏာရှင်စံနစ်အောက်မှာ အာဏာရှင်တွေ အာဏာရရှိရေး၊ အာဏာရှင်ဆွေးမျိုးစုတွေ ကောင်းစားဘို့ အတွက် သားကောင်သဖွယ် ဖြစ်ခဲ့ ရတယ်။
ပြည်သူတွေ အသက်ရှင်သန်အောင် ရုန်းကန်နေရမှုဟာ အုတ်ကြားထဲက ပေါက်လာတဲ့ မြက်ပင်ငယ်တွေလို ဘ၀ ရပ်တည် ရှင်သန်ရေးအတွက် အမတန်မှ ခက်ခက်ခဲခဲ ရုန်းကန် လှုပ်ရှား နေကြရတယ်။ စံနစ် က ခြစားနေရုံမက၊ ပြည်သူတွေလည်း ခြစား နေရ ပြီဆိုတာ ယနေ့ဇင်ဘာဘွေ ပြည်သူတွေ ကြုံတွေ့ နေရတဲ့ ဖြစ်ရပ်တွေက သက်သေပြနေပါပြီ။
ဇင်ဘာဘွေနိုင်ငံ မှာ အစာရေစာ ပြတ်လပ်မှုဟာ ၂၀၀၀ ခုနှစ် ကတည်းက စတင်ဖြစ်ပွားခဲ့တယ်။ ရာသီဥတု ပူပြင်းခြောက်သွေ့ တာကတကြောင်း၊ မျိုးစေ့တွေ ရှားပါးနေ တာကတကြောင်း၊ မြေသြဇာမရှိတာကတကြောင်း၊ ကောက်ပဲသီးနှံတွေ ပြတ်လပ် ရှားပါး နေရတယ်။ အာဏာရှင်တွေရဲ့ ဆင်ကန်းတောတိုး လူမဆန်စွာ ဖိနှိပ် ရက်စက်မှု တွေကြောင့်၊ နိုင်ငံတကာ အကူအညီတွေကလည်း ရပ်ဆိုင်းခြင်းခံနေရတယ်။ အခုတော့ အခြေအနေတွေဟာ တနေ့ထက် တနေ့ ဆိုးရွားလာနေပြီး နိုင်ငံ အနှံ့ တော်တော်များများ ကို ကူးစက် နေပါပြီ။ အထူးသဖြင့် ဝေးခေါင် သော၊ လူသူမြို့ ပြနှင့် အလှမ်း ကွာသော ဒေသတွေ မှာ ပိုမိုဆိုးရွား လာနေတယ်။ လူဦးရေ ၃၀၀၀ ခန့်ရှိတဲ့ မန်ဂူရာ( Mhangura) မြို့ မှာ ငွေကြေး မတက်နိုင်လို့ ရေတင်တဲ့ မီးစက်တွေကို မောင်နှင်း လို့မရ ဖြစ်နေတယ်။ ဆက်သွယ်ထားတဲ့ ရေပိုက်လမ်းကြောင်းတွေ ပျက်စီးနေတာ ကိုလည်း ဇင်ဘာ ဘွေ ဒေသခံအစိုးရ အာဏာပိုင်တွေက မပြုပြင်ပေး နိုင်တာကြောင့် လပေါင်း အတော် ကြာ ရေပြတ်လပ်မှုတွေ ရှိနေတယ်။ မန်ဂူရာမှာ နေထိုင်တဲ့ သူတွေဟာ လောလော ဆယ်မှာ တော့ ၃ မိုင်ကျော် မှာရှိတဲ့ ရေလှောင်ကန်ထိ လမ်းလျှောက်ပြီး၊ သောက်ရေ၊ သုံးရေ တွေကို သွားခပ် ယူနေရတယ်။ တချို့ အပူပြင်းတဲ့၊ ဝေးလံသော ဒေသ တွေမှာ လူသေ သင်္ချိုင်းကုန်း က ရေကိုတောင် သောက်သုံးနေရတယ်။
ဇင်ဘာဘွေ အာဏာရှင်ကြီး မူဂါဘီ ပါတီရဲ့ အမာခံဒေသတခုဖြစ်တဲ့ ဒိုမာလို့ခေါ်တဲ့ ကျေးလက် တောရွာလေး မှာတော့ အစာ မစားရတာ ၃ ရက်ရှိနေပြီဆိုတဲ့ အသက် ၇၀ အရွယ်ရှိတဲ့အဖွားအိုဟာ လမ်းဘေးမှာ ကုန်ကားကြီး ပေါ်က ဖိတ်စင်လာတဲ့ ပြောင်ဖူး စေ့တွေကို လိုက်ကောက်ပြီးအိပ်ထဲထည့်နေတာ တွေ့ရတယ်။ အသက် ( ၉)နှစ် အရွယ် ကလေးတွေကတော့ ခြတောင်ဖို က ခြတွေကို တုတ်ချောင်းလေးတွေ နဲ့ ကော်ယူပြီး၊ အိပ်ထဲ အပြိုင်အဆိုင်တည့်နေကြတယ်။
အဲဒီ ရွာလေးမှာတော့ ဇင်ဘာဘွေ အာဏာရှင်ရဲ့လက်ကိုင်ဒုတ်တွေ၊ လက်ပါးစေတွေ၊ သတင်းပေးတဲ့ တောက်လှမ်းရေး တွေရှိနေတာကြောင့်၊ သူတို့ စားဝတ်နေရေးခက်ခဲနေမှုကို မသိရှိအောင် သတင်းတွေကို ထိမ်းချုပ်ထားတယ်။ ပြည်သူတွေ ဟာ အာဏာရှင်ရဲ့ လက်ကိုင်ဒုတ်တွေကို ကြောက်ရွံ့နေကြလို့ သတင်းအချက်အလက်မှန် တွေသိဖို့ ဟာ၊ ပြတ်လပ်နေကြတဲ့ အစားအစာလိုဘဲ အမတန်မှ ရယူဘို့ ခက်ခဲတယ်။ ကုန်းဈေးနှုန်းတွေ အစမတန် ကြီးမြင့် နေတာကြောင့် ကျောက်ခေတ် လူသားတွေလိုဘဲ အစားအစာ၊ အသုံးအဆောင်တွေ တဦးနဲ့တဦး လဲလှယ် ရောင်းဝယ်နေကြတယ်။ ၁၂ လက်မ ရှိတဲ့ အ၀တ်လျှော် ဆပ်ပြာကို ၂၂ ပေါင်ရှိတဲ့ ပြောင်းဖူးနဲ့ လဲလှယ်နေကြတာ မြင်ခဲ့ရတယ်။
ဝေးခေါင် သော၊ လူသူမြို့ ပြနှင့်အလှမ်းကွာသော ဒေသတွေ မှာ ကျောင်းစာသင်ခန်းတွေမှာ ကျောင်းသားတွေမရှိသလို၊ ကျောင်းဆရာတွေလည်းမရှိတော့ပါဘူး။ ကျောင်းဆရာတွေ မြို့ပေါ်တက်ပြီး၊ လခထုတ်ယူရတဲ့ ကုန်ကျစရိတ်ဟာ၊ ရမဲ့လစာထက်နည်းနေတာကြောင့်၊ ကျောင်းဆရာတွေ အားလုံး မြို့ ပေါတက်အလုပ်လုပ်နေကြတယ်။ တချို့ မြို့တွေ မှာ ကျောင်းသား မိဖတွေ က သာ စားသုံးဆီ၊ ကြက်သား၊ဆိတ်သား တွေပေးပြီး၊ ကျောင်းဆရာတွေ ကိုစာသင်ပေးဖို့ ဆွဲဆောင်ခဲ့ကြတယ်။ လူတွေဟာ အ၀တ်အစားတွေ မ၀ယ်နိုင်လို့ အ၀တ်စုတ်တွေ၊ဂုံနီအိတ်ဟောင်းတွေကို အ၀တ်အစားအဖြစ် သုံးစွဲနေကြတယ်။ တချို့ ဒေသတွေမှာ ဘာမှတောင် မ၀တ်နိုင်ကြတော့ဘူး။ ကလေးငယ် တွေဟာ အစားအစာ ချို့တဲ့နေကြလို့ ဆံပင် အရောင်တွေ တောင်ပြောင်းလာပြီး၊ လူရုပ် တောင် မထွက်တော့ပါဘူး။
လူသူမြို့ ပြနှင့် အလှမ်း ကွာသော ဒေသတွေ မှာ အစာရေစာငတ် ပြတ်နေပြီး၊ ပြည်သူ တွေရဲ့ ဘ၀က ကျောက်ခေတ်ကိုပြန်ရောက်နေတဲ့ ကျောက်ခေတ် လူသားတွေ သဖွယ်ဖြစ်နေပေမဲ့၊ အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ဇင်ဘာဘွေ အဏာရှင်ကြီး ရောဘတ်မူဂါဘီကတော့ အသက်သေသည်ထိ သူ့ရဲ့ စိတ်ကူးယဉ် ကျောက်ခေတ်ကမ္ဘာလေးကို တည်ဆောက် နေအုန်းမှာပါဘဲ။ မြန်မာပြည်သူတွေ လည်း ငါတို့ထက်ဆိုးတဲ့ နိုင်ငံရှိတယ်ဆိုပြီး ရောင့်ရင်း တင်းတိမ်မနေကြပါနဲ့။ အာဏာရှင်ရဲ့ လက်ကိုင်ဒုတ်တွေ၊လက်ပါးစေ တွေ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်လုပ်ရပ်တွေကြောင့် တိုင်းပြည်ဟာ ခြစားခံနေရသလို၊ ဇင်ဘာဘွေ တိုင်းသူပြည်သားတွေ လည်း အာဏာရှင်စံနစ်ဆိုးကြီးအောက်မှာ ခြစားနေရပါပြီ ဆိုတာ သင်ခန်းစာယူ တိုက်ပွဲဝင်ကြပါ။ တိုင်းပြည် ဆင်းရဲငတ်မွတ်မှု ဒုက္ခမှ လွတ်မြောက်ဖို့ အာဏာရှင်စံနစ်ကို တိုက်ထုတ်ကြရန် မှ တပါး အခြားနည်းလမ်း မရှိပါ။ ။
Ref: Zimbabweans in remote area eat termites to survive
at 09:45
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment