Monday 17 November 2008

ကမ္ဘာ့စီးပွားရေးကပ်ဆိုးကြီးရဲ့ဂယက်


-မြတ်စိုး-

ကမ္ဘာ့စီးပွားရေးလောကမှာ စီးပွားရေးကျွမ်းကျင်သူတွေ၊ လေ့လာသုံးသပ်သူတွေ ကမ္ဘာ့ စီးပွားရေး အခြေ အနေနဲ့ ပက်သက်ပြီး ရည်ညွှန်း ပြောဆိုလေ့ရှိတဲ့ စကားတခု ရှိတယ်။ အန်ကယ်ဆမ် နားစေး ချောင်း ဆိုးရင်၊ သတိထားကြပါ။ အန်ကယ်ဆမ်လို့ ခေါ်ဆိုတဲ့ အမေရိကန် နိုင်ငံရဲ့ စီးပွားရေး အခြေအနေ အပေါ်မှုတည်ပြီး၊ အခြားနိုင်ငံတွေရဲ့ စီးပွားရေး အခြေအနေကို သတိပေးမှုတွေ၊ ရည်ညွှန်း သုံးသပ်ပြောဆိုမှုတွေရှိခဲ့တယ်။ ဟုတ်ပါတယ်..ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ စီးပွားရေး အင်အား အတောင့်တင်းဆုံး နိုင်ငံပါ။ အင်အား အတောင့်တင်းဆုံးသော အမေရိကန်နိုင်ငံဟာ စီးပွားရေး ပြသနာတွေရှိ နေပြီ။ တနည်းအားဖြင့် အန်ကယ်ဆမ် နားစေးချောင်းဆိုး လာပြီဆိုရင် စီးပွားရေးအရ ရင်းနှီးမြုပ်နှံမှု၊ ကုန်သွယ်မှု ရှိတဲ့ အခြားသော နိုင်ငံတွေဟာလည်း အနည်းနဲ့အများ ဆိုသလို စီးပွားရေး ထိခိုက်မှုတွေ၊ အကျပ် အတည်းတွေကို တိုက်ရိုက် ခံစားရတက်တယ်။

အန်ကယ်ဆမ် နားစေးချောင်းဆိုး စခဲ့တာ ၂၀၀၇ခုနှစ် မေလ ကစခဲ့တာပါ။ မော်တော်ကား လုပ်ငန်းတွေ နဲ့ အခြားသော စက်မှုလုပ်ငန်းတွေ ဓာတ်ဆီဈေးနှုန်းတွေ ကြီးမြှင့် နေမှုကြောင့်၊ စက်ရုံတွေ တော်တော်များများ ပိတ်ခဲ့လို့ ဘလူးကော်လာ အလုပ်သမား(အလုပ်အကိုင် ရှားပါးမှု တွေဖြစ်ခဲ့ရတယ်။ ၂၀၀၇ခုနှစ် စက်တင်ဘာလ မှာ ကျွန်နော် နေထိုင်တဲ့ အင်ဒီယားနားပြည်နယ် ဖော့ဝိန်မြို့လေး မှာတင် ကုမ္ပဏီ ၂၀ကျော်က စက်ရုံတွေ ပိတ်ခဲ့လို့ စက်ရုံအလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်။ ဆီဈေးတက်ပြီး၊ အမေရိကန်ဒေါ်လာ ဈေးနှုန်း ကျဆင်းခဲ့မှုကြောင့် ရင်နှီးမြုပ်နှံမှု တွေဟာလည်း စတင် ကျဆင်း လာခဲ့တယ်။ ခရီးသွားလာမှုလုပ်ငန်းတွေ ဟာလည်း သိသိသာသာ ကျဆင်းခဲ့ရပြန်တယ်။ ဆိုလိုတာက၂၀၀၇ခုနှစ် ကစပြီး အင်အားတောင့်တင်းတဲ့ အမေရိကန်စီးပွားရေးဟာ သိသိ သာသာ ကျဆင်းနေခဲ့တယ်။

ရုရှား၊ဗင်နီဇွဲလား၊အီရန် အပါအ၀င် တခြားရေနံထုတ်လုပ်တဲ့ အာရပ်နိုင်ငံတွေ ကတော့ ရေနံဈေး ထိုးတက်မှု တွေအပေါ် အခွင့်ကောင်းယူပြီး၊ နိုင်ငံတကာ အရေးတွေမှာ ရေနံကို နိုင်ငံရေးဖဲချပ် သဖွယ် အသုံးချ လာ ကြတယ်။ တချိန်ထဲမှာဘဲ ရုရှားအစိုးရဟာ ဥရောပကို ဆက်သွယ် တင်ပို့နေတဲ့ ရေနံပိုက်လိုင်းတွေကို ထိမ်းချုပ်မှု ပြုလုပ်ခဲ့တယ်။ ပူတင်ရဲ့ ရုရှား ကွန်မြူနစ်အစိုးရ ဟာဒီမိုကရေစီကျင့်သုံးနေတဲ့ လွတ်လပ်ခါစ ဂျော်ဂျီယာနိုင်ငံကို အင်အား အလုံးအရင်း သုံးပြီး ကျူးကျော်မှုပြုလုပ် ခဲ့တာကို ကြည့်ခြင်းအားဖြင့်၊ သူတို့နိုင်ငံရဲ့ စီးပွားရေးအရ တိုးတက်နေမှု အပေါ်ယုံကြည်မှုတွေရှိနေတယ် ဆိုတာကို ပြသခဲ့တယ်။ ဥရောပနိုင်ငံတွေ ကလည်း ဒေါ်လာဈေးထိုးကျမှု၊ ဥရောပငွေကြေး ထိုးတက်မှု တွေရှိခဲ့တာကြောင့် အန်ကယ် ဆမ် နားစေးချောင်းဆိုး စနေတာကို သိပ်အလေးထားမှုမရှိခဲ့ကြပါဘူး။ အဲဒီတုန်းကတော့ အမေရိကန်နိုင်ငံမှာ ရာသီလိုက် ဖြစ်တက်တဲ့ စီးပွားရေးတုတ်ကွေးရောဂါလို့ဘဲ၊ စီးပွားရေးအရ ရင်းနှီးမြုပ်နှံမှု၊ ကုန်သွယ်မှု ရှိတဲ့အခြားသောနိုင်ငံတွေက သုံးသပ်ကြတယ်။ မနှစ်က ကျွန်နော် ဂျ့ပန်၊မလေးရှား၊ထိုင်းနိုင်ငံ တွေကို အလည်သွားခဲ့တယ်။ အဲဒီနိုင်ငံတွေရဲ့ သတင်းစာတွေ၊ ရုပ်မြင်သံကြားသတင်း တွေမှာ အန်ကယ်ဆမ် တုတ်ကွေးရောဂါထက်၊ တရုတ်ပြည်စီးပွားရေး တိုးတက်နေမှုသတင်းတွေ၊ အာရှစီးပွားရေး တိုးတက်နေမှု အခြေအနေတွေ ကိုသာအလေးထား သုံးသပ်ပြောဆိုခဲ့ကြတယ်။ အခြားကုန်သွယ်ဘက်တွေ ဖြစ်တဲ့ ဥရောပနိုင်ငံတွေနဲ့ပိုမိုစီးပွားရေး ကုန်သွယ်ဆက်ဆံမှု တွေပြုလုပ်ခဲ့တာကြောင့်၊ အန်ကယ်ဆမ် တုတ်ကွေး ရောဂါဟာ သူတို့ နိုင်ငံတွေကို ကူးစက်မှာ မဟုတ်ဘူးလို့ သတင်းစာတွေ၊ ရုပ်မြင်သံကြားဆွေးနွေးမှု အတော်များများမှာ နားထောင်ခဲ့ရတယ်။

ဒီနှစ်မှာတော့ အန်ကယ်ဆမ် ရဲ့ တုတ်ကွေးရောဂါဟာ တနေ့ထက် တနေ့ အခြေအနေဆိုး လာတယ်။ အန်ကယ်ဆမ်ရဲ့ ရောဂါဟာ အသည်းအသန် အနေအထားကို ရောက်ရှိ လာလို့ ခွဲစိတ်ခန်းထဲကို ရောက်ရှိ လာခဲ့ပြီ။ ခံစားနေရတဲ့ ဝေဒနာဟာ အချိန်ကြာမြင့် လာတာနဲ့အမျှ၊ အခြားရောဂါ တွေပါရရှိလာပြီး ကင်ဆာ ရောဂါ တခုလို ဖြစ်လာခဲ့ရတယ်။ တနည်းအားဖြင့် အိမ်ရာဈေးကွက်၊ ဘဏ္ဍာရေးငွေကြေးဈေးကွက်၊ ငွေကြေး စံနစ်တွေ၊ ရင်နှီးမြုပ်နှံမှု ဈေးကွက် ဆိုင်ရာ အကျပ်အတည်း ပြသနာတွေကို ဆက်တိုက် ရင်ဆိုင်လာရပါပြီ။ ဒီလို အကျပ်အတည်း ပြသနာတွေဟာ လူ့သက်တမ်းတခု (သို့)ရာစုနှစ် တခုမှာ ရင်ဆိုင် ဖြစ်ပေါ်တက်တဲ့၊ ဆူနာမီ လို့ တင်စားခေါ်ဝေါ်တဲ့ စီးပွားရေးကပ်ဆိုးကြီးနဲ့ အလာသဏ္ဍန်တူလာခဲ့တယ်။

Globalizationလို့ခေါ်တဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတွေနယ်ခြားမဲ့ ကူးလူး ဆက်ဆံ ပေါင်းသင်း တည်ရှိနေထိုင်နေတဲ့ ယနေ့ ကမ္ဘာကြီးမှာလည်း၊ စီးပွားရေး တောင့်တင်း တဲ့ အမေရိကန်နိုင်ငံရဲ့ ဆူနာမီ စီးပွား ရေး ကပ်ဆိုးကြီး ဂယက်က အခုအခါမှာ နိုင်ငံတကာကို ပြန့်နှံ့ သွားနေပါပြီ။ ရုရှား၊တရုတ်၊ အပါအ၀င် တော်တော်များများမှာ စတော့ရှယ်ရာရောင်းဝယ် တာတွေ ရပ်ဆိုင်းမှုတွေရှိခဲ့တယ်။ တရုတ်၊ အိန္ဒိယ၊ ဘရာဇီး၊ ထိုင်း၊ တောင်ကိုရီးယား၊ တွေမှာ စက်ရုံတော်တော်များများ ပိတ်ခဲ့ရတယ်။ ဥရောပမှာ စီးပွားရေး တောင့်တင်းတဲ့နိုင်ငံငယ်တခု ဖြစ်တဲ့ အိုင်ယာလန်မှာ နိုင်ငံကဒေ၀ါလီခံ ရမဲ့အနေအထားကို ရောက်ရှိခဲ့တယ်။ လူဦးရေ ပေါ်များတဲ့ ပါကစ္စတန်နိုင်ငံမှာတော့ အစိုးရဟာ နိုင်ငံခြားငွေ ပြတ်လတ်သွားမှုကြောင့်၊ (I.M.F)လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့က အမေရိကန်ဒေါ်လာ ၇.၆ဘီလီ ယံကို အရေးပေါ် ချေးငှားမှု ပြုလုပ်ခဲ့ရတယ်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေ အဖွဲ့ဟာ စီးပွားကပ်ဆိုးဂရက်ကြောင့်၊ အကျပ်အတည်းတွေ ရင်ဆိုင် နေရတဲ့ ဟန်ဂေရီ၊ ယူကရိန်း၊ အိုင်ယာလန်နိုင်ငံ တွေကို အရေးပေါ်အကူအညီ ဒေါ်လာဘီလီယံ ၃၀ကို ထောက်ပံ့ခဲ့ရတယ်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ ကလည်း စီးပွား ကပ်ဆိုးဂရက်ကြောင့်၊ အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို ငွေကြေးချေးငှား ကူညီထောက်ပံ့နိုင်ရန်၊ လိုငွေပြနိုင်တာမို့ ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ ချေးငှား ထည့်ဝင်ပေးခဲ့ရတယ်။

ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အား အတောင့်အတင်းဆုံးဖြစ်ပြီး၊ နိုင်ငံခြားအရံ ငွေ ၁ ထွီလီယံ ရှိတဲ့ ဂျပန် နိုင်ငံဟာ စီးပွားရေး ကျဆင်းလာပြီး၊ စီးပွားရေး ကပ်ဆိုးကြီး ကျရောက်နေပါပြီလို့ တနင်္ဂနွေနေ့ ကဘဲ တရားဝင် ထုတ်ဖော်ပြောဆို လာခဲ့သလို၊ ဂျာမာန်ဝန်ကြီးချုပ်အန်ဂျ လာမာကယ် ကလဲ သူမနိုင်ငံဟာ စီးပွားရေးကပ်ဆိုးကြီး ဆိုက်နေပါပြီလို့ ဗုဒ္ဓဟူးနေ့ က ကျေညာခဲ့တယ်။

ဒီလိုဖြစ်ပေါ်နေတဲ့ စီးပွားရေး ကပ်ဆိုးရောဂါကြီးကို ကုသဖို့ အမေရိကန် အစိုးရဟာ ဒေါ်လာ ဘီလီယံ ၇၀၀ကို အကုန်အကျခံပါလိမ့်မယ်။ ဗုဒ္ဒဟူးနေ့ ကဘဲ တိုင်းပြည်ဟာ စီးပွားရေး ကျဆင်းပြီး၊ စီးပွားရေး ကပ်ဆိုးကြီး ကျနေပါပြီလို့ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဂျာမာန် ၀န်ကြီးချုပ်အန်ဂျလာမာကယ်ဟာ၊ သူမ အစိုးရအနေနဲ့ ယူယိုငွေ ၁၂ ဘီလီယံငွေကြေးထောက် ပံ့မှု ဆိုင်ရာအပါအ၀င်၊ယူယိုငွေ ၅၀ ဘီလီယံ ကိုသုံးပြီး စီးပွားရေး ကျားကန်မှု တွေကိုပြုလုပ် မယ်လို့ တရားဝင် ကျေညာခဲ့တယ်။ တရုတ်အစိုးရ ကတော့ ဒေါ်လာ ၅၈၆ ဘီလီယံ ကိုသုံးပြီး ပြည်တွင်းစီးပွားရေး အကျပ်အတည်းတွေကို ကျားကန်မှုတွေ ပြုလုပ် သွားမည်လို့ တရားဝင် ကျေညာထားတယ်။ ကမ္ဘာ့ ဒုတိယ စီးပွားရေးအင်အား အတောင့်အတင်းဆုံးဖြစ်တဲ့ ဂျပန်နိုင်ငံ ကတော့ ဒေါ်လာ ၁၀၅.၈ ဘီလီယံ ကိုသုံးပြီး ပြည်တွင်း စီးပွားရေးအကျပ်အတည်းတွေကို ကျားကန်မှုတွေ ပြုလုပ်သွားမည်လို့ တရားဝင် ကျေညာခဲ့တယ်။ ဒီလို နိုင်ငံတကာမှာ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးကပ်ဆိုးကြီး တခုအဖြစ် ရောက်ရှိလာလို့၊ စနေနေ့ ကဘဲဝါရှင်တန်မြို့တော်မှာ စက်မှုနဲ့ဖွံ့ဖြိုးဆဲ ထိပ်သီးနိုင်ငံ၂၀ တို့ရဲ့ အစည်းအဝေးကို ကျင်းပပြီး၊ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာငွေကြေး အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာ စုပေါင်းပြီး ညှိနှိုင်းမှုတွေကို ပြုလုပ်ခဲ့ကြ တယ်။ စူနာမီ စီပွားရေး ကပ်ဆိုးကြီး လို့ခေါ်တဲ့ ကင်ဆာရောဂါကို ရောဂါကုသ ပျောက်ကင်း နိုင်မည့် ဆေးကို ရှာဖွေနေကြတယ်။

စီးပွားရေး စူနာမီ လှိုင်းလုံးကြီး တကမ္ဘာလုံးကို ရိုက်ခိုက်နေတဲ့ အချိန်မှာတော့၊ ကျနော်တို့ မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်း တက်လို့ တောင်းဆိုမှု ပြုခဲ့သူတွေကို လက်ရှိ စစ်အုပ်စု ခေါင်း ဆောင် တွေက ၆၅နှစ် ထောင်ချခဲ့တယ်။ မြန်မာပြည်မှာ လူတယောက် တောင် ၆၅ နှစ် အသက် ရှည်ဖို့မလွယ်ကူတဲ့ အချိန်မှာ ဒီလို ပြစ်ဒဏ် ချမှတ်ခဲ့တာကို ကြည့်ချင်းအားဖြင့် လက်ရှိ န၀တ အာဏာရ စစ်အုပ်စုဟာ ကမ္ဘာမှာ အနှိုင်မဲ့ ဖြစ်နေတဲ့ အာဏာရှင်တွေ ဖြစ်နေကြပြီ ဆိုတာ နိုင်ငံတကာက သိနေကြပြီ။ မြန်မာ ပြည်သူ တွေကတော့ အားကိုးရာမဲ့ အခြေအနေအဆင့် ကို ရောက်ရှိနေပြီ။


ကျနော်တို့ မြန်မာနိုင်ငံကို ဘယ်လို တိုက်ရိုက် ထိခိုက်နိုင်မလဲ။ ပထမဆုံး တိုက်ရိုက်ခံစား ရမှာကတော့ ထိုင်းနိုင်ငံမှာ အလုပ် လုပ်ကိုင် နေကြတဲ့ သန်းနဲ့ချီတဲ့ မြန်မာ အလုပ်သမား တွေကို တိုက်ရိုက် ထိခိုက် လာတော့မယ်။ လက်ရှိထိုင်းနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး အခြေအေနေတွေ ကျပ်တည်းမှု တွေရှိလာပြီ။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကပ်ဆိုးကြီးကြောင့် ထိုင်းနိုင်ငံရဲ့ ပြည်ပသို့ တင်ပို့နေတဲ့ ကုန်ပစ္စည်း ရောင်းဝယ်မှု ကျဆင်းလာပြီး၊ စီးပွားရေး လုပ်ငန်းရှင် တွေဟာ ကုန်ပစ္စည်း ထုတ်လုပ်မှုကို လျှော့ချမှာ ဖြစ်တာကြောင့်၊ ထိုင်းစက်ရုံ တွေမှာ မှီခိုလုပ်ကိုင်နေကြတဲ့ သန်းချီနေတဲ့ မြန်မာအလုပ်သမားတွေ အတွက်တော့ အတော့်ကို ဒုက္ခတွေ ရောက်ရှိ လာတော့ မှာပါ။ ဒီလိုဘဲ တရုတ်၊ အိန္ဒိယ၊ စင်္ကာပူ၊ ဂျပန်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေနဲ့ နယ်စပ် ဒေသတွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေလည်း ဒုက္ခအကြီးအကျယ် ရောက် လာတော့မယ်။ ဒီလို နယ်စပ်မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ၊ နိုင်ငံတကာမှာ လုပ်ကိုင် နေတဲ့ မြန်မာအလုပ်သမားတွေ အကျပ်အတည်း ဒုက္ခတွေ ရောက်လာရင် သူတို့ကို မှီခိုနေတဲ့ သန်းချီနေတဲ့ မိသားစုတွေလည်း စားဝတ်နေရေးအတွက်၊အကျပ်အတည်း ဒုက္ခတွေ ရောက်လာ ကြမှာပါ။ နယ်စပ်ကုန်သွယ်ရေးကိုလည်း ကျဆင်းစေလိမ့်မယ်။

ဒုတိယအနေနဲ့ လက်ရှိကုန်ဈေးနှုန်း ကျဆင်းနေမှုဟာ အချိန်တို သာလျှင် ဖြစ်နေမှာပါ။ ၀ယ်လိုသုံးစွဲမှု ကျဆင်းခဲ့တာကြောင့် ထုတ်လုပ်ပြီးသား ကုန်ပစ္စည်းတွေဟာ ကုန်လှောင်ရုံတွေ မှာ ဆက်လက်ထားရှိဘို့ အခက်အခဲတွေရှိတာကြောင့်၊ ယာယီကုန်ဈေးနှုန်းကျဆင်းမှု ခဏ သာ ရှိနေသော်လည်း၊ နောက်လပိုင်း အနည်းငယ်အတွင်းမှာ ကမ္ဘာမှာ ကုန်ဈေးနှုန်း ပြန်လည် မြင့်တက်လာဖို့ရှိတယ်။ ပြည်သူတွေရဲ့ စီးပွားရေး အခြေအနေကို ငွေကြေး ကျားကန်ထောက်ပံ့ ကူညီမှု တွေမရှိတဲ့ ကျနော်တို့ မြန်မာပြည်မှာ မကြာခင် စားဝတ်နေရေး အကျပ်အတည်း ကပ် ဆိုး ဆိုက်ရောက်ပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကုန်းကြမ်းသာ ရောင်းချနိုင်ပြီး၊ ဆပ်ပြာ၊ သွားတိုက်ဆေး စတဲ့ အခြေခံ ကုန်ချောပစ္စည်းတွေကို တင်သွင်းသုံးစွဲနေရတဲ့ မြန်မာပြည်သူတွေဟာ ကမ္ဘာမှာ ကုန်ဈေးနှုံး ပြန်လည် မြင့်တက်လာမှု ဒဏ်ကို ခါးစီး ရင်ဆိုင် ကြရလိမ့်မယ်။

တတိယအနေနဲ့ကတော့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကပ်ဆိုးကြီးကြောင့် နိုင်ငံတိုင်းမှာ အလုပ် လက်မဲ့ပြသနာ၊ ငွေကြေးဖောင်းပွ
မှုပြသနာ၊ အိမ်ယာဈေးကွက်ပြသနာ၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကျဆင်းမှုပြသနာတွေ ရှိနေသလို၊ ကျနော်တို့ ပြည်သူတွေဟာလည်း ဒီအကျပ်အတည်း တွေကို လူသား မဆန်တဲ့ အာဏာရှင် စစ်အုပ်စု အောက်မှာ အကူအညီမဲ့စွာဖြင့် ခါးသီးစွာ ရင်ဆိုင်ရအုံးမယ်။ အာဏာရှူးနေတဲ့ စစ်အုပ်စုကြောင့် ဘယ်နိုင်ငံ ကမှလည်း ငွေရေးကြေးရေး ထောက်ပံ့မှု တွေကိုရရှိမှာလည်း မဟုတ်ပါဘူး။ ကိုယ်တိုင် ဒုက္ခတွေ ရင်ဆိုင် ဖြေရှင်းနေကြရလို့ တခြားနိုင်ငံတွေ ကို ငွေကြေး ကူညီထောက်ပံ့နိုင်ဖို့ က လက်ရှိအာဏာရ အစိုးရတွေအနေနဲ့ က တော့ အခက်အခဲတွေ ရှိနေမှာပါ။


နောက်ဆုံးအနေကတော့ တိုင်းပြည် အရံငွေဟာ ငွေကြေးလှဲလှယ်မှုနှုန်း ကျဆင်းမှုကြောင့်၊ အရံငွေ တန်ဘိုး လျှော့ကျလာစေလိမ့်မယ်။ ဈေးနှုန်းကြီးမြှင့်လာမဲ့ သွင်းကုန်စရိတ်အပေါ် ပိုမိုသုံးစွဲလာရမယ်။ နိုင်ငံသားအားလုံး ရင်ဆိုင်နေရတဲ့ စီးပွားရေးပြဿနာတွေကို ဖြေရှင်း ရေးထက် ၂၀၁၀ခုနှစ် စစ်အုပ်စု အလိုကျ ပြုလုပ်မဲ့ တိုင်းပြည်ကို စစ်ကျွန်ပြုရေး ရွှေးကောက်ပွဲ ကသာ အရေးကြီးနေလို့ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီး အောက်က မြန်မာပြည်နဲ့ ပြည်သူ တွေရဲ့ ဘ၀ကတော့ ဒုက္ခတွေတသီးကြီးနဲ့ ရင်ဆိုင် ကြရအုံးမှာ ပါဘဲလို့။ ။

No comments :