Tuesday, 11 November 2008

ကပ္ပိယ မောင်မှတ်နှင့် နီဝရဏ ငါးပါး


ကျောင်းအောက် ကွပ်ပျစ်ကလေးပေါ်မှာ ရေနွေးကြမ်းအိုးကလေး ဘေးချပြီး ခြေဆင်းထိုင်ရင်း ကပ္ပိယ မောင်မှတ်တယောက် စာအုပ်ကလေး တစ်အုပ် ကို သေသေချာချာ မျက်မှောင်ကြုံ့ ဖတ်နေတယ် သူ့ မျက်မှန်ကလေးကလည်းမှုန်ဝေလို့
ဘာလိုလိုနဲ့ညနေသုံးနာရီတောင် နီးပါပေါ့လား။

ခဏ နေတော့ ..ကြေးနန်းကြိုးအထူ နဲ့ ပြန် ချည်ပြီးဆက်ထားတဲ့  ညာဘက်ကိုင်းကျိုးနေတဲ့မျက်မှန်ကလေးကို သေသေချာချာ ခေါက်ထားပြီး ညိုညစ်ညစ်အ၀တ် မျက်မှန်အိတ်ကလေးထဲကိုထည့်လိုက်တယ်။
ဒီမျက်လုံးတွေလည်း အရင်ကလို ခပ်ဝေးဝေး သရက်ပင်ပေါ်ကို တန်းစီချီတက်နေတတ်တဲ့ခါချဉ်တွေကို မမြင်တော့ဘူး ။
အင်းလေ ဇရာပဲ ကိုး ဘာတတ်နိုင်မတုန်း။
မောင်မှတ်ဟာ သူ့ဟာသူ စဉ်းစားရင်း ရေနွေးကြမ်းလေးတစ်ခွက်ငှဲ့ပြီး ဖြေးဖြေး မှုတ်ရင်း ကျောင်း မြောက်ဘက် ခြံစည်းရိုး နားမှာ ကိုရင်လေးတွေ တံမြက်စည်း ကြမ်းကြီးတွေကို မြင်းလုပ်ပြီး ဆော့နေကြတာကို ပြုံးကြည့်နေမိတယ်။
ရုတ်တရက် “ ကပ္ပိယကြီး ဘာတွေ ငေးနေတာလဲ ” လို့ နောက်နားကအသံကြားတော့
“ ဟိုး ကျောင်း ဘေး ခြံစည်းရိုးနားက ကိုရင်လေးတွေ ကစားနေတာကို ကြည့်နေရင်း တွေးနေတယ်ကိုရင်” ခပ်အေးအေးပဲ မောင်မှတ်ကပြန်ဖြေတယ်။
လာမေးသူကတော့ ကပ္ပိယ မောင်မှတ်တို့ကျောင်းက အသက်ဆယ့်ခြောက်နှစ်အရွယ်လောက် ကိုရင်တပါးပေါ့။

ကိုရင် ဟာ မောင်မှတ်ဘေးနားက စာအုပ်ကလေးကိုကြည့်ပြီး “ ကပ္ပိယကြီးဘာစာအုပ်တုန်းဗျ ” လို့ မေးတယ်။
“တရားမရခြင်းအကြောင်းရင်းဆိုတဲ့စာအုပ်ကလေးပါကိုရင်ရဲ့ ” လို့ မောင်မှတ်ကဖြေရင်း ကွပ်ပျစ်ပေါ်ကထပြီးတော့ ဘေးနား ခြင်းကြမ်းကြီးထဲမှာ ထည့်ထားတဲ့ ၀ါးစိမ်းလုံး နှစ်တောင်လောက်အရှည် ဖြတ်စတွေကိုယူလိုက်ပြီးတော့
သူ့ရဲ့ အင်မတန်ထက်မြက်တဲ့ ဓါးနဲ့စပြီး ခြေနှစ်ချောင်းကို ဆန့် ခင်းထိုင်ရင်း နှီးဖြာပါတော့တယ်။

ကိုရင်ဟာ စာအုပ်ကလေးကို ယူပြီးဘေးနားမှာထိုင်လိုက်တယ်။
ပြီးတော့ အမှာ နဲ့မာတိကာလောက်ဖတ်ပြီးရင်ပဲ
“ ကပ္ပိယကြီး ပြန်ဟော ပေးပါလား ဗျာ နှီးဖြာရင်း နဲ့ နော် ” လို့ တောင်းဆိုလိုက်တယ်။
ကပ္ပိယကြီး မောင်မှတ်ဟာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးရင်း သူ့ ပါးစောင်မှာ ငုံထားတဲ့  ဆေးရည်တွေကို ပျစ်ကနဲ ဘေးနားက ၀ါးဆစ်ဘူးခွက်ကလေးထဲကိုထွေးထုတ်ရင်း
“ စာအုပ်ရေးတဲ့ ဆရာတော် ... အဲ ဟောကြားတဲ့ဆရာတော်ဆိုလိုချင်တာကပေါ့လေ နီဝရဏ တရားငါးပါးကြောင့် တရားမရနိုင်ဘူး ဆိုတာပေါ့ ကိုရင်ရယ်”
ကိုရင်လေးဟာ သူ့ရဲ့  ဦးပြည်းစိမ်း လေးကို ကုတ်ရင်း “ ကပ္ပိယကြီးရဲ့ အသေအချာ နားလည်အောင်ရှင်းပြမှပေါ့ဗျ ၊ အကျဉ်းမချုပ်နဲ့လေ မြန်မာ လိုနားလည်အောင်လဲ သေချာဟောမှပေါ့” လို့
စောဒကတက်ပြီး ထပ်တောင်းဆိုလိုက်တော့တယ်။
ကပ္ပိယကြီးဟာ ပြုံးနေရာ က တဟားဟားရယ်ရင်း “ဟုတ်ပါ့ကိုရင်လေးရယ် တခါတလေလည်း နားမလည်တာကိုက ပို အထင်ကြီးစရာတွေဖြစ်နေတတ်တာကိုးဗျ လောကကြီးက လို့ အစချီရင်း အောက်ပါအတိုင်း ပြောပြပါတော့တယ်။

နီဝရဏ ငါးပါး
နီဝရဏ တရား ငါးပါးရှိပါတယ်။
၁။ ကာမစ္ဆန္ဒ = ကာမ အာရုံ၌ လိုလား တပ်မက်သာယာမှု
၂။ ဗျာပါဒ= စိတ်ဆိုးမှု၊အမျက်ထွက်မှု၊မလိုမုန်းတီးမှု
၃။ ထိန မိဒ္ဓ = ငိုက်မျဉ်းထိုင်းမှိုင်းမှု
၎။ ဥဒ္ဓိစ္စ ကုက္ကုစ္စ = ပျံ့လွင့်ပူပန်မှု
၅။ ၀ိစိကိစ္ဆာ = ယုံမှားသံသယဖြစ်မှု ဆိုပြီး နီဝရဏ တရားငါးပါးရှိတယ် တဲ့ ကိုရင်လေးရဲ့။

-----------------------------------------------

ဆရာတော်ဘုရားရဲ့ တရားထဲက ပုံပြင်လေးတစ်ပုဒ်ကိုထုတ်နှုတ်ပြီး ပြောရမယ်ဆိုရင်တော့ဗျာ....လို့  နိဒါန်းထပ်ပျိုးပြီး အောက်ပါ ဇာတ်လမ်းလေးကို ဆရာတော်ဟောခဲ့တဲ့အတိုင်းပြန်ပြောပါတော့တယ်။

ဈာန်ရခဲ့သူ မီးသွေးဖုတ်

နီဝရဏတရားတွေ ၀င်လာရင် ရပြီးသားဈာန်တောင် လျောတဲ့အကြောင်း သာဓက တစ်ခုပြပါဦးမယ်

တစ်ခါက ရဟန်းသာမဏေ သုံးဆယ်တို့ဟာ မဟာစေတီတော် ကိုဖူးမြော်ပြီး တောလမ်းခရီးက ပြန်ကြွလာကြပါတယ်။
လမ်းမှာ မီးသွေးဖုတ်ပြီး ပြန်လာတဲ့ ဒကာကြီးတယောက်နဲ့တွေ့ ကြပါတယ်။ မီးသွေးတွေ ပေရေမည်းညစ်ပြီး မီးလောင် ငုတ်တိုလို ဖြစ်နေတဲ့
သူ့ကို မြင်တဲ့အခါ ကိုရင်တွေ ဦးပဉ္ဇင်းတွေက “ဒါ ကိုရင့် အဖေ၊ကိုရင့်အဖိုး” လို့ တစ်ပါးနဲ့တစ်ပါး စကြနောက်ကြပြောင်လှောင်ကြပါတယ်။

အနားရောက်လာတဲ့အခါ“ဒကာကြီးနာမည်ဘယ်လိုခေါ်သလဲ” လို့မေးကြတော့ မီးသွေးဖုတ်တဲ့ဒကာကြီးက ၀မ်းနည်းပက်လက်နဲ့ လျှောက်ထားပါတော့တယ်။

လ ၊ နေကို ကိုင်ခဲ့

ပြောင်လှောင်ရယ်မော နေကြတဲ့  ရှင်ရဟန်း ငယ်တွေကို-
“ အရှင်ဘုရားတို့ တပည့်တော် ကို ကြည့် ပြီး ပြောင်လှောင် နေကြသလား ၊ အရှင်ဘုရားတို့က သင်္ကန်းဝတ်ရုံထားတာနဲ့ ပြည့်စုံပြီလို့ မမှတ်ကြပါနဲ့။ တပည့်တော်လည်း
ဟိုတုန်းကတော့ အရှင်ဘုရားတို့ လို ရဟန်းပဲပေါ့။”

“အရှင်ဘုရားတို့ ကို ကြည့်ရတာ စိတ်တည်ငြိမ်မှုလေး လောက်တောင် မရကြသေးပါဘူး ။ တပည့်တော်ဟာ အင်မတန် တန်ခိုးကြီးတဲ့ ရဟန်းတစ်ပါးဖြစ်ခဲ့ပါတယ်”။
“ကောင်းကင်ကိုမြေကြီး ၊ မြေကြီး ကို ကောင်းကင်ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ အဝေးကို အနီး ၊အနီးကို အဝေး ဖြစ်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ စင်္ကြ၀ဠာ တိုက်တစ်သောင်း
ကို ခဏခြင်း ရောက်အောင် သွားနိုင်ခဲ့ပါတယ်။ အရှင်ဘုရားများ အခု တပည့်တော် ရဲ့ လက်တွေကို ကြည့်ကြပါ၊ တောထဲကမျောက်လက်နဲ့ တူနေပါပြီ။ ဒါပေမယ့် ဒီလက်ဝါးတွေနဲ့ပဲ
လတွေနေတွေကို ကိုင်တွယ်ခဲ့ပါတယ်။ ဒီခြေထောက်တွေနဲ့ လတွေ နေတွေကို ထိခဲ့ပါတယ် အဲဒီတန်ခိုးတွေဟာ တပည့်တော်ရဲ့ မေ့လျော့ ပေါ့ဆ မှုကြောင့် ကွယ်ပျောက် ခဲ့ရတာပါ
အရှင်ဘုရားတို့  မမေ့မလျော့ကြပါနဲ့၊ မမေ့ မလျော့ ကျင့်ကြံ နေထိုင်ကြမယ်ဆိုရင် ဇာတိ၊ ဇရာ၊ ဗျာတိ ၊ မရဏ ဆိုတဲ့ သံသရာ ဘေးဆိုးကြီး ထဲက လွတ်မြောက်ကြပါမယ် ဘုရား၊တပည့်တော်ကို ကြည့်ပြီး သတိဝင်ကာ မမေ့မလျော့ နေစေချင်ပါတယ်ဘုရား”-လို့ သံဝေဂ ဖြစ်အောင် လျှောက်ထားလိုက်ပါတယ်။
ရဟန်း သာမဏေ သုံးဆယ်တို့ဟာ ဒကာကြီးရဲ့စကားတွေကို ကြားပြီး သံဝေဂ ဖြစ်ကာ ၀ိပဿနာ တရားပွားများ အားထုတ် ကြလို့  အဲဒီမှာပဲ အားလုံး ရဟန္တာဖြစ်တော်မူကြပါတယ်။
တဲ့  ဗျား.........။အဲဒါရဲ့ မူရင်းကတော့ ၀ိဘင်္ဂအဌကထာပါပဲဗျား လို့ ပြောရင်း သူ့ဘေးနားက ဓါးသွေးကျောက် ကလေးပေါ်မှာ စဥ့်အိုးထဲကရေကို အုန်းမှုတ်ခွက်နဲ့ခပ်ပြီးလောင်းလိုက်ရင်း သူ့ နှီးဖြာဓါးကို ပြန်သွေးနေတယ်။
ပတ်ဝန်းကျင် တခုလုံး ဓါးသွေးသံ နဲ့ ဟိုး ကျောင်း စည်းရိုး နားက ကစားနေတဲ့ ကိုရင်ငယ်လေးတွေရဲ့အသံကလွဲလို့ ကပ္ပိယကြီးမောင်မှတ်လဲ စကားမပြောဘူး ကိုရင်လေးလဲစကားမပြောဘူး အတွေးကိုယ်စီနဲ့ ငြိမ်သက်နေကြတယ်။

“ ကပ္ပိယကြီး.........ဒီပုံပြင်အရဆိုရင် အဲဒီအဖျက်တရားငါးပါးကို သတိမမူမိရင်
ဘယ်လိုသူတော်စင်မဆို တနေ့ မှာ သူတော်ကောင်းတရားနဲ့လွဲတတ်တယ်ပေါ့နော်” လို့မှတ်ချက်ချလိုက်ပါတယ်။
ကပ္ပိယကြီးကတော့ ကိုရင်လေးကို ပြုံးကြည့်လိုက်ရင်း သူ့ဓါးထက်မထက်ကို
သူ့  မေးစေ့ကို တင်းနေအောင်မော့ပြီးမှ ပါးသိုင်းမွေးအချို့ကို
ဓါးနဲ့ရိတ်ချသလိုစမ်းလိုက်ပြီး “ စိတ္တေန နိယျတေ လောကောလို့ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီး
ဟောသွားဘူးသကိုး ကိုရင်လေးရယ် စိတ်သည်လောကကို ဆောင်အပ်သည်လို့ 
အနက်ဖွင့်ကြသကိုး ဒီတော့ သင်္ကန်းကြီးပဲ ၀တ်ဝတ် ၊
လူဝတ်ကြီးနဲ့ပဲနေနေ အဲဒီ မနောကံကို ဖြူနိုင်သမျှ ဖြူကြပြီး
မဂ္ဂင်ရှစ်ပါး နဲ့နေနိုင်ရင်တော့အကောင်းဆုံးပေါ့ဗျာ... ကျုပ်မလည်း ကပ္ပိယ ဆိုတော့ ကပ္ပိယ အလုပ်တွေ နဲ့ ကပ္ပိယ ပီသနေလိုက်တာ ကိုရင်လေးလုပ်မှ ဓမ္မကထိက လိုလိုတောင် စိတ်ထဲ ထင်မိသွားသဗျား ကဲကဲ ကိုရင်လည်း ကိုရင်ပီပီ ကိုရင့်အလုပ်ကို ကိုရင် ပီသအောင်လုပ်ပေတော့ဗျား ဟား...ဟား...ဟား...ဟား ”ဟုရယ်ရင်း နောက်ထပ်ဝါးစိမ်းပိုင်းဖြတ်တစ်ခုအားယူကာ ပြန်လည်နှီးဖြာခြင်းစတင်ပါတော့၏။

ကပ္ပိယမောင်မှတ်

No comments :