Wednesday, 19 November 2008

သုဂတိ ဆိုက်စေ မောင်ဖိုးဇေ

ဈာပနတွေက ဘုံကထိန်လိုပဲ
ဟော တယောက် ဟောတယောက်
ဖြုတ်ကနဲပျောက်ပျောက်သွားလိုက်ကြတာ
ပင်လယ်ပေါ်ရွာချတဲ့မိုးရေစက်တွေလိုပါလား

ဒီမယ်သူငယ်ချင်းရာ
အသက်ပေးပေါင်းလာခဲ့ကြတာပဲ
အထူးအထွေတော့ ဧယဉ်မကျူးချင်တော့ဘူး
ဖြစ်ရိုးဖြစ်စဉ်တွေကို
မျှစ်ချိုးသလို သင်းသတ်
ရပ် ပစ်လိုက်နိုင်ရင်လဲအကောင်းသား....။

သံလွင်နဲ့ သောင်ရင်းအခြေမှာ
နောင်ရင်းတွေ ဆုံးခဲ့ရပေါင်းများပြီ
ဒီမှာပဲ သစ္စာတရားကိုသံသယ၀င်ခဲ့ရတယ်
ဒီမှာပဲ အရေခွံပါးတဲ့အတ္တထွားထွားကြီးကိုယ်စီပိနေသူတွေကို
မမျှော်လင့်ချင်တော့ဘူး...

ဒီမှာပဲရွက်ပုန်းသီးများ
အကင်းတဖြိုက်ဖြိုက်ဖြစ်ကြရတယ်
ဒီမှာပဲ တချို့တော့အရင်းမစိုက်ပဲ ဖြစ်ထွန်းကုန်ကြတော့တယ်။

ထောင်ထဲမှာက ခြောက်ဆယ့်ငါးနှစ် စုလျားရစ်ပတ်ကြတယ်
မှောင်ထဲမှာက ပျောက်တဲ့တရားအစစ် ပြုစားညှစ်သတ်ကြတယ်
ချောင်ထဲမှာက မကြောက်တဲ့ အားအသစ် ထုပွားဆစ်တတ်ကြတယ်
ဒို့တွေကချောင်ထဲကကောင်တွေပေါ့....။

အဓိက က ရှင်သန်ခြင်းပဲ
ရှင်သန်ခြင်းအတွက် သားသတ်ရုံက၀က်တွေလို လှိုင်းလုံးကြီးက
ဝက်တွေလို ရှင်သန်တတ်နေကြပြီ။

ဒို့တွေက မရှင်သန်တတ်ကြဘူးပဲကိုး
ဒို့တွေက လှိုင်းလုံးကြီးကို မြတ်နိုးတန်ဘိုးထားတတ်ကြတာကိုး
ဒို့တွေက ရင်အနာတွေနဲ့ လင်္ကာဖွဲ့ သွေးလည်ပတ်ကြတာကိုး
ဒို့တွေက အစဉ်အလာနဲ့ မင်္ဂလာမဲ့ အဓမ္မမှုတွေကို အံတုကြတာကိုး
အဲဒီအတွက် မိုးပြိုစေဦး
ဦးမညွတ် ရူးသွပ်စွာ ယုံကြည်သူတွေကိုး
ဒီအတွက် ပေးရတဲ့အဖိုးက ငါတို့မျိုးဆက်ပါပဲ သူငယ်ချင်း
ကဲ မိုးစင်စင်သောက်တော့မယ်
နောက်ကလေးတွေလမ်းမပျောက်
ကမ်းရောက်အောင် ဆောင်ကျဉ်းဖို့ သောင်ရင်းအခြေမှာ......။

ကိုမွှေး

နိုဝင်ဘာလ ၂၀ ရက်နေ့  အာရုံဦးတွင် ဘ၀တပါးသို့ ပြောင်းသွားရှာသော ကျောင်းသားတပ်မတော် အမှတ် ၈ တပ်ရင်းမှရဲဘော်ဂုရုကြီး(ခ)ကိုနေလ(ခ)ကိုမြင့်အောင်(ခ)ကိုမြင့်ဇေဆိုသည့်ကဗျာဆရာပွင့်သစ်(ကရိန်ကန်)အားရည်စူး၍ ရေးသားပါသည်။
ရဲဘော်ဂုရုသည်ဘလော့လေးတစ်ခုကိုယ်ပိုင်ထူထောင်ရင်းသူ့ အနုပညာကိုသီးပွင့်ဝေမျှသူတစ်ဦးလည်းဖြစ်ပါသည်။
သို့သော် ရဲဘော်ဂုရုသည်ကား တော်လှန်ရေးသမားတယောက် ဖြစ်သည်။
သူ၏ ဘလော့ကိုသွားလိုလျှင် ကိုဖိုးဇေ

No comments :