Thursday, 6 November 2008

ကမ္ဘာ့ဘဏ်၏ ငြင်းပါယ်မှုနှင့် ရေပိုင်နက်ပဋိပက္ခ

-အောင်ချမ်း-

မြန်မာစစ်အာဏာရှင်အစိုးရ၏ငွေကြေးချေးငှားရန်ချဉ်းကပ်မှုအားကမ္ဘာ့ဘဏ်မှအင်္ဂါနေ့ကပြတ်ပြတ်သားသားငြင်းပါယ်လိုက်သည်။
တကယ်တော့ မြန်မာစစ်အစိုးရသည် နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုဘ၀ဖူလုံရေးကို နားလည် ဂရုထားသော အစိုးရတရပ်မဟုတ်။

ပြည်သူလူထု၏ စီးပွားရေး ၊ လူမှုဖူလုံရေး ကျမ်းမာရေး နှင့် လုံခြုံအေးချမ်းသာယာရေးသည် အစိုးရတိုင်း၏ တာဝန်ဖြစ်၏။ မြန်မာစစ်အစိုးရသည် ထိုတာဝန်များအား ၄င်းတို့အာဏာသိမ်းပြီးကတည်းက လျစ်လျှူရှုခဲ့သည်။
နိုင်ငံတော်နှင့် နိုင်ငံသားတို့သည် စစ်တပ်အာဏာသိမ်းခဲ့သော ၁၉၈၈ ခုနှစ်မှစ၍ အဖတ်ဆည်မရအောင် အဖက်ဖက်မှ ယိုယွင်းခဲ့ရသည်။
စစ်တပ်တွင် စစ်ဥပဒေအရ ပင်စင်ယူရမည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း စစ်ဥပဒေကို ဖီဆန်ကာ မြန်မာ့တပ်မတော်တစ်ရပ်လုံး ကို တံတွေးခွက်ပက်လက်မျောသည်ထက်မျောစေသော တပ်မတော်၏ ခေါင်းဆောင်မှုကိုယူထားကြသည့်လူတစု မှ စ၍ အောက်ခြေ တပ်မတော်နှင့် ဌာန ဆိုင်ရာအသီးသီးတို့ မှ အရာရှိများ ၀န်ထမ်းများ အထိ စာရိတ္တပိုင်းဆိုင်ရာ အရ ကျင့်ဝတ်ဆိုင်ရာအရ ကမ်းကုန်အောင်ပျက်ဆီး ခြစား နေကြ၏။

ကမ္ဘာ့ဘဏ်၏ ငြင်းပါယ်မှု
မြန်မာစစ်အာဏာရှင်သည် ဆိုင်ကလုန်းနာဂစ် တိုက်ခတ်စဉ်က အနောက်နိုင်ငံများမှ အကူအညီပေးရေး အဖွဲ့များ အား ခေါင်းမာစွာငြင်းဆန်ခဲ့မှုအတွက် ကမ္ဘာ့ဘဏ်မှ ငွေကြေးချေးငှားရန်ကို ပြတ်ပြတ်သားသားငြင်းပါယ်ခဲ့သည်။

ပေးလိုပါလျှင်တောင်မှ လွန်ခဲ့သော ဆယ်စုနှစ်ကချေးငှားထားခဲ့သော ကြွေးမြီများကို မြန်မာ စစ်အာဏာရှင်မှ ပြန်လည်ပေးဆပ်ခြင်းမရှိသေးသည့်အတွက် ဖြစ်သည်ဟုဆိုသည်။
ကမ္ဘာ့ဘဏ်၏ တာဝန်ခံညွှန်ကြားရေးမှူးဖြစ်သော Juan Jose Daboub ၏ အဆိုအရမြန်မာစစ်အာဏာရှင်သည်
၁၉၉၈ ခုနှစ်ကတည်းက ကြွေးမြီများကျန်ရှိနေဆဲဖြစ်ပြီး ပြန်လည်ပေးဆပ်ခြင်း မရှိသေးသဖြင့် မည်သည့် အရင်းအမြစ်ကို မှ ကမ္ဘာ့ဘဏ်မှ တရားဝင်ထုတ်မချေးငှားနိုင်ဟု ဖြစ်သည်။

၁၉၈၀ ခုနှစ်များက ယင်းကဲ့သို့ပင် ကမ္ဘာ့ဘဏ် က လိုင်ဘေးရီးယား နိုင်ငံအား အလားတူ အကြောင်းများကြောင့် ငြင်းပါယ်ခဲ့သည်။ပြည်တွင်းစစ်နှင့် ပုံမှန်လည်ပါတ်နိုင်စွမ်းမရှိသော အစိုးရကြောင့်
လိုင်ဘေးရီးယားနိုင်ငံသည်စုစုပေါင်း ဒေါ်လာ လေးရာငါးဆယ့်ရှစ်မီလီယံကြွေးမြီရှိခဲ့သည်။

သို့သော် ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲတွင် Ellen Johnson-Sirleaf သည် လိုင်ဘေးရီးယားနိုင်ငံ၏ သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီးနောက် ကမ္ဘာ့ဘဏ်သည် နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ နှင့်အတူ
ပေါင်းစပ်လက်တွဲကာ လိုင်ဘေးရီးယားနိုင်ငံမှ ပြန်လည်ပေးဆပ်ရန်ရှိနေသော ကြွေးမြီများအားလျော်ပစ်ခဲ့သည်။
ကမ္ဘာ့ဘဏ်ဥက္ကဌ Robert Zoellick ကပင် သမ္မတ Ellen Johnson-Sirleaf ၏ရွေးကောက်ပွဲအား ချီးကျူးပြီး
လိုင်ဘေးရီးယားနိုင်ငံသည် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်သို့ ဦးတည်နေပြီဟု ဆိုခဲ့သည်။

သမ္မတသစ်၏ နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့်ပြန်လည် ပါတ်သက် ဆောင်ရွက်ရန် ဆုံးဖြတ်ချက်သည် လိုင်ဘေးရီးယားနိုင်ငံ၏ အနာဂတ်အတွက် အလှူငွေ များ ယုံကြည်မှုများ ကို ရရှိစေရန် တည်ဆောက် လိုက်နိုင်အောင် အကူအညီဖြစ်သည့်ဆုံးဖြတ်ချက်ဖြစ်ခဲ့သည်။

ကမ္ဘာ့ဘဏ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဆိုးယုတ်တဲ့အစိုးရတွေကို ငွေတွေပစ်ပေးတာ ဘာအဓိပ္ပါယ်မှ မရှိဘူး ” ဟု Forbes သတင်းဌာနအား ပြောကြားခဲ့သည်။ု

မြန်မာ့ စီးပွားရေး ၏ သရုပ်မှန်

မြန်မာ့မြေပေါ်မြေအောက်သယံဇာတများ သည် လုံးဝဥဿုံနီးပါးကုန်ခမ်းသွားခဲ့ပြီဖြစ်သည်။ ပထမ ကျောက်မျက်ရတနာ နှင့် ကျွန်းသစ် ထိုမှ တဖန်အဆင့်လျှော့လာသည်မှာ မြန်မာ့ အသံနှင့် နိုင်ငံတော်ပိုင် ပြည်သူပိုင် အဆောက်အဦများ မြေနေရာများအား စတင်ရောင်းချလာတော့၏။

မြန်မာစစ်အစိုးရသည် သွပ်မိုးခွာအိမ်တိုင်ချွတ် ရောင်းယုံမကတော့ပဲ မြန်မာ့မြေကိုပါ မြန်မာနိုင်ငံ၏ အသည်းနှလုံးဖြစ်သော ယဉ်ကျေးမှုအရ သမိုင်းအရ အရေးပါသော မြို့ တော်ကြီးများတွင်ပင်တိုင်းတပါးသားတို့အားရောင်းချနေပြီဖြစ်သည်။ တကယ်တော့ မြန်မာစစ်အစိုးရသည် ရောင်းစရာ အရင်းအမြစ်မကျန်တော့သည့်နောက်
နယ်စွန်နယ်ဖျား နယ်စပ်ဒေသပင် မဆိုထားနှင့် မြို့ကြီးများမှ မြန်မာ့မြေကို ဖဲ့ရောင်းနေ၏။

မြန်မာနိုင်ငံတွင် ပြည်သူလူထု အားကိုး ရလောက်သော ပြည်သူလူထုအကျိုးကို ကြည့်သည့် မျိုးချစ်စိတ်ရှိသည့် ဦးနာအောက်ကဲ့သို့သော အမျိုးသားအရင်းရှင် များမရှိပါ။
တေဇတို့ကဲ့သို့ခေတ်ပျက်သူဌေးများ နအဖ နှင့် ပူးပေါင်း စီးပွားရှာအကွက်ရိုက်သော အချောင်သမားများသာလျှင်ရှိပါသည်။ ထိုအနေအထားတွင် တိုင်းပြည်၏ အရင်းအမြစ်များအား နအဖ အထက်ပိုင်း မှ စစ်ဥပဒေအရပင်စင်ယူသင့်သည်မှာကြာပြီဖြစ်သော အိုမင်းမစွမ်းအစဉ်အလာမရှိသော ဗိုလ်ချုပ်အိုများနှင့် ပလဲနံပသင့် လက်ဝါးချင်းရိုက် လက်သိပ်ထိုး စီးပွားရှာနိုင်သော အလိုတော်ရိ ခေတ်ပျက်သူဌေးများကလည်း တိုင်းပြည်ကို ပျော်ပျော်ကြီး ဖဲ့ ရောင်းပေးနေ၏။
ယခုအခါမြန်မာလူမျိုးတို့သည် မြန်မာတိုင်းရင်းသားဘာသာစကားကို ဟုတ်တိပတ္တိ မပြောတတ်သည့် နိုင်ငံခြားသား လုပ်ငန်းရှင်များ ၏ အစေခံများ အလုပ်သမားများအဖြစ်ဖြင့် မိမိတို့ ဘိုးဘွားပိုင် မြေပေါ်တွင် သိမ်ငယ် ခေါင်းငုံ့ ခိုင်းသမျှလုပ်ကြရှာရသည့်အဆင့်သို့ ဇာတိသွေးဇာတိမာန်စကားကို ရေလဲသုံးပြောတတ်သော အိုနာကျိုးကန်း ဗိုလ်ချုပ်တအုပ်၏ အမျှော်အမြင်နည်းမှု အမြင်တိုမှု ပညာမဲ့မှု တဇောက်ကန်းနိုင်မှုတို့ကြောင့် အဖတ်ဆည်မရအောင်ကျရောက်သွားခဲ့ရပြီဖြစ်သည်။ သို့သော် ယခုကဲ့သို့ အမျိုးသားရေးဆိုင်ရာ ဂုဏ်သိက္ခာပျောက်ဆုံးမှုနှင့် စာရိတ္တ လောက်တက်မှုတို့ ကို အိုနာကျိုးကန်းတစု က သိသိကြီးဖြင့် မျက်နှာလွှဲပြီး
အာဏာမြဲရေးနှင့်မိသားစုချမ်းသာကြွယ်ဝရေးကိစ္စတရပ်ကိုသာလျှင်နှစ်ပေါင်းနှစ်ဆယ်လုံးလုံးတစိုက်မတ်မတ်လုံးပမ်း ခဲ့၏။ ယခုအခါ ဖဲသမား အိမ်ပေါင် ၍ ဆုံးခဲ့ပြီ ဖြစ်သောကြောင့် ခြံကိုလည်း ချရောင်းခဲ့ပြီးဖြစ်ယုံမက အနီးဝန်းကျင် ကိုပင် ကိုယ့်ပိုင်နက်လုပ်ကာ စကားဖြင့် ချရောင်းခဲ့ပြီးဖြစ်သည်။

ထို ရေပိုင်နက်သည် မြန်မာ့ရေပိုင်နက်ဖြစ်သော် အလွန်ကောင်းပေ၏။ မဖြစ်ခဲ့သော် ပိုမိုအရှက်ရဖွယ်ပင်မဟုတ်ပါလား။ ထို့ပြင် ယခု ရေပိုင်နက်အရေးအခင်း တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သူ၏ ရေတပ် ကို စေလွှတ်ကာ ကာကွယ်ထား၏ ။

ဘင်္ဂလားဒေ့ရှ် ကြည်း ရေ လေ တပ်မတော်

ဘင်္ဂလားဒေ့ရှ် ရေတပ်တွင် တရုတ်နိုင်ငံလုပ် ရေကြောင်းတိုက်ပွဲဆင်နွှဲနိုင်သည့် စစ်သင်္ဘောအုပ်သည်မြန်မာ့ရေတပ်ထက် အပြတ်အသတ်သာ၏။
ဘင်္ဂလားနိုင်ငံ၏ လေတပ်မတော်တွင် ဝေဟင်တွင် တိုက်ပွဲဝင်နိုင်သော ခေတ်မှီ လေကြောင်းတိုက်ခိုက်ရေး လေယာဉ်ပျံ အစင်းရေသည် မြန်မာ့လေတပ်မတော်မှ ပိုင်ဆိုင်သော အစင်းရေထက် ပိုမိုများပြား၏။

ကြည်းတပ်နှင့်အမြှောက်တပ် တို့ ၏ လက်နက် တပ်ဆင်မှုဖွဲ့ စည်းပုံသည်လည်း မြန်မာ့တပ်မတော်ထက် သာ၏။
ကြည်းတပ်စစ်သည်အင်အား သည် နှစ်သိန်းခန့် ရှိသော်လည်း အရေးပေါ်အခြေအနေတွင် အရွယ်ရောက်ပြီးနိုင်ငံသားတိုင်းက ယင်းတို့ ၏ တိုင်းပြည်ကာကွယ်ရေးအတွက် တိုက်ခိုက်ရေးအင်အားအဖြစ် အချိန်ကာလအနည်းငယ်အတွင်းတွင်ပင် ပြောင်းလဲပစ်နိုင်၏။

မြန်မာ့တပ်မတော် ကြည်း၊ရေ၊လေ

မြန်မာ့တပ်မတော်၏ စုစုပေါင်းအင်အားသည် လေးသိန်းကိုးသောင်းနှစ်ထောင်ရှိ၏ ။ ၂၀၀၅ ခုနှစ်စစ်တမ်းအရ စစ်သုံးစားရိတ်သည် အမေရိကန်ဒေါ်လာ ၇.၀၇ ဘီလီယံ ဖြစ်၏။ တကယ်တမ်း နိုင်ငံခြင်းဖြစ်လာသော စစ်ပွဲတွင် သုံးစွဲနိုင်သည့် လက်နက် နည်းပညာ တိုက်စွမ်းရည်တို့ အတွက် ကုန်ကျခဲ့သော ငွေဖြစ်သည်မဖြစ်သည်ကိုတော့
အိုနာကျိုးကန်းဗိုလ်ချုပ်များကိုယ်တိုင်ပင်သိပါလိမ့်မည်။
ရေတပ်မတော်တွင် တိုက်ခိုက်ရေး ရေယာဉ် အစင်းတစ်ရာမရှိ လေတပ်အင်အားအရလည်း ဝေဟင်တိုက်ခိုက်စွမ်းတကယ်ရှိသည့် လေယာဉ်က ဘင်္ဂလားဒေ့ရှ်လောက်မများ တိုက်စွမ်းရည်နှင့်ပါတ်သက်လျှင်လည်း မြန်မာ့တပ်မတော် သည် တိုင်းရင်းသားလူမျိုးစုများနှင့် ဒီမိုကရေစီမြတ်နိုးသော ကျောင်းသားပြည်သူများကို သာ ဗိုလ်ကျတိုက်ခိုက် အမြစ်ဖြတ်ချေမှုန်းတတ်ယုံသာရှိသည့် စွမ်းအား ညံ့ လူသတ် အင်အားစု တစ်ရပ်သာဖြစ်၏။

ယခုအခါ မြန်မာစစ်အာဏာရှင်သည် တရုတ်၏ ဆူပူကြိမ်းမောင်း မှုကြောင့် ယာယီရပ်ဆိုင်းပေးလိုက်သည်ဟုယူဆရသော်လည်းတကယ်တန်းဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်စစ်ဖြစ်နိုင်သည့်စွမ်းအားမရှိကြောင်း သူတို့ကိုယ်သူတို့သိရှိပြီးဖြစ်၏။

အကယ်၍ ဖြစ်ချေဦးတော့ မဟာဗျူဟာမြောက် conventional war ကို ဦးစီးတိုက်ခိုက်နိုင်စွမ်းရှိသည့် စစ်ဦးစီးချုပ် တယောက်မှ မြန်မာစစ်ဗိုလ်ချုပ်အိုနာကျိုးကန်းများထဲတွင်မပါရှိချေ။

ပြည်သူလူထု နှင့် ဒီမိုကရေစီလိုလားသော လူငယ်တို့ ကိုသာ တွေ့ ရာသချိ င်္ုင်းဓါးမဆိုင်း သတ်မိန့် ပစ်မန့် ဖမ်းမိန့်  နှိပ်စက် ဘ၀ဖျက်မိန့်  သာ ပေးတတ်သည့် လူ့ အမှိုက်များကြောင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အနာဂတ်သည် ပို၍ ပို၍ မှိန် ယုံမက ယခုကဲ့သို့ ဆက်လက် တည်ရှိနေပါလျှင် နောက်လာမည့်အနှစ်နှစ်ဆယ်တွင် မြန်မာနိုင်ငံသားလူငယ်မျိုးဆက်အားလုံးသည် ဘောင်းဘီဝတ် အသားဖြူစပ်စပ် ဖြင့် တရုတ်စကား နှင့် နိုင်ငံခြားစကားကို သာ ပြောပြီး မြန်မာ့ယဉ်ကျေးမှုကို နားမလည် မြန်မာ့သမိုင်းကိုအလေးမထား ဇာတိသွေးဇာတိမာန်ဆိုသည်မှာ ကွမ်ရင်မယ်တော်၏ ဘုရားကျောင်းဆောင်မှ စွန့် ထားသော ပေါက်စီလောက်မှ မက်လောက်စရာမရှိသည့် အဖြစ်သို့ ရောက်သွားတော့မည်မှာမုချကျိန်းသေနေပြီဖြစ်ပေသည်။

ယခုကဲ့သို့သော ဘဏ္ဍာရေးအကြပ်အတည်း နိုင်ငံခြားဆက်ဆံရေးအကြပ်အတည်း ပြည်တွင်းနိုင်ငံရေးအကြပ်တည်းများဖြင့် အကြပ်အတည်းမျိုးစုံကြားမှ မြန်မာ့တပ်မတော်၏ အထက်ပိုင်းလက်တဆုတ်စာလူတစုသည် ဘင်္ဂလားဒေ့ရှ် နှင့်ဖြစ်နေသော ပဋိပက္ခကို အချိန်ကာလတခုအထိစောင့်ပြီးမှ ခေါင်းမာမာဆက်လက်အရှိန်မြှင့် နေမည်ဆိုလျှင် မြန်မာပြည်သူလူထု၏ နေ့စဉ်နေထိုင်မှုဘ၀ချွတ်ခြုံကျစုတ်ပြတ်ပြီး သည့်အဆင့်မှ မြန်မာလူမျိုးတို့ မလိုအပ်ပဲသေဆုံး စတေးခံရမည့်အဖြစ်သို့ မုချရောက်သွားနိုင်ပေသည်။

ပြည်သူလူထုကို သာ သတ်ဖြတ် ရဲသော သူရဲဘောကြောင်သည့် လက်နက်အားကိုး လူယုတ်များအား ယခုအခါ ဘင်္ဂလား ဒေ့ရှ် နိုင်ငံက ဖာလာ အာမွှေး မပါသော ကွမ်းကြမ်းဝါးကာ မျက်နှာတည့်တည့် လူပုံအလည်တွင် ထီကနဲ ထွမ်ကနဲ တံတွေးဖြင့် ထွေးကာ နားရွက် နှပ်သုတ်သွားခဲ့ပေပြီ။

ဒို့ဗမာတွေရဲစွမ်းပြမည် အာဇာနည်ပီပီ သီချင်း တောင် ယခုဆိုလျှင် မြန်မာ့ ရေဒီယိုမှ ကျယ်ကျယ်လွှင့်ပါဦးမည်လောဟုသံသယရှိရင်း ဟိတ်ဟန်ကြီးတခွဲသားဖြင့် အိမ်ကျယ် တပ်မတော်၏ တကယ့် မျိုးချစ်စိတ်အစစ်နှင့် တိုက်စွမ်းရည်အစစ်ကိုတော့ တွေ့ ချင်မိပါ၏။



အောင်ချမ်း

citation: http://www.forbes.com/facesinthenews/2008/05/20/world-bank-myanmar-markets-face-cx_ll_autofacescan01.html?partner=whiteglove_google

5 comments :

Unknown said...

i have just read news about the crises between Bangladesh and Myanmar on you blog.

i have something to comment and advice.

first of all, it is true that we all hate this stupid coward junta but we love our country right? this time you are doing a good job as you are giving constructive criticisms and reasons about this issue with the love of our land though you dont like this junta. this is very important and that can make you differ from other opportunists typical demo-crap(refugees).

Unknown said...

this one is a good post making sense and showing our nationalism.

Unknown said...

keep it up like this!!

Unknown said...

the another thing is that i become to like you(first i really didnt have any respect in you so as to others) as i am able to sense and feel your love for the country and what you are really doing and giving for the country unlike others. this is very important in getting democracy making people like you, support you and trust in you as most of the people today are all smart and know the difference.

so keep up the good job. but one advice-

"have the courage to fight the enemy but first have the courage to criticize yourself"

ကိုနေ said...

ဒီ post လေးကိုဖက်ကြည့်ပြီး comment ရေးချင်လို့ဝင်ရေးလိုက်တာပါ။ကျွန်တော် blog တွေကိုတော်တော်များများလိုက်ဖက်ပါတယ်။ဘယ်တုန်းကမှ
အခုလို comment ဝင်မရေးပါဘူး။အခုဒီ post ကိုရေးတဲ့သူက သူအမြင်မကြည်လင်တာတစ်ခုတည်နဲ့ ကိုယ့်နိုင်ငံရဲ့အချုပ်ခြာအာဏာကိုလိုအပ်လာရင်အ
သက်ပေးပြီးကာကွယ်မဲ့ တပ်မတော်တစ်ခုလုံးကိုပြည်သူတွေအနေနဲ့အယုံကြည်မဲ့အောင်
လုပ်တယ်လို့ကျွန်တော်မြင်ပါတယ်။လူကိုမကြိုက်ရင်လူကိုဝေဖန်ပါ၊
မူကိုမကြိုက်ရင်မူကိုဝေဖန်ပါ ၊ ကျွန်တော်နေနဲ့ဘာမှပြောစရာမရှိပါ။တစ်ဝမ်းထဲကလူဖြစ်လာတဲ့
သွေးချင်းရင်းခြာညီကိုမောင်နှမတောင်စိတ်မတူ ၊အမြင်ကွဲးကြတဲ့အတွက်၊ သွေးမတော်သားမစပ် သူများအတွက် စိတ်တူကိုယ်တူ ဖြစ်ဖို့ပို၍်မလွယ်ကူမှန်းနားလည်ပါသည်။ သို့သော် အခုကဲ့သို့ ပေါ့ပေါ့လွယ်လွယ်နဲ့၊ကိုယ့်
အထင်နဲ့ကို ၊ ဖြစ်နိုင်မဖြစ်နိုင်မဆင်ခြင် ငါ့နဲ့အမြင်မတူ ငါ့ရန်သူ ၊ သူနဲ့ပတ်သတ်သမျှလည်းငါ့ရန်သူဟုသဘေားထားကာ၊မျက်နှာလွှဲး
ခဲပြစ် မရေးသင့်ပါ။ အခုဖြစ်ပွားနေသောကိစ္စသည် တစ်ဦးတစ်ယောက်အရေးမဟုတ်ပါ ၊ နိုင်ငံသားအားလုံးနှင့်ဆိုင်သော နိုင်ငံတော်၏အချုပ်ခြာအားထိပါးစော်ကားမှုသာဖြစ်သည်။ကိုယ်နိုင်ငံ
ဖက်မှမခံနိုင်၍ ဒေါးသကြောင့်အခုလိုရေးမိတာဖြစ်ချင်ဖြစ်နိုင်ပါသည် ၊ သို့သော် ကိုယ့်ရဲ့ရေးသာမှုသည်အဘယ်မျှထိရောက်ကာ အဘယ်မျှထိအကျိုးသက်ရောက်စေသည်ကိုသေခြာစမ်းစစ်စေ ချင်ပါသည်။ယခု တပ်မတော်ထဲးတွင်
တာဝန်းထမ်းဆောင်နေသူများသည် ပြည်သူထဲးမှပြည်သူများပင်ဖြစ်သည်။တစ်ဦးတစ်ယောက်ကိုကိုယ်စားပြုတာဝန်ထမ်းနေကြခြင်းမဟုတ်ကြပါ ။နိုင်ငံကိုကိုယ်စားပြု တာဝန်ထမ်းနေကြတာဖြစ်ပါသည် ။ ထိုသူများအာပြည်သူများမှ ယုံကြည်စွာ နိုင်ငံတော်၏အချုပ်ခြာအာဏာအားကာကွယ်မှုတာဝန်ပေးအပ်ထားခြင်းလည်းဖြစ်သည်။ထိုသို့သောယုံကြည်မှု များအာမိတ်ဆွေရေးသောစာကြောင့် ပျောက်ကွယ်ခဲ့သော် ၊ အရေးကြုံလာပါက ပြည်သူများအတွက် ခိုကိုးရာမဲ့ဖြစ်ပေလိမ့်မည် ။ ထိုနောက် ဖြစ်ပေါ်နိုင်သည့်အကျိုးဆက်များရှိစွာရှိနိုင်ပါသည်။ထို့ကြောင့်ယခုကဲ့သို့ မျက်နှာလွှဲး
ခဲပြစ် မရေးသင့်ပါကြောင် အကြံပြုပြေားကြားချင်ပါတယ် ။