Tuesday 23 December 2008

ဟစ်တလာ တဲ့ဗျာ

ဟစ်တလာလေး နှင့် မိဘများ
Heath Campbell, left, with his wife Deborah and son Adolf Hitler, 3,

-ဗျောက်အိုး-
အိစ်တန်၊ ပင်ဆာဗေးနီးယား

သားသမီး မကောင်း မိဘ ခေါင်း ဆိုတာမှန်ပေမဲ့ တခါတလေကြ ပြန်တော့လဲ မိဘ မကောင်း သားသမီး ခေါင်း ဖြစ်တတ်ပြန်ရော။ ၃ နှစ် သား ကလေး တယောက် မွေးနေ့ပွဲ လုပ်ဖို့ မွေးနေ့ကိတ်မုံ့ သွားမှာတာ နယူးဂျာစီ ပြည်နယ်မှာရှိတဲ့ ရှောပ့်ရိုတ်ထ် ကိတ်မုံ့ဆိုင် က ကိတ်မုံ့ မလုပ်ပေးနိုင်ဘူးလို့ ငြင်းလွှတ် လိုက်တယ်တဲ့။

မလုပ်ပေးနိုင်တာ က ကောင်လေး နံမည် က “ အဒေါ့ဖ် ဟစ်တလာ ကမ်းဘဲလ် (Adolf Hitler Campbell)” ဖြစ်နေလို့ ဆိုင် က ငြင်းလွတ်လိုက်တယ်ဆိုတာဘဲ။ ကောင်လေး အဖေ ဟိသ် ကမ်းဘဲလ် ကတော့ “လူတွေ က နံမည် တခု ကို နံမည် တခု လို့ မမြင်တာ ဆိုးတာဘဲ။ ကျွန်တော်ကလေး က ဟစ်တလာလိုကြီးလာ ပြီး ဟစ်တလာ လို လုပ်မှာ ကြနေတာဘဲ” လို့တော့ပြောသွားရှာပါတယ်။ နောက်ဆုံးတော့ ကောင်လေး ရဲ့ မွေးနေ့ ကိတ် ကို ဝေါလ်မာတ် မှာဘဲ ရလိုက်တယ်တဲ့။ ကလေး အဖေ က ကျွန်တော်သားနံမည် ကို ကျွန်တော်ရွေး ပေးတာ ပါ၊ တကမ္ဘာလုံးမှာ ဒီနံမည် မျိုး ဘယ်သူ မှ မပေးနိုင်ဘူး လို့ယုံကြည်တယ်ဆိုဘဲ။ ဘာဘဲဖြစ်ဖြစ် ဒီကလေး ကျောင်းနေမဲ့ အချိန်၊ အလုပ်ရှာမဲ့ အချိန်၊ လူကြီး လုပ်မဲ့အချိန် တွေ မှာ တော့ သူ့အဖေ ရဲ့ အူကြောင်ကြောင်အတွေးအခေါ်တွေ နဲ့ ဒီနံမည်ဆိုး ပေးခဲ့မှုကြောင့် ကလေးခမျာ ဒုက္ခ လှလှတွေ့အုန်းမယ် လို့ ကျွန်တော်တော့ မြင်တယ်။

ကျွန်တော်တို့ ဆီမှာ ဟိုချီမင်း ဆိုတဲ့ နံမည် နဲ့ ကရင်အမျိုးသား လူငယ်တယောက် အမေရိကန်လာဖို့ ကြိုးစားခဲ့တာ အမေရိကန်သံရုံး က ပုံမှန်အတိုင်းပေးမလာ ဘဲ သူ ဒုက္ခသည် လျှောက်လွှာ ကို အကြာကြီး နောက်ချန် ချောင်ထိုးထား ခဲ့တာမျိုးတွေ ကြုံဘူးတယ်။ သားသမီးတွေ ကို မြန်မာပြည်မှာတော့ ဗေဒင်ဆရာတွေ၊ ဘုန်းကြီးတွေ ကပေးကြတာ များတယ်ဆိုပေမဲ့ မိဘ ကလည်း ဆရာပြီး ရင် ပြီးရော မလုပ်ကြဘဲ နံမည်တွေ ကိုစီစစ်ပေးဖို့လိုပါတယ်။

မောင်စော ဆိုတဲ့ နံမည် ဟာ လွတ်လပ်ပြီး မြန်မာ ပြည် မှာ မြန်မာယောင်္ကျားလေး တွေ ထဲမှာ မရှိသလောက် ရှားခဲ့သလို နောင်လာမည့် မျိုးဆက်သစ် ယောင်္ကျားလေးတွေ ဆိုရင် သန်းရွှေ၊မောင်အေး၊ခင်ညွန့်၊ ရွှေမန်း၊ အောင်သောင်း၊ မောင်သောင်း၊သိန်းစိန်၊ ကျော်ဆန်း၊ စိုးဝင်း စတဲ့ နံမည် မျိုးတွေ ရှောင်ဖို့၊ မိန်းကလေးတွေ ဆိုရင်လဲ ကြိုင်ကြိုင်၊သန္တာရွှေ ဆိုတာ မျိုးတွေ မပေးသင့်ပါဘူး။ အသက်ကြီး နေတဲ့ သူတွေ အတွက်တော့ ရှိပါစေတော့။ မှတ်ပုံတင်မလုပ်ရသေးဘူး ဆိုရင်တော့ အဲသလိုနံမည် ဆိုးတွေ ကို မှတ်ပုံတင်လုပ်တဲ့အချိန်မှာ ပြင်သင့်ပါတယ်။ မြန်မာပြည် ဒီမိုကရေစီ တိုင်းပြည်ကြီး တခု ဖြစ်လာတဲ့အချိန်မှာ အဲဒီ နံမည် မျိုး ပိုင်ရှင်တွေဟာ အလုပ်ရှာရ၊ အိမ်ထောင်ပြုရ၊ လူတောတိုးရ အင်မတန်မှ ခက်ခဲနိုင်ပါတယ်။ အဲဒီနံမည်ဆိုး မှည့်ထားတဲ့သူတွေဟာ သတင်းစာထဲမှာ အမည်ပြောင်းလဲခြင်း ကြော်ငြာတောင် ထည့်ပြီး တခန်းတနား ပြင်တာမျိုး (အမည်သန့်ခြင်း) လုပ်သင့်ပါတယ်။ ဥပမာ ကျွန်တော် အောင်သောင်း (မိဘ အမည် - ငမျောက်၊ ငချောက်) အား ယနေ့မှ စ၍ ကြောင်သူတော် ဟု ပြောင်းလဲခေါ်ဆိုပေးပါခင်ဗျား ဆိုတာမျိုးတွေပေါ့။






Rest of your post

1 comment :

Anonymous said...

ကိုမိုးသီးကတော့ လုပ်ပီ နံမည်မှည့်တာတောင် ရှောင်ရအုံးမယ်