Monday 29 December 2008

မဟာတံတိုင်းကြီး နောက်ကွယ်မှ ပြုပြင်ပြောင်းလဲမှုများ


တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက် က ရွေးချယ်ခဲ့သောပေါ်လစ်ဗျူရို ဦးဆောင် ကော်မတီဝင် ၉ ဦး

-မြတ်စိုး-

ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ရင်ဆိုင်နေကြသော နိုင်ငံရေး၊ စီးပွားရေး အခြေအနေများ၊ နှင့် အိမ်နီးချင်း နိုင်ငံများ လုပ်ဆောင် နေကြသော ပြုပြင်ပြောင်းလဲ မှုများ ကို မြန်မာနိုင်ငံနဲ့ နှိုင်းယဉ်ပြီး ကျနော်တို့ ဘလော့ခ် မှာ နေ့စဉ်နှင့်အမျှဖော်ပြခဲ့ပါတယ်။ ဒီနေ့တော့ တရုတ် ကွန်မြူနစ် ပါတီ၏ မှန်ကန်သည့် ပြုပြင်ပြောင်းလဲ မှုကြောင့် ဖွံ့ဖြိုး တိုးတက်လာခဲ့မှု တွေကို မြန်မာနိုင်ငံ နဲ့နှိုင်းယဉ်၍ ကျနော် စုစည်းလေ့လာ ထားသမျှ လက်လှမ်းမှီ သလောက် တင်ပြပါမယ်။

၁၉၄၉ ခုနှစ်က စတင်လျှင် တရုတ်ကွန်မြူနစ်ပါတီဟာ အဆင့် ၄ ဆင့် (သို့) မျိုးဆက် ၄ ဆက် ပြုပြင်ပြောင်းလဲ မှု ပြုလုပ်ခဲ့တယ်။ တနည်းအားဖြင့် ပြန်လည်ပြင်ဆင်ရေးမှုဝါဒ တွေကို ချမှတ်ပြီး၊ စံနစ်တကျ ရဲရဲဝင့်ဝင့် အကောင်အထည် ဖော်ခဲ့တယ်။ အခုဆို တရုတ်ကွန်မြူနစ် ပါတီ၏ ပြုပြင်ပြောင်းလဲမှုဟာ မျိုးဆက် ၄ ဆက် (Fourth Generation) ကို ရောက်ရှိနေပါပြီ။

တရုတ်ပြည်ရဲ့ မျိုးဆက်လိုက် အဆင့်ဆင့် ပြုပြင်ပြောင်းလဲပြုလုပ်မှုကို အောက်ပါအတိုင်း တွေ့ရှိနိုင်ပါတယ်။

  • ၁၉၄၉ မှ ၁၉၇၆ ထိ မော်စီတုန်း၊ ချူအင်လိုင်း ဦးဆောင်ခဲ့သော ယဉ်ကျေးမှုတော်လှန်ရေး ပထမမျိုးဆက် ( First Generation) ပြုပြင်ပြောင်းလဲမှု၊
  • ၁၉၇၆ မှ ၁၉၉၂ ထိ တိန့်ရှောင်ဖိန်၏ ဒုတိယ မျိုးဆက် ( Second Generation) ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရေးအတွက်ပြုလုပ်ခဲ့သော စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊
  • ၁၉၉၂ မှ ၂၀၀၃ ထိ ကျန်စီမင်း ဦးဆောင်သော တတိယ မျိုးဆက် (Third Generation ) ၏ အာရှ၌ မဟာအင်အားကြီး အဖြစ် ရပ်တည်နိုင်ရေး ပြုပြင်ပြောင်းလဲမှု၊
  • ၂၀၀၃ မှ ၂၀၁၃ ထိ ဟူချင်တောင်း ၏ စတုတ္တ မျိုးဆက် (Fourth Generation) နည်းပညာ နဲ့ အသိပညာဆိုင်ရာကိုအခြေခံပြီး ကမ္ဘာ့အင်အား ကြီးဖြစ်လာ အောင် စီးပွားရေး၊နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု (သို့) လူငယ်တို့၏ ပြုပြင်ပြောင်းလဲမှု
  • ပဉ္စမ မျိုးဆက် (Fifth Generation) ၏ ပြုပြင်ပြောင်းလဲမှု၊ ၂၀၁၂ မှ ၂၀၂၂
  • ဆဌမ မျိုးဆက်( Six Generation) ၏ ပြုပြင်ပြောင်းလဲမှု၊ ၂၀၂၂ ခုနှစ်မှာ ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်မှ ရွေးချယ် ပေးမဲ့ ခေါင်းဆောင်များ၊တို့ ဖြစ်တယ်။

တရုတ်နိုင်ငံ၏ ပြောင်းလဲလာမှုဖြစ်စဉ်ကို ကြည့်ယင် ၁၉၄၉ ခုနှစ်မှ ဒီနေ့ထိ တရုတ်ကွန်မြူနစ် ပါတီဟာ လူကော၊ မှုဝါဒဆိုင်ရာပါ ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်ခဲ့တယ်။ တရုတ်ကွန်မြူ နစ်ပါတီရဲ့ ပြန်လည် ပြင်ဆင်ရေးမှုဝါဒဟာ တိန့်ရှောင်ဖိန်ဦးဆောင်ခဲ့တဲ့ ဒုတိယ မျိုးဆက် မှာ အရှိန်အဟုန်မြှင့်လာခဲ့တယ်။ တိန့်ရှောင်ဖိန်၏ ဒုတိယ မျိုးဆက် မှာ စီးပွားရေးအရ ပိုမိုပွင့်လင်းတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တရှိန်ထိုး ပြုလုပ်လာခဲ့တယ်။ တိန့်ရှောင်ဖိန်၏ ဒုတိယ မျိုးဆက် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အတွင်း၊ ထိုင်ဝမ်သား နိုင်ငံသားတွေ အပါအ၀င် ပြည်ပက ရင်းနှီးမြုပ်နှံ သူတွေ အများကြီး လာပြီး လုပ်ကိုင်ကြတယ်။ တရုတ် ကွန်မြူနစ် ပါတီဟာ ဒါတွေအားလုံးကို လမ်းဖွင့်ပေးထားခဲ့တယ်။ တင်းထားတဲ့ကြိုးကိုလျော့၊ ပိတ်ထားတဲ့ တံခါးတွေကိုတချပ်ခြင်း သတိကြီးစွာ ဖွင့်ပေးခဲ့တယ်။ ကွန်မြူနစ်ပါတီအတွင်း ခြစား နေမှု တွေကို ဖယ်ရှားခဲ့တယ်။ ဒါတောင် သူရဲ့ ပြုပြင်ပြောင်းလဲမှုဟာ နှစ် ၅၀ လောက် ခေတ် နောက်ကျနေတယ်လို့ တိန့်ရှောင်ဖိန်က ပွင့်လင်းရိုးသားစွာ ၀န်ခံပြောကြား ခဲ့ပါသေးတယ်။

လက်ရှိ တရုတ်နိုင်ငံခေါင်းဆောင်ဟူချင်တောင်း ဦးဆောင်နေသော စတုတ္တ မျိုးဆက် ပြုပြင်ပြောင်းလဲမှု ကိုလည်း အကျဉ်းချုံး တင်ပြချင်ပါတယ်။ ဘာလို့လည်းဆိုတော့ အမတန်မှ စိတ်ဝင်စားအောင် ထူးခြားခဲ့လို့ပါဘဲ။ စတုတ္တ မျိုးဆက် ပြုပြင်ပြောင်းလဲမှု ကို ၂၀၀၂ မှာ ကျင်းပခဲ့တဲ့ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက် က စတင်ခဲ့တယ်။ ကိုယ်စလှယ်ပေါင်း ၂၁၁၄ ဦးတက်ရောက်ခဲ့ပြီး၊ တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို ဦးဆောင် ကော်မတီကိုရွေးချယ်ခဲ့ကြတယ်။ ဒီကွန်ဂရက် ကနေ တရုတ်ပြည်ရဲ့ ကံကြမ္မာကို ဖန်တီးမယ့် ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို ဦးဆောင် ကော်မ တီ ကို ခုနှစ်ဦးကနေ ကိုဦးသို့ တိုးချဲ့ ဖွဲ့စည်းခဲ့တယ်။ အဲဒီမှာ ထူးခြားတာလို့ ခေါ်မလား။ တိုင်ဆိုင်တာလို့ ခေါ်မလားမသိဘူးပါဘူး။ တစ်ခု သတိထားမိတယ်။

သူတို့ ကိုးယောက်စလုံးဟာ သိပ္ပံဘွဲ့ရ နဲ့ အင်ဂျင်နီယာတွေဖြစ်နေတယ်။ ပြီးတော့ ကိုးယောက်မှာ လေးယောက် က ဘေဂျင်း ရှင်ဟွာတက္ကသိုလ် ထွက်တွေဖြစ်တယ်။ ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး တိုင်းပြည်ကြီးကို အဓိက ဦးဆောင်သွားမယ့် လူကျော်လူမော် ကိုးယောက်စလုံး အင်ဂျင်နီယာတွေ၊ သိပ္ပံဘွဲ့ရ တွေဖြစ်နေတာဟာ မထူးပေဘူးလား လို့ စာရေးဆရာ မောင်ဝံသ က သူရေးသားခဲ့သော ”ဂလိုဘယ်လိုက်ဇေးရှုင်း၊ သဲတရှပ်ရှပ်” စာအုပ်မှာ ထောက်ပြဆွေးနွေးသွားခဲ့ဘူးတယ်။

လူငယ်ခေါင်းဆောင်ပိုင်း ပေါ်လစ်ဗျူရို ဦးဆောင် ကော်မတီဝင် ၉ ဦး ၏ ညီညွတ်မှု နှင့် ခေတ်မှီသော ပြုပြင်ပြောင်းလဲမှုကိုတရုတ် အမျိုးသမီးငယ်များ က သရုပ်ဖော် နေစဉ်

ပါတီကွန်ဂရက်က ၀ါစဉ်အလိုက် ထုတ်ပြန်တဲ့ စာရင်းအတိုင်းပြောပြရယင်-

  • ၁)မစ္စတာ ဟူကျင်တောင်၊ ၁၉၄၂ ဒီဇင်ဘာမွေး၊ ၅၉ နှစ်၊ ဘေဂျင်းမြို့ ရှင်ဟွာတက္ကသိုလ်က ရေအားလျှပ်စစ် အင်ဂျင်နီယာဘွဲ့ရ
  • ၂) မစ္စတာ ၀ူဘန်ကျို၊ ၁၉၄၁ ဇူလိုင်မွေး၊ ၆၁ နှစ်၊ ရှင်ဟွာတက္ကသိုလ်က အီလက်ထရောနစ် အင်ဂျင်နီယာဘွဲ့ရ
  • ၃) မစ္စတာ ၀မ်ကျင်းဘောင်၊ ၁၉၄၂ စက်တင်ဘာမွေး၊ ၆၁ နှစ် ၊ ဘူမိဗေဒပညာရှင် နှင့် အင်ဂျင်နီယာဘွဲ့ရ
  • ၄) မစ္စတာ ကျန်ကျင်လင်း၊ ၁၉၄၀ မတ်လမွေး၊ ၆၃ နှစ် လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရ၊
  • ၅)မစ္စတာ ဇန်ကျီဟုန် ၊ ၁၉၃၉ ဇူလိုင်မွေး၊ ၆၃ နှစ်၊ ဘေဂျင်းတက္ကသိုလ်မှ ဒုံးပျံအင်ဂျင်နီယာဘွဲ့ရ
  • ၆) မစ္စတာ ဟော်ဂျူး ၁၉၃၈ စက်တင်ဘာမွေး၊ ၆၄ နှစ်၊ ရှင်ဟွာတက္ကသိုလ်က လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရ၊
  • ရ) မစ္စတာ ၀ူရှင်ဇန်၊ ၁၉၃၈ သြဂုတ်မွေး၊ ၆၄ နှစ်၊ ရှင်ဟွာတက္ကသိုလ်က အင်ဂျင်နီယာဘွဲ့ရ၊
  • ၈) မစ္စတာ လီရှန်ချွန်း၊ ၁၉၄၄ ဖေဖော်ဝါရီမွေး၊ ၅၈ နှစ်၊ ဟာဘင်တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရ၊
  • ၉) မစ္စတာ လျှိုခမ် ၁၉၃၅ ဇူလိုင်မွေး၊ ၆၇ နှစ်၊ ဂျာမဏီဖရိုင်ဘတ်တက္ကသိုလ် မှ သတ္တုဗေဒဘွဲ့ရ တွေပါ။

ကမ္ဘာမှာ နိုင်ငံရေးသမား၊ နိုင်ငံအကြီးအကဲ အများစုဟာ ၀ိဇ္ဇာဘွဲ့ရ တွေများတယ်။ အမေရိကန်မှာဆို ၀ိဇ္ဇာ ဘွဲ့ရတွေ၊ ဥပဒေဘွဲ့ရတွေ အများဆုံး နိုင်ငံရေးလုပ်ကြတာတွေ့ရတယ်။ အမေရိကန် သမ္မတသစ် အိုဗားမား ဟာ ဥပဒေဘွဲ့ရတဦး ဖြစ်တဲ့ လူငယ်တဦး ဖြစ်သလို၊ ထိုင်းနိုင်ငံ ၀န်ကြီးချူပ်သစ် အဘီဆစ် ဟာလည်း စီးပွားရေးနှင့် ဥပဒေဘွဲ့ရတဦး ဖြစ်တဲ့ လူငယ်တဦး ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက် က စတင်ပြီး တရုတ်ကွန်မြူနစ်ပါတီမှာ လူငယ် အင်ဂျင်နီယာ နှင့် သိပ္ပံဘွဲ့ရ အတက်ပညာရှင် တွေ ကို နေရာပေး လာတာ တွေ့ရတယ်။ ဒီလူငယ်ခေါင်းဆောင်ပိုင်းတွေက ဦးဆောင်ပြီး ပြုပြင်ပြောင်းလဲမှု တွေပြုလုပ်ခဲ့တယ်။

၂၀၀ရ ခုနှစ်မှာကျင်းပခဲ့တဲ့ ၁၇ ကြိမ်မြောက် တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ ကွန်ဂရက် မှာတော့ ၁၆ ကြိမ်မြောက် ကွန်ဂရက် က ရွေးချယ်ပေးခဲ့တဲ့ အသက်ကြီးရင့်သူ မစ္စတာ ဇန်ကျီဟုန်၊ မစ္စတာ ၀ူရှင်ဇန်၊ မစ္စတာ လျှိုခမ် တို့ဟာ တာဝန်သိသိ အနားယူသွားခဲ့ကြတယ်။ သူတို့ဟာ အဲဒီအချိန်မှာ အသက်ဝန်းကျင်အားဖြင့် ၇၀ နှစ် ကျော် ရှိခဲ့ကြတယ်။ မစ္စတာ ဟော်ဂျူးကတော့ ၂၀၀၇ ခုနှစ် ဇွန်လမှာ ၂ ရက် နေ့မှာကွယ်လွန်သွားခဲ့တယ်။ တရုတ်ကွန်မြူနစ်ပါတီ ၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်က သူတို့ ၄ ယောက် ရဲ့ နေရာမှာ အသက်အရွယ် ငယ်ရွယ်သော အင်ဂျင်နီယာ သိပ္ပံဘွဲ့ရ ၃ဦးနဲ့၊ ဥပဒေဘွဲ့ရ ၁ ဦး ကို ရွေးချယ်တင်မြောက်ပေးခဲ့ကြတယ်။ တရုတ်ကွန်မြူနစ်ပါတီ မှာ အသက် အရွယ်ကြီးရင့်သူ တွေဟာ မိမိ၏အသိစိတ်ဓာတ်ဖြင့် တာဝန်သိသိ အနားယူခဲ့ကြပြီး၊ လူယ်တွေ ကို နေရာ ပေးပြီးရွေးချယ် တင်မြှောက်ခဲ့ကြသော်လည်း၊ မြန်မာနိုင်ငံမှာတော့ သန်းရွှေ ဦးဆောင် တဲ့ စစ်အုပ်စု ခေါင်းဆောင်တွေဟာ လူငယ် အတက်ပညာရှင်တွေ၊ စစ်တပ်က အရည်အချင်း ရှိတဲ့ ပညာတက် လူငယ်တွေ ကို ထောင်ချထားတယ်။ ချောင်ထိုးထားတာ တွေ့ရတယ်။ အမတန်မှ ၀မ်းနည်းစရာကောင်း သလို၊ ဒီအချက်ဟာ မြန်မာပြည် ပြုပြင် ပြောင်းလဲစေမှုကို မဖြစ်ပေါ်လာ စေနိုင်တဲ့အဓိက အကြောင်းအရင်း တခု ဖြစ်လာ ခဲ့ရတယ်။


ကျန်စီမင်း နှင့် ဟူကျင်းတောင် ကို ၁၆ ကြိမ်မြောက် တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ ကွန်ဂရက်၌ အတူတကွ တွေ့ရစဉ်

၁၇ ကြိမ်မြောက် တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ ကွန်ဂရက် က

  • မစ္စတာ လီကွေကျောင်း ၁၉၅၅ ဇူလိုင်မွေး၊ ၅၂ နှစ်၊ ဘေဂျင်းတက္ကသိုလ်က ဥပဒေဘွဲ့ရ
  • မစ္စတာ ဇင်ကျောင်ပင်း ၁၉၅၃ မွေး၊ ၅၄ နှစ်၊ ရှင်ဟွာတက္ကသိုလ်က ဓာတုဗေဒ အင်ဂျင်နီယာ ဘွဲ့ရ
  • မစ္စတာ ဟီကွေ့ကျောင်း ၁၉၄၃ မွေး၊ ၆၄ နှစ်၊ ဓာတုဗေဒ သိပ္ပံ နှင့် အဆင့်မြင့် အင်ဂျင်နီယာ ဘွဲ့ရ
  • မစ္စတာ ဇူယောင်ခမ်း ၁၉၄၂ ဒီဇင်ဘာမွေး၊ ၆၅ နှစ် ၊ စွမ်းအင်၊ ရူပပတ်ဝန်းကျင်ဗေဒ၊ နှင့် အင်ဂျင်နီယာ ဘွဲ့ရ တွေကို ရွေးချယ်ပေးခဲ့ကြတယ်။ ထူးခြားနေတာက အရွေးချယ်ခံခဲ့ရတဲ့ ၃ ဦးဟာ အင်ဂျင်နီယာ ဘွဲ့ရ တွေဖြစ်နေကြပြန်တယ်။

တရုတ်ကွန်မြူနစ်ပါတီမှာ လူကြီးပိုင်းခေါင်းဆောင်တွေဟာ လူငယ်ခေါင်းဆောင် သစ်တွေကို ယုံယုံကြည်ကြည် ဖြင့် ပခုံးပြောင်းတာဝန်ပေးအပ်နေချိန်မှာ၊ မြန်မာနိုင်ငံမှာတော့ အတိုက်အခံနဲ့ စစ်အာဏာရှင် တွေကိုလေ့လာ ကြည့်ရင် ခေါင်းဆောင်မှု ဟာ ဒုတိယကမ္ဘာစစ် မျိုးဆက် တွေဖြစ်ခဲ့ပြီး တာဝန်သိသိ အနားယူမှုတွေ မလုပ်ကြသေးပါဘူး။ လက်ရှိစစ်တပ် မှာ အသက် ၆၅ နှစ်မှာ အနားယူကြရပေမဲ့၊ သန်းရွှေ၊မောင်အေးဟာ အသက် ၇၀ ကျော် ပိုင်းကိုရောက်နေကြပြီ။ ဒီနေ့ မြန်မာစစ်တပ် တတပ်လုံး ဟာ ပြုပြင်လို့မရတော့တဲ့ မြုပ်လုဆဲဆဲ သင်္ဘောအို ကြီးနောက် လိုက်စီးနေကြတဲ့ သဏ္ဍန်နဲ့အလားတူနေတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စံနစ်ကို စတင်ထူထောင်ခဲ့တဲ့ သွားလေပြီဖြစ်သော အာဏာရှင်ကြီး ဦးနေ၀င်းလက်ထပ် က ပြည်သူတွေဟာ ဆင်းရဲကြတယ်။ ရက်စက်စွာ ဖိနှိပ်ခံခဲ့ရတယ်။ နေ၀င်း နေ၀င်ချိန် ရောက်ခဲ့ပြီးတဲ့နောက် သူ့ထက်ဆိုးတဲ့ အယူအဆ၊ အတွေးအခေါ် မပြောင်းလဲတဲ့ စစ်အာဏာရှင် တွေ က ကျနော်တို့ တိုင်းပြည်မှာ ဒီနေ့ထိတိုင် သေခါနီးထိ အာဏာကိုဖက်တွယ်ကာ အုပ်ချုပ်နေကြတယ်။ အာဏာရှင်ကြီး ဦးနေ၀င်း လက်ထပ် မှာ ပြည်သူကို ဥပဒေမဲ့ အကြမ်းဖက်ရန် စံနစ်တကျ ဖွဲ့စည်းထားတဲ့ စစ်အစိုးရ လက်ကိုင်တုတ် များဖြစ်ကြသည့် ကြံ့ဖွတ်အဖွဲ့၊ စွမ်းအားရှင်အဖွဲ့တို့ မရှိကြသေးပါဘူး။ စွမ်းအား ရှင်တွေက ပြည်သူတွေကို ဥပဒေမဲ့ လူမိုက် ဆန်ဆန် ဆွဲရမ်းရိုက်ပုတ်တာ နေရာတိုင်း မှာ တွေ့နေရတယ်။ ရွေးကောက်ပွဲ အနိုင်ရပါတီ ကိုလည်း အာဏာမလွှဲပေးခဲ့ဘူး၊ အတိုက်အခံ တွေကိုထောင်ချခဲ့တယ်။ ကျောင်းသားတွေ ကို နှစ်ရှည် ထောင်ချခဲ့တယ်။ မြန်မာနိုင်ငံမှာ လူလတ် တန်းစားအသိပညာရှင်၊ အတက်ပညာရှင် တွေ ကို ရက်ရက်စက်စက် ဖိနှိပ်ထားတာ တွေ့ရတယ်။ နေ၀င်းဟာ လုပ်ဖော်ကိုင်ဘက်တွေ ပြန်လည်ကြည်ရှု့စောင့်မခဲ့ဘူးတယ်။ သန်းရွှေ၊ မောင်အေး ကတော့ လုပ်ဖော်ကိုင်ဖက် တွေကို အပြီးသတ်နှိပ်ကွပ်ခဲ့တယ်။ မိသားစုတွေကို ရာထူးရာခံပေးပြီး၊ မိသားစု အာဏာရှင်ကို အီရတ်က ဆဒန်ဟူစိန် အစိုးရလို တည်ဆောက်ခဲ့ကြတယ်။ ပြောင်းလဲမှု က အဆိုးဖက်ကို ဦးတည်လာနေတယ်။

အတိုက်အခံ ဘက်မှာလည်း လူ ၅ ယောက်ပေါင်းရင် အသက် ၄၀၀ ကျော်ရှိနေကြတဲ့ သူတွေနဲ့ တိုင်းပြည်ကို ပြည်လည်ထူထောင် ဖို့ တိုက်ပွဲဝင်နေရရင်တော့ ဒါဟာ လက်တွေ့မကျဘူးလို့ ပြောချင်တယ်။ ငါတို့ မရှိရင် မဖြစ်ဘူးဆိုတဲ့ လွဲမှားတဲ့ ပူပန်မှုတွေ၊ဆင်ခြေတွေ၊ နဲ့ အတက်ပညာရှင် လူငယ်တွေကို လေ့ကျင့်ပေးမှု မရှိတာ ၀မ်းနည်းစရာ ကောင်းလှပါတယ်။ ပိုပြီး ၀မ်းနည်းဖို့ကောင်းတာကတော့ လူငယ်တွေ ကိုယ်တိုင်က အမှန်ကို မမြင်ဘဲ လူကြီးတွေလောင်းရိပ်အောက်က ရုံးမထွက်နိင်ပဲ ခေတ်နောက်ကျ နေခြင်း ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ် ပါတီဟာ လူငယ် အတက်ပညာရှင်တွေ ကို နေရာပေးပြီး၊ ပြုပြင်ပြောင်းလဲမှု တွေလုပ်နေတာ ဟာ လက်တွေ့ကျတယ်လို့ ကျနော်မြင်တယ်။ မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်။ တနည်းအားဖြင့် တရုတ်ပြည်ရဲ့ ကံကြမ္မာကို ဖန်တီးမယ့် တရုတ်ကွန်မြူနစ် ပါတီကို ဦးဆောင်နေတဲ့ အင်ဂျင်နီယာ၊သိပ္ပံဘွဲ့ရ ပေါ်လစ်ဗျူရို ဦးဆောင် ကော်မတီဝင် ကိုးဦး ဟာ တိကျမယ်ဆိုတာထက် လက်တွေ့ကျမယ်လို့ ပြောနိုင်တယ်။ လက်တွေ့သမားတွေဟာ သဘောတရား ကို လှေနံဓားထစ် မယူကြဘူး။ ကာလ၊ဒေသ အခြေအနေနဲ့ လိုက်လျှော် ညီထွေ ကျင့်သုံးသွားကြမှာပဲ။

ကျနော်ဆိုလိုချင်တာက တရုတ်ကွန်မြူနစ်ပါတီဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ ပိုင်းဆိုင်ရာ ပိတ်ထားသော တံခါးတွေကို တလွှာခြင်း၊တချပ်ခြင်း ဖွင့်လာခဲ့သော်လည်း၊ မြန်မာနိုင်ငံမှာ န၀တ/နအဖ စစ်အုပ်စု ကတော့ တလွှာခြင်း၊တချပ်ခြင်း ပြန်ပိတ်လို့ လာတာ တွေ့ရတယ်။ မြန်မာနိုင်ငံ၏ လက်ရှိ စစ်အာဏာရှင် သန်းရွှေဟာ ၁၉၈၈ ခုနှစ်မှာ မဆလပါတီ၏ ဗဟို အလုပ်မှုဆောင်ကော်မတီဝင် ဖြစ်ခဲ့ပြီး၊ ၁၉၉၂ မှ ၂၀၁၀ ထိ တဦးတည်းသော အာဏာရှင်ဖြစ်နေတယ်။ မြန်မာပြည်မှာ တယောက်ထဲသော စစ်အာဏာရှင် သန်းရွှေ အုပ်ချုပ်စဉ်မှာ တရုတ်ပြည်မှာ မျိုးဆက် ၃ ဆက် ( တိန့်ရှောင်ဖိန်၊ ကျန်စီမင်း၊ ဟူကျင်တောင်း) လူကော၊ မှုဝါဒဆိုင်ရာပါ ပြုပြင် ပြောင်းလဲမှုတွေကို ပြုလုပ်ခဲ့ကြတယ်။ မြန်မာနိုင်ငံ မှာ တော့ လူကော၊ မှုဝါဒဆိုင်ရာပါ ပြောင်းလဲ လာခဲ့မှုမရှိဘူး။ တရုတ်ပြည်မှာ ပဉ္စမ မျိုးဆက် က ပြုပြင်ပြောင်လဲမှုတွေ ပြုလုပ်ဖို့ တာစူနေတဲ့ အချိန်မှာ၊ မြန်မာနိုင်ငံမှာ အာဏာရှင်သန်ရွှေ က ရွေးကောက်ပွဲ ၂ ကျော့ ပြန်လုပ် ပြီး အာဏာကို ချူပ်ကိုင်ကာ စစ်ကျွန်ဘ၀ ကိုပြန်လည်အသက်သွင်းနေတယ်။ ပြည်သူတွေ ဟာ စစ်ကျွန်ဘ၀ထဲ မှာသာ ဆက်လက် ရုန်းကန်နေပြီး ဒုက္ခဆင်းရဲ ရောက်ရှိနေကြတယ်။

မြန်မာနိုင်ငံ၊ ကျူးဘားနိုင်ငံ၊ ဇင်ဘာဘွေနိုင်ငံတွေ ဟာ ဘာကြောင့် မအောင်မြင်သော နိုင်ငံတွေ၊ တိုးတက်မှု မရှိသော နိုင်ငံတွေ၊ ကျရှုံး တဲ့နိုင်ငံတွေ ( Failed States) အဖြစ် ဖြစ်လာနေရလဲ။ အဖြေ ကတော့ရှင်းပါတယ်။ တရုတ် နိုင်ငံနဲ့ နှိုင်းယှဉ်ရရင်တော့ တရုတ်လူငယ်ခေါင်းဆောင်တွေဟာ ခေတ်နဲ့ အညီ ပြုပြင် ပြောင်းလဲ လိုစိတ်ရှိတယ်။ သူတို့ ဟာ ယုံကြည်တဲ့ကွန်မြူနစ်ဝါဒနဲ့ တရုပ်ပြည်သူတွေရဲ့ အကျိုးကို နှိုင်းယှဉ် လာတဲ့အခါမှာ ပြည်သူအကျိုး၊ တိုင်းပြည်အကျိုးကို ဦးထိပ်ပန်ဆင်ပြီး ပြုပြင် ပြောင်းလဲမှုတွေ ကို ရဲရင့်စွာလုပ်ကိုင်ခဲ့ကြတယ်။ တရုတ်နိုင်ငံမှာ မျိုးဆက် ၃ ဆက် ပြန်လည် ပြုပြင် ပြောင်းလဲမှုပြုလုပ်ပြီး ခေတ်သစ် ၂၁ ရာစုကို ချီတက်နေစဉ်မှာ ကျရှုံး နေတဲ့ မြန်မာနိုင်ငံ၊ ကျူးဘားနိုင်ငံ၊ ဇင်ဘာဘွေနိုင်ငံတွေ မှာ ၂၀ ရာစု ပြန်လှည့်ပြီး အာဏာရှင် ရှင်စံနစ်ကို တည်ဆောက်နေကြတယ်။ အတ္တကြီး အသိအဥာဏ်မဲ့ မြန်မာစစ်အာဏာရှင်တွေက ပြည်သူတွေကို ငါးတွေ၊ဖားတွေ စားပြီး ၂၁ ရာစုမှာ ကျောက်ခေတ်လူသားတွေလို နေလို့ ရပါတယ်လို့ ပြောနေတဲ့အချိန်မှာ၊ တရုတ်ခေါင်းဆောင်တွေဟာ တနှစ်ကို လူဦးရေ ၁၅ မီလီယံကျော် အစာရေစာငတ် မွတ်ခေါင်းပါးမှု၊ ဆင်းရဲနွမ်းပါးနေမှုတွေကို တိုက်ဖျက် ခဲ့ကြတယ်။ ၁၉၇၈ ခုနှစ် တိန့်ရှောင်ဖိန်၏ ဒုတိယ မျိုးဆက် စီးပွားရေးပြုပြင်ပြောင်းလဲမှု အတွင်း လူဦးရေသန်းပေါင်း၂၅၀ ကျော်ဟာ အစာရေစာ ငတ်မွတ် ခေါင်းပါးမှု၊ ဆင်းရဲနွမ်းပါးနေမှု ခံစားနေရာက သန်းပေါင်း ၅၀ ထိ လျှော့ချနိုင်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ် နောက်ဆုံးထားပြီး ကျန်တဲ့ လူပေါင်း သန်းပေါင်း ၅၀ ကို ဆင်းရဲနွမ်းပါးနေမှုမှ ပပျောက် နိုင်အောင် ရည်မှန်းချက်ထားပြီး အပြီးသတ်တိုက်ဖျက်သွားမယ်ဆိုတာ ဟာ အမတန် မွန်မြတ်လို့ အတုယူစရာ ကောင်းလှ တယ်။ မြန်မာစစ်အာဏာရှင်တွေဟာ ကြပ်ပြေး နေပြည်တော် တည်ဆောက်နေချိန်မှာ တရုတ်ခေါင်းဆောင် တွေက လကမ္ဘာ နဲ့ အာကာသ ကို တက်နိုင်အောင်အစွမ်းကုန် ကျိုးစားခဲ့ကြတယ်။






တရုတ်နိုင်ငံ၏ ဆင်းရဲမွဲတေမှု အညွှန်ပြ ဇယားများ

မြန်မာနိုင်ငံမှာ အာဏာရှင်ကြီး ဦးနေ၀င်း သက်ရှိ ထင်ရှားစဉ်က “ တကယ်လို့သာ သူသာ တိုင်းပြည်က ထွက်ပြေးခဲ့ရရင် သူ့ ကို ဘယ်နိုင်ငံက ခိုလှုံခွင့်ပေးမလဲ။ သူ့ကို ဘယ် သူကအကာအကွယ်ပေးကြမလဲ” ဆိုတဲ့ မေးခွန်းကို မြန်မာနိုင်ငံ က ပြည်သူတွေအမတန်မှ စိတ်ဝင်တစားရှိခဲ့ကြတယ်။ မြန်မာ့ဝါရင့် နိုင်ငံရေးသမား တွေက တော့ အာဏာရှင်ကြီး ဦးနေ၀င်း မှာ သူ့နဲ့အမတန်မှ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသော တချို့ အိမ်နီးချင်း နိုင်ငံခေါင်းဆောင် တွေဖြစ်ကြတဲ့ လီကွမ်ယု၊ ဆူဟာတို၊ နဲ့ မဟာသီရာမိုဟာမတ် တို့က အကာအကွယ် ပေးကြလိမ့်မယ်လို့ တွက်ဆကြတယ်။ အဲဒါဆိုရင် ယနေ့ မြန်မာ စစ်အာဏာရှင်သန်းရွှေ သာ ထွက်ပြေးခဲ့ရရင် သူ့ ကို ဘယ်နိုင်ငံက ခိုလှုံခွင့်ပေးမလဲ။ သူ့ကို ဘယ် သူက အကာအကွယ်ပေးကြမလဲ” လို့ စာဖတ်သူတို့ ထင်ပါသလဲ။ အဖြေကတော့ရှင်းပါတယ်။ ဘယ် အိမ်နီးချင်းနိုင်ငံခေါင်းဆောင်ကမှ သန်းရွှေကို လက်ခံမှာ မဟုတ်ပါဘူး ။ သူ့နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသော အိမ်နီးချင်းနိုင်ငံခေါင်းဆောင်တွေ မရှိသလို၊ သူ့မှာ နိုင်ငံရေးဂုဏ်သိက္ခာလည်း မရှိလို့ ဘယ်သူမှ လက်ခံမှာ မဟုတ်ပါဘူး။ အိမ်နီးချင်း နိုင်ငံတွေကို လေ့လာကြည့် ပြန်ရင်လည်း အာဏာရှင် နိုင်ငံတွေဖြစ်တဲ့ စင်္ကာပူမှာ လီကွမ်ယု မရှိတော့ သလို၊ မလေးရှား မှာ မဟာသီ လည်းမရှိတော့ဘူး။ အင်ဒိုနီရှားမှာ ဆူဟာတို လည်းမရှိတော့ပါဘူး။ ဒီနိုင်ငံတွေ ဟာ တရုတ်ပြည်လိုဘဲ လျှင်မြန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တယ်။ ခေါင်းဆောင်အသစ် တွေကို အစားထိုးခဲ့ပြီးပါပြီ။

တကယ်ဘဲ ကျနော်တို့တိုင်းပြည်ကို တရုတ်ပြည်လို တိုးတက်ခြင်ပါသလား။ အဖြေကတော့ ရှင်းပါတယ်။ တရုတ်ပြည်လို လုပ်ရမှာပေါ့။ တရုတ်ပြည် မှာ တိုင်းပြည်နှင့် ပြည်သူ ကောင်ကျိုး အတွက် လူဆိုတဲ့ ဦးဆောင်မှုအပိုင်းကော၊ မူဆိုတဲ့ အတွေးအခေါ် အယူအဆတွေ ကို ခေတ်နဲ့ အညီ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ခဲ့တယ်။ မြန်မာပြည် ဟာ တရုတ်ပြည်လို တိုးတက်ခြင်း ရင်တော့ သူတို့လုပ်ခဲ့ သလို လူကော၊မူ ကော ခေတ်နဲ့အညီ ပြောင်းလဲ ရပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ကတော့ တရုတ်ပြည် ဘာလို့ တိုးတက်သလဲ။ ကျနော်တို့လူငယ်တွေ သိတယ်။ မြန်မာပြည် ဘာလို့ မအောင်မြင်သော နိုင်ငံ၊ တိုးတက်မှုမရှိသော နိုင်ငံ၊ ကျရှုံး တဲ့နိုင်ငံ ( Failed States) ဖြစ်နေသလဲ။ ကျနော်တို့လူငယ်တွေသိပါတယ်။ ကျနော်တို့ မှာ အဖြေလည်းရှိပါတယ်။ လူနဲ့ မူဝါဒဆိုင်ရာ မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ဆိုတာ ပါဘဲလို့တင်ပြယင်း-


မြန်မာပြည် ကံကြမ္မာအတွက် စစ်တပ်အတွင်း မှန်ကန်တဲ့ လူ နှင့် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ် နိုင်ကြပါစေ။


Ref:

ဂိုဂဲလ် - တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက်

ဂိုဂဲလ်- တရုတ်နိုင်ငံ၏ ပေါ်လစ်ဗျူရို ကော်မတီ

မောင်ဝံသ - ”ဂလိုဘယ်လိုက်ဇေးရှုင်း၊ သဲတရှပ်ရှပ်” စာအုပ်


Rest of your post

3 comments :

Anonymous said...

ဗဟုသုတတွေမျှယူသွားပါတယ်ခင်မျာ.. လက်ဆင့်ကမ်းသွားမှာပါ... ကျေးဇူးပါ။

Anonymous said...

ဖတ်သွားပါတယ်.. ဆက်လက်မျှဝေသွားပါ့မယ်

Anonymous said...

ကျေးဇူးတင်ပါတယ် ကိုမြတ်စိုးခင်ဗျား...အကောင်းစား စာတမ်း တခုပါဘဲ