Wednesday, 31 December 2008

အတွေ့လေးရယ် မှ အိုအကြုံ

ဘန်ကောက်လေဆိပ်


ကျော်သိင်္ခ
ဒီဇင်ဘာ ၃၁ ရက်

ကျနော် ယခုတစ်ခေါက် ထိုင်းကနေ မလေးရှားကို ပြန်အလာမှာ ကြုံလိုက်ရတဲ့ အတွေ့အကြုံတစ်ခုကို ပြောပြချင်တာပါ။ ကောင်းတဲ့ အတွေ့အကြုံတော့မဟုတ်ပါဘူး။ ဆိုးတဲ့ အတွေ့အကြုံပါ။ တော်တော်ကို ဆိုးဆိုးဝါးဝါး ဖြစ်သွားတာပါ။

ကျနော့်အလုပ်က လိုအပ်ရင်လိုအပ်သလို ဟိုနားဒီနား နိုင်ငံတွေကို မကြာခဏ ခရီးထွက်ရပါတယ်။ ဟိုနားဒီနားနိုင်ငံတွေ ဆိုတာက မြန်မာနိုင်ငံနှင့် မနီးမဝေးနိုင်ငံတွေကို ပြောတာပါ။ ဒါကြောင့် သံရုံးတွေမှာ ဗီဇာလျှောက်တာတို့၊ လေယာဉ်လက်မှတ်ဝယ်တာတို့မှာ ကိုယ့်အတွေ့အကြုံကြောင့် ပွဲစားမလိုဘဲ ကိုယ်တိုင်ဘဲလျှောက်တာများပါသည်။

ဒီတစ်ခေါက် မလေးရှားကနေ ထိုင်းကိုသွားဖို့အတွက် လေယာဉ်လက်မှတ်ကို Air Asia လေကြောင်းလိုင်းကနေ ကွာလာလမ်ပူ-ဘန်ကောက်-ကွာလာလမ်ပူ ဆိုပြီး နှစ်ကြောင်းစာ (round trip) ၀ယ်ပါသည်။ ကွာလာလမ်ပူကနေ ထိုင်းကို သွားဖို့အတွက် ကွာလာလမ်ပူလေဆိပ်ရှိ Air Asia လေယာဉ်လက်မှတ်စစ် ကောင်တာမှာ တန်းစီပါသည်။ Air Asia လက်မှတ်စစ်ဝန်ထမ်းက လေယာဉ်လက်မှတ်ကို စစ်ဆေးပြီး၊ ခရီးဆောင်သေတ္တာကို လက်ခံထားလိုက်ပါတယ်။ မလေး immigration ကလည်း ကြည်ကြည်သာသာဘဲ အထွက်တုံးကို ထုပေးလိုက်ပါတယ်။

ဒီလိုနဲ့ ဘန်ကောက်လေဆိပ်ကို ရောက်တော့လည်း ထိုင်း immigration က အသာတကြည်ဘဲ အ၀င်တုံးကို ထုပေး လိုက်ပါတယ်။ ထိုင်းမှာ နှစ်လ နေပြီး မလေးကို ပြန်လာတော့ ဘန်ကောက်လေဆိပ်မှာ ပြဿနာ အကြီးအကျယ် တက်ပါတော့သည်။

ကျနော်လည်း သူများတွေတန်းစီသလို Air Asia လေယာဉ်လက်မှတ်နဲ့ လက်မှတ်စစ်ကောင်တာမှာ တန်းစီပါသည်။ ကျနော့် အလှည်ရောက်တော့ ကောင်တာက လက်မှတ်စစ်တဲ့ အမျိုးသမီးက ကွာလာလမ်ပူ-ရန်ကုန် အပြန်လက်မှတ်ကို တောင်းပါသည်။ ကျနော်က ကျနော်ယခု မလေးရှားသို့ သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဘန်ကောက်-ကွာလာလမ်ပူလက်မှတ်သာရှိကြောင်း ပြောရာ၊ လက်မှတ်စစ် အမျိုးသမီးက သူ့ဘေးနားတွင်ရှိသော အခြားလက်မှတ်စစ်ဝန်ထမ်းများကို ခေါ်ပြီး၊ ကျနော့် ဗမာပတ်စ်ပို့ ကို မြှောက်ကာ၊ မြှောက်ကာနှင့် ဘာတွေပြောနေမှန်းမသိ။

ကျနော်လည်း ကျနော့်နောက်က တန်းစီးနေကြသည့် အခြားနိုင်ငံသားများကိုလည်း အားနာတာကြောင့် လက်မှတ်စစ် အမျိုးသမီးအား ကျနော့် လေယာဉ်လက်မှတ်နှင့် ပတ်စ်ပို့တွင် မည့်သည့်ပြဿနာရှိနေကြောင်း မေးရာ၊ လက်မှတ်စစ်က ကွာလာလမ်ပူ-ရန်ကုန် လေယာဉ်လက်မှတ်မရှိလျှင်၊ ယခု ဘန်ကောက်-ကွာလာလမ်ပူ သို့သွားမည့်ခရီးစဉ်တွင် လိုက်ခွင့် မပြုနိုင်ကြောင်း၊ ကျနော့်အနေနှင့် မကျေနပ်ပါက ကြိုက်သည့်လေကြောင်းလိုင်းကို ပြောင်း၍ စီးနိုင်ကြောင်း၊ မခြေမငံ ပြောပါသည်။ ထိုမျှလောက် စကားအရှည်ကြီးပြောနေရသဖြင့် ဘေးနားက အခြားသူများပါ လှည့်ကြည့်လှည့်ကြည့် ဖြစ်ကုန်ကြပါသည်။ ကျနော့်နောက်တွင် တန်းစီနေသည့် အခြားနိုင်ငံခြားသားများကိုလည်း အားနာသဖြင့် ကျနော့် ခရီးဆောင် သေတ္တာကို လက်မှတ်စစ်အာ ပြန်လာမည်ဟုပြောကာ အပ်ထားခဲ့ပြီး၊ အပြင်ဘက်တွင် တစ်ခုခု စဉ်းစားရန် ထွက်လာခဲ့သည်။ လေယာဉ်ထွက်ဖို့က တစ်နာရီခွဲလောက်တော့ လိုပါသေးသည်။

ကျနော် တက္ကစီငှားပြီး နီးစပ်ရာ အင်တာနက် ဆိုင်သို့ ပြေးပါသည်။ သံရုံးတွေမှာ ဗီဇာမလျှောက်ခင် လုပ်သလို လုပ်ရတော့သည်။ ဗီဇာလျှောက်လျှင် ကျနော့်အနေဖြင့် လေယာဉ်လက်မှတ်ကို မည်သို့ လုပ်သည်ကို ကျနော်ကဲ့သို့ ကြုံတွေ့ရသူများအတွက် ဗဟုသုတအဖြစ်ပြောပြချင်ပါသည်။ မည်သည့်သံရုံးတွင်မဆို ဗီဇာလျှောက်ပါက လေယာဉ်လက်မှတ်ကို အသွားအပြန် ၀ယ်ပြီး ပြရသည်။ ဘန်ကောက်ရှိ စင်္ကာပူသံရုံးတွင် ဗီဇာလျှောက်စဉ်က လေယာဉ်လက်မှတ် အသွားတစ်ကြောင်း ဆုံးခဲ့ဖူးသည်။ လေယာဉ်လက်မှတ်အသွားအပြန်ကို ပြရမည်ဆို၍ ဗီဇာလျှောက်သည့်နေ့နှင့် တစ်ပတ်ခွာပြီး ၀ယ်ပါသည်။ သို့သော် ဘန်ကောက် စင်္ကာပူ သံရုံးက လေယာဉ်ထွက်မည့်နေ့တွင် ဗီဇာထုတ်မပေး၍ လေယာဉ် လက်မှတ် အသွားတစ်ကြောင်း ဆုံးခဲ့ရသည်။

နောက်ပိုင်းတွင် လေယာဉ်လက်မှတ် ၀ယ်နေကျဖြစ်သည့် အေးဂျင့်နှင့်ညှိရသည်။ နောင်ကို ဘယ်ကိုသွားသွား လေယာဉ်လက်မှတ် ကို သူ့ထံကပင် ၀ယ်မည့်ဖြစ်ကြောင်း၊ သူ့အနေနှင့် for show လေယာဉ်လက်မှတ် အတွက်လုပ်ပေးစေလိုကြောင်း၊ ပိုက်ဆံ ပေးမည်ဖြစ်ကြောင်းပြောရာ အေးဂျင့်က for show လေယာဉ်လက်မှတ်အတွက် ပိုက်ဆံမယူကြောင်း၊ လုပ်ပေးမည်ဖြစ်ကြောင်း ပြောပါသည်။ For show လေယာဉ်လက်မှတ်ဆိုတာတစ်ကယ်တော့ လေယာဉ်လက်မှတ်အတုမဟုတ်ပါ။ သံရုံးတွေကို ဗီဇာ လျှောက်ရာမှာ လေဆိပ်တွေမှာ ကိုယ့်နိုင်ငံကို ပြန်မယ့်လေယာဉ်လက်မှတ်ကို ပြခိုင်းတဲ့အခါမှာ ကိုယ်က ကိုယ့်နိုင်ငံကို ပြန်မယ့် အစီအစဉ်မရှိသေးတဲ့အခါမှာ ခရီးသွားကုမ္ပဏီတစ်ခုက လေယာဉ်လက်မှတ် တစ်ခုကို အပြသက်သက် (for show) အတွက် ယာယီလုပ်ပေးတာဖြစ်ပါတယ်။

ထိုအချိန်မှ စ၍ ဗီဇာလျှောက်လျှင် လေယာဉ်လက်မှတ်၊ ဟော်တယ် booking တို့ကို for show လုပ်ပြီး လျှောက်ပါသည်။ လေယာဉ်လက်မှတ်မှာလည်း ကိုယ်သွားမည့်နိုင်ငံကနေ ရန်ကုန်ကို ပြန်မည့် for show လက်မှတ် ဖြစ်ပါသည်။ ထိုအခါမှ ဗီဇာလျှောက်လျှင်အဆင်ပြေပါတော့သည်။ လေယာဉ်လက်မှတ် နှင့် ဟော်တယ် booking စာရွက်ပေါ်တွင်လည်း ကိုယ် booking လုပ်သည့် ခရီးသွားအေးဂျင့် လိပ်စာကိုလည်း ဖော်ပြပေးထားပါသည်။ အကယ်၍ သံရုံးမှ ကုမ္ပဏီကို ဖုန်းဆက်၍မေးလျှင်လည်း ပြဿနာမရှိပါ။ အစစအရာရာ ကြိုတင်တိုင်ပင်ထား၍ အဆင်ပြေသည်။

ယခုတစ်ခါလည်း ထိုကဲ့သို့ပင် မလေးရှားသို့သွားရန် လေယာဉ် လက်မှတ်မှာ Air Asiaဖြစ်သည့်အတွက် အပြန်လက်မှတ် (ကွာလာလမ်ပူ-ရန်ကုန်) လက်မှတ်မှာ အခြားလေကြောင်းလိုင်း တစ်ခုခုမှ လက်မှတ်ဖြစ်မှရမည်။ သို့နှင့် အင်တာနက်ပေါ်တွင် ၄၅ မိနစ်လောက် အချိန်ကုန်ခံပြီး၊ အေးဂျင့်နှင့် လှမ်းပြီး ဆက်သွယ်ရသည်။ နောက်ဆုံးတွင် ကွာလာလမ်ပူ-ရန်ကုန်လက်မှတ် (for show) ရလာပါသည်။ Air Asia လက်မှတ်စစ်ကောင်တာတွင် သွားပြီး တန်းစီသည်။ လေယာဉ်ထွက်ရန် ၃၀ မိနစ်သာလိုတော့သည့်အတွက် ကောင်တာတွင် လူရှင်းနေသည်။ လက်မှတ်စစ်အမျိုးသမီးက လေယာဉ်လက်မှတ် (ဘန်ကောက်-ကွာလာလမ်ပူ) ကို ကွန်ပျူတာတွင် စစ်ဆေးသည်။ မလေးရှားသို့ သွားရန် ၀ယ်ထားသည့် လက်မှတ် (အစစ်) ဖြစ်သည့် အတွက် ဘာမှ ပြဿနာမရှိ။ အမှန်အကန်။ နောက်ထပ် ကွာလာလမ်ပူ-ရန်ကုန် လက်မှတ်ကို စစ်သည်။ သူ့လေကြောင်းလိုင်းမှ ၀ယ်ထားသည့် လက်မှတ်မဟုတ်သည့်အတွက် ကွန်ပျူတာနှင့် စစ်ဆေးလို့မရ။ အမြင်အားဖြင့်သာ ကြည့်၍ရသည်။ သို့နှင့် ကျနော့် ခရီးဆောင် သေတ္တာကို လက်ခံလိုက်ပြီး၊ လေယာဉ်ထိုင်ခုံနံပါတ် စလစ်ပ် ထုတ်ပေးလိုက်သည်။ ထိုအခါကျမှ ရင်ထဲမှ အလုံးကြီး လျော့ကျသွားတော့သည်။ ဘန်ကောက်လေဆိပ်က ကြီးသည့်အတွက် လေယာဉ်ထွက်မည့် ဂိတ်သို့လမ်းလျှောက်သွားရသည်ကပင် ၁၅ မိနစ်လောက်ကြာသည်။

ကိုယ့်ကိုယ်ကို (အထူးသဖြင့်) ခရီးသွားသည့် အခါများနှင့် ဗီဇာလျှောက်သည့်အခါများတွင် အတတ်နိုင်ဆုံး စမတ်ကျကျ စတိုင်ကျကျ ၀တ်သွားလေ့ရှိပါသည်။ သို့သော် ဗမာလူမျိုး၊ ဗမာပတ်စ်ပို့ ကိုင်ထားရသည်မှာ ရှေးလူကြီးသူမများပြောသလို ပွင့်ပွင့်လင်းလင်းပြောရလျှင် "မျက်နှာ သနပ်ခါး၊ ပေါင်သေးကြောင်း" ဆိုသကဲ့သို့ပင်ဖြစ်သည်။ လေဆိပ် immigration မှာဖြစ်ဖြစ်၊ လေယာဉ်လက်မှတ်စစ် ကောင်တာ တွေမှာဘဲဖြစ်ဖြစ်၊ သံရုံးတွေမှာဘဲဖြစ်ဖြစ် အတတ်နိုင်ဆုံး အချိုသာဆုံး ပြုံးပြပါသည်။ သို့သော် ဗမာပတ်စ်ပို့ ကိုင်ထားသော၊ ဗမာလူမျိုးများအတွက် "အထူးကြည့်" ဖြင့် အကြည့်ခံရတာ များပါသည်။ ဗမာလူမျိုးများအတွက် အထူးကြည့်ဆိုသည်မှာ "အထင်သေးသည့်အကြည့်" ကိုပြောတာဖြစ်ပါသည်။

သံရုံးတွင် ဗီဇာလျှောက်ရမည့် နေ့များနှင့် ခရီးသွားရမည့်နေ့များတွင် ဘုရားရှိခိုးလျှင် ငါးပါးသီလ မခံပါ။ အမြဲတမ်း လိမ်နေရ သည့် ဘ၀က အမြန်ကျွတ်ပါစေဟုသာ ဆုတောင်းမိသည်။ သို့သော်လည်း လိမ်လည်ခြင်း ကို စောဒကတက်ပြီး ခွဲခြမ်း စိတ်ဖြာ ပါရစေ။ အနက်ရောင်မုသား (Black Lie) နှင့် အဖြူရောင် မုသား (White Lie) ဟူ၍ရှိရာ။ အဖြူရောင် မုသားသည် မည်သူ တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေခြင်း မရှိပါ။ ထို့ကြောင့် ကျနော့်အနေနှင့် ဆိုရပါမူ "သွားပါများ ခရီးရောက်" မဟုတ်ပါ။ "လိမ်ပါများမှ ခရီးရောက်" မည့် ကိန်းဆိုက်နေကြောင်း ကျနော့်အတွေ့အကြုံနှင့် ယှဉ်ပြီး ဆိုချင်ပါသည်။

ကျော်သိင်္ခ




Rest of your post

1 comment :

Thet Oo said...

ဒီဆောင်းပါးရဲ့ မူရင်းက ကိုမိုးသီးဘလော့ဂ်ပဲလား။ ဒါမှမဟုတ် တခြားဘလော့ဂ် (သို့) တခြား ၀က်ဘ်ဆိုဒ်ကလား သိချင်ပါတယ်။ ရေးထားတာလေး သဘောကျလို့ပါ။