Sunday 14 December 2008

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ တပိုင်းတစ

Bo Letya, Bo Setkya and Bo Teza (Bogyoke Aung San) in Japan. (1941)
ဂျပန်ရောက် ဗိုလ်လက်ျာ၊ ဗိုလ်စင်္ကြာ၊ ဗိုလ်တေဇ (၁၉၄၁)

ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ လိုက်ပါသွားသော ဗိုလ်ရန်အောင် ကိုယ်တွေ့ ပြောပြချက် ကို (အိုးဝေ မဂ္ဂဇင်းဂဏ္ဍ) တွင် ရေးသားဖော်ပြ သည်။ ကျည်ထောင် ဆရာစိန် ခေါ် စိန်မင်းသား ၏ ရေးသား ထားသည့်ဆောင်းပါး ဖြစ်ပါသည်။ စာဖတ်သူ အားလုံးလေ့လာနိုင်ရန် မှုရင်းအတိုင်း ပြန်လည်တင်ပြလိုက်ပါသည်။

( မောင်လူအေး)


သခင်အောင်ဆန်း နိုင်ငံခြားသို့ စွန့်ထွက်ပုံ


ခင်ဗျား မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် အသက်စွန့်ပြီး " နိုင်ငံခြား သွားရမယ် ဆိုရင် လိုက်နိုင်ပါ့မလား" ဟု သခင်လှဖေ(ယခု) ဗိုလ်လင်္ကျာ ကာကွယ်ရေးဝန်ကြီးဟောင်း က သံလျင် အလုပ်သမား အတွင်းရေးမှုး သခင်လှမြိုင် ကို မေးလိုက်၏။ အလုပ်သမား ကိစ္စ အရေးတော်ပုံကြောင့်၊ ထောင်ခဏ ခဏ ကျနေသော သခင်လှမြိုင် က "သွားမယ် လိုက်မယ်" ဟု ဂတိပေးလိုက်လေသည်။

အချိန်ကား ဒုတိယ ကမ္ဘာစစ် ပွဲထဲသို့ ဂျပန်ပြည် က မပါသေး။ အနောက် နိုင်ငံမှာ ခြိမ့်ခြိမ့်သဲမျှ တိုက်ပွဲ ဆင်ကြ လေပြီ။ တရုပ်လူမျိုး အပြည့်နှင့် တရုပ်ပြည်သွား သင်္ဘောပေါ်၌ တရုပ်လူမျိုးကဲ့သို့ ၀တ်စား ထားသော တရုပ်စကားမတတ်သည့် သခင်အောင်ဆန်း နှင့် သခင်လှမြိုင် တို့ ၎င်း သင်္ဘောပေါ် ၌ ပါဝင်လျက် ရှိရာ၊ ၃-ရက်ရှိပြီ။ စင်္ကာပူ ကိုလည်း ရောက်လုလု ဖြစ်သော အခါ ၊ သခင်လှမြိုင် က အနီး ရှိ စကားမပြော တုံဏှိ ဘောလုပ်နေသော သခင်အောင်ဆန်း အား - "အစ်ကိုကြီး ကျွန်တော်တို့ ဘယ်သွားလို့ ဘယ်ရောက်ကြမှာလဲ" ဟု မေးလိုက်သော အခါ၊ လုံးဝ စကားမပြောဘဲ အစဉ်သဖြင့် တွေဝေ စဉ်းစား နေရာက၊ "အသာနေစမ်းဗျာ၊ မမေးစမ်းနဲ့" ဟု မာန်လိုက်လေသည်။ သိချင်သူ သခင်လှမြိုင် အရှုံး ပေးရ၏။ စကားပြန်မပြောဘဲ နေမြဲနေလေသည်။

အုန်းသီးများ နှင့် အတူ သင်္ဘောစီးရခြင်း

ယင်းသို့လျှင် သင်္ဘောကြီး သွားမြဲ သွားနေရာ၊ စင်္ကာပူ ခံတပ်မှ လွတ်ပြီး တရုပ် ပင်လယ်သို့ ရောက်သွားတော့ လေရာ၊ ဆိုင်ကလုံ လေနီကြမ်းသည် ပြင်းပြင်းထန်ထန် တိုက်ခတ်သည်နှင့် သင်္ဘောကြီး ပုခက်လွှဲ သကဲ့သို့ ၂-နာရီ နီးပါးခန့် ကြုံရလေပြီ။ သင်္ဘောပေါ်ရှိ ကုလားထိုင် စားပွဲ ပစ္စည်း အမျိုးမျိုး ဂျွန်းထိုးမှောက်ခုန်၊ စီးနင်းသူတို့ လည်း ရပ်တည် မနေနိုင်။ ပုန်းစရာရှာမတွေ့ မူး၍ အံ၍ အော့ ၍ ပြော့ခွေတော့လေရာ၊ သခင်အောင်ဆန်း မှာ အုန်းသီးများ ထားသော အခန်းထဲ၌ သင်္ဘော မူးလျက် သတိမေ့လျော့ ပြော့ခွေ သွားတော့လေသည်။ သခင်လှမြိုင် က သင်္ဘောမမူးတတ်၊ သခင်အောင်ဆန်း၏ ကိုယ်ပေါ်၌ ကြွက်ငယ်များ လိုက်တန်းပြေးတန်း ကစားနေသလို ဖြတ်ကျော်နေသော အုန်းသီးများ ကို ဖယ်ပေးနေရတော့သည်။လေနီကြမ်း မရပ်မချင်း သခင်အောင်ဆန်း သင်္ဘောမူး မပျောက် အလူးအလဲ ခံနေရတော့လေသည်။

တဖန် စုံထောက် နာမည်ကျော်များ ပြည့်နှက်သော ဟောင်ကောင် သင်္ဘောဆိပ် မှ လွတ်ထွက်၍ ကောလုံစု ကျွန်းငယ်သို့ ရောက်၍ သင်္ဘော ပေါ်မှ ဆင်းလေရာ၊ ၎င်းကျွန်းသို့ ရောက်၍ သင်္ဘောပေါ်မှ ဆင်းလေရာ၊ ၎င်းကျွန်းသည် အမေရိကန်၊ အင်္ဂလိပ်၊ တရုပ်၊ ဂျပန် စသော နိုင်ငံ တို့ က ၇-ရက် တလှည့်စီ အုပ်ချုပ်ရသော ကျွန်းဖြစ်လေသည်။ ထိုနေ့က အင်္ဂလိပ် အုပ်ချုပ်ရသော အပါတ်ဖြစ်၍ အင်္ဂလိပ် အစိုးရက သခင်အောင်ဆန်း မိလျှင် ဆုငွေ ၅-ကျပ် ထုတ်ထားသော ၀ရမ်းပြေး ဖြစ်ရာ စိုးရိမ်ဘွယ် ဖြစ်သွားလေသည်။ ရှေ့တိုး နောက်ဆုတ် ခက်နေသည်၊ တရုတ်စကားမတတ်၍ တရုပ်လူမျိုးများ အနီးသို့ ယှဉ်မရပ်ရဲသော သခင်အောင်ဆန်းနှင့် သခင်လှမြိုင် မှာ အိပ်ရာလိပ်သေတ္တာ ကိုဆွဲလျက် မရဲသော်လည်း ပြေးခဲစေဆိုသကဲ့သို့ ဟန်မပျက်နေ၍ သွားနေစဉ်၊ အစဉ်မပြတ်အကဲခတ်နေသော တရုတ်လူမျိုး ပုလိပ်တို့က မသင်္ကာ၍ ဘမ်းတော့လေသည်။ ဤသို့ အဘမ်းခံရသည် အထိ သခင်အောင်ဆန်း မှာ မတုံမလှုပ် သူတို့ခေါ်ရာသို့ လိုက်ပါမြဲ လိုက်ပါသွားလေရာ၊ အတူပါ သခင်လှမြိုင် မှာ အကြံအမျိုးမျိုး ထုတ်ရာမှ နောက်ဆုံး ပုလိပ်ကို ငွေ ၇၅-ကျပ်ပေးလိုက်မှ လွတ်ရတော့ လေသည်။

မဟောသဓာနည်းနှင့် ပြည်ကြီးသူများ ကိုမိတ်ဆက်ခြင်း


ကောလုံစု ကျွန်းပေါ်မှ တနေ့ ၄-ကျပ် ပေးရသော တရုပ်ဟော်တယ် ပေါ်၌ ခရီးလမ်း အစီအစဉ် မရှိ တည်းခိုနေရလေရာ၊ ၃-လခန့်ကြာသွား လေပြီ။ ပါလာသမျှ စရိတ်လည်း မရှိတော့ မြန်မာနိုင်ငံသို့ ပြန်၍ စရိတ်ငွေ ပြန်မှာသော အခါ၊ ထိုစဉ်အခါက သခင် အစည်းအရုံးဝင် မှန်လျှင် ငတ်သည် ပြတ်သည်၊ လူတိုင်းအထင်သေးနေသည်၊ စရိတ်ပေး ပို့ရန် မဖြစ်နိုင်ကြောင်း စာပြန်လာသည်။ ရှေ့အဘို့ မည်ကဲ့သို့ ကြံရပါမည်နည်း။ သခင်အောင်ဆန်း မှာ မူ ဟော်တယ် အခန်းထဲက မထွက်၊ စကားမပြော စာအုပ်ကြည့်၍ သာ နေထိုင်သည်။ စားစရိတ်မရှိ၊ စားစရာ မကျန် ၀တ်စရာ မရှိ၊ ဟိုသည် ကိုပင် မသိသလိုပင် နေထိုင်လေတော့ သည်။ သခင်လှမြိုင် မှာ နေ့စဉ် နေ့တိုင်း ငွေရရန် ရှာဖွေရလေရာ၊ နောက်ဆုံး အင်္ဂလိပ် စာပြ ဆရာ တလ ၃၀ိ- နှင့် အလုပ်တည့်လာသည်နှင့် အားရ၀မ်းသာ ဟော်တယ်သို့ ပြန်လာလေသည်။ သို့သော် အချိန်ကား ညနေ ၄-နာရီခန့်ဖြစ်၏။ ဟော်တယ် နှင့် မနီးမဝေး တွင် တရုပ်လူမျိုး ဖြူဖြူချောချော အပျိုကလေးမှာ နေ့စဉ်နေ့တိုင်း ကြည့်နေရာက ထိုနေ့မှာလည်း ကြည့်နေခိုက် ဖြစ်သည်နှင့် သခင်လှမြိုင် လည်း မနေနိုင် ပြန်၍ ကြည့်မိသည်။ နိုင်ငံရေးသမား ဖြစ်နေသည်နှင့် စတင်ရန် ခက်နေရာက လက်မောင်းကြွက်သား ကို ထုတ်ပြလိုက်၏။ အပျိုကလည်း ပြုံးရယ်၍ ကြည့်နေ၏။ ခဏကြာသည်အထိ ဖြစ်ရာ၊ သခင်လှမြိုင် မှာ သခင်အောင်ဆန်း၏ အိနြေ္ဒ မူလ သိက္ခာ ကို ချစ်ကြောက် ရိုသေခဲ့ရသည့် အတိုင်း အိနြေ္ဒဆည်၍ အခန်းထဲသို့ ကျောင်းသားကလေးက ဆရာကို ကြည့်ရှုရှာဖွေ သလို ကြည့်မိသောအခါ၊ သခင်အောင်ဆန်း မှာလည်း ပြူတင်းပေါက် မှ ရပ် ၍ (မာဆယ်) လက်မောင်းကြွက်သားကို ထုတ်ပြနေကြောင်း ဘွားကနဲ တွေ့ရလေသည်။ သခင်လှမြိုင် မှာ ပါးစပ်ပိတ်၍ မျက်လုံးပြူးပြီး အံ့အားသင့်သွားကာ ခဏချင်းပင် သြော်....ငြီးငွေ့လွန်းလို့ ထင်ပါရဲ့ ဟု ကြိတ်မှိတ်၍ မပြောဝံ့ မပြုဝံ့ မျိုသိပ်နေရလေသည်။ တရုပ်မလေးကား ပြုံးမြဲ ပြုံးလျက်ပင်။

ထို့နောက် ရှမ်းဟဲမြို့ ၊ ၎င်းမှ ဖော်မိုဆာ ကျွန်း က တဖန် ဂျပန်ပြည် ယိုကိုဟာမမြို့ သို့ ရောက်ကြသောအခါ၊ တိုကျိုသို့သွားရန် လေယာဉ်ပျံ ကွင်းသို့ ရောက်ပြီး ထိုအချိန်၌ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်မှာ၊ ဂျပန်လူမျိုးအ၀တ်အစားနှင့် ဖော်မိုဆာ ကျွန်းမှ စီမံပေးလိုက်ပြီး လေယာဉ်ပျံ စီးအံ့ဆဲဆဲ တွင် ဂျပန် ပုလိပ်တို့က ဆွဲပြန်ပြီး၊ ပုလိပ်စခန်းသို့ ခေါ်သွားပြီးလျှင်၊ ပုလိပ်များက ဂျပန်ဘာသာဖြင့် မေးရာ၊ မေးမရသည် နှင့် အင်္ဂလိပ် ဘာသာဖြင့် - "ခင်ဗျားတို့ ဘယ်သွားမလဲ" သခင်အောင်ဆန်းမှာ အိနြေ္ဒ နှင့် ကျုပ်တို့ တိုကျိုသွားမလို့" "ခင်ဗျားတို့ ဘယ်သူ့ဆီ သွားမလို့လဲ" "မီနံမီ ဆိုတဲ့ မိတ်ဆွေဆီ သွားမလို့" ထိုအခါ သခင်အောင်ဆန်း၏ အမူအရာ မထူးခြားသော်လည်း သခင်လှမြိုင် မှာ အထူး စိုးရိမ် သွားလေသည်။ တိုကျိုမြို့  က မီနံမီ တွေ့ချင်လို့ အဖြေသည် ရှေ့အဖို့ အဆင်မပြေနိုင်။ လမ်းနံပါတ်၊ အိမ်နံပါတ်၊ အလုပ်အကိုင်၊ ရာထူးမသိ၊ မီနံမီ ဆိုသူကိုလည်း မမြင်ဘူး ဖြစ်နေတော့လေရာ ၊ အမှန်စိတ်ရှုတ် ဘွယ် ဖြစ်နေလေသည်။ ပုလိပ်တို့က ဖုံးဆက်လိုက်လေ သောအခါ၊ ကံအားလျော်စွာ မီနံမီ ဆိုသူကို တွေ့လာပြီး စကားပြန်လာ၏။ သွားခွင့်ရပြီး တိုကျိုသွား လေယာဉ်ပျံပေါ်၌ ပြုစု နေသော ဂျပန်မလေး ချောချော မှာ၊ အလွန်သဘောကောင်း အစစကြည်နှုးစရာ ဖန်တီးနေသောအခါ၊ သခင်လှမြိုင်မှာ အလွန်ပျော်ရွှင်သွားလေသည်။ ကြောက်ချစ် ရိုသေ ရှိရသော သခင်အောင်ဆန်းကို အကဲခတ်သော အခါမှာလည်း အုံ့ပုန်းကြီး သခင်အောင်ဆန်းမှာ ပြုံးပြုံး ကြီး ခဏခဏ ဖြစ်နေလေသည်။

ဗိုလ်ချုပ် ဘိနပ် စွပ်ပေးသည့် ၀န်ကြီး


ဟိုင်နံကျွန်း၌ စစ်ပညာသင်ကြပြီး၊ ရဲဘော်သုံးကျိပ် ၀င်များ စုံလင်ကြပြီ။ ဂျပန်စစ်ပညာသည် အလွန်ကြမ်း၊ အလွန်ဆန်း၊ အထူးအံ့မခန်းတွေ ပြည့်နှက်လျက်ရှိရာ၊ သခင်အောင်ဆန်းမှာ အလုံးအရပ် ပြတ်ပြတ်ပင် ဖြစ်ရာ၊ နုနယ်သည် ဟု ဆိုထိုက်လေရာ၊ ရဲဘော်တို့ အထဲ နံပါတ် ၁ စွဲနိုင်ပါ့မလား စုံစမ်းကြည့်သောအခါ၊ သခင်အောင်ဆန်းမှာ ရဲဘော်တို့ အထဲတွင် စစ်ဆင်းစစ်တိုက်၊ သတ္တိဗျတ္တိ၊ အကြံဥာဏ် ထူးချွန်လျက်ပင် ဖြစ်ကြောင်း သိရလေသည်။ ဗိုလ်မင်းခေါင် (ယခင် ထူထောင်ရေးဝန်ကြီး) သည် ရဲဘော်သုံးကျိပ်တို့ အထဲတွင် အငယ်ဆုံး ဖြစ်ရာ၊ ညီအငယ်ဆုံးကို အစ်ကိုကြီးက ယုယနည်းဖြင့် သခင်အောင်ဆန်းသည် ယုယနိုင်၏။ အလိုဖြည့်နိုင်၏။

စစ်ပညာတတ်မြောက်၍ ဂျပန်လည်း ဒုတိယကမ္ဘာစစ်ပွဲထဲသို့ ပစ်ဝင်သောအချိန် သခင်အောင်ဆန်းခေါ် ဗိုလ်တေဇ ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ်တို့ ယိုးဒယား ဆိုက်ရောက်ကြပြီး ဘီ-အိုင်-အေ တပ်ဖွဲ့များ တည်ထောင်ရန် အထူး စိုင်းပြင်း နေသော အချိန် ဖြစ်လေ၏၊ တနေ့သော အခါ၊ အလွန် စကားနည်းလှသော ဗိုလ်အောင်ဆန်း မှာ အစည်းအဝေး သို့ သွားရန် မေ့သယောင်ယောင် ဖြစ်နေခိုက် ဗိုလ်မင်းခေါင်က -"အစ်ကိုကြီး အစည်းအဝေးရှိတယ် စကားပြောရမယ်" ဟု သတိပေးလိုက်မှ "အေး-ဟုတ်လား" အနည်းငယ်လှုပ်ရှားလာလေသည်။ အင်္ကျီဝတ် ဘောင်းဘီစွပ် ဒါးကိုချိပ် ဘိနပ်ကို စီး၍ ဗိုလ်မင်းခေါင်နှင့် တွဲ၍အစည်းအဝေး သို့ လာသောအခါ၊ လမ်းတလျှောက်တွင် ဗိုလ်အောင်ဆန်း၏ ဒါးသည် တလမ်းလုံး တရှောရှောနှင့် ဒရွတ်တိုက် နေလေသည်။ ဗိုလ်မင်းခေါင် ငုံ့ကြည့်မှ “ဟာ-အစ်ကိုကြီး ဒါးချိတ်၊ မဟန်သေးပါဘူး၊ ပြင်ချိတ်ပါအုံး” ဟု ပြောပြီး ပြင်ချိတ်ပေးရ၏။ တဖန် ဗိုလ်မင်းခေါင်က အင်္ကျီကို လိုက်ကြည့်မိရာ၊ အင်္ကျီကြယ်သီး ပြောင်းပြန် တပ်ထားသည်နှင့် ပြင်ဆင် တပ်ပေးရ ပြန်၏။ သို့နှင့် ခရီးအတန်ရောက်သောအခါ ဗိုလ်အောင်ဆန်း က - "ညီလေးရာ ငါ့ဘိနပ် ကြပ်နေတယ်- ဘာပြုလို့လဲ" မေးလိုက်ရာ ဗိုလ်မင်းခေါင် ဘိနပ်ကို ကြည့်သော အခါ၊ ဗိုလ်အောင်ဆန်း စီးထားသော ဘိနပ်သည် ဘယ်နှင့်ညာ လွဲနေသည်ကို တွေ့ရသည်နှင့် ပြန်ချွတ်၍ ပြန်ဝတ်ပေး လိုက်ရလေသည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ (၁၉၅၁) မှ ကောက်နုတ်တင်ပြပါသည်။

Rest of your post

2 comments :

Anonymous said...

ဗိုလ်ချုပ်အကြောင်း ဖတ်လို့ ကောင်းလိုက်တာရှင်... ဆက်ပြီးဖော်ပြပေးပါဦး...ဖြစ်နိုင်ရင်ပေါ့။ ကျေးဇူး။

Anonymous said...

ကြိုးစားပေးပါမယ်ခင်ဗျား။ နေ့စဉ်ရက်ဆက်တော့ တခြားအရေးပါတဲ့ ကမ္ဘာအရေးသတင်းတွေ၊ဆောင်းပါးတွေ နေရာပေးရမှာမို့ ကျွန်တော်မထည့်လိုပါဘူး။ တပတ်တခါလောက်တော့ ကိုယ်သဘောကျတဲ့ စာဟောင်းလေးတွေ ထည့်ခွင့်ရနိုင်ရင်တော့ ကြိုးစားပေးပါမယ်။ မတိုလွန်း မရှည်လွန်းတာမျိုးပေါ့။ တကယ် အစအဆုံး ဖတ်ချင်ရင်တော့ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိကို မြန်မာပြည်က မှာဖတ်ပါ။ ရှာရတော့ နဲနဲခက်ပါတယ်။
လေးစားလျှက်
မောင်လူအေး