Sunday, 21 December 2008

ကမ္ဘာဆုံးတိုင် ကျန်ရှိနေဦးမည့် ဟာမူရာဘီ ဥပဒေသ များ (သို့မဟုတ်) An Eye For An Eye

၁၉၀၁ ၌ တွေ့ရှိခဲ့သော ဟာမူရာဘီ ဥပဒေသများရေးထွင်းထားသောကျောက်ပြား

-သာကျော်-

လွန် ခဲ့သည့် နှစ်ပေါင်း ၄၀၀၀ နီးပါး က ကျောက်သားပေါ် ၌ ထွင်းထားခဲ့သော ဆဌမ မြောက် ဘာဘီလုံ ဘုရင်ကြီး ဟာမူရာဘီ ၏ တပါးသူ၏ မျက်စိ တလုံး ဆုံးရှုံးမှု အတွက် တရားခံ၏ မျက်စိတလုံး အား ပြန်လည် ဖျက်ဆီး ရမည် အစ ရှိသော ဥပဒေသ များ သည် ပိုမို ယဉ်ကျေး လာပါသည် ဟု သတ်မှတ်နိုင်သော လက်ရှိကမ္ဘာ၌ ကွယ်ပျောက်သွားလောက်ပြီ ဟု ယူဆနိုင်ပါသည်။

လက်တွေ့တွင်မူ ယနေ့ ကမ္ဘာ ၌ ဟာမူရာဘီ ဥပဒေ သည် လှုပ်ရှားအသက်ဝင်လျှက်ပင်။အီရန်သူ အာမန်နား ဘရာမိ သည် တက္ကသိုလ် တက်ရင်း မဂျစ် နှင့်ဆုံခဲ့ပါသည်။ အတန်းတူဖြစ်ပြီး အတန်းထဲ ၌ လည်း သူတို့ ၂ ယောက်သည် ဘု နှင့်ဘောက် မတည့်ကြပါ။ သို့သော် မဂျစ်သည် မတည့်သူ ကို မှ ဇွတ် ချစ်မိလေရော့သလားမဆိုတတ်။ မဂျစ်၏ မိဘများ က အာမန်နား ကို မဂျစ်နှင့် ပေးစားရန် လူကြီးချင်း စေ့စပ်ညှိနှိုင်း ကြသော်လည်း အာမန်နား က မဂျစ် အား လက်မခံခဲ့ဘဲ ပယ်ချခဲ့ပါသည်။ ဂျီတိုက်လွန်း သော မဂျစ် ၏ နားပူနားဆာ များ၊ တဘ၀လုံး ပူဆွေးသောက ရောက်သွားစေရမည် အစရှိသည့် ခြိမ်းချောက်မူများ မှ ကင်းဝေးရန် မဂျစ် အား သူမ၌ လက်ထပ်ရန်ရည်ရွယ် ထားသူ ရှိပြီး ဖြစ်ကြောင်းလုပ်ကြံ ပြောဆို ၍ ငြင်းပယ်ခဲ့မိသည်။ ထိုငြင်းပယ် ခဲ့မှု ကြောင့် အာမန်နား ၏ ဘ၀ သည် ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ရလေသည်။

“ကျွန်မ အလုပ်ကနေ အိမ်ပြန်လာတော့နောက် က လူတယောက်လိုက်တာ သတိထားမိတယ်၊ ဒါနဲ့ ကျွန်မ လည်း ဖြေးဖြေး လျှောက်ပြီး သူ ကျော်သွားအောင် ရပ်စောင့်နေလိုက်တယ်။ အဲဒီလူ အနား ရောက်လာတော့ မဂျစ် ဖြစ်နေတယ်။ သူလက်ထဲ မှာ ဗူးအနီ လေး ကိုင်ထားတယ်။ သူ နဲ့ ကျွန်မ မျက်လုံး ခြင်းဆုံ အပြီးမှာ သူ ဗူးထဲက အရည်တွေ နဲ့ ကျွန်မ မျက်နှာ ကို ပက်လိုက်တယ်။ အဖြစ်အပျက်အားလုံး ဟာ မျက်စိ တမှိတ်၊လျှပ်တပြက်အတွင်း မှာပါဘဲ။ သူဘာလုပ်မှန်း ကျွန်မ ချက်ခြင်းသိလိုက်တယ်။ ဘုရားကယ်ပါ… အက်ဆစ်တွေပါလား ”

၂၀၀၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက် နေ့ ၌ ဖြစ်ပွားခဲ့ပုံ ကို အာမန်နား က ပြန်လည် ပြောပြခြင်းဖြစ်သည်။ လမ်းသွားလမ်းလာများ က အာမန်နား၏ မျက်နှာအား ရေများ ဖြင့် ၀ိုင်းဝန်း ဆေးကြောကြပြီး ဆေးရုံသို့ ပို့ခဲ့ပါသည်။ “ ဆရာဝန်တွေ၊ နာစ်တွေ က အကောင်းဆုံး ကြိုးစား ပြီး ကျွန်မ ကို ကုပေးကြပါတယ်၊ တရက်တော့ ခွဲစိတ်ဖို့ အတွက် ကျွန်မ ကို လက်မှတ်လာထိုး ခိုင်းတယ်၊ ကျွန်မမျက်လုံး ကို ထုတ်ပစ်ကြတော့မလို့လား လို့ ကျွန်မ မေးလိုက်တဲ့ အခါ ဆရာဝန် လဲ ငိုယိုပြီး ထွက်ပြေး သွားတယ် ” ။ အက်ဆစ် ကြောင့် အာမန်နား ၏ မျက်နှာ၊ လက် နှင့် ခန္ဓာကိုယ် တချို့ ယိုယွင်းပျက်စီးသွားခဲ့ပါသည်။ မျက်စိ မှ ကူးစက် ပြီး ဦးနှောက်နှင့် အာရုံကြော ပါ ထိခိုက်လာမည် ကို စိုးရိမ်ရသောကြောင့် ဆေးရုံ မှ မျက်စိ ကို ခွဲထုတ်ပစ်ရန် အာမန်နား ၏ ခွင့်ပြုချက် ကို တောင်းခံသော်လည်း အာမန်နား လက်မှတ်မထိုးခဲ့ပါ။

သူမ၏ မျက်လုံးများသည် လုံးဝပျက်စီးသွားခဲ့သည် ဟု ဆရာဝန်တို့က ဆိုပါသည်။ အကြိမ်ကြိမ် ခွဲစိတ်ကုသ ကြသော်လည်း အချီးနှီး။ ထိုစဉ်က သမ္မတဖြစ်နေသော မိုဟာမက် ခါတာမီ က စပိန်နိုင်ငံ သို့ပင် အာမန်နား အား ပို့ပေးကာ ဆေးကုသမှု ခံယူစေသော်လည်း တိုးတက်မှု မရှိလာခဲ့ပါ။ “ ကျွန်မ သေသွားခဲ့ရင် ကျွန်မ မိသားစု ဟာ တနှစ်လောက်တော့ ပူဆွေး ၀မ်းနည်းကြလိမ့်မယ်၊ ပြီးတော့လဲ အားလုံးမေ့မေ့ပျောက်ပျောက်ဖြစ်သွားပါလိမ့်မယ်” မျက်စိထုတ်ပြစ်ခြင်းထက် သေဆုံး ခြင်းက သူမ နှင့် သူမ မိသားစု အတွက် ပိုကောင်းသည်ဟု အာမန်နား ခံယူထားပါသည်။

ထောင်တွင်းရှိမဂျစ် မှ အာမန်နား အား အမှုရင်ဆိုင်နေစဉ် အတွင်းမှာ ပင် လက်ထပ်ရန် ထပ်မံကမ်းလှမ်းခဲ့ပါသည်။ သို့သော် အာမန်နား က ငြင်းဆိုခဲ့ပါသည်။ “ သူချစ်တယ် ဆိုတာ လိမ်တာ သတ်သတ်ပါ။ သူ အပြင်ထွက်လာတာနဲ့ ကျွန်မကို အရင်သတ်မှာပါ။”

၂၀၀၈ နိုဝင်ဘာ ၂၆ ရက် နေ့တွင် အီရန် တရားရုံးမှ တရားခံ မဂျစ် အား အက်ဆစ်ဖြင့် ပက်ပြီး ၎င်း၏မျက်လုံးများကို ဖျက်ဆီး ပြစ်ရန် အမိန့်ချမှတ်လိုက်သည်။ အာမန်နား အား နစ်နာကြေးငွေ ပေးရန် ပါ တရားရုံးမှ ဆုံးဖြတ်ခဲ့သည်။ မူလက အာမန်နား သည် တရားရုံး အား အထက်ပါအတိုင်း အမိန့်ချမှတ် ပေးရန် တောင်းဆိုခဲ့သော်လည်း လက်တွေ့၌ မူ အက်ဆစ်ဖြင့် တရားခံ၏ မျက်နှာ အား ပက်ပြီး မျက်လုံးများကို ဖျက်ဆီး ပစ်ရန် ကိုမူ သဘောမတူခဲ့ပေ။

“သူ့ မျက်လုံး တော့ ထုတ် ပစ်ရမှာပေါ့၊ ဒါပေမဲ့ သူ ကျွန်မ ကို လုပ်သလို မျက်နှာကို အက်ဆစ်နဲ့ ပက်ပြီး ကန်းအောင် လုပ်ရမယ် ဆိုတာမျိုး တော့ ကျွန်မ အဲသလို ရိုင်းရိုင်းစိုင်းစိုင်းကြီးမလုပ်နိုင်ဘူး။ ကျွန်မ တသီးပုဂ္ဂလ ခံစားမှု အပေါ်မှာ ကျွန်မ ဆုံးဖြတ် တာမဟုတ်ပါဘူး။ လောကကြီးက ဒီလိုဘဲတောင်းဆိုခဲ့တာ မဟုတ်လား၊ နောင် မဂျစ် လို ယောင်္ကျားမျိုး တွေ ဆက်လက်မပေါ် ပေါက်လာအောင် နမူနာဖြစ်စေလိုတာပါဘဲ” ဟု အာမန်နား က ပြောဆိုသွားပါသည်။ နစ်နာကြေး ကိုမူ အာမန်နား က လက်မခံဘဲငြင်းပယ်ခဲ့ပါသည်။

မိန်းခလေးများ အား မျက်နှာကို အက်ဆစ်ဖြင့် ပက်ခြင်း စရိုက်ဆိုး သည် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အာဖဂန်နစ္စတန်၊ အီရန်၊ ပါကစ္စတန် အစရှိသည့်တိုင်းပြည် များ၌ ဖြစ်လေ့ဖြစ်ထ များကြောင်း လူအခွင့်အရေး အဖွဲ့များ က တင်ပြကြပါသည်။ အီရန် နှင့် ဆော်ဒီအာရေးဗီးယား တိုင်းပြည် ၂ ခု ၏ တရားစီရင်ရေး ဥပဒေ များ ၌ သာ ဟာမူရာဘီ ၏ ဥပဒေသ တခု ဖြစ်သော မျက်လုံးဖောက်ထုတ်၍ အပြစ်ပေးခြင်းမျိုး ကို ဆက်လက်၍ လက်ခံကျင့် သုံးနေဆဲ ပင်ဖြစ်သည်။ အမေရိကန်နိုင်ငံ၌ ပင် သေစားသေစေ ဥပဒေများ ဆက်လက် တည်ရှိနေပြီး လူသတ်မှုမျိုး ကျူးလွန်ထား သော တရားခံအား သေဒဏ် ပေးသောနေ့ မျိုး တွင် အသတ်ခံခဲ့ရသော တရားလို ဘက်မှ ဇနီးခင်ပွန်း၊မိဘဆွေမျိုးများ ကိုယ်တိုင်လာရောက်၍ ကြည့်ရှု ရန် တရားရုံးမှ အခွင့်ပေးတတ်ကြပါသည်။ ယဉ်ကျေးလာပါသည် ဆိုသော ကမ္ဘာကြီးသည် လွန်ခဲ့သော အနှစ် ၄၀၀၀ ကျော်က ဟာမူရာဘီ ၏ ဥပဒေများ ကို လက်ခံနေဆဲ၊ လွှမ်းမိုးနေဆဲပင်။


Rest of your post

3 comments :

Forrest Gump said...

An eye for an eye makes the whole world blind. --Mahatma Gandhi

KeithWin said...

If Mahatama Gandhi was alive today and was the PM of India, he would cozy up, make friends with, and do business with the murderous SPDC generals. Gandhi wouldnt care about Burmese people. Non-violence struggle worked against British and US governments but will not work against the SPDC because UK and US governments are much more civilized than SPDC.

Anonymous said...

ok what can the ninoriies do--in the majorities dominated reality?