Saturday, 3 January 2009

ကျည်ဆံတွေတိုး၊ သေနတ်မျိုးစုံ၊ လက်နက်တောင်လိုပုံ


-ခင်မမမျိုး-

စာရေးသူတို့၏ အမိမြန်မာနိုင်ငံသည် တချိန်သောကာလက အရှေ့တောင်အာရှ၏ ဆန်အိုးကြီးဟု အသမုတ်ခံ ခဲ့ရပြီး၊ ‘ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ’ ခဲ့ဖူးပါသည်။ တပ်မတော်၏ နိုင်ငံတော်အာဏာကို အချိန်မှီ သိမ်းပိုက်နိုင်လိုက်သောကြောင့်သာ ယခုကဲ့သို့ စုတ်ပြတ်သတ်၍ ကမ္ဘာ့အလယ်တွင် မျက်နှာမွဲစာရင်း ဝင်ခဲ့ ရခြင်း ဖြစ်ပါသည်။ အဆိုပါနိုင်ငံတော်ချောက်ထဲ တွန်းချရေးသမားများကြောင့် နိုင်ငံတော်ကြီးတွင် ‘ကျည်ဆံ တွေတိုး၊ သေနတ်မျိုးစုံ၊ လက်နက်တောင်လိုပုံ’ ၍ နေပါပြီ။

ထိုအခြေအနေမျိုးတွင်သာ ဆက်လက်ရပ်တည်နေပါက တတိုင်းပြည်လုံး အငတ်ဘေးဆိုက်ကာ ‘အရိုးတောင် လိုပုံ’ အနေအထားသို့ ဆိုက်ရောက်ပေတော့မည်။ ရှေးယခင်က ‘မြန်မာပြည်မှာ ငတ်သေသူမရှိ’ဟု စကားအဖြစ်ပြောခဲ့သည်မှာ ယခုတော့ မှားယွင်းနေလေပြီ။ ဆီကိုရေချိုးရမည့်အစား ကန်စွန်းရွက်ကိုပင် ဆီနှင့် ကြော်မစားနိုင်၍ ကန်စွန်းရွက်ရေလုံပြုတ်အဖြစ် ဟင်းလျာတမျိုး ထပ်မံပေါ်ထွက်ခဲ့ရပါသည်။ ဆေးရိုးမီးလှုံဖို့ နေနေသာသာ လွှင့်ပစ်ထားသော ဆေးလိပ်တိုများကို ကောက်ယူသောက်ရသူများပင် ရှိနေလေသည်။ စပါးတောင်လိုပုံ ဆိုသည်ကိုတော့ စပါးစိုက်သူ လယ်သမားကြီးများကပင် လက်မခံနိုင်ကြတော့ပါ။ လယ်စိုက်သူ လယ်ပိုင်ရမည့် ခေတ်ကြီးတွင် စပါးစိုက်သူများပင် စားစရာ ဆန်မရှိ ဆိုပါတကား။

ထိုသို့သော အခြေအနေဆိုး၊ ခေတ်ဆိုးကြီးထဲတွင် နိုင်ငံတော်အုပ်ချုပ်နေသူ အစိုးရဟု အများပြည်သူက လက်မခံပဲ ကိုယ့်ဘာသာကိုယ် သမုတ်ထားသော စစ်အာဏာရှင်များကတော့ ‘တပ်မတော်အင်အားရှိမှ၊ တိုင်းပြည်အင်အားရှိမည်’ ဆိုနေကြဆဲ။ ကပ်ဖါးကပ်မြှောင်များကလဲ ‘တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာကူညီ’ သီချင်းကို အသံကောင်းဟစ် အော်နေကြဆဲ။ အင်အားဆိုသည်မှာ စစ်ရေးအင်အား၊ စီးပွားရေးအင်အား ဆိုသည်ဖြင့် အင်အားမျိုးစုံရှိပါသည်။ နိုင်ငံတစ်နိုင်ငံတွင် စစ်ရေးအင်အား တစ်ခုတည်း ရှိ၍မရပါ။ စစ်အုပ်စုကတော့ စီးပွားရေးတောင့်တင်းခိုင်မာမှု အင်အားဆိုသည်ကို စစ်အာဏာရှင်များတွင် စိန်များရှိနေခြင်းဟု သဘောထားကြဟန် တူပါသည်။ စစ်ရေးအင်အား တောင့်တင်းမှုဆိုသည်ကိုလဲ ခေတ်မီလက်နက် ယန္တရားများရှိနေခြင်းဟူ၍သာ မှတ်ယူထားကြဟန် တူပါသည်။ စစ်ရေးအင်အားတွင် စစ်သားများ၏ စိတ်ဓာတ်မည်မျှအရေးကြီးကြောင်းလဲ သိကြဟန်မတူပါ။ စစ်အာဏာရှင်များ ကောင်းမှုကြောင့် နိုင်ငံတော်၏ ကာကွယ်ရေးအင်အား တပ်မတော်တွင်းတွင်လဲ စိတ်ဓာတ်ရေးရာ ယိုယွင်းပျက်စီးမှုခြများက တိုက်စားနေကြလေပြီ။ ကြာလျှင် တတိုင်းပြည်လုံး လုံးပါးပါး၍ အငတ်ဘေး ဆိုက်ရပါတော့မည်။

စစ်လက်နက်များ မတန်တဆဝယ်ထားကာ ကိုယ်ပိုင်အနေဖြင့်လဲ ပြည်သူ့ဘဏ္ဍာများသုံး၍ ကျောက်မျက် ရတနာများ တနင့်တပိုးဝယ်ထားသူ အာဏာရှင်များ၊ အဆိုပါ အငတ်ဘေးဆိုက်ချိန်တွင် စိန်များ၊ ကျည်ဆံများ ထိုင်စား၍ သေကုန်သည်က အကြောင်းမဟုတ်ပါ။ အကြောင်းက ပြည်သူများ ထိုဘေးသို့ မဆိုက်ရောက် ရန်သာဖြစ်သည်။ ထိုသို့နည်းလမ်းကလဲ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အဓိက ပေါ်လစီများဖြစ်သော fiscal policy, monetary policy, trade policy များအကြောင်းကို နကန်းတလုံးမှ နားမလည်ပဲ လက်ညှိုးညွှန်၍ ပြောချင်ရာ ပြောနေသော စစ်အာဏာရှင်များ၏ အုပ်ချုပ်မှုစနစ် မရှိမှသာ ဖြစ်မည်။ စီးပွားရေးပိတ်ဆို့မှု ပြန်ဖွင့်လဲ အကြောင်းထူးမည်မဟုတ်။ ယခုပိတ်ဆို့ထားသော်လဲ အိမ်နီးချင်းနိုင်ငံများမှတဆင့် ပြည်ပပို့ကုန်၊ သွင်းကုန်များ ရှိနေသည်ပဲ။ ပြည်ပကုန်သွယ်ရေးယန္တရားက သူ့ဘာသာသူ လည်ပတ်မှုရှိနေပါသည်။

စီးပွားရေးပိတ်ဆို့မှုကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ပြုလုပ်နေသည်မှာ ထိရောက်မှုရှိလွန်း၍ မဟုတ်။ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှု ထိထိရောက်ရောက် အသုံးဝင်ခဲ့သည့် နိုင်ငံအနည်းငယ်သာ ရှိခဲ့ပါသည်။ သို့ဆိုလျှင် စီးပွားရေးပိတ်ဆို့မှုဆိုသည်ကို အဘယ်ကြောင့် ပြုလုပ်ရသနည်း။ နိုင်ငံတနိုင်ငံအား အခြားနိုင်ငံတခုမှ အရေးယူမှုဆိုင်ရာ နိုင်ငံခြားရေးမူဝါဒရွေးချယ်မှုတွင် Diplomatic measures နှင့် Political/ Military measures ဆိုသည့် အချက်နှစ်ချက်ရှိသည်။ စစ်ရေး၊ နိုင်ငံရေးအရေးယူမှုတွင် Unconventional warfare, conventional military campaign စသည်တို့ပါဝင်ပြီး၊ သံတမန်ရေးရာ အရေးယူမှုတွင် စီးပွားရေးပိတ်ဆို့မှုကို ကျင့်သုံးတတ်ကြသည်။ နိုင်ငံအများစုက စီးပွားရေးပိတ်ဆို့မှုကိုသာ စစ်ရေး၊ နိုင်ငံရေး အရေးယူမှုထက် ပိုမိုဦးစားပေးပြုလုပ်တတ်ကြသည်။ နိုင်ငံပေါင်းစုံမှ ပြုလုပ်သည့် ပိတ်ဆို့မှု (multilateral sanctions) မဟုတ်သော နိုင်ငံတခုချင်း (သို့) နိုင်ငံအစုအဖွဲ့ တခု မှသာ ပြုလုပ်သည့် ပိတ်ဆို့မှုများမှာ များသော အားဖြင့် စီးပွားရေးကဏ္ဍအပေါ်တွင် ထိရောက်မှုမရှိပါ။ နိုင်ငံခြားရေးဆိုင်ရာ မဟာဗျူဟာ သဘောတရားအရ စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ target state ၏ ပေါ်လစီပြောင်းလဲမှု၊ အာဏာရှင်စနစ်ဖယ်ရှားမှု၊ နိုင်ငံတကာအစိုးရများမှ အဆိုပါနိုင်ငံ၏ အခြေအနေများကို သိရှိသတိထားမိစေမှု (International Symbolism) နှင့် ပိတ်ဆို့ခံရသည့် နိုင်ငံမှ ပြည်သူများအား ၄င်းတို့၏ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု အပေါ်တွင် နိုင်ငံတကာမှ ထောက်ခံနေသည်ကို သတိထားမိစေမှု (Domestic symbolism) စသည်တို့ ဖြစ်ပါသည်။ အဆိုပါ ရည်ရွယ်ချက်များကြောင့် economic sanctions policy သည် အတိုက်အခံအင်အားစုများ၏ နိုင်ငံတကာစစ်မျက်နှာအတွက် အရေးကြီးသော အချက်တချက်ဖြစ်ပါသည်။ လက်ရှိမြန်မာနိုင်ငံကို နိုင်ငံတကာမှ ဖိအားပေးထားသည့် economic sanctions သည် မြန်မာပြည်သူများထံသို့ တိုက်ရိုက်ထိခိုက်မှုမရှိပါ။ စစ်အုပ်စု၏ စီးပွားရေးလုပ်ငန်းဆောင်တာအချို့ကိုတော့ အနည်းငယ် ထိခိုက်မှု ရှိပေမည်။ သို့ပေမယ့် စစ်အုပ်စုတွင် အခြားသော ထွက်ပေါက်များ ဖန်တီးထားရှိထားခြင်းကြောင့် မပြောပ လောက်ပါ။ ထို စီးပွားရေးပိတ်ဆို့မှုပေါ်လစီကို ဖယ်ရှားနိုင်ရန် စစ်အုပ်စုနှင့် အပေါင်းအပါများ ကြိုးပမ်းမှုမှာ ၄င်းတို့စီးပွားရေးရာအတွက်မဟုတ်ပဲ နိုင်ငံရေးဂုဏ်သိက္ခာအတွက်ဖြစ်ပါသည်။ International Symbolism နှင့် Domestic Symbolism ရည်ရွယ်ချက်များကို ပယ်ဖျက်နိုင်ရန် တန်ပြန်ထိုးစစ်ဖြစ်ပါသည်။ အခြေအနေမှန်ကို သိရှိနားလည်ကြပြီး မယောင်သွားကြရန် အလွန်အရေးကြီးပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးယိုယွင်းမှုမှာ macroeconomic policy အခန်းကဏ္ဍတစ်ခုလုံးက ယိုင်နဲ့နေ၍သာ ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ် ရှိနေသ၍၊ စစ်အသုံးစရိတ်များ မတန်တဆ ရှိနေသ၍၊ လာဘ်ပေး လာဘ်ယူမှုများ ရှိနေသ၍၊ ငွေစက္ကူများ လိုသလိုတိုးချဲ့ရိုက်ထုတ်နေမှု (expansion of monetary supply) ရှိနေသ၍ မည်သို့မျှ နလန်ထူမည်မဟုတ်ပါ။ ကာကွယ်ရေးဆိုင်ရာစီးပွားရေးပညာရှင် (Defense Economists) များက စစ်အသုံးစရိတ်သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍအပေါ်တွင် မည်သို့သက်ရောက်မှု ရှိသည်ကို ဤသို့ ဆိုထားပါသည်။

စစ်အသုံးစရိတ်များ၏ သွင်းကုန်များဖြစ်သော လုပ်သား (labor) နှင့် အရင်းအနှီး (capital) တွင် Processes များအဖြစ် လက်နက်ကိုင်တပ်များ (Armed Forces) များနှင့် စစ်လက်နက်ပစ္စည်းထုတ်လုပ်သော (Defense industry) ပါဝင်သည်။ ထုတ်ကုန်အဖြစ် Defense industry မ မှစစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ပေး မည်ဖြစ်ပြီး၊ Armed Forces များကတော့ နိုင်ငံတော်လုံခြုံရေးကို အကာအကွယ်ပေးသည့် ဝန်ဆောင်မှု ပေးမည်ဖြစ်သည်။ အဆိုပါ စစ်အသုံးစရိတ်သုံးစွဲမှုကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍများဖြစ်သော ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်လက်မဲ့ပြဿနာ၊ Inflation, Balance of Payments များတွင် အကျိုးသက်ရောက်မှုရှိသည်။ စစ်ရေးစရိတ်များကြောင့် အစိုးရအသုံးစရိတ်တက်သည်။ ထိုပြဿနာကို ဖြေရှင်းရန် ငွေစက္ကူများ အဆီးအတားမရှိ ရိုက်ထုတ်သည်။ ယင်းသို့ expansion of monetary supply ဖြစ်လာသောအခါ Inflation ပြဿနာဖြစ်လာသည်။ Inflation ကြောင့် နိုင်ငံခြားသုံးငွေလဲလှယ်မှုတွင် ကမောက်ကမ(fluctuations of exchange rates) ဖြစ်လာသည်။ နောက်ဆုံးတော့ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်မှု (International Trade) ကို ထိခိုက်လာသည်။

အခြားသော ပြဿနာ၊ အကျိုးဆက်များစွာ ရှိပါသေးသည်။ စီးပွားရေးပညာ စာတမ်းတစ်စောင်မဟုတ်၍ အကျယ်မချဲ့လိုတော့ပါ။ ပို၍ဆိုးသည်က စစ်ရေးအသုံးစရိတ်များသည် မူလရည်ရွယ်ချက်ဖြစ်သော နိုင်ငံတော်လုံခြုံရေးအား ကာကွယ်ပေးရန်(Protection of National Securities) မဟုတ်ပဲ စစ်အာဏာရှင် စနစ်အားကာကွယ်ပေးရန် (Protection of Military Dictatorship System) အဖြစ်သို့ ကူးပြောင်း ရောက်ရှိသွားခြင်း ဖြစ်ပါသည်။ ပြည်သူကိုအကာအကွယ်ပေးရမည့် ပြည်သူ့တပ်မတော်အဖြစ်မှ အာဏာရှင် လက်ကိုင်တုတ်ခါးပိုက်ဆောင်တပ် ဘဝသို့ အောက်ကျနောက်ကျ ရောက်ရှိသွားရခြင်းသာဖြစ်သည်။

အမှန်တော့ တပ်မတော်ဟူသည် ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရတစ်ရပ်မှ ပြည်သူလူထုအပေါ် ဝန်ဆောင်မှုပေးရမည့် (Public Services ) များဖြစ်သော ကာကွယ်ရေး၊ ဥပဒေစိုးမိုးရေး၊ စည်ပင်သာယာရေး အဖွဲ့များထဲမှ ကာကွယ်ရေးအင်အားစု တစ်ခုသာဖြစ်ပါသည်။ နိုင်ငံတော်အုပ်ချုပ်ရေး၊ နိုင်ငံရေးကဏ္ဍနှင့် မည်သို့မျှ မသက်ဆိုင်ပါ။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုကာ စစ်ရေးအင်အားချဲ့ထွင်နေခြင်းသည် ပြည်သူထံသို့လှည့်မည့် သေနတ်ပြောင်းဝ အားကောင်းအောင် စီမံ နေခြင်းသာဖြစ်ပါသည်။ ပလ္လင်ပေါ်မျောက်တက်သကဲ့သို့ နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို အတင်းအကျပ် ရယူပြီး လုပ်ချင်ရာ လုပ်နေခြင်းသာဖြစ်ပါသည်။ အချိန်မှီမတားဆီးလျှင် နိုင်ငံတခုလုံး ကမောက်ကမ ဖြစ်ရပေ တော့မည်။ စစ်ရေးကျူးကျော်မှုများ ပြုလုပ်ရန် အလွန်ပင် ခက်ခဲသည့် စစ်အေးတိုက်ပွဲလွန်ကာလမျိုးတွင် မရှိသည့်ပြည်ပရန်ကို လက်ညှိုးထိုး၍၊ အာဏာတည်မြဲရန် ခါးပိုက်ဆောင်တပ်ကို အင်အားချဲ့၍ ကြိုးပမ်းနေခြင်း သာဖြစ်သည်။ ယင်းတို့ကြောင့် နိုင်ငံတော်၏ စီးပွားရေးအဆောက်အအုံကြီး တစ်ခုလုံးလဲ ပရမ်းပတာ ဖြစ်၍ နေပေပြီ။

အမှန်တရားအတွက် တိုက်ပွဲဝင်နေသော ဒီမိုကရေစီအင်အားစုများအား ကိုလိုနီလက်သစ်များဟု မရိုးစတမ်း သမုတ်နေကြသော စစ်အာဏာရှင်များသည် ၄င်းတို့သည်သာ ကိုလိုနီလက်သစ် များဖြစ်နေ ကြပါသည်။ အင်အားကြီးနိုင်ငံများနှင့် ကိုလိုနီလက်သစ်များပူးပေါင်း၍ နိုင်ငံတော်အားတိုက်ခိုက်သည်ဆိုကာ စစ်အင်အား တိုးချဲ့နေသူများသည် အိမ်နီးချင်းနိုင်ငံကြီးတစ်ခု၏ စီးပွားရေးကိုလိုနီချဲ့ထွင်နေမှုအား ပါးစပ်ကြီးဖြဲ၊ သွားကြီးဖြဲ၍ ဖိတ်ခေါ်နေရပါသည်၊။

စစ်အသုံးစရိတ်များကြီးထွားမှုကြောင့် စီးပွားရေးကဏ္ဍကိုပင် ထိခိုက်သည်မဟုတ်ပါ။ စရိတ်ခွဲဝေသုံးစွဲမှု (allocation of Expenditures ) မညီမျှမှုကြောင့် အခြားသော ပညာရေး၊ ကျန်းမာရေး ကဏ္ဍများကို လဲ လွန်မင်းစွာ ထိခိုက်ပါသည်။ ဆေးရုံများတွင် ဆေးမရှိ၍၊ လူနာများအား အပြင်ဆေးဆိုင်များတွင် ဆေးဝယ်ခိုင်းသည်။ ဆေးမဝယ်နိုင်သော လူနာများ မတိမ်းပါးသင့်ပဲ တိမ်းပါးရသည်။ ကျောင်းများသို့ ချပေးသော ပညာရေးဘတ်ချက်များ မလုံလောက်၍ ကျောင်းများတွင် ကျောင်းအပ်နှံခများ၊ အလှူငွေ စသည်များပေါ်လာသည်။ မပေးနိုင်သူ မိဘများ၏ သားသမီးများ ပညာငတ်ရသည်။ သယ်ယူပို့ဆောင်ရေး စနစ်များတွင် ပံ့ပိုးမှုအားနည်းခြင်းကြောင့် လုပ်ငန်းခွင်နှင့် ဝေးသော နေရာများတွင် နေသူများ အလုပ်ခွင်သို့ မရောက်နိုင်ကြပါ။ ရောက်နိုင်သူများမှာလဲ စရိတ်ကြီးမားသောကြောင့် လက်ကျန်ဝင်ငွေနည်းသည်။ အလုပ်လက်မဲ့ပြဿနာများကြီးထွားလာရသည်။ စီးပွားရေးလုပ်ငန်းများတွင် ဗိုလ်ချုပ်တို့နှင့် နီးစပ်သူများကသာ လက်ဝါးကြီးအုပ်မှုများက ပေါင်းစပ်လိုက်သောအခါတွင်ကား လုပ်ငန်းပြိုင်ဆိုင်မှု အားနည်းပြီး၊ လုပ်ငန်းအရေ အတွက် လျော့နည်းသွားသည်။ အလုပ်သမားလျှော့ချမှုများဖြစ်သည်။ အလုပ်လက်မဲ့ပြဿနာ များပြားလာ သည်နှင့်အမျှ ရာဇဝတ်မှု (crime rates) များထူပြောလာသည်။ ‘တလိမ်၊ နှစ်လိမ်ပွေလိမ်ရှုပ်တယ်၊ လူညာကြီး ပေါ့ကွယ်’ ဟုပင် ဆိုရမည်လား။ တိုင်းပြည်တိုးတက်ရေးလုပ်နေသည်ဆိုကာ လူထုအား ညာနေသော စစ်အစိုးရကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍများ ဘဲဥအစရှာမရ ရှုပ်ထွေးကုန်နေသည်ကတော့ အမှန်ပင်ဖြစ်သည်။

ချုပ်၍ဆိုရသော် ‘ကျည်ဆံတွေတိုး၊ သေနတ်မျိုးစုံ၊ လက်နက်တောင်လိုပုံ’၍ စားစရာမရှိသော ယနေ့ခေတ် ဤကာလမျိုးအား ‘ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ’ ကာလသို့ ပြောင်းလဲပစ်ရန်မှာ စစ်အာဏာ ရှင်စနစ် ဖြုတ်ချရေး မှတပါး အခြားမရှိပါကြောင်း။

ခင်မမမျိုး

Rest of your post

1 comment :

Anonymous said...

There is a saying that international law is the "cobweb over the mouth of cannon". It means that IL is not effective as we would think it would be. We have seen the weaknesses of the United Nations and other IGOs. Current crisis in the Middle East highlights on the failure of the international community. Nation states are still trying to put forward their own national interests rather than for the international community. We could see this when China and Russia vetoed the resolution about Myanmar in the UNSC in 2007.

Military actions are not available options in the real world. (Please note that unconventional operations mean nuclear, biological or chemical warfare and the right words that should be used are covert and overt military operations). The UN or other coalition troops can enter into a country where the regional stability is at risk, where there are urgent humanitarian issues and under article 1441 for preemptive self defense ( but this is debatable as many thought of Iraq invasion 2003 as illegal). With regard to Myanmar there are no legal such basics so only economic sanctions are available. So many people are being over optimistic in believing political changes in Myanmar if the US take military measures. This is not possible at all. Moreover, economic sanctions only work in the unipolar globalized politics. With unflagging the supports from China ,which only cares about their national interest and doesn’t believe in international community, the military government will survive through any kinds of sanctions.

In such a case the future of Myanmar only lies with the domestic factors rather than external pressures. To be more precise, it only lies with the military which is still not undermined by any political oppositions. The present government may not have solutions for the stagnated economy but they do know the ways to strengthen themselves while weakening the oppositions. Therefore the chance of witnessing political improvements in Myanmar in the short term i.e. 5 years or less is very thin.