Thursday, 8 January 2009

သင့်မိသားစုရဲ့ သွေးအုပ်စု

-Dr Zero-

လူရယ်လို့ဖြစ်လာပြီဆိုရင် မျိုးရိုးဆိုတာရှိလာပါတယ် ။မိမိကိုမွေးဖွားပေးခဲ့တဲ့ အဖေရယ် အမေရယ်ဆီကနေ မျိုးရိုးဗီဇတွေ ဆက်ခံခဲ့သလို မိမိကိုယ်တိုင်လည်း အရွယ်ရောက်လို့ အိမ်ထောင်ရက်သားကျတဲ့အခါ မိမိရဲ့ အိမ်ထောင်ဖက်ဆီက မျိုးရိုးရယ် ကိုယ့်ရဲ့မျိုးရိုးဗီဇရယ် ၂ ခုပေါင်းပြီး မျိုးဆက်သစ်တစ်ခု ဖြစ်ပေါ်လာကြမှာပါ ။အဲဒီမျိုးဆက်သစ်လေးမှာ မိမိဘက်ကရော ၊ မိမိအိမ်ထောင်ဘက်ကရောပါ မျိုးရိုးဗီဇတွေဆက်ခံကြမှာပါ ။ ဒါကြောင့်မို ရင်သွေးလေးရဲ့ မျိုးရိုးဗီဇကို စစ်ဆေးပြီး မိခင်ရင်း ၊ ဖခင်အရင်းတွေ ဖော်ထုတ်နိုင်ကြတာပါ ။ မျိုးရိုဗီဇ ( Gene ) ကိုတိုက်ဆိုင်စစ်ဆေးတာက ငွေကုန်ကြေးကျရှိပြီး ပြည်တွင်းမှာ အချို့အရာတွေက အလွယ်တကူမလုပ်နိုင်တဲ့ အပိုင်းတွေရှိပါတယ် ။


အလွယ်တကူခန့်မှန်းနိုင်တာကတော့ သွေးအုပ်စုပါ ။ မိမိရဲ့သွေးအုပ်စုနဲ့ မိမိအိမ်ထောင်ဘက်ရဲ့သွေးအုပ်စုကို သိခဲ့မယ်ဆိုရင် မိမိရင်သွေးလေးရဲ့ သွေးအုပ်စုကို ကြိုတင်ခန့်မှန်းနိုင်ပါတယ် ။ မိမိရင်သွေးလေးရဲ့သွေးအုပ်စုက ဖြစ်နိုင်တဲ့သွေးအုပ်စုမျိုးနဲ့ လုံးဝလွဲချော်နေရင်တော့ သေချာတဲ့ မှားယွင်းမှူတစ်ခုရှိနေပါပြီ ။ဒီဆောင်းပါးလေးကို ရေးရတဲ့ အကြောင်းအရင်းကတော့ ကျနော့်ကို ဒီအကြောင်းလေးနဲ့ ပတ်သတ်ပြီး ခင်ရာမင်ရာ တိုးတိုး တိတ်တိတ် မေးမြန်းခံရတာမျိုးကြုံရတာ တစ်ခါမကပါဘူး ။ကိစ္စများမြောင်လူတို့ဘောင်ဆိုတဲ့အတိုင်း အမျိုးမျိုး အထွေထွေသော အကြောင်းအရာစုံလင်ပါတယ် ။

စာဖတ်သူတွေအနေနဲ့ မိမိနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် ဆေးပညာဗဟုသုတ ရအောင်ရယ် ၊ မိမိရဲ့ရင်သွေး မျိုးဆက်သစ်လေး မှာ ဘယ်လိုသွေးအုပ်စု အမျိုးအစားဖြစ်လာနိုင်မလဲဆိုတာ ကြိုတင်ခန့်မှန်းနိုင်အောင်ရယ် ၊ နောက်တခါကျနော့်ကို လာမေးတဲ့သူရှိခဲ့ရင်လဲ ပေးဖတ်နိုင်အောင်ဆိုပြီး ဒီဆောင်းပါးလေးကိုရေးလိုက်ပါတယ် ။

သွေးအုပ်စု (၄)ခုရှိတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ ။မိဘရဲ့မျိုးရိုးဗီဇတွေကို ဆက်ခံပြီး ရင်သွေးလေးမှာ အဲဒီလေးအုပ်စုထဲကနေ ဘယ်သွေးအုပ်စုမျိုးဖြစ်မလဲဆိုတာကို ဆုံးဖြတ်သွားတာပါ ။မိခင် နဲ့ ဖခင်ဆီက မျိုးရိုးဗီဇ တစ်ဝက်ဆီပေါ့ ။အလွယ်ပြောရရင် လူတိုင်းလူတိုင်းရဲ့ မျိုးရိုးဗီဇမှာ ခရိုမိုဆုန်း ၄၆ ခုရှိပါတယ် ။၂ ခုတစ်တွဲ အတွဲလိုက်နေတော့ ၂၃ စုံရှိပါတယ် ။မိမိရင်သွေးလေးကို မျိုးရိုးဗီဇအမွေပေးတဲ့အခု ခရိုမိုဆုန်း ၂၃ တွဲကနေ တစ်ခြမ်းစီဖဲ့ထွက်ပြီး မိမိအိမ်ထောင်ဖက်ရဲ့ ခရိုမိုဆုန်း ၂၃ ခုနဲ့ပေါင်းပြီး ( တစ်ခြမ်း တစ်ခြမ်းစီပေါင်းပြီး ) ခရိုမိုဆုန်း ၂၃ တွဲပြန်ရသွားတာပါ ။လူတစ်ယောက်ရဲ့ ခရိုမိုဆုန်း ၂၃စုံ ( ၄၆ ခု ) ကိုအောက်မှာ ဖော်ပြထား ပါတယ် ။

သွေးအုပ်စုကို ထိန်းချုပ်တဲ့ မျိုးရိုးဗီဇ (၃) ခုရှိပါတယ် ။ i ,IA နဲ့ IB ပါ ။
IA ကသွေးအုပ်စု အေ ကိုကိုယ်စားပြုပါတယ် ။
IB ကသွေးအုပ်စု ဘီ ကိုကိုယ်စားပြုပါတယ် ။
IA နဲ့ IB က i အပေါ်လွှမ်းမိုးပါတယ် ။

မျိုးရိုးဗီဇ ခရိုမိုဇုန်းတွေက အပေါ်မှာဖော်ပြထားသလို အတွဲလိုက်နေကြတာပါ ။
ဒါကြောင့်မို့
သွေးအုပ်စု အေ ရဲ့ မျိုးရိုှးဗီဇဟာ IA + IA ဒါမှမဟုတ် IA + i ဖြစ်ပါတယ် ။
သွေးအုပ်စု ဘီ ရဲ့ မျိုးရိုးဗီဇဟာ IB + IB ဒါမှမဟုတ် IB + i ဖြစ်ပါတယ် ။
အိုင် အကြီးက အိုင်အသေးပေါ်ကို လွှမ်းမိုးတာကြောင့်ပါ ။
IA ရော IB ရော ၂ ခုလုံးပါတဲ့ IA + IB ရောကတော့ သွေးအုပ်စု အေဘီပါ ။
IA ရော IB ရော ၂ ခုလုံးမပါတဲ့ i + i ကတော့ သွေးအုပ်စု အို ပဲဖြစ်ပါတယ် ။
သားသမီးကို ဆက်ခံတာကတော့ အခုတွဲနေတဲ့ အိုင်၂ လုံးက အိုင်တခြမ်းနဲ့ မိမိအိမ်ထောင်ဘက်ဆီက အိုင် တစ်ခြမ်းပေါင်းပြီး ဘယ်သွေးအုပ်စုလဲဆိုတာကို ဆုံးဖြတ်သွားတာပါ ။

ဥပမာ တစ်ခု ပေါင်းစပ်ပြပါမယ် ။
အဖေ အေ သွေးအုပ်စုနဲ့ အမေ ဘီ သွေးအုပ်စုပါ ။
အဖေ့ဆီက အေ သွေး မျိုးရိုးဗီဇဟာ IA + i ဆိုပါစို့ ။
အမေ့ဆီက ဘီ သွေးမျိုးရိုးဗီဇဟာ IB + i ဆိုပါစို့ ။
အဖေ့ဆီက တစ်ခြမ်းနဲ့ အမေ့ဆီက တစ်ခြမ်းပေါင်းပါမယ် ။
ဖြစ်နိုင်တဲ့ အတွဲတွေကအောက်က ပုံလေးနဲ့ ရှင်းပြထားပါတယ် ။



ပုံမှာဖော်ပြထားတဲ့ allele ဆိုတာတွေက
A allele = IA
B allele = IB
O allele = i
တွေပဲဖြစ်ပါတယ် ။

ရင်သွေးလေးမှာ ဖြစ်လာနိုင်တဲ့သွေးအုပ်စုတွေက
IA နဲ့ I ပေါင်းသွားရင် အေ သွေး ( IA + i )
IB နဲ့ I ပေါင်းသွားရင် ဘီ သွေး ( IB + i )
IA နဲ့ IB ပေါင်းသွားရင် အေဘီ သွေး ( IA + IB )
I အချင်းချင်းပေါင်းသွားရင် အို သွေး ( ii )
ဆိုတဲ့ သွေးအုပ်စုလေးမျိုးလုံးဖြစ်လာနိုင်ပါတယ် ။
အေ သွေး နဲ့ ဘီ သွေး အိမ်ထောင်ပြုကြရင် ကလေးမှာ သွေးအုပ်စု ( ၄ ) မျိုးလုံးဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် အေ သွေးနဲ့ ဘီ သွေး အိမ်ထောင်ဘက်ကလွဲရင် အခြားသွေးအုပ်စုတွေ အိမ်ထောင်ပြုရင် ကလေးမှာ သွေးအုပ်စု အားလုံးမဖြစ်နိုင်တော့ပါဘူး ။

ဥပမာ နောက်တစ်ခုတွက်ပြပါမယ် ။အေ သွေး ဖခင်နဲ့ အိုသွေး မိခင်ပါ ။အေသွေးဖခင်ရဲ့ မျိုးရိုးဗီဇက IA + IA ဒါမှမဟုတ် IA + i ဖြစ်နိုင်ပါတယ် ။အိုသွေးမိခင်ရဲ့ မျိုးရိုးဗီဇကတော့ i + i တစ်မျိုးတည်းဖြစ်ပါမယ် ။သူတို့ ၂ ဦးပေါင်းစပ်ကြရင် ဖြစ်နိုင်တဲ့ မျိုးရိုးဗီဇအတွဲတွေက IAi ဒါမှမဟုတ် ii ပဲရပါတယ် ။
ဒါကြောင့် အေ သွေးနဲ့ အိုသွေး မိဘ နှစ်ဦးပေါင်းစပ်ကြရင် အေသွေး ဒါမှမဟုတ် အိုသွေး ဒီ ၂ မျိုးပဲရပါမယ် ။ကလေးလေးက ဘီသွေး ၊ အေဘီသွေးဖြစ်နေခဲ့ရင် သေချာတဲ့မှားယွင်းမှုတစ်ခုရှိနေပါပြီ ။
ဒီိလိုပဲ မိဘ နှစ်ဦးလုံး အိုသွေးရှိတဲ့ မိသားစုမှာ အေ ၊ ဘီ ၊ အေဘီသွေး ရှိတဲ့ကလေးဘယ်လိုမှ မွေးမလာနိုင်ပါဘူး ။သွေးအမျိုးအစားတိုင်းကို ဒီမှာ တွဲမပြတော့ပါဘူး ။ စာဖတ်သူတို့ စိတ်ဝင်စားတယ်ဆိုရင် တွဲကြည့်လို့ရပါတယ် ။

အလွယ်တကူဖြစ်အောင် မိဘ ၂ ဦးရဲ့ သွေးအမျိုးအစားနဲ့ ကလေးရဲ့ဖြစ်နိုင်တဲ့ သွေးအမျိုးအစားတွေကို ဇယားနဲ့ ဖော်ပြလိုက်ပါတယ် ။




အခုလောက်ဆိုရင် မိမိ မိသားစု နောင်အနာဂတ်ရင်သွေးလေးရဲ့သွေးအုပ်စုကို ခန့်မှန်းနိုင်ကြပြီလို့ မျှော်လင့် မိပါတယ် ။

ဆေးပညာဗဟုသုတ တိုးပွားနိုင်ကြပါစေ ။

Dr Zero


Public Health in Myanmar (လူထု ကျန်းမာ-မြန်မာပြည် ) မှ ကူးယူဖော်ပြထားသည်။ မြန်မာ ဆေးပညာရှင်များ အား အထူးကျေးဇူး တင်ရှိပါကြောင်း-


Rest of your post

No comments :