Friday, 30 January 2009

ငါတို့အကျင့်ဆိုးကလေး


(၁၉၃၀ ခုနှစ်၊မေလ ၃၀ ရက်နေ့တွင်ထုတ်ဝေသော တို့ဗမာ အစည်းအရုံး ၏ ကြေညာစာတမ်း၊ နိုင်ငံပြုစာစု အမှတ်(၁) ၌ ပါဝင်ခဲ့သော စာပိုဒ်လေးဖြစ်ပါသည်။ တို့ဗမာ အစည်းအရုံး တည်ထောင်ပြီ ဖြစ်ကြောင်း ပထမဦးဆုံး တတိုင်းပြည်လုံးအား အသိပေးကြေညာချက် လည်းဖြစ်ပါသည်။ ၁၉၇၆ ခုနှစ် ပထမအကြိမ် ထုတ်ဝေခဲ့သော “တို့ဗမာ အစည်းအရုံး သမိုင်း ပထမတွဲ” တွင် ပြန်လည်ပုံနှိပ်ဖော်ပြခဲ့ပါသည်။ မူရင်းအတိုင်း ပြန်လည်ဖော်ပြလိုက်ပါသည်။)

-မောင်လူအေး-

ငါတို့မှာ အကျင့်ဆိုးကလေးတခုရှိသည်။ ထိုအကျင့်ဆိုး ကို ဖျောက်ကြပါ။ ၎င်းအကျင့်ဆိုး ကလေးမှာ ကိုယ့်အိမ် မှတ်ထင်တတ်ခြင်း၊ ကိုယ့်အိမ်မှ ကိုယ်ချစ်ခင်တတ်ခြင်း၊ ကိုယ့်အိမ်မှ ကိုယ်စောင့်ရှောက်တတ်ခြင်း၊ ကိုယ့်အရပ်ကိုယ်မှ ကိုယ်သိတတ်ခြင်း၊ ကိုယ့်ရွာမှ ကိုယ်စောင့် ရှောက်တတ်ခြင်း ဖြစ်ပါသည်။ ဥရောပတိုက်ကြီးပွားခြင်းမှာ ဂရိတို့၏ ပညာရင်နို့ကို သောက်စို့ ရခြင်းကြောင့်ဖြစ်ပါသည်။ ဂရိတို့မှာ အတတ်ပညာဘက်တွင် ဥရောပတိုက်ကြီး ကို အမွေ ပေးခဲ့သူများ ဖြစ်သော်လည်း ငါတို့ ယခုခေတ် ရွှေဗမာများကဲ့သို့ ကိုယ့်အိမ်မှ ကိုယ်ချစ်တတ် ခြင်း၊ ကိုယ့်အရပ်လောက်ကိုသာ ကိုယ်စောင့်ရှောက်တတ်ခြင်း စသော အကျင့်ဆိုးကလေး ရှိခဲ့ကြခြင်းတို့ ကြောင့် ကမ္ဘာကို အုပ်စိုးနိုင်လောက်အောင် နှလုံးရည် ရှိလျက် မအုပ်စိုးရရုံမက ရောမတို့၏ လက်အောက်သို့ပင် ကျဆင်း၍ ကျွန်အဖြစ်သို့ ရောက်ဘူးသည် မှာ ရာဇ၀င် အထင်အရှား ရှိပါသည်။ သို့ဖြစ်ရကား ငါတို့ ဗမာများသည် ထိုအကျင့်ဆိုးကလေး ကို ဖျောက်၍ မြစ်ကြီးနားမှ ထားဝယ်ရောက်ဖြစ်သော ငါတို့ ဗမာပြည် တ၀ှမ်းလုံးကို ငါတို့ပြေ၊ ငါတို့မြေ၊ ငါတို့အိမ်၊ ငါတို့ယာ ဟု သတ်မှတ်ထား၍ ချစ်ခင်ကြ၊ စောင့်ရှောက်ကြ ပါကုန်။ သို့မှသာ ငါတို့သည် ကမ္ဘာပေါ်တွင် ယဉ်ကျေးသည် ဆိုသော တိုင်းကြီး နိုင်ငံကြီးသား တို့နှင့် ရင်ဘောင်တန်း နေနိုင်၍ လူစာရင်းပေါက် ပါလိမ့်မည်။ အင်္ဂလိပ် နိုင်ငံကို လူမျိုးခြား စစ်သား တဦး တယောက် လက်နက်ကိုင်၍ ၀င်လာလျှင် အင်္ဂလိပ်တိုင်း အင်္ဂလိပ်တိုင်း က ငါတို့အိမ် ကို စော်ကားသည်၊ ငါတို့ကို စော်ကားသူ ဟူ၍ သတ်မှတ်ကြပါသည်။ ဤနည်းအတိုင်းပင် ဂျာမဏီ နိုင်ငံကို၎င်း၊ ပြင်သစ် နိုင်ငံကို၎င်း မည်သည့်နိုင်ငံသား စသည်မှာမှ အခွင့်မရဘဲ လက်နက်ကိုင် ဆောင် ၍ မသွားနိုင်ပါ။ ယဉ်ကျေးသည် ဆိုသော နိုင်ငံကြီးသားများမှာ အသင်တို့ ငါတို့ ကိုယ့်အိမ် မှ ကိုယ့်အိမ် ဟု မှတ်ထင်တတ်သကဲ့သို့ ကိုယ့်နိုင်ငံတခုလုံးကို ကိုယ့်အိမ်ဟု သဘောထားကြမြဲ ဖြစ်ပါသည်။ တနိုင်ငံလုံးကို ကိုယ့်အိမ်ဟု မှတ်၍ ချစ်ခင်ခြင်းမှာ မျိုးချစ်စိတ် အစစ် ဖြစ်ပါသည်။ ထိုစိတ်မျိုး ရှိမှသာ စည်းလုံးညီညွတ်၍ တန်ခိုးရှိနိုင်ပါသည်။ တန်ခိုးရှိလို လျှင် ဗမာတနိုင်ငံလုံးကို ဒါတို့အိမ်ဟု အောင့်မေ့၍ ချစ်ခင်ပါ၊ စောင့်ရှောက်ပါ။

ကိုင်း - အချင်းတို့၊ တို့ဗမာ တို့ အသင်တို့ ငါတို့ အကျင့်ဆိုးကလေးဖြစ်သော ကိုယ့်အိမ်မှ ကိုယ့်အိမ် မှတ်ထားသော သေးသိမ်ညံ့ဖျင်းသည့် အကျင့်ဆိုးကလေး ကို နေ့စဉ် ဖျောက်ပြီးလျှင် မြစ်ကြီးနားမှ ထားဝယ်အရောက်ဖြစ်သော ဗမာနိုင်ငံကြီးတခုလုံးကို တို့အိမ် ကြီး ဖြစ်သည်ဟု မှတ်ကြပါကုန်။

(နှစ်ပေါင်း ၇၉ နှစ်ပြည့်လုနီးပါး ဤစာပိုဒ် ကလေးသည် ခေတ်မမှီတော့ဘူး ဟု မှတ်ယူကောင်း ယူနိုင်ပါသည်။ သို့သော် ၎င်းပါ တိုက်တွန်းချက်ကလေး မှာ ယနေ့ထက်တိုင် ကျွန်တော်တို့ လူမျိုးများ လိုက်နာကျင့်သုံး နိုင်ခြင်းမရှိသေးသည် မှာ အဖက်ဖက်မှ ယိုယွင်းပျက်စီး နေသော အမိမြန်မာပြည် ကြီးကို ပစက္ခ အချိန်၌ မြင်တွေ့နေရခြင်းဖြင့် အထင်အရှားသိနိုင်ပါသည်။ မြန်မာလူမျိုးတို့ ဥာဏ်ရည်အဆင့်အတန်းမြင့်မားကြောင်း၊ လုပ်ငန်းခွင်၌ သွက်လက်ချက်ချာ ပြီး အရိပ်ပြလျှင် အကောင်မြင်တတ်ကြောင်း ကို အုပ်စိုးခဲ့သူ အင်္ဂလိပ်တို့သာ မက ကမ္ဘာနိုင်ငံအသီးသီး မှ ပင် အသိအမှတ်ပြုကြပါသည်။ အထက်တန်းပညာ သင်ယူနိုင် မြန်မာပြည်သား များသာ မက အခြေခံ သေစာရှင်စာ လေး တတ်သော မြန်မာများပင် နိုင်ငံတကာ၌ ရုန်းကန်လှုပ်ရှား ရပ်တည်နိုင်သည် ကို ယခုခေတ်၌ အထင်အရှားမြင်တွေ့ နိုင်ပါသည်။ သို့သော် မြန်မာပြည်ကြီး အဘယ်ကြောင့် မပြောင်ရောင်နိုင်သနည်း။ ကမ္ဘာ့အလယ်၊ အာရှ အလယ်တွင် အဘယ်ကြောင့်မျက်နှာမွဲ နေရသနည်း။ အုပ်ချုပ်သူ အာဏာရှင်ဆိုးများကြောင့်လား။ မှန်ပါသည် သို့သော် လုံးဝ ၎င်း အာဏာရူးများ ကိုသာ အပြစ်ပုံချ ၍ မရပါ။ ၎င်းအာဏာရူး စစ်ကြောင်များ သည်လည်း ကျွန်တော်တို့ ပြည်တွင်းမှ (မိုက်ကြေးခွဲအနိုင်ကျင့်လိုစိတ်ရှိသော) ပြည်သားများသာ ဖြစ်ကြပါသည်။ အခြေခံမှာ မျိုးချစ်စိတ် ညံ့ဖျင်းနေမှုသည်သာဖြစ်ပါသည်။ အူမတောင့်မ သီလစောင့်နိုင်မည် ဟူသော မြန်မာစကားပုံ တခုသည် ပြည်တွင်းရှိ ဆင်းရဲသော ပြည်သူအတွက် လက်ခံနိုင်ဖွယ် အတိုင်းအတာ တခုရှိသော်လည်း လက်ရှိပြည်ပရောက် ရွှေမြန်မာများ (အူမတောင့်နေသော) ပင်လျှင် သီလသမာဓိ မဖြောင့်မတ်သည်ကို အထင်အရှားမြင်တွေ့နေရပေသည်။ မြန်မာပြည်ဖွားများ မျိုးချစ်စိတ်၊တိုင်းချစ်ပြည်ချစ်စိတ် ရှင်သန်ကြီးထွား၍ စာရိတ္တမြင့်မားကာ ကမ္ဘာအလယ် ၌ မော်ကြွားဂုဏ်တင့်နိုင်ကြပါစေဟု ရည်သန်ရင်း။ ဤကားစကားချပ်)






Rest of your post

3 comments :

Anonymous said...

ပထမဆုံး ကိုယ့်ကိုယ်ကို ငါ့တို့ဗမာလို့ ပြောတတ် တဲ့စောက်ကျင့်ကို ပြင်ပြီးမှ ပြော...။

Anonymous said...

"မွန်" ဆိုတဲ့...ရေ
ဆောင်းပါးအစမှာကိုပဲ "မူရင်းအတိုင်း ပြန်လည်ဖော်ပြလိုက်ပါသည်" ဆိုတဲ့စာသားပါ, ပါတယ် ဆောင်းပါးရဲ့ဆိုလိုရင်း က ဘာလဲဆိုတာ အရင်ဖတ်ကြည့်ပါဦး ခပ်ညံ့ညံ့လူမျိုးရေးအမြင်တွေကို ရှေ့တန်းမတင်လာပါနဲ့ ခင်ဗျားတို့လို ခပ်ထုံထုံ လူတွေရှိနေလို့ နအဖ က စိတ်အေးလက်အေး နဲ့
မြန်မာပြည်သူပြည်သားတွေကို သွေးခွဲအုပ်ချုပ်လို့ ရနေတယ် ဆိုတာ မမေ့ပါနဲ့ ဦးနှောက်ကို များများအသုံးချပါ စဉ်းစားတွေးခေါ်တတ်အောင် ကိုယ့်ကိုကိုယ် လေ့ကျင့်ပါ

Anonymous said...

မွန်ဆိုသော ဖိန့်(Fake)မွန် ခင်ဗျား
ခင်ဗျားဘာခင်ဗျား..ဘာလူမျိုးဖြစ်ဖြစ်.သမိုင်းကလာတဲ့ စာသားတပုဒ်ကိုတော့ စောက်ထဲ့ပြီးပြောတဲ့
အကျင့်ကို အရင်ပြင်လိုက်ပါအုန်း။ ယဉ်ကျေးလာပြီးမှ
ဆက်ဆွေးနွေးကြတာပေါ့။