Thursday, 29 January 2009
မြန်မာနိုင်ငံမှာ လူဦးရေ ၆ သန်းကျော်ဟာ အစားအစာပြတ်လတ်မှုနဲ့ ရင်ဆိုင်နေရ
-မြတ်စိုး-
၀၁-၂၉-၂၀၀၈
ဆင်းရဲမွဲတေနေတဲ့မြန်မာနိုင်ငံဟာ စစ်အုပ်စုရဲ့ မှားယွင်းနေတဲ့ စီမံခန့်ခွဲ အုပ်ချူပ်မှုအောက်မှာ လူဦးရေ ၆ သန်းကျော်ဟာ အစားအစာ ပြတ်လတ်မှုနဲ့ ရင်ဆိုင်နေကြရပါတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ လယ်ယာစိုက်ပျိုးရေး နှင့် စားနပ်ရိက္ခာ အဖွဲ့(FAO)ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိ ပါတယ်။ အများစုဟာ ဆိုင်ကလုံနားဂစ်ဒဏ်ခံခဲ့ ရတဲ့ မြစ်ဝကျွန်းပေါ်ဒေသ တွေမှာဖြစ်ပြီး၊ ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ် တွေမှာလည်း အစားရေစာပြတ်လတ်မှုတွေ နဲ့ ကြုံတွေ့နေရ တယ်လို့ ပြောဆိုသွားပါတယ်။
ဒီနှစ်အတွက် ဆိုင်ကလုံနားဂစ်ဒဏ်ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ အရေးပေါ်စားနပ်ရိက္ခာ တန်ချိန် ၈၅,၀၀၀ လိုအပ်နေပြီး၊ တခြားဒေသတွေအတွက် အရေးပေါ်စားနပ်ရိက္ခာ တန်ချိန် ၁၀၀,၀၀၀ လိုအပ် နေပါတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဆိုင်ကလုံနားဂစ်ဒဏ်ခံခဲ့ရတဲ့မြစ်ဝကျွန်းပေါ်ဒေသတွေမှာ လယ်ယာမြေတွေပျက်စီးနေမှု၊ ဓာတ်မြေသြဇာရှားပါးမှု၊ နှင့် ရာသီဥတု ဆိုးဝါးနေမှုကြောင့် စိုက်ပျိုးထုတ်လုပ်မှု သိသိသာသာကျဆင်းနေတယ်လို့ဖော်ပြပါရှိပါတယ်။ လယ်မြေဧက ၂ သန်း(၈၀၀,၀၀၀ ဟတ်တာဧက) ပျက်စီးခဲ့တာကြောင့် ၈၅ ရာခိုင်နှုန်း စားနပ်ရိက္ခာစုဆောင်းထားမှု ပျက်စီးခဲ့ရတယ်လို့ ကုလသမဂ္ဂ ၏ စီးပွားရေးပညာရှင် Cheng Feng နှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာ ကိုယ်စလှယ်အကြီးအကဲ Chris Kaye က အတည်ပြုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် လယ်ယာစိုက်ပျိုးထုတ်လုပ်မှု ၃၂.၅ ရာခိုင်နှုန်း ကျဆင်းသွားတာကြောင့် စားနပ်ရိက္ခာ တန်ချိန် ၁.၉၃ သန်း သာ ဒီနှစ်စောစောပိုင်းမှာ ထုတ်လုပ်နိုင်ခဲ့တယ်။ အခြားအကြောင်းကတော့ ဈေးကွက်မှာ ဆန်ဈေးနှုန်းကျဆင်းမှု နှင့် မြေသြဇာ ဈေးနှုန်းမြင့်မားလာမှု၊ ကြောင့် လယ်သမားတွေကို ဆန်စပါးစိုက်ပျိုးလာအောင် မဆွဲဆောင် နိုင်ခဲ့ဘူးလို့ အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။
တချို့ ဒေသတွေမှာ ဆိုင်ကလုံနားဂစ်ဒဏ်ခံခဲ့ရတာကြောင့် မျိုးစေ့တွေဟာ အကြိမ်ကြိမ်စိုက်ပျိုးခဲ့ကြသော်လည်း မအောင်မမြင်ဖြစ်ခဲ့ရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ မှ စီးပွားရေးပညာရှင် Cheng Feng က အစီရင်ခံစာထဲမှာ ပါရှိတဲ့အတိုင်း ထုတ်ဖော်ပြောဆိုသွားပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ အဖွဲ့ (FAO)ရဲ့ အစီရင်ခံစာထဲမှာ ပါရှိတဲ့ ကိန်းဂဏန်း အချက်အလက်တွေ ၊ အခြေအနေတွေ နဲ့ ပက်သက်ပြီး စစ်အုပ်စုအဖွဲ့ ကတော့ ဘာမှတရားဝင်တုန့်ပြန်ထားမှု မရှိသေးပါဘူး။ အယင်တုန်းကတော့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ ကိုယ်စလှယ်ဟောင်း Charles Petrie က မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ ကို မှန်မှန်ကန်ကန်ဝေဖန်ထောက်ပြခဲ့မှုကြောင့် မြန်မာပြည် ကနေ နှင်ထုတ်ခံခဲ့ရဘူးပါတယ်။ နားဂစ်မုန်တိုင်းဒဏ် ခံခဲ့ရပြီးနောက် ကမ္ဘာ့သတင်းမီဒီယာတွေက မြန်မာနိုင်ငံ၏ ဆင်းရဲ မွဲတေနေမှု အခြေအနေကပ်ဆိုး ကြီးကို ဖုံးကွယ်လို့မရအောင် ရှင်းလင်းထင်ရှားစွာ ဖော်ပြပေးခဲ့တာကြောင့် ကမ္ဘာ့ကုလသမဂ္ဂ ကိုယ်စလှယ်ဟောင်း Charles Petrie ရဲ့ အစီရင်ခံစာ ဟာ မှန်ကန် ခဲ့ကြောင်း နိုင်ငံတကာ က အသိအမှတ်ပြုလာခဲ့ကြတယ်။ ယခုအခါ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဆင်းရဲမွဲတေနေတဲ့ နိုင်ငံ ၁၀ နိုင်ငံထဲမှာ တနိုင်ငံ အဖြစ် အသိအမှတ်ပြုထားတာခံနေရပါတယ်။
Rest of your post
at
11:18
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment