Saturday, 31 January 2009

ကုလသမဂ္ဂ နှင့် နိုင်ငံတကာ က ကြီးကြပ် စောင့်ကြည့် ခဲ့သော အီရတ်ရွေးကောက်ပွဲ

အီရတ်အမျိုးသမီးများ လွတ်လပ်စွာမဲပေးနေကြစဉ်

-မြတ်စိုး-

အီရတ်မှာ ပြည်နယ်ရွေးကောက်ပွဲ ကို စနေနေ့က ကျင်းပခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ ပြည်နယ် ၁၈ ခု အနက် ပြည်နယ် ၁၄ နေရာမှာ ကိုယ်စလှယ် ၄၄၀ နေရာ အတွက် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်သူ ၁၄,၄၀၀ ယောက် အမည်စာရင်းတင်သွင်းခဲ့ပြီး၊ အမျိုးသမီး ၄၀၀၀ နီးပါး ပါဝင်ယှဉ်ပြိုင် ခဲ့ကြတယ် လို့ဆိုပါတယ်။ အနောက်အာရှ အရေးကို လေ့လာနေတဲ့ ပညာရှင် ဂျုရန်ကိုး ကတော့ ဒီရွေးကောက်ပွဲမှာ ထူးခြားချက် ၂ ခုကို တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ တခုက လွန်ခဲ့တဲ့ ၄ နှစ်က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲ ကို သပိတ်မှောက် ဆန့်ကျင် ခဲ့တဲ့ ဆွန်နီ အာရပ်လူမျိုးတွေ နှင့် ဆွန်နီပါတီများ ပါဝင်ခဲ့တဲ့ အပြင်၊ ရှီးရိုက် အာရပ်လူမျိုးတွေ၊ပါတီတွေ အချင်းချင်းမှာလည်း ယခင်ကလို ညွန့်ပေါင်းပါတီတရပ်ဖြင့် ရပ်တည်ပြီး ယှဉ်ပြိုင်မှုမရှိဘဲ၊ ပါတီအချင်းချင်း၊ ကိုယ်စလှယ်လောင်း အချင်းချင်းတွေ အကြား အကြိတ်အနယ်ယှဉ်ပြိုင်မှုတွေ ပြုလုပ်နေတာတွေ့ရတယ်လို့ ဆိုတယ်။ ယောက်ျားများဟာ အာရပ်ယဉ်ကျေးမှုမှာ ကြီးစိုထားမှုရှိနေသော်လည်း အီရတ်မှာပြဌာန်းထားသော ရွေးကောက်ပွဲဥပဒေအရ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ အမျိုးသမီးတွေဟာ ပါလီမာန်မှာ သူတို့အတွက် ၂၅ ရာခိုင်နှုန်း နေရာသတ်မှတ်ပြဌာန်းပေးထား ပါတယ်။ အီရတ်အမျိုးသမီးတွေ ဟာ အီရတ်နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်လာတာတွေ့နေရပြီး၊ သူတို့ဟာ ပြုပြင်ပြောင်းလဲမှု နှင့် အမျိုးသမီးအခွင့်အရေးတွေ ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသမီးကိုယ်စလှယ်တွေက ထုတ်ဖော်ပြောဆိုနေကြပါတယ်။ ဒါဟာ အင်မတန်မှ အားရစရာကောင်းတဲ့ ခြေလှမ်းတရပ်ဖြစ်ပြီ၊ ဒီရွေးကောက်ပွဲဟာ အီရတ်ပြည်သူတွေရဲ့ အနာဂတ် အတွက်အရေးပါတဲ့ ခြေလှမ်းတရပ်လည်းဖြစ်ပါတယ် လို့ အီရတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကြီးအကဲ ကထုတ်ဖော်ပြောဆို ခဲ့ပါတယ်။

အီရတ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အီရတ်ရှိ ကုလသမဂ္ဂအဖွဲ့ UN Mission in Iraq (UNAMI) နဲ့ အီရတ် လွတ်လပ်မှုရှိသော အဆင့်မြင့် ရွေးကောက်ပွဲ ကော်မရှင် Iraq’s Independent High Electoral Commission (IHEC)က မဲပေးသူတွေ အတွက် လွတ်လပ်မှု၊ တရားမျှတမှုရှိအောင် စောင့်ကြည့် ကြီးကြပ်ကွပ်ကဲခဲ့ပြီး၊ နိုင်ငံတကာ လေ့လာစောင့်ကြည့်နေသူများနှင့် နိုင်ငံတွင်းရှိပါတီပေါင်းစုံက လေ့လာသူများ ကလည်း စောင့်ကြည့်မှုတွေပြုလုပ်ခဲ့ကြတယ်။ ရွေးချယ်ခံရသည့် ကိုယ်စလှယ်တွေနဲ့ ဖွဲ့စည်းမည့် ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့ ကနေ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်ကြမှာဖြစ်ပြီး၊ ပြည်နယ်အုပ်ချူပ်ရေးမှူးတွေဟာ ဒေါ်လာ ၂.၄ ဘီလီယံ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ ကို တာဝန်ယူကြီးကြပ်သွားကြမှာဖြစ်ပါတယ်။

အီရတ် မှာ လူဦးရေ ၂၈ သန်းကျော်ရှိပြီး၊ ၁၄ သန်းကျော် မဲပေးဖို့ စာရင်းပေးထားတယ်လို့သိရပါတယ်။ နောက်ဆုံးရရှိတဲ့ သတင်းတွေ အရ မဲပေးသူ ၇.၅ သန်းသာ မဲရုံတွေမှာ မဲပေးခဲ့ကြတယ်လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။ မဲပေးသူဟာ ထင်သလောက် မရှိခဲ့တာကြောင့် အီရတ်နိုင်ငံရေးအခြေအနေဟာ စိုးရိမ် နေရဆဲဘဲလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြတယ်။ တချို့ အရွေးချယ်ခံမည့် သူတွေကို ကိုယ်စလှယ်လောင်း စာရင်းတွေထဲမှာ မတွေ့ခဲ့ရဘူးလို့ မဲပေးသူတချို့ က စွပ်စွဲမှုတွေ ပြုလုပ်တာ ကြားသိရပါတယ်။
ဒါပေမဲ့လည်း ကုလသမဂ္ဂအဖွဲ့ UN Mission in Iraq (UNAMI) နဲ့ အီရတ် လွတ်လပ်မှုရှိသော အဆင့်မြင့် ရွေးကောက်ပွဲ ကော်မရှင် က ရွေးကောက်ပွဲ မှာ အကြမ်းဖက်မှုတွေ မရှိခဲ့ဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။

အီရတ် ၀န်ကြီးချုပ် နိုရီမာလီကီ က ရွေးကောက်ပွဲဟာ ငြိမ်းချမ်းစွာနဲ့ လုပ်ဆောင်နိင်ခဲ့တယ်။ဒီလိုလုပ်ဆောင်နိင် တာဟာ တကယ့်ကို အီရတ်ပြည်သူတွေရဲ့ လွတ်မြောက်ရေး အောင်ပွဲကြီးလို့ ပြောပါတယ်။ အီရတ်ကို အမေရိကန် တွေ သိမ်းပိုက်ပြီ ၆နှစ်နီူပါး အကြာမှာ ပြုလုပ်တဲ့ဒီရွေးကောက်ပွဲ ဟာ အီရတ် မှာ တည်ငြိမ်မှု ရှိလာပြီဆိုတာကို ပြသတာဖြစ်တယ်လို့ဆိုတယ်။ မဲရုံတွေမှာတော့ စစ်သားတွေ အမြောက်အများ စောင့်ကြပ် ပေးခဲ့ပါတယ်။ ရွေးကောက်ပွဲ ဟာ ၀န်ကြီးချုပ် မာလီကီ ဦးဆောင်မှုအောက်မှာ လွတ်လပ်မှု တစုံတရာ ရှိတယ်လို့ ယူဆနိင်စရာရှိပါတယ်။ သူက ဒါ အီရတ်လူမျိုးတွေအားလုံးအတွက်အောင်ပွဲ၊ အစိုးရအပေါ်မှာ ယုံကြည် မှုရှိနေတယ်ဆိုတာ ပြသနေပါတယ်လို့ပြောပါတယ်။

အီရတ်အမျိုးသမီး ကိုယ်စလှယ် မဲဆွယ်နေပုံ ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။


No comments :