Tuesday, 3 February 2009

ကမ္ဘာ့စီးပွားရေး ကျားကန်မှုများနှင့် မြန်မာပြည်




-မြတ်စိုး-
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 03 2009 13:50 - မြန်မာစံတော်ချိန်
မိဇ္ဈိမ သတင်းဌာန

ကျနော် ပြီးခဲ့တဲ့အပတ်က ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကို လိပ်ပြာအကျိုးသက်ရောက်မှုနဲ့ နှိုင်းယှဉ်ရေးသား ခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ ပါတဲ့အတိုင်း ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးဟာ အမေရိကန်နိုင်ငံ သာမက ဥရောပ၊ အာရှနှင့် ပစ္စိဖိတ်ကျွန်းဆွယ်ရှိ နိုင်ငံတွေကို တမဟုတ်ချင်း ကူးစက်သွားနေပါပြီ ဆိုတာပါပဲ။

ဟုတ်ပါတယ်။ ဒီ စီးပွားရေး ဆူနာမီ လှိုင်းလုံးကြီးဟာ လူမျိုးမရွေး၊ ဘာသာမရွေး၊ တိုင်းပြည်မရွေး၊ ဆင်းရဲ ချမ်းသာ မရွေးဘဲ အားလုံးကို သယ်ဆောင်တိုက်စားသွားပါလိမ့်မယ်။ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေ ဖြစ်ကြတဲ့ ဥရောပက ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေမှာ ပြီးခဲ့တဲ့အပတ်က ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးကို ဘယ်လို ရင်ဆိုင်နေကြသလဲ၊ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေပြီလဲဆိုတာ ကျနော် အတိုချုပ် တင်ပြချင်ပါတယ်။

နောက်ပိုင်းမှာတော့ နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေကို ဘယ်လိုထိခိုက်လာနိုင်မလဲ၊ ကျနော်တို့ရဲ့ အိမ်နီးနားချင်း နိုင်ငံတွေမှာလည်း ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးအပေါ် ဘယ်လိုပြင်ဆင်မှုတွေ ပြုလုပ်နေကြသလဲဆိုတာ ကျနော် တင်ပြဆွေးနွေးသွားပါမယ်။

ပြင်သစ်နှင့် ဗြိတိန်တို့ ရင်ဆိုင်နေရသော စီးပွားရေး အကျပ်အတည်း


၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့က ပြင်သစ်နိုင်ငံမှာ တနိုင်ငံလုံးက ထောင်နဲ့ချီရှိတဲ့ အလုပ်သမားတွေ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြတယ်။ မြို့ပေါင်း ၂၀၀ ကျော်က အလုပ်သမားပေါင်းစုံ ပါဝင်ဆန္ဒပြခဲ့ တာကြောင့် အမဲရောင် ကြာသပတေးနေ့ (Black Thursday) လို့ တင်စားခေါ်ဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက လက်ရှိရင်ဆိုင်နေရတဲ့ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးအပေါ် ပြင်သစ်သမ္မတ ဆာကိုဇီအစိုးရရဲ့ ပြင်ဆင် ဆောင်ရွက်မှုတွေဟာ သိပ်ကို နှေးကွေးလွန်းတယ်၊ ထိရောက်မှုမရှိဘူး၊ ဆင်းရဲသားတွေနဲ့ သာမန်အလုပ်သမား တွေထက်စာရင် ဘဏ်လုပ်ငန်းကြီးတွေကိုသာ ပြင်သစ်အစိုးရက ဦးစားပေး ဖြေရှင်းပေးနေမှုကို မကျေမနပ် ဖြစ်လို့ ဆန္ဒပြခဲ့ကြတာပါ။ ဆာကိုဇီအစိုးရက အလုပ်သမားသမဂ္ဂနဲ့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမယ်လို့ ကတိပြုခဲ့တယ်။ ပြင်သစ်အစိုးရက ဥရောပငွေ ၂၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၃ ဒဿမ ၁ ဘီလီယံ) အကုန်အကျခံပြီး ရင်ဆိုင်နေရတဲ့ စီးပွားရေးကပ်ဆိုးကြီးကို ဖြေရှင်းကျားကန်မှုတွေ ပြုလုပ်နေပါတယ်။

ဗြိတိန်နိုင်ငံမှာတော့ North Killingholme, North Lincolnshire ရှိ Lindsey Oil Refinery ရေနံချက်စက်ရုံမှာ တည်ဆောက်မယ့် ပေါင် သန်း ၂၀၀ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ရာနဲ့ချီတဲ့ အီတလီ၊ ပေါ်တူဂီ နိုင်ငံခြားသားတွေကို အလုပ်လုပ်ကိုင်ခွင့် ပေးခဲ့မှုအပေါ် ဗြိတိန်အလုပ်သမားတွေက မကျေမနပ် ဖြစ်ခဲ့ရာက ဆန္ဒပြမှုတွေဟာ စကော့တလန်၊ ဝေးလ် (Wales)၊ မြောက်အိုင်ယာလန်၊ ဗြိတိန် နေရာအများအပြားမှာ ပျံ့နှံ့နေပြီး၊ ဒီကိစ္စကို ၀န်ကြီးချုပ် ဂေါ်ဒွင်ဘရောင်း ဦးဆောင်တဲ့ ဗြိတိန်အစိုးရက ဖြေရှင်းမပေးရင် တနိုင်ငံလုံး အလုပ်သမားတွေ ဆန္ဒပြမယ်လို့ ဗြိတိန် အလုပ်သမားသမဂ္ဂတွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ တပတ်ကပဲ အမေရိကန်မှာ ကမ္ဘာကျော် ကုမ္ပဏီကြီးတွေက တပတ်အတွင်း အလုပ်သမား တသိန်း လျှော့ချခဲ့တယ်။ တရုတ်ပြည်မှာ ရွှေ့ပြောင်းအလုပ်သမား သန်း ၁၃၀ ရှိတဲ့အထဲက သန်း ၂၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ တရုတ်အစိုးရက ဖေဖော်ဝါရီလ ၂ ရက်နေ့က ကြေညာခဲ့တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ် ရွှေ့ပြောင်းအလုပ်သမား ၁၀ သန်း အလုပ်လက်မဲ့ ဖြစ်ခဲ့သေးတယ်။

တချိန်တည်း၊ တပြိုင်တည်းမှာပဲ ကမ္ဘာကျော် ဥရောပ ကုမ္ပဏီတွေကလည်း အလုပ်အကိုင် လျှော့ချခဲ့သလို နိုင်ငံအများအပြားမှာ အလုပ်လက်မဲ့ တိုးမြင့်လာနေကြောင်း တရားဝင် ထုတ်ပြန်တာတွေကို သတင်းတွေမှာ တောက်လျှောက် တွေ့လာနေရပါတယ်။

ဒီအခြေအနေတွေကို လေ့လာသုံးသပ်ကြည့်ရင် ဥရောပနိုင်ငံတွေနဲ့ အခြားနိုင်ငံတွေ မှာ ကိုယ့်နိုင်ငံသားကို ဦးစားပေးဖြေရှင်းပေးရန် ပိုမိုတောင်းဆိုမှုတွေ ရှိလာနိုင်ပြီး၊ စီးပွားရေးပျက်ကပ်ချိန်အတွင်း နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်ကိုင်ခွင့် တရားဥပဒေဆိုင်ရာ အငြင်းပွားမှုတွေ၊ ဥရောပ နိုင်ငံအချင်းချင်းနဲ့ အခြားနိုင်ငံတွေ အချင်းချင်းမှာ ရှိလာနိုင်ပါလိမ့်မယ်။ ဒီလိုပြဿနာတွေဟာ အာရှနိုင်ငံတွေမှာလည်း ရင်ဆိုင်ဖြေရှင်း ကြရမှာဖြစ်သလို လူမျိုးရေးတင်းမာမှုတွေ၊ ပဋိပက္ခတွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေဟာလည်း ဖြစ်ပေါ် လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

မြန်မာတွေကို ဘယ်လိုထိခိုက်လာနိုင်မလဲ



ဥပမာ ပြီးခဲ့တဲ့နှစ်က တောင်အာဖရိကနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အဓိကရုန်းကို လေ့လာနိုင်ပါတယ်။ တောင်အာဖရိကနိုင်ငံကို တရားမ၀င် လာရောက်လုပ်ကိုင်နေကြတဲ့ ဇင်ဘာဘွေ အလုပ်သမားတွေကို တောင်အာဖရိက ဒေသခံပြည်သူတွေက တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ပါ။ တချို့ တောင်အာဖရိကရှိ ဇင်ဘာဘွေ လူမျိုးတွေဟာ မိမိတို့နေရပ်ဆီ အတင်းအဓ္ဓမ နှင်ထုတ်တာ ခံခဲ့ရတယ်။ ဒီလိုဖြစ်ရပ်မျိုး နိုင်ငံတကာမှာ သန်းနဲ့ချီ သွားရောက်လုပ်ကိုင် နေကြတဲ့ မြန်မာလူမျိုးတွေကိုများ ဖြစ်မလားဆိုတဲ့ စိုးရိမ်မှု ကျနော်ကတော့ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်၊ တရားမ၀င် လုပ်နေသူ မြန်မာပြည်သား ၂ သန်းလောက် ရှိတယ်လို့ ထိုင်းအစိုးရက ခန့်မှန်းပြောဆိုထားဖူးပါတယ်။ ဒီလိုပဲ တရားဝင်၊ တရားမ၀င် အလုပ်လုပ်နေသူ မြန်မာပြည်သားတွေဟာ မလေးရှား၊ စင်္ကာပူ၊ ဂျပန်၊ အိန္ဒိယ၊ တရုတ်၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေအပြင် ဥရောပတိုက်၊ အမေရိကတိုက်၊ အာဖရိကတိုက် နိုင်ငံတွေမှာပါ လုပ်ကိုင်နေကြတယ်။ ဒီလိုနဲ့ပဲ နိုင်ငံတကာမှာ သန်းနဲ့ချီရှိတဲ့ အလုပ်လုပ်နေသူ မြန်မာလူမျိုးတွေဟာ တနှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး မိသားစုတွေရှိရာ မြန်မာနိုင်ငံကို ငွေလွှဲ ပို့ပေးနေကြပါတယ်။ ဒီတော့ လက်ရှိ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြီးဟာ မြန်မာနိုင်ငံက ပြည်သူတွေကို သိသိသာသာ ထိရောက်ပါလိမ့်မယ်။ နိုင်ငံတကာရောက် မြန်မာလုပ်သားတွေရဲ့ အခြေအနေဟာ မြန်မာပြည်မှာရှိတဲ့ သူတို့မိသားစုဝင်တွေကို တိုက်ရိုက်သက်ရောက်နေသလို၊ မြန်မာနိုင်ငံမှာ ငွေကြေးလည်ပတ်မှု၊ ၀ယ်လိုအား ရောင်းလိုအား အခြေအနေ၊ ငွေကြေးလဲလှယ်မှုနှုန်းထား၊ ကုန်ပစ္စည်းဈေးနှုန်း အတက်အကျနဲ့ အလုပ်လက်မဲ့ အခြေအနေ၊ သွင်းကုန်ထုတ်ကုန် နှုန်းထားကိုပါ တဖြည်းဖြည်း လာရောက် သက်ရောက်မယ်ဆိုတဲ့ အချက်ပါ။

ဒီ စီးပွားရေး ဆူနာမီ လှိုင်းလုံးကြီးကို နိုင်ငံများစွာက ကြံ့ကြံ့ခံနိုင်ဖို့ ပြင်ဆင်မှုတွေကို ပြုလုပ်နေကြပါတယ်။ ကမ္ဘာ့စီးပွားရေး အင်အားကြီးတဲ့ အမေရိကန်နိုင်ငံကတော့ ဒေါ်လာ ၈၁၉ ဘီလီယံ သုံးစွဲပြီး၊ စီးပွားရေး ပြန်လည်ဦးမော့လာအောင် ပြင်ဆင်နေသလို၊ အာရှစီးပွားရေး အင်အားကြီး နိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံကလည်း ဒေါ်လာ ၅၈၆ ဘီလီယံ အကုန်အကျခံပြီး ကြိုးစားသွားမယ်လို့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒီလိုပဲ ဂျပန်က ဒေါ်လာ ၂၇၅ ဘီလီယံနဲ့ ဥရောပနိုင်ငံ အသီးသီးဟာလည်း ဒေါ်လာ ဘီလီယံ ရာပေါင်းများစွာ အကုန်အကျခံပြီး စီးပွားရေး ပြန်လည်ဦးမော့လာအောင် ပြင်ဆင်နေကြပါတယ်။ ဒီတော့ ချမ်းသာတဲ့ နိုင်ငံတွေကပဲ ဒေါ်လာဘီလီယံ ရာနဲ့ချီပြီး ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးရဲ့ အကျိုးဆက်တွေကို ပြင်ဆင်နေကြတာလား။ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ဒေသတွင်း နိုင်ငံတွေ ဖြစ်ကြတဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ အစိုးရတွေဟာ စံနစ်တကျ ပြင်ဆင်နေကြပါတယ်။ ဒီ နိုင်ငံတွေကို လေ့လာကြရအောင်။

ထိုင်းအစိုးရ၏ စီးပွားရေးကျားကန်မှု အစီအစဉ်


ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ် အဘီဆစ် ခေါင်းဆောင်တဲ့ အစိုးရက ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးရဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ဖို့နဲ့ ထိုင်းစီးပွားရေး ကျားကန်ပေးမယ့် အစီအစဉ်ကို အမေရိကန် ဒေါ်လာ ၈ ဒဿမ ၇ ဘီလီယံကို သုံးစွဲဖို့တင်ပြခဲ့ကြတယ်။ ဒါပေမဲ့လည်း ထိုင်းပါလီမန်က ဒီနေ့ပဲ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၃၅ ဘီလီယံ (၁၁၆ ဒဿမ ၇ ဘီလီယံ ဘတ်) ကိုသာ သုံးစွဲဖို့ အတည်ပြုပေးခဲ့တယ်။ ထိုင်းနိုင်ငံ၏ စီးပွားရေး ကျားကန်ပေးမယ့် အစီအစဉ်ကို ဒီနေရာမှာ နားဆင်နိုင်ပါတယ်။ ထိုင်းအစိုးရက ထိုင်းပြည်သူတွေကို သိအောင် တရားဝင် ထုတ်ပြန်ကြေညာပေးခဲ့တာပါ။ ဒီ စနစ်တကျ သုံးစွဲမယ့် အစီအစဉ်တွေမှာ လစာနဲသူတွေကို ဘတ်ငွေ ၂၀၀၀ (အမေရိကန် ၅၈ ဒေါ်လာ) ထောက်ပံ့ရေး၊ အခမဲ့ ရေနဲ့ လျှပ်စစ်သုံးစွဲနိုင်မှု၊ အခမဲ့ ရထားနဲ့ ဘတ်စ်ကားများ စီးနင်းနိုင်စေမှု၊ ၁၅ နှစ် အခမဲ့ ပညာရေးသင်ကြားနိုင်စေမှုနဲ့ ငွေကြေး ထောက်ပံ့ပေးမှုတွေ ပါဝင်ပါတယ်။ အစိုးရတရပ်က သူတို့ပြည်သူတွေရဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို စနစ်တကျ တာဝန်သိသိ လုပ်ဆောင်နေတဲ့ သုံးစွဲမှု အစီအစဉ်တွေပါ။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နိုင်သူ ၃၇ ဒဿမ ၆ သန်းရှိတဲ့အပြင် တရားမ၀င် ၀င်ရောက် လုပ်ကိုင်နေသူတွေဟာ ၅ သန်းကျော်ရှိ နေပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၀၈ ခုနှစ် ပထမ ကိုးလပတ်အတွင်း ထိုင်းလူမျိုး ၅၃၀,၀၀၀ အလုပ်လက်မဲ့ ဖြစ်ခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာ ၉၀၀,၀၀၀ ကျော်ရှိလာလိမ့်မယ်လို့ ထိုင်းအစိုးရရဲ့ အမျိုးသားစီးပွားရေးနဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုဌာနက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း ထိုင်းနိုင်ငံမှာ တရားမ၀င် လုပ်ကိုင်နေတဲ့သူတွေ သန်းနဲ့ချီ အလုပ်လုပ်နေတာကြောင့် ထိုင်းလူမျိုးတွေ အလုပ်အကိုင်တွေ ရနိုင်ဖို့အတွက် အခွင့်အလမ်းတွေ ဖန်တီပေးသင့်ကြောင်း ထိုင်းစီးပွားရေးပညာရှင်တွေနဲ့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် တချို့က သတိပေးပြောဆိုနေပါတယ်။

မလေးရှား အစိုးရ၏ စီးပွားရေးကျားကန်မှု အစီအစဉ်


မလေးရှားနိုင်ငံမှာ ၂၀၀၆ ခုနှစ်က တရားမ၀င် အလုပ်လုပ်ကိုင်နေသူ ၅ သန်းကျော်ရှိသလို မလေးရှားလူမျိုး ၃၀၀,၀၀၀ ကျော်ဟာ စင်္ကာပူနိုင်ငံမှာ လခကောင်းကောင်းနဲ့ အလုပ်လုပ်နေတယ်လို့ မလေးရှားအစိုးရက ထုတ်ပြန်ကြေညာခဲ့တယ်။ မလေးမှာ တရားဝင် အလုပ်လုပ်နေသူ နိုင်ငံခြားသားကတော့ ၂ ဒဿမ ၂ သန်း ရှိနေပါတယ်။ မလေးရှားအစိုးရရဲ့ တရားဝင် ထုတ်ပြန်ကြေညာချက်အရ ၂၀၀၈ ခုနှစ် တနှစ်တည်းမှာတင် ၄၀၀,၀၀၀ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရတယ်။ အလုပ်အလက်မဲ့ဖြစ်မှုဟာ ၂၀၀၉ ခုနှစ်မှာ ပိုမို များပြားလာဖို့ ရှိတယ်လို့ မလေးရှား အစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။ တချိန်ထဲမှာပဲ မလေးရှားလူမျိုးတွေ အလုပ်အကိုင် ရဖို့အတွက် နိုင်ငံခြားသား အလုပ်သမားတွေကို မှီခိုမှုမှ ကင်းအောင် စနစ်တကျ စီမံပြီး၊ ပြင်ဆင်သွားမယ်လို့လည်း ထုတ်ဖော်ပြောဆိုနေကြတယ်။

မလေးရှားအစိုးရဟာ ၂၀၀၈ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးရဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၉၃ ဘီလီယံ (မလေးရှားရင်းဂစ် ၇ ဘီလီယံ) သုံးစွဲခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ စီးပွားရေး ပြန်လည် ဦးမော့လာအောင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ထပ်မံသုံးစွဲဖို့ ပြင်ဆင်နေပြီလို့ မလေးရှား ဒုတိယ၀န်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ စီးပွားရေးကျားကန်ပေးမယ့် ပထမအစီအစဉ်မှာ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းတွေ၊ ငွေရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေ၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းတွေမှာ တိုးတက်အောင် သုံးစွဲသွားခဲ့ပြီး၊ ဒုတိယ သုံးစွဲမယ့် အမေရိကန်ဒေါ်လာ ၄ ဘီလီယံမှာ ပုဂ္ဂလိက လုပ်ငန်းတွေကို ငွေချေးဖို့၊ ပြည်သူများ အခမဲ့စီးနိုင်ဖို့နဲ့ ဈေးနှုန်းချိုသာစေမယ့် သယ်ယူပို့ဆောင်ရေး လုပ်ငန်တွေမှာ ရင်းနှီးမြှုပ်နှံသုံးစွဲဖို့၊ အလုပ်လက်မဲ့တွေအတွက် ထောက်ပံ့ကူညီဖို့၊ လစာနဲ ၀န်ထမ်းတွေကို ငွေကြေးထောက်ပံ့ဖို့နဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေမှာ သုံးစွဲဖို့ စီမံမှုတွေ၊ အရေးတယူ ဆောင်ရွက်မှုတွေကို ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဒါတွေဟာ အိမ်နီချင်း ဒေသတွင်းနိုင်ငံတွေမှာ အစိုးရတွေက သူတို့ပြည်သူတွေ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးက သက်ရောက်လာမယ့် အကျပ်အတည်းက သက်သာမှုရှိအောင် အရေးယူ ပြင်ဆင်ဆောင်ရွက်မှုတွေပါ။

ကျားကန်မှု မပြုလုပ်နိုင်တဲ့ မြန်မာနိုင်ငံ (သို့) လည်စင်းခံရမည့် သိုးငယ်များဘဝ


ကျနော်တို့ မြန်မာနိုင်ငံမှာ လက်ရှိ ရင်ဆိုင်နေကြရတဲ့ အကျပ်အတည်းတွေကို လေ့လာကြည့်ရအောင်။ မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် မေလက နာဂစ်မုန်တိုင်း တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၃၈၀၀၀ သေဆုံး၊ ပျောက်ဆုံးခဲ့တာ မြန်မာတပြည်လုံး သိရှိပြီးသားပါ။ ဒီအရေအတွက်ဟာ ဒုတိယ ကမ္ဘာစစ်ကာလ ဂျပန်နိုင်ငံ ဟီရိုရှီးမားမှာ အဏုမြူဗုံးကြောင့် သေဆုံးသွားတဲ့ လူဦးရေနီးပါးခန့် ရှိတယ်။ ဒီ သဘာဝ ဘေးအန္တရာယ်ဆိုး ဒဏ်ကြောင့် မြန်မာတနိုင်ငံလုံးမှာ လောလောဆယ် လူဦးရေ ၅ သန်းကျော် အစားအစာ ပြတ်လတ်မှုနဲ့ ရင်ဆိုင်နေရပြီ။ အခုလည်း စီးပွားရေး ဆူနာမီလှိုင်းလုံးကြီး ကျရောက်နေပြီဆိုတာ တမ္ဘာလုံးက ပြောဆိုနေကြတယ်။ နာဂစ်မုန်တိုင်း ကာလကလို လက်ရှိ အုပ်ချုပ်နေတဲ့ စစ်အုပ်စု ခေါင်းဆောင်တွေဟာ တခြား အိမ်နီးချင်းအစိုးရတွေလို ပြင်ဆင်မှု၊ ကယ်ဆယ်မှု မလုပ်ဘဲ နှေးကွေးနေမယ်ဆိုလျှင်တော့ မြန်မာပြည်သူတွေအတွက် ပိုပြီး အထိနာပါလိမ့်မယ်။

အမှန်တော့ ပြည်သူတွေကို ဖားရှာ၊ ငါးရှာ ရှာဖွေစားသောက်ခိုင်းထားတဲ့ ဒီစစ်အုပ်စုမှာ အရေးပေါ် အခြေအနေ အခုလို ကြုံလာခဲ့ပေမယ့် အိမ်နီးချင်းနိုင်ငံက အစိုးရတွေလို ဒေါ်လာဘီလီယံနဲ့ချီ သုံးစွဲနိုင်တဲ့ ငွေကြေး အလုံအလောက် မရှိပါဘူး။ ဒီလို ငွေကြေး မရှိနေတာကလည်း သူ့တို့ဘာသာ သူတို့ ဖန်တီးခဲ့တာဖြစ်တယ်။ တမ္ဘာလုံးကို အန်တုပြီး၊ စစ်အာဏာရှင်စနစ်ကို ပြန်လည် အကောင်အထည်ဖော်ကာ၊ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို စနစ်တကျ ပိတ်ပင်တားဆီးနေလို့ပါပဲ။ နိုင်ငံတကာမှာလည်း ကိုယ့်စီးပွားရေး ပြဿနာ ကိုယ် အရင်ဖြေရှင်းနေရလို့၊ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အကျပ်အတည်း ဒုက္ခတွေကို ရှေ့တန်းထား စဉ်းစားကြမှာ မဟုတ်ပါဘူး။ ဒီလို ငွေကြေးမရှိလို့လည်း ပြည်သူတွေကို ဘာမှ ထောက်ပံ့ပေးနိုင်မှု၊ အကာအကွယ် ပေးနိုင်မှု မလုပ်နိုင်ကြတာပါ။

လက်ရှိ တိုင်းပြည်အုပ်ချုပ်နေတဲ့ စစ်အုပ်စုဟာ လယ်သမားတွေကို ငွေကြေးထောက်ပံ့မှု၊ နည်းပညာ ထောက်ပံ့မှုနဲ့ အတိုးနှုန်း သက်သာတဲ့ ငွေချေးပေးမှုတွေကို ပြုလုပ်ပေးခြင်း မရှိသလို၊ ပြည်သူတွေကို စီပွားရေး အကျပ်အတည်း ကာလမှာ အခမဲ့ ယာဉ်စီးနင်းသွားလာခွင့်၊ အခမဲ့ တက္ကသိုလ်ပညာရေး သင်ကြားခွင့်တွေ ကိုလည်း စီစဉ်မပေးပါဘူး။ ဆင်းရဲသား ပြည်သူတွေကတော့ ဆိုင်ကလုန်း နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့စဉ် ကလိုပဲ သိုးငယ်တွေလို လည်စင်းခံပေးဖို့ အခြေအနေ ကြုံတွေ့နေကြရတယ်။

တခြား တဖက်မှာလည်း လက်တွေ့ကျကျ ဖော်ဆောင်ရမယ့် လုပ်ငန်းတွေကို လျစ်လျှူရှုနေကြတယ်။ အဲဒါက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု မလုပ်မနေ ပြုရမယ်ဆိုတဲ့ အချက်ပါ။ နှစ်ပေါင်းများစွာ ရင်းနှီးမှုပေါင်းစုံ ပေးဆပ်ထားတဲ့ ယနေ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု မရှိဘဲနဲ့ စီးပွားရေး အခြေအနေကို ဘယ်လိုမှ ပြုပြင်ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ သိသာထင်ရှားတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု မလွဲမသွေ လိုအပ်နေတယ်။

နောက်တခုက နိုင်ငံတော် သုံးစွဲမှုစရိတ်တွေကို အမြန်လျှော့ချဖို့ လိုအပ်နေတယ်။ ဥပမာ၊ ဒီလို စီးပွားရေးပျက်ကပ် ကာလမှာ ကြပ်ပြေးစီမံကိန်း (ခေါ်) နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းတွေဟာ နိုင်ငံတော်ငွေကို အလဟဿ သုံးစွဲနေခြင်းသာ ဖြစ်တယ်။ ဒီသုံးစွဲမှုတွေအစား လမ်း၊ တံတားတွေ တည်ဆောက်ခြင်း၊ ပြင်ဆင်ပေးခြင်းဖြင့် ပြည်သူတွေအတွက် လက်တွေ့ကျကျ အလုပ်အကိုင်တွေကို ဖန်တီးပေးသင့်ပါတယ်။ ဒါ့အပြင် ထောင် သောင်းချီရှိတဲ့ ဗိုလ်ချုပ်တွေ၊ ၀န်ကြီးတွေ၊ ၀န်ကြီးဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ သူတို့ မိသားစုဝင်တွေ ပိုင်ဆိုင်တဲ့ မော်တော်ယာဉ်တွေကို ဓာတ်ဆီ ဖြတ်တောက်ခြင်း၊ ကားတင်သွင်းခွင့် လိုင်စင်နဲ့ ဇိမ်ခံကားတွေ တင်သွင်းနေမှုကို ထိမ်းချုပ်မှုပြုလုပ်ခြင်းဖြင့် ပြည်ပကနေ တနှစ် ဒေါ်လာသန်း ၅၀၀-၆၀၀ နိုင်ငံတော်က အကုန်အကျခံ ဓာတ်ဆီနဲ့ လောင်စာဆီ တင်သွင်းနေရတဲ့ ကုန်ကျစရိတ်ကို လျှော့ချသင့်ပါတယ်။ ကြက်ဆူဆီပင် အတင်းအဓ္ဓမ စိုက်ပျိုးခိုင်းနေခြင်းဟာ လောင်စာဆီ ၀ယ်ယူသုံးစွဲနေမှုကို လျှော့ကျသွားမှာ မဟုတ်သလို၊ နိုင်ငံတော် အသုံးစရိတ်ကို လျှော့ကျသွားမှာ မဟုတ်ပါဘူး။

အဆိုးရွားဆုံးကတော့ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီး ခံစားနေကြရတဲ့ မြန်မာပြည်သူတွေကို ဘယ်လို ထောက်ပံ့ပေးမယ်ဆိုတဲ့ တရားဝင် ထုတ်ပြန်ကြေညာမှုလည်း အခုထိ မရှိသေးပါဘူး။ တခြားနိုင်ငံတွေလို ငွေကြေး ကိန်းဂဏန်း ဘယ်လောက် သုံးစွဲပြီး၊ စီးပွားရေးကို ကျားကန်မယ်ဆိုတာလည်း တရားဝင် ထုတ်ပြန်ကြေညာမှုလည်း အခုထိ မရှိသေးပါဘူး။ ဒါဟာ တာဝန်မဲ့စွာ အုပ်ချုပ်နေတယ်ဆိုတာ ဖော်ပြနေပါတယ်။

(ဆောင်းပါးရှင် မြတ်စိုးသည် ၂၀၀၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ်မှ စီးပွားရေး မဟာဝိဇ္ဇာဘွဲ့ ရရှိထားသူဖြစ်ပြီး၊ အမေရိကန် မော်တော်ကား ထုတ်လုပ်သော လုပ်ငန်းတွင် ၁၄ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပါသည်။)


Rest of your post

No comments :