Thursday, 5 February 2009
တောတန်း၊ သစ်ပင်၊ သွေးစတွေပဲ သက်သေခံနေတော့တယ် (၁)
(၁)
အိမ်ဘေးနားက ကွင်းထဲမှာ ပတ်ပြေးနေတာ ဘယ်နှစ်ပတ်ရှိပြီ မသိတော့...မောလာသည်။
ရာသီဥတု နည်းနည်းသာတာနဲ့အတူ စိတ်ပြေလက်ပြောက် လမ်းလျှောက်လိုက်၊ ပြေးလိုက်လုပ်နေသည်။ ပြေးရတာက စိတ် တည်ငြိမ်သည်။ တရားထိုင်နည်း တမျိုးလိုလည်း ဖြစ်သည်။ လွင့်ပျံ့နေသော စိတ်ကို ချုပ်တည်းထားနိုင်သည်။ စိတ်တွေ လွင့်ပျံ့နေတာလည်း ကြာခဲ့ပေါ့။ ခြေလှမ်းအကျ တဖြတ်ဖြတ်နှင့် တလှမ်းချင်း အပေါ်ပဲ အာရုံထားစရာလိုသည်။ ကျန်သော ကိစ္စတွေ မေ့ထား... အားလုံး မေ့ထား။
သူပြေးနေသော ကွင်းကလေးက အထက်တန်းကျောင်းသားများအတွက် ဘေ့စ်ဘောကွင်းကလေးဖြစ်သည်။ ထရန့်ဟုမ်း (Tenholm) ကွင်းဟု ရေးထားသည်။ အခုတော့ ကျောင်းပိတ်ထား၍ ကျောင်းသားများလည်း မရှိ။ သို့မဟုတ်လျှင် ဘေ့စ် ဘောသင်နေ သူကလေးများ၊ လေ့ကျင့်နေသူများ၊ ကစားနေသူများ ရှိတတ်သည်။
အင်းးး... မောလိုက်တာ...
သူက ခြေလှမ်းတွေ ဖတ်ကနဲ ရပ်ပစ်လိုက်သည်။ တော်ပြီ။
Forrest Gump (ဖောရက်စ် ဂမ့်) ရုပ်ရှင်ထဲက မင်းသား တွမ်ဟန့်ခ်လို ကိုယ့်ကိုကိုယ်လည်း ထင်လိုက်သေးသည်။ ဖော ရက်စ် ဂမ့်က တစူးစား။ သူလုပ်ချင် တာကို မစဉ်းစားဘဲ လုပ်ခဲ့သည်။ ပြေးမည်ဆိုပြီး ဖျတ်ကနဲ ကောက်၍ ထပြေးသွား လိုက်သည် မှာ နှစ်၊ လ ချီ၍ ကြာမြင့်သွားသည်။ မုတ်ဆိတ် ပါးသိုင်းမွေးများ ရှည်လျား၊ အ၀တ်အစား၊ အသားအရေတွေက လေဒဏ်၊ နေဒဏ် စေးထန်း ကျွမ်းလောင်။ သူပြေးခဲ့သည့်အကြောင်းက ပြေးခြင်းသက်သက်သာ ဖြစ်သည်။ အထူး ရည်ရွယ်ချက်မရှိ။ သူပြေးလာခဲ့ရင်းမှ ဖြတ်ကနဲ ရပ်လိုက်သည်။ ပြီးတော့ တိုးငြင်းငြင်း ပြောလိုက် သည်။
“ I'm tired.” (မောပြီ)...
သူကရော ဘ၀တိုတိုမှာ ဘယ်လောက် ဇက်ပုံပေးလို့၊ ဘယ်လောက်အချိန်ပေး ပြေးခဲ့ပြီနည်း။ အခုတော့ အိုးအိမ်ကိစ္စ၊ အလုပ် အကိုင်၊ နောင်ရေး စသဖြင့် စဉ်းစားဖို့ ရှိလာပြီ။ ခုံပေါ်တွင် ခဏထိုင်နားပြီး အမောဖြေနေရင်း ဟိုသည် စဉ်းစား နေမိသည်။ ဘေ့စ်ဘောကွင်း ဖြစ်သောကြောင့် သိပ်မကြီး၊ တော်ရုံသာ၊ ကွင်းကို သံဆန်ကာခတ်ကာရံထားပြီး၊ သံဆန်ကာ ဘောင်များ တွင် အ၀ါနားပတ် ရာဘာပြားများဖြင့် အပေါ်က ဖုံးထားသည်။ ခပ်လှန်းလှန်းတွင်တော့ ပြိုင်ပွဲ အမှတ်ပေး ဘုတ်ပြားထောင် ထားသည်ကို မြင်ရသည်။ ပြိုင်ပွဲတို့၏ ထုံးစံတွင် အရှုံး-အနိုင် ရှိသည်။ ဆန့်ကျင်ဘက်ရှိသလို၊ မိမိဘက်က အားပေးကြမည့် ချီးယားလိဒါ (Cheer leaders) များလည်း ရှိကြလိမ့်မည်။ ပုရိသတ်များလည်း ရှိကြမည်။ အမှတ်ပေးဒိုင် လူကြီး ရှိသည်။ ဘ၀ဆိုသည်က ပြိုင်ပွဲပမာဟု ပြောကြသည်။ ဒိုင်လူကြီး မရှိ။ ကွင်းစည်းကမ်း မရှိ။ အမှတ်မရှိ။ မည်သူက အောင်မြင်သည်ဟု တိုင်းတာကြသည့် ပေတံလည်း မတူကြ။ ကွင်းထဲတွင် မြက်တို့က မစိမ်းတော့ဘဲ ကျိုးတို့ကျဲတဲ၊ အနား သတ်တွင် အမျိုးအမည် အားဖြင့် မသိသည့် ခရမ်းနုရောင် ပန်းကလေးများ ပေါက်နေကြသည်။ အ၀ါရောင် မြက်ပန်းကလေး များလည်း ဟိုနားတပွင့်၊ သည်နားတပွင့် ရှိနေသည်။ ကွင်းအပေါ်တွင်တော့ ညအခါ မီးပေးမည့် မီးမောင်းကြီးများက ခေါင်းငိုက်ချကာ သူ့ကို ငုံ့ကြည့် နေကြသည်။ အမေရိကန်အလံ တလက်က ကွင်းဘေးနားတိုင်တွင် လှုပ်ရုံမျှ လွင့်လျှက်။
ကျနော်တို့က နိုင်ခဲ့သလား၊ ရှုံးခဲ့သလား။ ဘာဖြစ်လို့ အကြာကြီး ဒီပွဲကို ကစားခဲ့ကြတာလည်း။ ပုရိသတ်တွေက ဘယ်လို သဘောထားကြပါသလည်း။ သူတောခိုပြီးနောက်ပိုင်း ကြုံတွေ့ရသည့် အဖြစ်အပျက်များကို ပြန်စဉ်းစားမိရင်း တွေးမိသည်။ အဖြေကို မသိပါ။ သူတို့က ဘ၀ကို လောင်းကြေးထပ်၍ လောင်းသည့်ပမာ လောင်းကစားပွဲသို့ ၀င်ခဲ့ကြသည်။ အသက်ကို ပုံပေး၍ လောင်းကြေးထပ်ခဲ့ကြသည်။ ပြည်သူတရပ်လုံးအတွက် မိမိစွန့်လွှတ်ခဲ့ပါသည်ဟု မပြောလိုတော့။ သည်ပြည်သူများ ဆိုသည်ကလည်း မည်သူတွေနည်း။
ဘ၀က နေရမည့်အချိန် တိုတောင်းလာသလို၊ နေစရာ တနေ့အတွက် နေ့တာကပင် တိုတောင်းလာပြီ။ ဆောင်းဦး ရွက်ကြွေ ရာသီဖြစ်သောကြောင့် မကြာသေးမီက အထိ လှခဲ့သော ရွက်ဝါနီရွှေများလည်း ကျိုးတို့ကျဲတဲသာ ကျန် တော့သည်။ သစ်ပင် များလည်း အရိုးပြိုင်းပြိုင်း ကောင်းကင်ပေါ်သို့ လက်တံများ အပြိုင်အဆိုင် ထောင်ထားကြသည့်နှယ် တူနေသည်။
ကောင်းကင်ကို မော့ကြည့်တော့ လေတိုက်လျှင် ခပ်သွဲ့သွဲ့ လှုပ်နေသော အမေရိကန် အလံကို တွေ့ရသည်။ ဟုတ်သည်။ သူ အမေရိကန် ရောက်နေသည်မှာ ၄-၅ နှစ်မျှ ရှိတော့မည်။ ABSDF ကျောင်းသားတပ်မတော် က ထွက်ကာ နောက်ဆုံး ယူအန်၏ ဒုက္ခသည် အစီအစဉ်ဖြင့် သူရောက်လာခဲ့ခြင်း ဖြစ်သည်။ သူကြားဖူးသမျှ လူအများကတော့ အမေရိကန်ကို လာချင်ကြသည်။ အမေရိကန်ကလည်း လူအများအတွက် အခွင့်အလန်းများ ပွင့်လန်းရာနယ်မြေဟု နာမည်ကြီးသည်။ လူမျိုးစုံတို့ လာခဲ့ကြ သည်။ ပျူရီတန်များမှသည် ၀ါးရမ်းပြေးများအထိ၊ ဒုက္ခသည်များမှသည် ရင်းနှီးမြှုပ်နှံသူများအထိ၊ ပညာရှင်များမှသည် စီးပွားရေးအခြေချမည့် သူကြွယ်များအထိ အမေရိကန်သို့ လာခဲ့ကြသည်။ ကျေးကျွန်အဖြစ် အဓမ္မ ပို့ဆောင်ခံခဲ့ကြရသူများ၊ ရထားလမ်းဖောက်မည့် ကူလီများလည်း ရှိခဲ့ကြသည်။ ဤမြေပေါ်တွင် နယ်မြေချဲ့ထွင်ခဲ့ကြသည်။ သူပိုင် ကိုယ်ပိုင် နယ်မြေ သတ်မှတ်နိုင်ရေးအတွက်လည်း သေနတ်ပစ်၊ စစ်ခင်း၊ ပဋိပက္ခများလည်း ကြုံခဲ့ကြသည်။ လူနီရိုင်း အင်ဒီးယန်းများ၏ မျှားမိုး အောက်တွင် လှည်းတန်းကြီးဖြင့် နယ်မြေသစ်ရှာသူများ ရှိခဲ့သလို၊ ကိုလံဘတ်တို့လို သမုဒ္ဒရာ ကျော်၍ ရွက်လွှင့်လာသူများ လည်း ရှိခဲ့ကြသည်။ ယခုတော့ သူ၏ မွေးစားအိမ်ဖြစ်လာခဲ့ပြီ။
သူ ဆက်၍တွေးနေမိသည်။ သူတို့လည်း ကိုလံဘတ်ပမာ နယ်မြေသစ် ရှာခဲ့ကြသပေါ့။ စွန့်ဦးတီထွင် ထင်ရာကျဲခဲ့ကြ သပေါ့။ ဘ၀ကို မမောတမ်း ပြေးခဲ့ကြသပေါ့။ ကာတွန်းအော်ပီကျယ် စာသားတခုအတိုင်းဆိုလျှင် ယုံကြည်စွန့်စား ဒုက္ခတွေ့ ခဲ့ကြဖူး သပေါ့။
(၂)
သူက ၀တပ်ဖွဲ့များ၏ တောင်ပိုင်းဌာနချုပ်စခန်းသို့ တာဝန်ကျခဲ့ရသည့် အချိန်ကို ပြန်သတိရလာမိသည်။
“ ကိုဇော်လွင် .... မောပြီလားဗျို့”
လာကြိုသည့် “၀”လူမျိုး ဗိုလ်မှူး စိုင်းပေါက်က ပြောသည်။ “မမောသေးပါဘူး။” သူတို့အားလုံးက ပြန်ဖြေလိုက်သည်။
“ဒီနေရာက ထိုင်း-မြန်မာ နယ်စပ်ပဲ။ ဒီကနေ ထပ်ပြီး နည်းနည်း လျှောက်ရဦးမယ်။ သိပ်တော့ မကြာပါဘူး။”
တကယ်တော့ “နည်းနည်း”ဆိုတာက ကြောက်ဖို့ကောင်းသည်။ သည်နေရာက တောတောင်ထူသည့် ဒေသတွေဖြစ်သော ကြောင့် လမ်းတွေ ကောင်းကောင်းမပေါက်။ သို့မဟုတ် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (၀သပ) တပ်တွေက ယခုမှ လာရောက်အခြေချသောကြောင့် လုံခြုံရေးအရ၊ နယ်မြေအနေအထားအရ လမ်းမဖောက်နိုင်သေးခြင်းလည်း ဖြစ်မည်။ ကျနော်တို့က ကရင်ဒေသ၊ မွန်ဒေသတွင် အတွေ့အကြုံ တစုံတရာ ရှိခဲ့ပြီ။ “နည်းနည်း”ဆိုတာ အနည်းဆုံးတော့ တနာရီ လျှောက်။ ဟိုးးး ဆိုလျှင် တော်တော်ဝေးသည်။ ဟိုးးးးးးး ဟူ၍ အသံရှည် ဆိုလျှင်တော့ လျှောက်ပေတော့ တနေကုန်။
သူတို့ တဖွဲ့လုံးက ရင်ခုန်နေကြသည်။ အတွေ့အကြုံသစ် ဖြစ်သည်။ (၀သပ) တောင်ပိုင်းဌာနချုပ်သို့ ကျနော်တို့က ကျောင်းသားအဖွဲ့ ကိုယ်စားလှယ်များအဖြစ် သွားရောက် တာဝန်ထမ်းဆောင်ကြရမည့် တာဝန်ပေးခံရသူများ ဖြစ်သည်။ သူတို့ လိုအပ်နေသည့် ကျန်းမာရေး၊ ကုသရေးလုပ်ငန်းများကို ကူညီပေးရမည်။ သူတို့ တပ်ဖွဲ့မှ ရဲဘော်ဆေးမှူးများကို ဆေးသင်တန်း ပေးရမည်။ ကျောင်းများတွင် စာသင်ပေးနေကြသည့် မိမိတို့ အဖွဲ့ဝင်များလည်း ရှိသည်။ ထိုထက်ပို၍ အရေးကြီးသည်မှာ မိမိတို့တွင် ကြီးလေးသော တာဝန်ကြီးတရပ် ပါလာသည်ဟု ဂုဏ်ယူဝမ်းမြောက်နေမိခြင်းပင် ဖြစ်သည်။ ထိုတာဝန်က (နအဖ) စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လုပ်လိုက်သော ၀တပ်ဖွဲ့များ သေနတ်ပြန်ပေါက်ရေးအတွက် လှုံ့ဆော်စည်းရုံးရေးပင် ဖြစ် တော့သည်။ အင်အား နှစ်သောင်းကျော်ရှိသော ၀တပ်ဖွဲ့သာ သေနတ်ပြန်ပေါက်ခဲ့လျှင် တော်လှန်ရေးအတွက် အလွန်အားဖြစ်ပေလိမ့်မည်။ ထို့အပြင် တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို အာဏာ သိမ်းအပြီး ၀တပ်ဖွဲ့များတွင် ကျန်ခဲ့သော လက်နက်ဂိုဒေါင်များထဲမှ သေနတ်များကိုလည်း စည်းရုံးရယူလိုသည့် မျှော်လင့် ချက်ကလည်း ဖွင့်မပြောသော်လည်း ရင်ထဲ တိတ်တဆိတ်ရှိနေကြသည်။
အခုလို ခဏအလုပ်နားရက်၊ ဟိုသည် စဉ်းစားနေမိသော နေ့မျိုးတွင်၊ အတိတ်အတွေ့အကြုံများကို တခါတရံ ပြန်ဖော်ကြည့် မိသည်။ မတူသော ချဉ်းကပ်မှုမျိုးဖြင့် အဓိပ္ပါယ်လည်း ရှာဖွေမိသည်။ ထိုကာလတုန်းက ညီအစ်ကိုပမာ ကြုံဆုံရင်းနှီးခဲ့ရ သည့် ရဲဘော်ရဲဘက်ဟောင်းများကိုလည်း ဖုန်းခေါ်ကြည့်လိုလှသည်။ သူတို့နေလို့မှ ကောင်းကြပါစ....။ အလုပ်အကိုင် အဆင်ပြေ ပါစ။ တခါတရံ ထိုစဉ်က ကြုံရသည့် အဖြစ်အပျက်များကိုလည်း ပြန်၍ စမြုံ့ပြန် ပြောလိုလှသေးသည်။ အချို့က ယခု မရှိ တော့။ ကိုဇော်ထွန်းတို့၊ ကိုမွှေးကြိုင် (ကိုထွန်းခင်) တို့က ကျဆုံးကုန်ကြပြီ။ မိမိတို့နှင့် လက်တွဲလုပ်ကိုင်ခဲ့ကြသူ များလည်း တယောက်တလမ်းလျှောက်ကုန်ကြပြီ။ ထိုစဉ်က မဟာမိတ်အဖြစ် စည်းရုံးခဲ့ကြသူများသည်ပင် ယခုတော့ (နအဖ) စစ်အစိုးရ နှင့် ပေါင်းသူပေါင်း။ စီးပွားရေး အကျိုးစီးပွားများဖြင့် မြုပ်လိုမြုပ် ဖြစ်နေပြီ။ မိမိတို့သွားခဲ့သည့် ၀တပ်ဖွဲ့ ခေါင်းဆောင်သည်ပင် နာမည်ကြီး ဘိန်းရာဇာအဖြစ် သတ်မှတ်ခံရသည့် အမေရိကန်အစိုးရက အလိုရှိနေသည့် တရားခံပြေး ဖြစ်နေပြီ။ ဘ၀တိုတို အတွင်းမှာပင် အပြောင်းအလဲများက မြန်ဆန်လွန်းလှသည်။
ယခု သက်တမ်းတိုတိုအတွင်းမှာပင် အင်အားကောင်းလှသည်ဟု ယူဆထားသည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ပြိုကျသွားသည်ကို မြင်ခဲ့ရသည်။ တချိန်က အင်အားကောင်းခဲ့သည့် အတိုက်အခံ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲဆုတ်ယုတ် သွားခဲ့သည်ကိုလည်း မြင်ခဲ့ရသည်။ ကေအဲန်ယူမှ ဗုဒ္ဓဘာသာတပ်ဖွဲ့ဝင်များ DKBA (ဒီကေဘီအေ) အဖြစ် ပြိုကွဲခွဲထွက်သွား သည်ကို ကိုယ်တွေ့ကြုံရသည်။ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှုကြီး၊ နောက်ပိုင်း အီရတ်စစ်ပွဲ၊ အကြမ်းဖက် ဆန့် ကျင်ရေး အာဂျင်ဒါ... များလည်း ကြုံရသည်။ အပြောင်းအလဲများက မြန်လွန်းလှချည့်။
သူတို့ တချိန်က ရောက်ခဲ့ဖူးသည့် “၀ဒေသ” တောင်တန်းများကိုတော့ ယခု ထူးထူးခြားခြား ပြန်လည် အမှတ်ရနေမိသည်။
မိမိတို့ ထိုခရီးကို အတူတူသွားခဲ့ရသည့် ကိုဝင်းနိုင်ကိုလည်း ဖုန်းခေါ်၍ နောက်ပြောင်လိုသေးသည်။ ယခုတော့ သူက အင်္ဂလန်မှာ ရှိနေသည်။
“ခင်ဗျားဗျာ... အဲသည်တုန်းက သောက်လုံးကြီးလိုက်တာ...”
“မင်းကရော ဘာထူးလို့လဲ...”
တဖက်ကလည်း သည်လို ပြန်ပက်မည်မှာ သေချာပါသည်။
ထိုအချိန်က မိမိတို့ယူနစ်တွင် (၅) ဦးပါသည်။ အဖွဲ့ခေါင်းဆောင်အဖြစ် ဒေါက်တာပါကျင် ပါသည်။ သူက ချင်းလူမျိုး၊ ဆရာဝန်။ ၈ လေးလုံး အရေးတော်ပုံပြီးတော့ တောထဲ ထွက်လာခဲ့သည်။ တိုင်းရင်းသားဖြစ်သည့်အလျှောက် ရိုးသားဖြူ စင်သည်။ သဘောဖြောင့်သည်။ လုပ်ချင် ကိုင်ချင်စိတ်၊ တော်လှန်ရေးအတွက် တက်ကြွစိတ်လည်း ရှိသည်။ သူက တော်လှန်ရေး ကောင်းရာ ကောင်းကြောင်းအတွက် တခုခု လုပ်ပေးချင်သူ။ ထိုအချိန်က မာနာပလောတွင် ဒီမိုကရေစီ အင်အားစု များနှင့် တိုင်းရင်းသား အင်အားစုများ စုပေါင်းကာ ဒီအေဘီ တပ်ပေါင်းစု (မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ်) ဖွဲ့သည်။ ဆရာက ချင်းအမျိုးသားရေး ပါတီတခုတွင် ၀င်၍ မပါလိုသလို၊ နိုင်ငံရေး ပါတီတခုခုအတွင်းသို့လည်း ခြေစုံပစ် မ၀င်လို၊ နောက်ဆုံး ယခု တာဝန်ပေါ်လာတော့ သူနှင့် အံကျ ဖြစ်သွားသည်။ သူလို့ ဆေးပညာသည်မျိုးက တန်ဖိုး အရှိဆုံး ရတနာ ဖြစ်နေသည်။ သူ (ကိုဇော်လွင်) ပါသည်။ ဆေးတက္ကသိုလ် -၂ မှ နောက်ဆုံးနှစ်ရောက်မှ တောခိုလာသူ ကိုဝင်းနိုင်၊ ကိုဇော်ထွန်းတို့ပါသည်။ အုတ်ဖိုဇာတိ ကိုမွှေးကြိုင် (ခေါ်) ကိုထွန်းခင် ပါလာသည်။
ကိုဝင်းနိုင်က ရန်ကင်းသား၊ သူနှင့် တမြို့တည်းသား။ အရပ်က ရှည်သောကြောင့် “အရှည်ကြီး” ဟု အားလုံးက ချစ်စနိုး ခေါ် ကြသည်။ ဘွင်းဘွင်းသမား။ ကိုဇော်ထွန်းကတော့ တမျိုး။ သူက အရပ်မမြင့်သော်လည်း မနိမ့်၊ တုတ်တုတ်ခိုင်ခိုင်။ စက်မှု တက္ကသိုလ်ရှေ့ရှိ “နေ၀န်းနှင်းဆီ” စာအုပ်ဆိုင်ကလေးသို့ သွားငှားရင်းဖြင့် ကိုဇော်ထွန်းကို မြင်ခဲ့ရဖူးသည်။ မရင်းနှီး။ သူက လက်ဝဲအယူအဆကို သန်ပုံရသည်။ ရိုးသားပြီး တက်ကြွသည်။ ကိစ္စအားလုံးကို လေးလေးနက်နက် လုပ်တတ်သည်။ ၀တ်ပုံ ကတော့ စတိုင်မကျ။ အပေါ်က အမြဲတမ်း ဗကပ ယူနီဖောင်းမျိုး စစ်အင်္ကျီကိုဝတ်သည်။ ပုဆိုးကို တိုတိုဝတ်သည်။ လမ်းသွား လျှင် နည်းနည်း မြောက်ကြွကြွ ဖြစ်နေသည်ဟု ထင်ရအောင် သွားတတ်သူ ဖြစ်သည်။ ကိုထွန်းခင်က လည်း လူထူး။ အုတ်ဖို ဇာတိ၊ ဒေသ သပိတ်ခေါင်းဆောင်။ နောက်တော့ အာဏာသိမ်းပြီးနောက်ပိုင်းတွင် လူ့ဘောင်သစ် ပါတီတွင် တက်တက်ကြွ ကြွ ၀င်လုပ်ကြသည်။ သူ၏ရှေ့သွားများကိုကြည့်လျှင် ရှဥ့်ကလေးများကို အမှတ်ရစရာ။ နောက် တော့ လူ့ဘောင်သစ်ပါတီ တရားမ၀င်ကြေငြာခံရပြီးသည့်နောက်ပိုင်း တောထဲရောက်လာသူဖြစ်သည်။ ကိုထွန်းခင်က လည်း သူ့ဇာတ်လမ်းနှင့်သူ၊ သူတို့ ဘုရားသုံးဆူရောက်စ ကင်းအလှည့်ကျ စောင့်ရသည်။ ကိုထွန်းခင် ကင်းအလှည့်တွင် ဖယောင်းတိုင်ထွန်းပြီး၊ မော်စီတုန်းရေးသည့် “စစ်ရေးခြောက်စောင်” စာတန်းများကို ဖတ်နေသည်။ အဲသည်လောက် တက် ကြွသည့်သူ။ ရန်သူကို ကင်းစောင့်ပါတယ်ဆိုမှ ဖယောင်းတိုင်ထွန်းပြထားသည့်သူ။
သူတို့ယူနစ်နှင့် မတူသည့် အခြားအဖွဲ့များလည်း ရှိသေးသည်။ ၀တောင်ပိုင်းဌာနချုပ်ရှိ ကျောင်းတွင်စာသင်ရန်အတွက် တာဝန်ပေး စေလွှတ်လိုက်သည့် ယူနစ်များလည်း ရှိသေးသည်။ ကိုအောင်နိုင်ဦး (ယခု ဒိုင်ယာလော့ ကိုအောင်နိုင်ဦး)၊ ကို ၀င်းမောင် (ယခု BLC) တို့က ကျောင်းဆရာများ အဖြစ်တာဝန်ယူပေးကြရသည်။ ကိုအောင်နိုင်ဦးက ဒုတိယအကြိမ် ABSDF ညီလာခံအပြီး အရံဗဟိုကော်မတီဝင် ဖြစ်လာသည်။ ဌာနလက်ကိုင်မရှိ။ ယခု ၀တောင်ပိုင်းဌာနချုပ်သို့ တာဝန်ပေါ်လာသော အခါ သူက ကိုယ်စားလှယ်အဖွဲ့ (မစ်ရှင်) ခေါင်းဆောင် ဖြစ်လာခဲ့သည်။ သူတို့အဖွဲ့နှင့် မရှေးမနှောင်း ကြို၍ ထွက်သွားသည့် ကိုသိုက်ထွန်းဦး (ယခု သြစတြေလျ) တို့ ဦးဆောင်သည့် ယူနစ်လည်း ရှိသည်။ ကိုသိုက်ထွန်းဦးက တပ်ရင်းမှူး၊ ကိုသူရဇော် က ဒု-တပ်ရင်းမှူးအဖြစ်တာဝန်ပေးကာ ပလောင်ဒေသတွင် ကျောင်းသား တပ်ရင်း (၅၀၁) ထူထောင်နိုင်ရန် ကြိုးပမ်းကြမည့် ယူနစ်များလည်း ရှိသေးသည်။ သူတို့အဖွဲ့က လူ (၃၀) ခန့် ပါလိမ့်မည်။ ABSDF ဗဟိုနှင့် ပလောင် အမျိုးသား လွတ်မြောက် ရေးတပ်မတော် (PSLP)၊ (၀သပ) ခေါင်းဆောင်များနှင့် ညှိကာ တာဝန်ပေးခဲ့ခြင်း ဖြစ် သည်။ တာဝန်က ယခုဝတပ်များ ထိန်းချုပ်ထားသည့် ဒေသများကို ဖြတ်သွားပြီး၊ ပလောင်ဒေသသို့ သွားမည်။ ထိုမှ တဆင့် မိုးကုတ်ဒေသသို့ ထိုးဖောက်ရန် ဖြစ်သည်။ မိုးကုတ်မြို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ လူ့ဘောင်သစ်ပါတီ တို့ အတွက် အမာခံလူထု အများအပြားရှိသည့် အပြင်၊ ကြွယ်ဝသူများထံမှ ရန်ပုံငွေလည်း ရနိုင်သေးသည်။
ထိုအချိန်က ABSDF ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ကိုမိုးသီးဇွန်ကိုလည်း ယခုတာဝန်နှင့် ပတ်သက်၍ ပြန်ပြောင်း မေးကြည့်ဖူးသည်။ “အဲသည်တုန်းက တို့လူတွေက တိုက်ချင်တာပဲ သိတယ်။ သေနတ်တွေလည်း မရှိကြဘူး။ ဘာဖြစ်ဖြစ် ဂရုမစိုက်ဖူး။ လုပ်ချင် နေတာပဲ သိတယ်။ နယ်မြေသစ်လည်း ထိုးဖောက်ချင်တယ်။ ရတာ ဘာမဆိုလုပ်ကြမှာပဲ။ အခု စီးပွားရေးမှာ စွန့်ဦး တီထွင် လုပ်ငန်းရှင် enterpreneur လိုပေါ့။ အရဲစွန့်ပြီး ဘာဖြစ်ဖြစ် စွန့်လုပ်ဖို့ အသင့်ရှိတယ်” ဟု ပြန်ပြောခဲ့ဖူးသည်။ ဟုတ်သည်။ သူတို့လည်း စွန့်ဦးတီထွင် ကြံခဲ့ကြဖူးသည်။ ကြက်ဥထောင်သည့် ဇာတ်လမ်းမျိုးတော့ မဟုတ်။ ကိုလံဘတ်လို နယ်မြေသစ် ရှာခဲ့ ကြဖူးသည်။ စွန့်ဦးတီထွင် သူပုန်များလည်း ဖြစ်ခဲ့ကြဖူးသည်ပေါ့။
ယောဟန်အောင်
ဆက်လက်ဖော်ပြပါမည်။ မျှော်.....
Rest of your post
at 12:33
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment