Adam Smith (1723-1790)
No society can surely be flourishing and happy, of which by far the greater part of
the numbers are poor and miserable.
-ခင်မမမျိုး-No society can surely be flourishing and happy, of which by far the greater part of
the numbers are poor and miserable.
(၁)
အိမ်ပြန်ရောက်တော့ အတော်ပင် မှောင်နေပြီ။ ယူကေဆောင်းတွင်းမှာ ညနေလေးနာရီ ကျော်ကတည်းက အမှောင်ထု လွှမ်းနေတာမို့သူမအိမ်ပြန်ရောက်ချိန်မှာ အမှောင်ထု သိပ်သည်းနေတတ်စမြဲ။ ဧည့်ခန်းထဲ ရောက်လာတော့ မီးခလုတ်ကို သူမဖွင့်လိုက်သည်။ သားလေးက တွန်းလှည်းလေးထဲမှာအိပ်ပျော်နေတုန်း စာအမြန်ဖတ်ဦးမှ။ ညနေအလုပ် ဆင်းသည်နှင့် ဆိုင်တဆိုင်ဆိုင်မှာ ကပျာကယာ မုန့်ဝင်စားပြီး၊ ညသန်းခေါင်ထိ ဖွင့်တဲ့ ကျောင်းစာကြည့်တိုက်မှာ သန်းခေါင်ချိန်ထိ စာထိုင်ဖတ်ပြီးမှ အိမ်ပြန်လာလေ့ရှိတဲ့ အတိတ်ဘ၀လေးကို သတိရမိသွားသည်။ အိမ်ပြန်ရောက်သည့် အခါတိုင်း သက်မဲ့စာအုပ်တွေ မဟုတ်တော့ပဲ သက်ရှိစာအုပ်လေးကို ဖတ်နေဖြစ်ခဲ့တာ နှစ်နှစ်တောင်ကြာလာခဲ့ပြီပဲ။ ဘာပဲပြောပြော ဒီညတော့ သက်မဲ့စာလေး ထိုင်ဖတ်ဦးမှပါလေ။
သို့ပေမယ့် သူမစိတ်ကူးတို့က ချက်ချင်းအကောင်အထည် ပေါ်မလာ။ မီးခလုတ်နှိပ်ပေမယ့် မီးက လင်းမလာခဲ့။ ဖွင့်လိုက်ပိတ်လိုက် ပြန်လုပ်ကြည့်သည်။ အိပ်ခန်းထဲက မီးခလုတ်ဖွင့်ကြည့်သည်။ ဒီတော့မှ အဖြေက ပေါ်လာသည်။ ဧည့်ခန်းထဲက မီးလုံးလေး ကျွမ်းသွားသည်ပဲ။ ညကြီးမင်းကြီး စတိုခန်းဖွင့်ပြီးလဲ မီးလုံးသစ်နဲ့ လှေကားလဲ သွားမယူချင်။ သားပစ္စည်းတွေနဲ့ ပြည့်နေတဲ့ အိပ်ခန်းထဲမှာလဲ မထိုင်ချင်။ ဒီတော့ အကြံထုတ်ရသည်။ ထမင်းစား စားပွဲပေါ်မှာ တခါတရံ ထွန်းလေ့ရှိသည့် ဖယောင်းတိုင်လေး ရှိနေတာမို့ အဆင်ပြေသွားသည်။ လူပင်ပန်း၊ စိတ်ပင်ပန်းနှင့် သိပ်ပင်ပန်းသည့် ညများမှာ မီးညှိပြီး အနားယူဖို့ ထားထားသည့် အနံမွှေးသော ဖယောင်းတိုင်လေးများကလဲ ရှိသေးသည်။ အားလုံးထွန်းညှိလိုက်တော့ စာဖတ်လို့ရလောက်သည့် အလင်းရောင်လေး ရလာသည်။
သူမဖတ်ဖြစ်သည့် စာအုပ်က Raymond Lamont-Brown ရေးသားသည့် Kamikaze ဆိုတဲ့စာအုပ်။ ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်စစ်သင်္ဘောများပေါ်သို့ လေယာဉ်များ ထိုးစိုက်ချပြီး အသေခံတိုက်ပွဲ ၀င်သွားသည့် ဂျပန်အသေခံ ဆာမူရိုင်းများ အကြောင်း ရေးထားသည့် စာအုပ်။ ဒီလိုစာအုပ်လေးတွေကို သူမစိတ်ဝင်စားသည်။ အထူးသဖြင့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့အိုင်ဒီရော်လော်ဂျီများ။ တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုပြီး ရန်သူကို အသေခံ ချေမှုန်းသွားသည့် အဆိုပါ ဆာမူရိုင်းများ၊ တိုင်းပြည်ကံကြမ္မာအတွက် ရန်သူသေနတ်ပြောင်းဝရှေ့ ကို လက်နက်တစုံတရာ မပါပဲ တိုးဝင်သွားရဲခဲ့ကြသည့် ကမ္ဘာအရပ်ရပ်မှ အကြမ်းမဖက်ဆန္ဒပြသူများ၊ ယုံကြည်ချက် တစုံတရာကြောင့် ကြိုးစင်ထက်ကို ရဲရဲဝံ့ဝံ့လှမ်းတက်သွားခဲ့ဖူးသည့် တော်လှန်ရေးသမားများ၊ ကမ္ဘာတ၀ှမ်းမှာ ဖြစ်ပွားနေသော အသေခံဗုံးဖောက်ခွဲမှုလုပ်နေသည့် အစွန်းရောက်များ။ သူတို့အားလုံး၏ ကလေးသူငယ်ဘ၀ ဖြတ်သန်းမှု စိတ်နေစိတ်ထား၊ ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်၊သူတို့ဘ၀မှာ သက်ရောက်မှု ရှိခဲ့သည့် အတွေးအခေါ်တွေ၊ တွန်းအားတွေ၊ ဒါလေးတွေကို လေ့လာပြီး တနေ့ကျရင်တော့ သုတေသနလေ့လာ ဆန်းစစ်ချက်လေးတခု လုပ်ဦးမယ်လို့ စိတ်ကူးထားမိသည်။ ဒါကြောင့်လဲ ပတ်သက်သမျှ စာအုပ်စာတမ်းလေး တွေကို သီအိုရီရှုထောင့်မှ မဟုတ်ပဲ၊ တဦးချင်းစီရဲ့  အတိတ်ဘ၀လေးတွေအထိ စိတ်ဝင်တစား လေ့လာနေမိသည်။
ကလော့စ်ဝစ်ဆိုခဲ့ဖူးသည့် friction ဆိုတဲ့ လွဲချော်မှုလေးတွေဟာ စစ်ပွဲများတင်မကပဲ နေရာတိုင်းမှာ ရှိသည်ထင်ပ။ စာအုပ်လေးကို ကိုင်ပြီး ဖတ်မယ်လုပ်ခါမှ အစီအရီ ထွန်းထားသည့် ဖယောင်းတိုင်လေးတွေကို ကြည့်မိရင်း သူမအတွေးထဲသို့ တစုံတရာက ချဉ်းနင်းဝင်ရောက်လာသည်။ ပထမအစကျတော့ တန်ဆောင်တိုင်ပွဲတော်လေး။ နောက်တော့ မွေးရပ်မြေ။ နောက်တော့ မြန်မာနိုင်ငံ၊ ဒီလိုနဲ့အတွေးတွေက တစတစ ကျယ်ပြန့်သွားရင်း လတ်တလောဖြစ်နေကြသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ၊ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ငြင်းခုံဆွေးနွေးနေကြမှုများဆီ အတွေးက ရောက်သွားသည်။
(၂)
ဖွံ့ဖြိုးတိုးတက်ရေး။
ဒီစကားလုံးလေး သူမအတွေးထဲသို့ ခိုဝင်လာခဲ့သည်မှာ သူမ ငါးနှစ်ခန့်က ဖြစ်မည်ထင်သည်။ ဒီတုန်းက တီဗွီမှာ မြန်မာသတင်းကလဲ မိနစ်နှစ်ဆယ်ခန့်သာ ပြသည်။ နိုင်ငံတကာ သတင်းကလဲ ခဏတာမျှသာ။ သို့ပေမယ့် အဖိုး နဲ့အတူ နိုင်ငံတကာသတင်း ကြည့်ဖို့ထိုင်စောင့်ရတာက ထိုစဉ်က အလုပ်တခု။ ဒီအချိန်ကာလက ကမ္ဘာတ၀ှမ်း သတင်းများမှာ အီသီးယိုပီးယား ငတ်မွတ်ခေါင်းပါးမှု ပြဿနာက နေရာယူ လွှမ်းမိုးထားသည့်ကာလ။ ရွက်ဖျင်တဲလေးတွေ။ ကလေးငယ်လေးတွေ။ ပုံရိပ်များက သူမနှလုံးသားထဲ တိုးဝင်လာခဲ့ကြသည်။ ဘာမှန်းတွေ သေချာမသိပေမယ့် အဖိုးပြောပြနေသည့် ငတ်မွတ်ခေါင်းပါးမှုပြဿနာ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုသော စကားလုံးလေးတွေကိုတော့ မှတ်မှတ်ရရ သတိရနေဖြစ်ခဲ့သည်။ နောက်ပိုင်းကျတော့ ကျောင်းသူဘ၀တလျှောက်မှာ မေမေခေါ်သွားဖူးသည့် အေအိုင်ဒီအက်စ်ပညာပေးပြပွဲများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးပြပွဲများကို ရောက်ခဲ့ရပြန်သည်။
သူမသာ ဆေးကျောင်းပြီးအောင် တက်ဖြစ်ခဲ့လျှင် နောက်ပိုင်းမှာ ပြည်သူ့ကျန်းမာရေး ဘာသာရပ်ကို အထူးပြုဖြစ်ခဲ့လိမ့်မည်ဖြစ်သည်။ ဘယ်လိုပဲပြောပြော အခြေအနေအရ နောက်ပိုင်းကာလ ပြည်ပမှာ ကျောင်းပြန်တက်ဖြစ်တော့ ငယ်စဉ်က စိတ်ဝင်စားမှုလေးများကို သေချာလေ့လာခွင့် ရလာခဲ့တော့သည်။ စီးပွားရေးဆိုင်ရာ မဟာဘွဲ့တက်ဖြစ်တော့ အဓိက သင်ရမည့် advanced macroeconomics, advanced microeconomics, econometrics သုံးဘာသာအပြင် နောက်ထပ် ငါးဘာသာကို ကြိုက်ရာ ရွေးချယ်ခွင့်ရခဲ့သည်။ မဆိုင်းမတွပင် political economy အထူးပြု ကဏ္ဍမှ ကျန်းမာရေးဆိုင်ရာ Health Economics, ပညာရေးဆိုင်ရာ (Economics of Education), ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ (Development Economics), ကာကွယ်ရေးဆိုင်ရာ (Defence Economics) နှင့် ဒေသဆိုင်ရာ၊ မြို့ ပြဆိုင်ရာ (Regional & Urban Economics) တို့ကိုရွေးချယ်လေ့လာဖြစ်ခဲ့သည်။ နောက်ပိုင်းမှာ နိုင်ငံရေးဆိုင်ရာ သုတေသနဘွဲ့များ ဆက်တက်ဖြစ်သွားတာမို့နိုင်ငံရေး၊ စစ်မဟာဗျူဟာ လေ့လာရေးနှင့် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးဆိုင်ရာ တွေမှာ သုတေသီဖြစ်လာခဲ့ပေမယ့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘာသာရပ်များကတော့ သူမရဲ့  research interests အနေနဲ့ရှိခဲ့ဆဲ။ Public Health and Civil Wars in Burma ဆိုတဲ့ စာတမ်းလေးတခု သုတေသနလုပ်ဖို့စပြီးမှ လိုချင်တဲ့ data တွေ အစုံအလင်မရနိုင်တာမို့ရပ်ထားရပြန်သည်။ data မစုံလျှင် Information Bias ရှိနေလိမ့်မည်။ သုတေသီတယောက်နဲ့ဝါဒဖြန့်ချိရေးသမားတယောက် ထမ်းဆောင်ရမယ့် တာဝန်ချင်းက သဘောသဘာဝ မတူညီတာမို့အချက်အလက်မစုံပဲနဲ့တော့ သူမ မလုပ်ချင်ပါ။
ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းစဉ်းစားရင်း ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍရဲ့  အရေးကြီးဆုံး လုပ်ငန်းဆောင်တာ တခုဖြစ်သော ဆင်းရဲနွမ်းပါးမှု လျှော့ချရေးသို့သူမ အတွေးများက ရောက်သွားသည်။ နိုင်ငံတနိုင်ငံမှာ ချမ်းသာဆင်းရဲ ကွာဟမှု ကြီးထွားနေသရွေ့၊ အခြေခံ ကျန်းမာရေးနှင့် ပညာရေးကို နိုင်ငံသူနိုင်ငံသားအားလုံး ခံစားခွင့် မရှိနေသရွေ့ ၊ လူတဦးအတွက် နေ့စဉ်လိုအပ်သော အာဟာရဓာတ်ကို ဖြည့်ဆည်းပေးနိုင်သည့် အစာအာဟာရကို လူသားတိုင်း စားသောက်ခွင့် မရှိနေသရွေ့ အဆိုပါနိုင်ငံကို ဖွံ့ဖြိုးတိုးတက်နေပြီဟု ပြော၍ မရနိုင်ပါ။
ကမ္ဘာ့ဘဏ်မှ ၁၉၉၀ ခုနှစ်တွင် ထုတ်ဝေသည့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာအရ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးသည် စီးပွားရေးဖွံ့ဖြိုးးတိုးတက်မှု၏ အခြေခံအကျဆုံးသော ရည်မှန်းချက်တရပ် ဖြစ်ပါသည်။
ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် လိုအပ်သော ချဉ်းကပ်နည်းလမ်းများနှင့် ပေါ်လစီများ၊ ပါဝင်ရမည့် လုပ်ငန်းဆောင်တာ အဖွဲ့များကို ပညာရှင်များက macro level, meso level, micro level ဟူ၍ အဆင့် (၃) ဆင့်ခွဲ၍ ဆန်းစစ်သတ်မှတ်ကြပါသည်။
(I)macro level
ထိုအဆင့်အနေဖြင့် အဓိက ကြိုးပမ်းဆောင်ရွက်ရမည့် ချဉ်းကပ်နည်းလမ်းနှစ်ခုမှာ စီးပွားရေးအရ တည်ငြိမ်မှု (economic stabilization) ရှိလာစေရန်ဖြစ်ပါသည်။ ထိုသို့ဖြစ်ရန်အတွက် စီးပွားရေးပေါ်လစီတွင် exchange-rate depreciation ပေါ်လစီဖြင့် ညှိယူရပါမည်။ သွယ်ဝိုက်အခွန်များ မြှင့်တင်ခြင်းကို မပြုလုပ်ရပါ။ ဤနည်းလမ်းကို ယူဂန်ဒါတွင် (၁၉၉၀)တွင်လည်းကောင်း၊ မော်ရေးရှတွင် (၁၉၈၀) မှ (၁၉၈၂) အထိလည်းကောင်း၊ အင်ဒိုနီးရှားတွင် (၁၉၈၀) မှ (၉၇) အထိ လည်းကောင်း ပြုလုပ်ခဲ့ကြပါသည်။ နောက်တနည်းမှာ social capital တည်ဆောက်ခြင်း ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရန် နိုင်ငံအုပ်ချုပ်သူ အစိုးရမှ reputation for trust ကို တည်ဆောက်ရပါမည်။
(II)Meso level
ဒီအဆင့်တွင်ချဉ်းကပ်လုပ်ကိုင်နည်းသုံးနည်းရှိပါသည်။ ပထမတနည်းမှာ လုပ်အား အသုံးပြုကဏ္ဍများသို့
အရင်းအမြစ်များကိုလွှဲပြောင်းအသုံးပြုရပါမည်။ ထိုသို့လုပ်ကိုင်ရန် လုပ်ငန်းငယ်များ အများအပြားပေါ်ပေါက်လာစေရန် အားပေးဆောင်ရွက်ရမည်။ အစိုးရမှ အခြေခံ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ ထိရောက်စွာ ဆောင်ရွက်ရမည်။ တောင်ကိုးရီးယား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများတွင် ဤနည်းလမ်းအသုံးပြု၍ အောင်မြင်မှုများ ရှိခဲ့ပါသည်။
ဒုတိယနည်းလမ်းမှာ ပြည်သူ့ဘဏ္ဍာခွဲဝေသုံးစွဲမှုများကို ပြန်လည်ပြုပြင်ရေး ပြုလုပ်ရပါမည်။ ထိုသို့လုပ်ရာတွင် ဆင်းရဲနွမ်းပမှုပပျောက်ရေးကို ဦးတည်ဆောင်ရွက်ရပါမည်။ စီးပွားရေးကဏ္ဍများတွင် လုပ်အားအခြေပြု သီးနှံများထုတ်လုပ်ရေး၊ ဆောက်လုပ်ရေး၊ စက်မှုနှင့် စွမ်းအင်နည်းပညာများ (ဥပမာ- မိုက်ခရိုဟိုက်ဒရို)စသည်တို့ ဖွံ့ဖြိုးတိုးတက်လာရေးကို ဆောင်ရွက်ရပါမည်။ Informal sector များကိုလည်း ထောက်ခံအားပေးရပါမည်။
တတိယနည်းလမ်းမှာ ကဏ္ဍမျိုးစုံအတွက် လူမှုရေးရံပုံငွေများ ဖြစ်ပါသည်။ ထိုရံပုံငွေများမှာ ပြုပြင်ပြောင်းလဲရေးနှင့် ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ရေအရင်းအမြစ် စသည်တို့အတွက် နိုင်ငံတကာမှ လှူဒါန်းသော ရံပုံငွေများ ဖြစ်ပါသည်။ ထိုရံပုံငွေများကို စနစ်တကျစီမံခန့်ခွဲနိုင်ရန် institution autonomy တော့ လိုအပ်ပါလိမ့်မည်။ လက်တွေ့အကောင်အထည်ဖော်ရန်အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါသည်။
(III)Micro level
ဒီအဆင့်တွင် ချဉ်းကပ်ရမည့် နည်းများကို ပညာရှင်များက ခြောက်နည်းခန့် ခွဲခြားဖော်ပြထားပါသည်။ ပထမတနည်းမှာ social safety nets များဖြစ်ပါသည်။ အန်ဂျီအိုများမှ ဖြစ်စေ၊ ပုဂ္ဂလိကများမှ ဖြစ်စေ အခြေခံအစားအသောက်များ ပြည့်ဝစွာရရှစေရေး၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး၊ ကြိုတင်ကာကွယ်ရေး စသည်များကို ကူညီဆောင်ရွက်ပေးမှုများ ဖြစ်ပါသည်။ ဒုတိယတနည်းမှာ Public employment ပရောဂျက်များဖြစ်ပါသည်။ လုပ်အားခြေပြုလုပ်ငန်းဆောင်တာများ ဖြစ်စေရပါမည်။ တတိယနည်းလမ်းမှာ ထွက်ကုန်နှုန်းမြင့်မားသော သီးနှံများအား ဆင်းရဲနွမ်းပါးသော ဒေသမှ တောင်သူများကို စိုက်ပျိုးထုတ်လုပ်စေခြင်း ဖြစ်ပါသည်။ အရေးအလွန်ကြီးသော နောက်ထပ်နည်းလမ်းတခုမှာ ပိုင်ဆိုင်မှု ခွဲဝေမျှတခြင်း (Asset Redistribution) ဖြစ်ပါသည်။ ထို့အတွက် ဆင်းရဲနွမ်းပါးသူများဘက်မှ ဘက်လိုက်သော လယ်ယာမြေပြုပြင်ပြောင်းလဲရေး မလွဲမသွေ ပြုလုပ်ရပါမည်။ ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရပါမည်။ ထုတ်လုပ်မှုအတွက် အရေးကြီးသော water rights ကို ဆင်းရဲနွမ်းပါးသူများထံသို့ချေးငှားမှုပုံသဏ္ဍာန်ဖြင့် လွှဲပြောင်းပေးထားရပါမည်။
ထိုမျှမကသေး။ ကျေးလက်ဒေသများတွင် အဖြစ်များသော financial exclusion ကို ဖယ်ရှားနိုင်မည့် နည်းလမ်းများ (ဥပမာ- ကြွေးမြီဈေးကွက်ကို အောက်ခြေသို့ တိုးချဲ့ ခြင်း) စသည်များကို ပြုလုပ်ပေးရပါမည်။ အုပ်စုလိုက် ချေးငှားခြင်းများပြုလုပ်ပေးပြီး၊ အာမခံထားခြင်း၊ စုဆောင်းခြင်းစသည့် risk management devices များကိုလည်း ဆောင်ရွက်ထားရပါမည်။ ထို့အပြင် ကျန်းမာရေးနှင့် ပညာရေးပရိုဂရမ်များကိုလည်း
တိုးချဲ့  ဆောင်ရွက်ရပါမည်။
(၃)
အဆိုပါ အချက်များမှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ပပျောက်ရေးဆောင်ရွက်ရန် နည်းလမ်းများနှင့် ပေါ်လစီများဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျမ်းတစောင်မဟုတ်၍ အသေးစိတ်ချဲ့ ကာ မပြောချင်တော့ပါ။ ထိုအချက်များအား ပြန်လှန်စဉ်းစားနေမိရင်း အတွေးများက လက်ရှိအငြင်းပွားနေကြသော ကိစ္စရပ်များဆီသို့ ရောက်သွားခဲ့ပြန်သည်။ ဒီလူတွေ ဘာအတွက်ကြောင့်များ ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ ငြင်းခုန်နေကြပါလိမ့်လို့သူမတွေးနေမိပြန်သည်။ အဖြစ်က ဒီလိုပါ။
မြန်မာပြည်အရေးမှာ စစ်အုပ်စုကို တိုက်ခိုက်ရန်မလို။ လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြစ်သည့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပမှု ပပျောက်ရေးတို့ကိုပဲ လုပ်ဆောင်ရမည်ဟု အချို့ က ဆိုနေကြပါသည်။ နအဖအတိုက်အခံထဲမှ တချို့ ကလဲ စစ်အုပ်စုကို တိုက်ခိုက်ရန်လိုသည့် အဆိုကို ပြောကြရင်း စစ်အုပ်စုပြုတ်ကျမှ ဖွံ့ဖြိုးရေးလုပ်ရမည်လိုလို အဆင့်ထိ ရောက်ကုန်ကြသည်။ နှစ်ဖက်လုံးက သူလုပ်တာ ထိရောက်တယ်၊ ကိုယ်လုပ်တာ ထိရောက်တယ်ဟူ၍ ငြင်းနေကြပြန်သည်။
အမှန်တော့ ပေါ်လစီရေးရာများ၊ ချဉ်းကပ်နည်းလမ်းများကိုသာ လေ့လာထားလျှင် ငြင်းစရာလုံးဝ မလိုတော့သည့် အချက်ပင်ဖြစ်သည်။ micro level မှာ တဦးချင်း၊ တဖွဲ့ချင်း တနိုင်တပိုင် လုပ်လို့ရသည့် ကိစ္စများရှိပါသည်။ ထို့အတူ macro level, meso level များမှာ အုပ်ချုပ်သူ အစိုးရကိုယ်တိုင်က စေတနာရှေ့ထားပြီး တတပ်တအား ဦးဆောင်အကောင်အထည်ဖော်ပါမှ လုပ်လို့ရသည့် ကိစ္စများလည်း ရှိပါသည်။ စစ်အုပ်စုအုပ်ချုပ်ရာ ကာလတလျှောက်တွင် စစ်အသုံးစရိတ်ကြီးမားမှု၊ စစ်မျိုးစစ်နွယ်များမှသာ စီးပွားရေးလုပ်ငန်းများကို လက်ဝါးကြီးအုပ်မှု၊ စီးပွားရေးပေါ်လစီများ၊ ဘဏ္ဍာရေးပေါ်လစီများ ထိရောက်စွာ မချမှတ်နိုင်မှုဆိုသည့် အားနည်းချက်များကို ပြည်သူတို့ ခါးစည်းခံနေကြရပါသည်။ ထို့ကြောင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် စစ်အုပ်စုအား မဖယ်ရှားပဲ မရပါ။(စကားအသုံးအနှုန်းကို ရှင်းစွာ ပြောထားပါသည်။ စစ်အုပ်စု ဟု သုံးထားပါသည်။ တပ်မတော်ဟု မသုံးထားပါ။ တပ်မတော်ဟူသည် နိုင်ငံတရပ်၏ ပြည်သူ၊ အစိုးရ၊ စစ်တပ် ဆိုသော ဖြစ်တည်မှုသဏ္ဍာန်သုံးရပ်တွင် ပါဝင်ပြီးသာဖြစ်၍ တပ်မတော်ကို မည်သူကမှ ဖယ်ရှား၍ မရပါ။ တပ်မတော်ကို တိုင်းပြည်အတွက် လိုအပ်သည့် ပုံသဏ္ဍာန်အနေဖြင့် မဟုတ်ပဲ ပြည်သူ့ချဉ်ဖတ်အနေဖြင့် သွတ်သွင်းနေသည့် စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရန် လိုအပ်ခြင်းကိုသာ ဆိုလိုပါသည်)။
သို့ဖြစ်ရာ စစ်အာဏာရှင်စနစ် (ရာနှုန်းပြည့်ဖြစ်ဖြစ်၊ ၂၅ ရာခိုင်နှုန်းပဲဖြစ်ဖြစ်) ရှိနေသရွေ့ macro level ပေါ်လစီများကို ထိရောက်အောင် ဆောင်ရွက်၍ ရမည်မဟုတ်ပါ။ meso level အချို့ နှင့် micro level အပိုင်းတွင် လုပ်လျှင် အတိုင်းအတာတခုအထိ ထိရောက်မည်များလည်း ရှိပါသည်။ မြန်မာများအနေနှင့်က မြန်မာပြည်ကို စေတနာရှိသည်ဆိုလျှင် အဆိုပါ အဆင့်များနှင့် ပတ်သက်၍ အငြင်းပွားမနေသင့်ကြပါ။ micro level နှင့် meso level လုပ်ငန်းဆောင်တာများကို စိတ်ဝင်စားသူများ တကယ်လုပ်ကိုင်ကြပါ။ (တခုတော့ ရှိပါသည်။ ဘာမှ မလုပ်ပဲနှင့် macro level ကို အကောင်အထည် ဖော်ရန်အတွက် စစ်အုပ်စုကို တိုက်ဖျက်နေသည့် အတိုက်အခံ များကိုတော့ အကြောင်းမဲ့ လိုက်လံ တိုက်ခိုက်မနေပါနှင့်။ နှစ်ဦးနှစ်ဘက် အချိန်ကုန်ပါသည်။ လုပ်စရာရှိတာကို ကိုယ့်ဘာသာကိုယ် လုပ်ရန်သာဖြစ်သည်)
ထို့အတူ တိုင်းပြည်ခြွင်းချက်မရှိ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် macro level ပေါ်လစီများ ချမှတ်နိုင်ရေးအတွက် စစ်အုပ်စုကို တိုက်ရမည့်သူများကလည်း အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အားစိုက်ကြိုးပမ်းတွေးဆရင်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်။ သူ့ဘာသာသူ လူမှုထောက်ကူ ကိစ္စလုပ်သူများကို နိုင်ငံရေးထဲ မပါလို့ဟူ၍ သွားရောက်တိုက်ခိုက် ပြောဆိုခြင်း မပြုလုပ်မိစေရန် သတိထားကြရမည်။
နှစ်ဦးနှစ်ဘက် တိုက်နေကြ လို့ကတော့ ဘယ်တော့မှ မပြီးပါ။ ဆေးရုံဆရာဝန်က ဆေးကုပါသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ပေါ်လစီရေးဆွဲသူများက ကျန်းမာရေး စီမံကိန်းများ ချမှတ်ပါသည်။ အားလုံး ကိုယ့်နည်းကိုယ်ဟန်ဖြင့် အကျိုးပြုနေသူများ ဖြစ်ပါသည်။ အခြေအနေတခုကို တွေးကြည့်ပါ။ ဆရာဝန်ရှိပြီး ဆေးရုံနှင့် ဆေးဝါးများ မရှိပါက ပြည်သူ့ကျန်းမာရေးကို မည်သို့စောင့်ရှောက်မည်နည်း။ ထို့အတူပဲ ပေါ်လစီသမားများမှ ပေါ်လစီချမှတ်ပြီး အကောင်အထည်ဖော်မည့် ကျန်းမာရေးဝန်ထမ်းများ မရှိပါက မည်သို့မည်ပုံ ဆောင်ရွက်ကြမည်နည်း။ ထိုနည်းလည်းကောင်းပင်။ ကျောင်းဆရာများရှိပြီး သင်ရိုးနှင့် ပညာရေးစီမံကိန်းများ မရှိပါက မည်သို့ဖြစ်နေမည်နည်း။ စီမံကိန်းများရှိပြီး ဆရာမရှိပါက မည်သို့မည်ပုံ စာသင်ကြမည်နည်း။
ယခုကိစ္စများမှာလဲ ထိုနည်းလည်းကောင်းပင်ဖြစ်ပါသည်။ “ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ရမည်။ အတိုက်အခံများ လုပ်နေသည်မှာ အကျိုးမရှိ” ဟု ပြည်ပတွင် ငုတ်တုတ်ထိုင်ရင်း ဝေဖန်လေကန်နေသူများသည် မြန်မာပြည်တွင်းတွင် ဖွံဖြိုးရေး လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့ဖူးသေးခြင်း မရှိကြောင်း သေချာလှပေသည်။ စစ်အုပ်စုနှင့် ဆက်စပ်လုပ်ကိုင်ခြင်း မရှိသည့် အဖွဲ့အစည်းများ၊ စေတနာရှင်များ ကြုံတွေ့နေတတ်သည့် အခက်အခဲများ၊ လူမှုကယ်ဆယ်ရေးကိုတောင် လာဘ်ပေးလာဘ်ယူ ပြုလုပ်၍ ခွင့်ပြုချက်ယူရမှုများကို မသိနားမလည်၍ “ငါ့စကားနွားရ” ပြောနေကြခြင်းသာ ဖြစ်သည်။ သားဆက်ခြားရေးအတွက် တအိမ်တက်ဆင်း ပညာပေးဟောပြောမှုများကိုပင် နိုင်ငံရေးအရောင်ပါမှာစိုးလို့ဆိုပြီး၊ ရ၀တ၊ ကြံ့ဖွတ်တယောက်မှ တကောက်ကောက်လိုက်နေသည့် အခက်အခဲမျိုးကို ကြုံတွေ့ဖူးပါရဲ့ လား။ နွမ်းပါးသည့် ရွာငယ်လေးမှာ ညနေပိုင်း အခမဲ့ကျုရှင်လေး ဖွင့်ဖို့ကိုတောင် အဆင့်ဆင့် လပေါင်းများစွာ ခွင့်ပြုချက်တင်နေရပြီး၊ ပညာသင်နှစ်ကုန်သွားသည်မျိုးကိုကော ကြုံဖူးပါရဲ့ လား။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကိစ္စများ မဟုတ်သေး။ လူမှုရေး၊ ပညာရေးတွင်တောင် ဤမျှအထိ ကန့်သတ် တားမြစ်ချင်များနေသော စစ်အုပ်စုအား ဖယ်ရှားရန် ကြိုးစားနေခြင်းကို လိုက်လံတိုက်ခိုက်ပြောဆိုနေသည့် ထိုလူများ၏ ဖွံ့ဖြိုးတိုးတက်ရေးပဲ လုပ်ဖို့လိုတယ် ပြောနေသော စကားသံများရဲ့ စေတနာမှာကော တကယ်မှန်ကန်ပါရဲ့ လား။
ထိုနည်းတူပင်။ အတိုက်အခံများ၏ နိုင်ငံရေးရာ ကိစ္စများတွင် တခွန်းတပါဒမှ လာရောက် ပါဝင်ပြောဆိုတိုက်ခိုက်ခြင်းမရှိပဲ သူ့ဘာသာသူ လူမှုထောက်ကူကိစ္စများ၊ လုပ်လို့ရနိုင်သလောက် ပညာရေး၊ ကျန်းမာရေးများတွင် လုပ်ကိုင် ဆောင်ရွက်နေသူ များအား အချို့ သော အတိုက်အခံများမှ တိုက်ခိုက်ပြောဆိုခြင်းမှာကော မှန်ကန် နည်းလမ်းကျပါရဲ့ လား။
အရေးကြီးသည်ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့ပင်ဖြစ်သည်။ ကိုယ်က ကျွမ်းလောင်ပြီး ပျက်နေသည့် မီးလုံးကို လှေကားထောင် တက်လဲပြီး မီးလုံးသစ် အစားထိုးမည်လား။ (သို့မဟုတ်) အလင်းရောင် ခဏတာပေးဖို့ ဖယောင်းတိုင်လေး သွားထွန်းပေးမည်လား။ နှစ်မျိုးစလုံး သူ့နည်းသူဟန်နှင့်တော့ လောကအလှဆင် နေသူများသာ ဖြစ်သည်။ တခုတော့ရှိပါသည်။ ဖယောင်းတိုင်ထွန်းမည့်သူကလဲ ထွန်းပေးနိုင်သည်မှာ ခဏတာပဲဆိုသည့် သဘောကို နားလည်ရပေမည်။ မီးလုံးလောက်တော့ လင်းလာမှာ မဟုတ်တာကို သဘောပေါက်ရပေမည်။ ထို့အတူ မီးလုံးတက်လဲမည့်သူကလဲ အချို့ သော နေရာများမှာ ဖယောင်းတိုင်အလင်းလေးတွေ ယာယီလိုအပ်သည်ကို နားလည်ရပေမည်။ ကိုယ်မှန်တယ်၊ သူမှန်တယ် ငြင်းစရာမလိုပါ။ ကိုယ့်အလုပ်ကိုယ် ထိရောက်စွာ လုပ်ဖို့သာ လိုအပ်သည်။
မီးလုံးလဲမည်ဆိုပြီး တက်ရမည့် လှေကားကို ဟိုအမှတ်တံဆိပ်ပါလှေကား၊ ဒီအမှတ်တံဆိပ်ပါလှေကားရွေးနေခြင်း၊ လှေကားပေါ်တက်မည့်သူကို ဟိုတီရှပ်တံဆိပ်၊ ဒီတီရှပ်တံဆိပ် ၀တ်တက်ပါ လုပြောနေခြင်း၊ တယောက်ကတက်မည်လုပ်သည်ကို နောက်တယောက်က ဆွဲချခြင်း၊ မီးလုံးပျက်အား လက်ညှိုးထိုးပြပြီး လုပ်စားနေခြင်းများ မရှိလျှင်တော့ မီးလုံးလဲမည့်သူများမှ ကိုယ့်အလုပ်ကိုယ်လုပ်နေသည် ဆိုနိုင်ပါသည်။
ထိုနည်းလည်းကောင်းပင်။ ဖယောင်းတိုင်ဝယ်ရန် အကြောင်းပြပြီး ပိုက်ဆံတောင်းစားနေခြင်း၊ ပြည်ပစေတနာရှင်များ၏ ထောက်ပံ့ကြေးများကို အာဏာပိုင်နှင့် ပေါင်း၍ ဝေစားမျှစားလုပ်ခြင်း၊ မီးလုံးသာ လဲနိုင်သွားလျှင် ကိုယ့်နေရာပျောက်မည်စိုး၍ လိုက်လံ ပိတ်ဆို့ တားဆီးနေခြင်း၊ ဖယောင်းတိုင် မီးညှိရန် စေတနာတရား အမှန်တကယ်လဲ မရှိပါပဲနှင့်၊ တကယ်လဲ မီးညှိရန်ကြိုးစားနေခြင်း မရှိပါပဲနှင့် မိမိနာမည်ရရေးအတွက် မီဒီယာများပေါ်တက်ပြီး အသံကောင်းဟစ်နေခြင်း စသည်များ မရှိလျှင်တော့ ဖယောင်းတိုင်ထွန်းသူများမှ ကိုယ့်အလုပ်ကိုယ်လုပ်နေသည် ဆိုနိုင်ပါသည်။
ထိုအချက်များကို တွေးနေမိရင်း သူမ ထိုင်နေရာမှ အသာထလိုက်ပါသည်။ ပျက်ယွင်းနေသော လျှပ်စီးမီးလုံးလေးကို လဲရပါဦးမည်။ ဘယ်လိုပဲဖြစ်ဖြစ် ခဏတာ အလင်းရောင်ပေးသည့် ဖယောင်းတိုင်လေးများကိုလဲ သူမကျေးဇူးတင်နေမိပါသည်။
ခင်မမမျိုး (၂၁၊ ၂၊ ၂၀၀၉)
Rest of your post
No comments :
Post a Comment